_10. 30. 2014_ Peace Statement 3 Burmese-1 _1_.pdf
Type the rest of your post here.
Friday, October 31, 2014
Thursday, October 30, 2014
ကွတ်ခိုင်အမြှောက်တပ်မှ TNLA တပ်စခန်းသို့ ပြင်းထန်စွာတိုက်ခိုက်
အောက်တိုဘာလ ၂၉ ရက် ၂၀၁၄
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၁၇း၀၀ မှစပြီး ၂၄း၀၀ အထိ မြန်မာ့စစ်တပ်များမှ တားမိုးညဲမြို့နယ်၊ ရှီဖျင်းကျိုင်တောင်ကုန်းရှိ TNLA အမှတ် (၅) ဗျူဟာ လက်အောက်ခံ တပ်ရင်း (၃၃၅) တပ်စခန်းကုန်းသို့ မြန်မာ့စစ်တပ်များ မှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညနေ ၁၇း၀၀ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂၀း၀၀ နာရီဝန်းကျင်ပစ်ခတ်တိုက်ခိုက်ပြီး ၄င်းနောက်ပိုင်း အမြှောက်တပ်မှ ၁၂၀ မမဖြင့် မရပ်မနား ည ၂၄း၀၀ ကျော်အထိ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း TNLA အမှတ် (၅) ဗျူဟာရုံးမှ အစီအရင်ခံသည်။
မြန်မာစစ်တပ်များမှာ မနေ့ညနေပိုင်းတွင် ကွတ်ခိုင်ဘက်မှ ကားလေးစီးဖြင့် တာမိုးညဲသို့ သွားရောက်ပြီး TNLA တပ်များကို တိုက်ခိုက်တာဖြစ်ကြောင်း နှင့် အဆိုပါ တပ်များတွင် ကွတ်ခိုင်အမြောက်တပ်လည်းပါဝင်သည်ဟု သိရသည်။
TNLA တပ်မတော် တပ်ရင်း (၃၃၅)တို့မှာ အောက်တိုဘာလ ၂၈ ရက် အစောပိုင်းကတည်းက တပ်စခန်းအရွေ့ အပြောင်း လုပ်ထားသည့်အတွက် ယမန်နေ့ည တိုက်ပွဲတွင် ထိခိုက်မှုမရှိပါ။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

Tuesday, October 28, 2014
နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို TNLA တပ်မတော်မှ ၀င်ရောက်ပစ်ခတ်
အောက်တိုဘာလ ၂၈ ရက် ၂၀၁၄
နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် အခြေစိုက်လှုပ်ရှားသည့် မြန်မာစစ်တပ်အား TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈)မှ ယနေ့ နံနက် ၀၆း၁၅ မှ ၀၆း၄၅ အထိ မိနစ်သုံးဆယ်ကြာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဝင်ရောက်ပစ်ခတ်ရာတွင် လက်နက်ငယ်များအပြင် လက်နက်ကြီး ၅ လုံးကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး မြန်မာတပ်မှ ထိခိုက်မှုအခြေအနေကိုမူ အတိအကျ မသိရသေးကြောင်း TNLA တပ်ရင်းအရာရှိမှ တိုက်ပွဲအစီအရင်ခံသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ဖဒဲန်အုပ်စု၊ မန်လုံအုပ်စု၊ ကောင်းဝိုင်းအုပ်စုရှိ ရွာများအတွင်း မြန်မာစစ်တပ်မှ နေရာယူထား သည့်အပြင် ကျရာမ်းရွာဘက်သို့လည်း စစ်အင်အားများ ဖြည့်တင်းထားသည်။ မြန်မာစစ်တပ်တို့သည် TNLA တပ်ဖွဲ့များ ရှိမည်ဟုထင်သည့် တောထဲသို့ ပတ်စိပ်တိုက် ရှာဖွေလျက်ရှိကြောင်း ရွာသားများကိုလည်း ဖိနှိပ်အနိုင်ကျင့်မှုများ လုပ်နေသည်ကို တွေ့ရသည်။

Sunday, October 26, 2014
နမ်းခမ်းအနီးတွင် မြန်မာစစ်တပ်မှ တအန်းတပ်မတော်အား ပိတ်ဆို့ တိုက်ခိုက်ပြီးနောက်တွင် နေရာအနှံ့အပြား တိုက်ပွဲငယ်များ ဖြစ်ပွား
အောက်တိုဘာ ၂၆ ရက် ၂၀၁၄
အောက်တိုဘာလ ၂၄ ရက်မှစပြီး မြန်မာစစ်တပ်မှ TNLA တပ်မတော်အား ပိတ်ဆို့တိုက်ခိုက်ပြီး နောက်ပိုင်းတွင် နမ့်ခမ်းမြို့အနီး ကောင်းဝိုင်း၊ နမ့်ဆရီး၊ နမ့်ဟောမ်၊ ငေါခါးရွာ နေရာအနှံ့အပြားတွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများတွင် မြန်မာစစ်တပ်မှ အထိနာသော်လည်း အသေးစိတ်အခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
၂၄ ရက်မှ မြန်မာစစ်တပ် တပ်မ(၈၈)နှင့် ခမရ (၄၅)တို့မှ TNLA တပ်မတော်အား စတင် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ၄င်းနောက်တွင် ၂၄ ရက်နံနက် ၁၀း၀၀ နာရီအချိန် ကောင်းဝိုင်းရွာအနီးတွင် TNLA တပ်ရင်း (၁၁၂) မှ RPG လောင်ချာဖြင့် ၁၅ မိနစ်ခန့် ခုခံတိုက်ခိုက်ခဲ့သည်။
၂၅ ရက်တွင် နနက် ၁၀းဝ နာရီဝန်းကျင်တွင် နမ့်ဆရီး- နမ့်ဟောမ်ရွာအကြားတွင် နမ့်ဆရီးရှိ မြန်မာစစ်တပ်အား TNLA တပ်ရင်း (၁၁၂) မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၂၅ ရက် ညနေနှောင်းပိုင်း ၂၂း၀၀ နာရီခန့်တွင် TNLA တပ်ရင်း (၄၇၈) မှ ငေါးခါးရွာအနီးတွင် ရှိနေသည့် မြန်မာစစ်တပ် အား RPG လောင်ချာ ၂ လုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအသေးစိတ်အခြေအနေများကို ဆက်လက်ပြီး တင်ပြသွားပါမသည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်မှ ဒေါသထွတ်ကာ အနီးရှိရွာသားများ လမ်းပိတ်၍ စစ်ဆေး မေးမြန်းခြင်း၊ သေနတ်ဖြင့် ချိန်ပြီး ခြိမ်းခြောက်ခြင်းများ နေရာအနှံ့အပြား လုပ်ဆောင်နေကြသည်။
ယနေ့ မနက်ပိုင်း ၀၉း၀၀ နာရီခန့်တွင် လွယ်မွန်းကျေးရွာရှိ တားမောက်လိတ်(အယိုင်) အသက်- ၆၂ အား ၄င်းအိမ်ခြံအတွင်း တွင် ပစ်ခတ်ခြိမ်းခြောက်မှုလုပ်ခဲ့ခြင်းကြောင့် တားမောက်လိတ်(အယိုင်)၏ ဦးခေါင်းပိုင်း ထိမှန်သွားကြောင်း သိရသည်။
ယနေ့တွင် မြန်မာစစ်တပ်မှ တိုက်ပွဲများဖြစ်သည့် အနီးဝန်းကျင်ရွာများ၏ ဥက္ကဌများကို လွယ်မွန်းရွာသို့ အစည်းအဝေးထိုင်ရန် ဆင့်ခေါ်ထားကြောင်းလည်း သိရသည်။

Saturday, October 25, 2014
ကေအဲန်ယူဥက္ကဌအကြံပေး စောတူးတူးလေးနှင့် ရှေ့ နေဦးအောင်ထူးတို့ ၏ အပြန်အလှန် အိတ်ဖွင့်ပေးစာ
စိတ်ဝင်စားစရာကောင်းပါသဖြင့် ဖတ်ရှုလေ့လာသင့်ပါသည်။
Peace Analysis 10-1.pdf
Type the rest of your post here.
Peace Analysis 10-1.pdf
Type the rest of your post here.
Friday, October 24, 2014
ယူအင်န်အက်ဖ်စီ ခွဲထွက်သွားတဲ့ ကေအင်န်ယူအပေါ် ဆလိုင်းလျန်မှုန်းဆာခေါင်း ဘယ်လိုမြင်သလဲ
Written by နန်းလွင်နှင်းပွင့်
ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများပြုလုပ်နေစဉ် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့်ပတ်သက်၍ တိုင်းရင်းသားများထဲမှ နိုင်ငံရေးအကျိုး အမြတ်အတွက် သီးသန့်ခွဲထွက်ခြင်း၊ အကျိုးအမြတ်ရရှိရေး ဆောင်ရွက်နေခြင်း စသည်ဖြင့် KNU အပေါ် ကောလာဟလ ထွက်ရှိခဲ့ခြင်းတို့နှင့်ပတ်သက်၍ သုံးသပ်ပေး နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ KNU ကို ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့အပေါ် ဘယ်လိုသဘောထားရှိ ပါသလဲ။
ကို လုံးဝမပြစ်မမြင်ပါဘူး။ KNU အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်၊ အထူးသဖြင့် မူတူးစေးဖိုး တက် လာပြီးတဲ့နောက်မှာ သူက ငြိမ်းချမ်းရေးကို လိုချင်တယ်။ လမ်းချပေးတယ်၊ သူက နေပြည်တော်လာတယ်၊ ဆွေးနွေးဖို့သမ္မတနဲ့ တွေ့တယ်။ ငြိမ်းချမ်းရေးအတွက် သူက လမ်းဖော်ပေးတယ်။ သူဖော်ပေးတဲ့လမ်း ပေါ် မှာ NCCT တို့ ဘာတို့က လိုက်ပြီးသွားတယ်။ သူ သီးခြားလုပ်နေတာ မဟုတ်ပါဘူး။ သူပြောနေတာတွေ လုပ်ဆောင်တာတွေ အားလုံးပွင့်လင်းတယ်။
KNU အနေနဲ့ UNFC က ယာယီနုတ်ထွက်ခဲ့တဲ့ အပေါ်မှာရော။
သူတို့နုတ်ထွက်တာ အစိုးရနဲ့ပတ်သက်တာ မပါဘူး။ UNFC ရဲ့ ဖွဲ့စည်းပုံကိုပြောင်းချင်တယ်။ KNU တင်ပြ တာက UNFC အနေနဲ့တပ်ပေါင်းစု ပုံစံမဟုတ်ဘဲ တစ်ပါတီ စနစ်ဖြစ်နေတယ်။ ဒီမိုကရက်တစ်ဖွဲ့စည်းပုံ မဟုတ်၊ အာဏာရှင်ဆန်တဲ့ ဖွဲ့စည်းပုံကို ထောက်ပြတယ်။ နောက်တစ်ခုက လက်ရှိတိုင်းပြည် အနေအ ထားမှာ စစ်ရေးကို ဦးစားပေးတာထက် တွေ့ဆုံဆွေးနွေးရေး ပူးတွဲအဖြေရှာရေး၊ ငြိမ်းချမ်းတဲ့နည်းကို သုံးသင့်တယ်လို့ တင်ပြတယ်။ ဒီအပေါ်မှာပဲ ဖြစ်ခဲ့တယ်။ အစိုးရနဲ့ဆိုင်တယ် ပြောဆိုမှုက မမှန်ပါဘူး။
UNFC က ထွက်သွားတဲ့ KNU ကို ဝေဖန်ကြတာကိုရော ဘယ်လိုမြင်ပါသလဲ။
UNFC ဆွေးနွေးပွဲ နောက်ဆုံးအနေ အထားမှာ မဖြစ်ပေါ်သင့်တာ ဖြစ်ပေါ်ခဲ့တယ်။ ခေါင်းဆောင် တချို့တ လေရဲ့ လေသံတင်းမာမှုတွေကလည်း မလွှဲသာ မရှောင်သာလို့ ထွက်သွားတာလို့မြင်တယ်။ ကျွန်တော် က တော့ KNU ကို လုံးဝအပြစ် မတင်သင့်ဘူးလို့ မြင်တယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမှာ တိုင်းပြည်က ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားနေတဲ့အပေါ်မှာ ဒီမိုကရက်တစ်လမ်းစဉ်ကို သွားနေတဲ့ အပေါ်မှာ KNU တင် ပြတာနည်းလမ်း ကျပါတယ်။
KNU သွားနေတဲ့ နိုင်ငံရေးလမ်းစဉ် မူတွေ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
တိုင်းပြည်မှာ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး စလုပ်တာက ကရင်တွေပဲ။ ၆၅ နှစ်ကြာပြီ။ဒီတော်လှန်ရေး တစ်ခုလုံးမှာ သူတို့တစ်ခါမှ မမှားဘူး။ အမျိုးသားရေးကို သူတို့ တစ်ခါမှ သစ္စာမဖောက် ဘူး။ ကျွန်တော် လေးလေးနက်နက်ပြောတာပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေ ပူးပေါင်းပြီး လုပ်ကိုင်ဖို့ လည်း သူတို့ဆောင်ရွက်တယ်။ တပ်ပေါင်းစုပေါ်လာရေးကိုလည်း KNU ပဲ ကြိုးပမ်းခဲ့တယ်။
သူတို့က အနေအထားကို ကောင်းကောင်းသိတယ်။ စောဘဦးကြီးပြောတာ ရှိတယ်၊ တော်လှန်ရေးကို နိုင်ဖို့ နည်းလမ်းသုံးခုက အင်အားနဲ့ အနိုင်ယူတာရယ်၊ အခွင့်အရေးနဲ့ အနိုင်ယူတာရယ်၊ ဖြစ်ပေါ် ပြောင်း လဲလာတဲ့ အနေအထားက ပေါ်လာတဲ့အခွင့်အလမ်းနဲ့ အနိုင်ယူတာရယ်ပါ။
အခုအခွင့်အလမ်းက ပေါ်လာတယ်၊ အဘက်ဘက်က ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါတွေကို အမိအရ ရ ယူပြီး ကျွန်တော်တို့ သွားသင့်တယ်လို့ ဗိုလ်ချုပ် မူတူးစေးဖိုးပြောတယ်။ အနေအထား အားလုံးကို သေချာ သုံးသပ်စဉ်းစားပြီး မှတ်ချက်ချတာပါ။ အရမ်းလေးစားတယ်။
၂၀၁၅ အလွန်မှ အပစ်ရပ်ချင်တယ်ဆို တာမျိုးမလုပ်ဖို့ KNU က အခြားတိုင်းရင်းသား အဖွဲ့တွေကို ပြော ဆိုတားမြစ်ခဲ့တယ် ဆိုတာကကော သုံးသပ်မှု ဘယ်လိုရှိမလဲ။
အခြားအဖွဲ့တွေ အခက်အခဲရှိတယ်။ နာကြည်းချက်တွေ ရှိတယ်၊ နှစ်ပေါင်း ၆၀ တော်လှန်ရေးလုပ်ပြီးမှ နာကြည်းချက်၊ နစ်နာချက်တို့ ရိုးမယ်ဖွဲ့ပြောမယ်ဆို ရှေ့တိုးဖို့ လုံးဝမရှိဘူး။ အနာဂတ်ဆိုတာ မှောင်ပိတ် နေမယ်။ နာကြည်းချက်ကြောင့် အခက်အခဲကြောင့် အစိုးရကို ငြိမ်းချမ်းရေးကို မချဉ်းကပ်ချင်ရင် မရဘူး။ နာကြည်းချက်တွေကို ဖယ်ရှားနိုင်ဖို့ လိုတယ်၊ ကျော်လွှားပြီး ကြည့်နိုင်ဖို့ လိုတယ်။ တချို့ တိုင်းရင်းသားတွေ က ငါတို့ ဘယ်လိုခံခဲ့ရတယ်။ ဘယ်လိုရင်ဆိုင်ခဲ့ရတယ် ဆိုတာကို ပြောကြတယ်။ ပြောမယ်ဆို အားလုံး မှာ ပြောစရာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အလွဲတွေကို အဖြေရှာဖို့မသင့်ဘူး။
ဖြည့်စွက်ပြောစရာများ ရှိရင်ပြောပေးပါ။
ဗိုလ်ချုပ်မူတူးစေးဖိုးက ယနေ့နိုင်ငံရေးကို သုံးသပ်ပြီးတော့ လုပ်ဆောင်နေတဲ့ နည်းလမ်းက တိုင်းရင်းသား အားလုံးအတွက် သင်ခန်းစာယူတတ်ဖို့ အများကြီး သင်ပေးပါတယ်။
http://www.mizzimaburmese.com/component/k2/item/30741-2014-10-22-08-12-26

ကြံ့ပြေးကိုကျုပ်စိန်ခေါ်သည်
အီးမေးမှတဆင့်လက်ခံရရှိတသည်။
မာနယ်ပလော - စောစော
စိန်ခေါ်ချက် - အမှတ်စဉ် (၁)
နောက်ခံသမိုင်း
ခါနွေနှောင်းဟောင်းရွက်ကယ်ကြွေလွင့်ချိန်ခါမို့ မနက်ခင်းနေရောင်ခြည်အောက်မှ သောင်ရင်းမြစ်ရေသည် ကြည်လင်ကာပြာလဲ့လဲ့ရှိနေ၏။ စက်လှေမောင်းဆရာနှင့်ကျွန်တော်နှစ်ဥိးတည်းသာ စီးနင်းလိုက်ပါ လာသော လှေသည် မနှေးမမြန်ပုံမှန်မောင်းနှင်လာပြန်သဖြင့် သောင်းရင်းမြစ်နွေနှောင်းကာလ သဘာဝ အလှကို ခရီးလမ်းတလျှောက်လုံးမြင်လာခဲ့ရပြန်သဖြင့် ဦးနှောက်အာရုံထဲမှ တာဝန်နှင့်ဝန်ထုပ်ဝန်ပိုးတချို့ အလိုလို လွင့်စင်ပေါ့ပါးသွားလေသယောင်။
ဒီနေ့သည် (၁၀) ကြိမ်မြောက်ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲကြီးစတင်မည်ဖြစ် သည်။ ကရင့်လက်နက်ကိုင်တော်လှန်ရေးနယ်မြေမို့ ခရိုင်(၇)ခုနှင့် တပ်မဟာ (၇)ခုမှကိုယ်စားလှယ် တော်များ၊ ပြည်တွင်းပြည်ပ နယ်စပ်အနှံ့မှ ကရင့်အဖွဲ့အစည်းများမှကရင့်ကိုယ်စားလှယ်များ ပြန်လည် ဆုံဆည်းကြမည်ဖြစ်၍ ကြည်နူးပီတိဖြစ်ရပြန်ပါသည်။
လှေငယ်သည်အစည်းဝေးပြုလုပ်မည့်လေးဝါးစခန်းသို့ ဦးတည်လျက်တရွေ့ရွေ့မောင်းနှင်လာပါသည်။ လေးဝါးသည် KNU ဌာနချုပ်နှင့်မနီးမဝေးဒေသတွင်ရှိပြီး ခရီးသွားလာရန်လွယ်ကူသည့် သာယာ လှပသောစခန်းတခုဖြစ်သည်။ တချိန်ကတော်လှန်ရေး ယောင်းရင်းခေါင်းဆောင်များနှင့် ဆုံစည်းကြ၊ ပြောဆိုကြ၊ ဆွေးနွေးဖလှယ်ကြပုံများကိုစိတ်ထဲတွင်တရေးရေးပြန်လည်မြင်ယောင်လာရင်း စီးလာ သောလှေသည် လေးဝါးစခန်းသို့အသာတကြည်ဆိုက်ရောက်လာလေသည်။
လှေမောင်းဆရာအားကျေးဇူးတင်စကားပြောဆိုနှုတ်ဆက်ပြီး အသင့်စောင့်ကြိုနေသောကားပေါ်တက် လိုက်သည်။ ကားဆရာကကျွန်တော်စခန်းချရမည့်နေရာသို့သူသွားပို့ရမည်ဟုပြောသောအခါ လက်ထဲ ရှိနာရီကိုကျွန်တော်ကြည့်လိုက်သော်အစည်းအဝေးစတင်ဖွင့်လှစ်ရန်အချိန်နှစ်နာရီကျော်ကျန်ရှိနေသေး သဖြင့် ရောက်ရောက်ချင်းသူငယ်ချင်းယောင်းရင်းဟောင်းများနှင့်တွေ့ဆုံနှုတ်ဆက်လိုသဖြင့် KNU ဥက္ကဌ စောမူတူးစေးဖိုးရှိရာသို့တန်းမောင်းသွားရန်ပြောလိုက်သည်။ မကြာမှီအတွင်းဥက္ကဌရှိရာသို့ဆိုက်ရောက် လာသည်။ ကားပေါ်မှဆင်းဆင်းချင်း ပဒိုစောလှထွန်းက ဥက္ကဌနှင့်ရောင်းရင်းများတည်းခိုသောအခန်း သို့ပို့ဆောင်ပေးသည်။ အခန်းထဲသို့ဝင်ဝင်ချင်း ဥက္ကဌမူတူးစေးဖိုးအားလက်ဆွဲနှုတ်ဆက်လိုက်ကာ -
“ကောင်းသောမနက်ခင်းပါ၊ နေကောင်းသလားအစ်ကို” ဟုနှုတ်ဆက်ပြောဆိုသည်။ သူလည်းကျွန်တော့ ကိုပြန်လည်နှုတ်ဆက်ပြီး ကျွန်တော့လက်ကိုပြန်မလွှတ်ဘဲ ဆက်လက်ဆုပ်ကိုင်ထားရင်း ဘေးတွင်ရှိသည့်ကျန်ခေါင်းဆောင် များဖက်သို့လှည့်ကာ -
“ငါသူ့ကိုစိန်ခေါ်ရမလား” ဟူ၍လှမ်းမေးပါသည်။
ကျန်ခေါင်းဆောင်များကဘာမှပြန်မပြောဘဲငြိမ်နေသောအခါ ကျွန်တော်ကဘဲသူ့လက်ကိုဆုပ်ကိုင်ထားရင်း
“စိန်ခေါ်ပါ၊ သင်စကားပြောသိပ်နည်းတယ်။ စကားများများပြောပြီးသင်ဘာတွေလုပ်တယ်ဆိုတာ ကိုယ့်ကရင်လူထုတွေကိုအသိပေးဖို့လိုတယ်”
ဟုရိုးသားစွာပြန်လည်စိန်ခေါ်လိုက်သော်မှတဦးနှင့်တဦးလက်ကိုပြန်လည်လွှတ်လိုက်ပါသည်။
ထိုနောက်ကျွန်တော်သည် ပဒိုကွယ်ထူးဝင်း၊ ပဒိုစောရောဂျာခင်၊ ပဒိုစောလေးတောစသည်များနှင့် ရင်းနှီးချစ်ခင်စွာ နှုတ်ဆက်စကားပြောခဲ့သည်။ သူတို့လည်းအစည်း အဝေးတက်ကြမည်ဖြစ်၍ခဏသာ တွေ့ဆုံနှုတ်ဆက်ပြီး မိမိတည်းခိုမည့်နေရာသို့ ကားဆရာက ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ အဆောင် ရောက်၍ရေမိုးချိုးအ၀တ်လဲပြီး အချိန်တနာရီကျော် ကျန်နေသေးသဖြင့် အစည်းအဝေးတွင်လိုအပ်သော စာရွက်စာတမ်းများကိုယူကာ အနီးရှိကွင်းပြင်သို့တဦးတည်းထွက်လျှောက် လာခဲ့သည်။
လူသူမရှိ ဆိပ်ငြိမ်လျက်ရှိသောကွင်းပြင်ထောင့်တနေရာတွင်ခြေစုံရပ်ပြီး လေးဝါး၏အနေ အထားနှင့် သဘာဝအလှကိုကြည့်ကာ တချိန်က ဥက္ကဌ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ဒုဥက္ကဌပဒိုစောသန်းအောင်၊ ပဒိုစောသာပြည့်၊ ၀န်ကြီးချုပ် စောဘသင်စိန်၊ ပဒိုစောစံလင်း၊ ပဒိုစောစကော်လယ်တော၊ ပဒိုစောစံလင်း၊ ပဒိုစောလယ်ဝါး၊ ပဒိုစိုးအောင်၊ ပဒိုဘောယူဖော၊ ပဒိုလယ်မူး (မန်းသိန်း)၊ ပဒိုစောဂေဒွဲ၊ ပဒိုရွှေရာဟဲ၊ ဗိုလ်ချုပ်ကြီးစောတာမလာဘော၊ ဗိုလ်ချုပ်စောလှထူး၊ ဗိုလ်ချုပ်စောကစယ်ဒို၊ ဗိုလ်ချုပ်မန်းမြမောင် (မန်းသုခနောက်)၊ ဗိုလ်ချုပ်စောမောင်မောင်၊ ဗိုလ်ချုပ်စောရတ်၊ ဗိုလ်ချုပ်စောရွှေဆိုင်း၊ ဗိုလ်ချုပ်စောရှားမိန်း၊ ဗိုလ်ချုပ်မန်းကျော်သောင်းနှင့် တပ်မှူးတပ်ဗိုလ်များ၊ ဌာနဆိုင်ရာဝန်ကြီးများ နှင့်အတူအကြိမ်များစွာ လာရောက်ဆုံစည်းခဲ့ဖူးသည့် ဤနေရာ၊ ဤလေးဝါး ..
တဖန်အဝေးသို့မျှော်ကြည့်လိုက်သော်လေးဝါး၏ ကျောက်ဆောင်သွယ်တန်းများသည် ဒေါနတောင် တန်းကြီး၏ တောင်စွယ်တောင်တန်း၊ အစိပ်အပိုင်းတောင်ကမူလေးများသာလျှင်ဖြစ်ပေသည်။ သမိုင်းတွင် ကျော်ကြားထင်ရှားပြီး ကြီးမားခန့်ငြားလှသော ဒေါနတောင်တန်းကြီးသည်အလွန်ကျယ်ပြန့်ရှည် လျားလှသောလွင်ပြင်ကျယ်၊ တောင်သွယ်တောင်တန်း၊ ချောင်းကြီးချောင်းငယ်အသွယ်သွယ်တို့ဖြင့်တည် ဆောက်ထားသည့် ကမ္ဘာတခုပင်ဖြစ်သည်။ ဤနေရာဒေသအားလုံးသည် ထောင်စုနှစ်နှင့်ချီပြီး ကရင်လူမျိုးတို့၏ ဘိုးဘွားအဆက်ဆက် ဓားမဦးချနေထိုင်လာခဲ့သောရေမြေဌာနေပင်ဖြစ်သည်။ ဒေါနနှင့်ကရင်၊ ကရင်နှင့်ဒေါနသည် မည်သို့မျှခွဲမရသောထာဝရအမှန်တရားဖြစ်သည်။ ဒေါနသည် ကရင်သင်တိုင်းဝတ်ပြီး ကရင်စကားအပြင် တခြားအဘယ်အ၀တ်အစားမှမ၀တ်၊ အဘယ်ဘာသာ စကားမျှသူမပြောတတ်ပေ။ ဒေါနမှအခြေခံ သောင်ရင်းသံလွင်တခွင် - မူတြော် - လူသော၊ သောသီ၊ တောင်ငူရိုးမတခွင်သည် ငါတို့၏ဘိုးဘွားအမွေအနှစ် ဘူမိနက်သန် နေရာမှန်များပင်လျှင်မဟုတ်ပါလော။
ယခုခေတ်မှ မဟာဝါဒီစစ်သွေးကြွ တခေတ်ထလာသော ရန်ကုန်နှင့်ကြံ့ပြေးအုပ်စု - ဦးနု၊ နေ၀င်းနှင့် သူတို့၏အမွေစားအမွေခံ သန်းရွှေ၊ သိန်းစိန် - ပဒေသရာဇ်တပိုင်း တခေတ်သစ်ကိုလိုနီသရဲ တစ္ဆေ များက ငါတို့အား မိုက်မိုက်ကန်းကန်း လာရောက်စော်ကားလာသည်ကို လက်ပိုက်ကြည့်နေရတော့မည်လား၊ လက်နက်မဲ့ ပြည်သူလူထုတရပ်လုံးနှင့် တိုင်းရင်းသားလူမျိုးများအားလုံးအား အတင်းအဓ္ဓမ လက်နက်အားကိုး ညှဉ်းဆဲသတ်ဖြတ် မတရားအာဏာလုယူသည်ကား စင်စစ်အားဖြင့် နွားမအုပ်စုမှ နွားကုပ်ဗိုလ်လုပ်သည်ကို ငါတို့ကဘာ့ကြောင့် သူတို့အား -
“နိုင်ငံတော်အကြီးအကဲ”
“နိုင်ငံတော်အစိုးရ”
“လက်ရှိအစိုးရ”
ဟူ၍ခေါ်ဝေါ်ကာ မိမိကိုယ်ကို ငတုံး ငအ လူ့ငနွားဘ၀ရောက်အောင်ဘာ့ကြောင့်တမင်တကာ အရှက် မရှိဖန်တည်းကြရသနည်း။ နဂိုလ်ရှိရင်းစွဲနှစ်ပေါင်းအဆက်ဆက်မှ ဒေါနနှင့်ကရင်၊ ကရင်နှင့်ဒေါန ဒီမိသားစုဘ၀ကို လာရောက်သွေးခွဲ ဗိုလ်လုပ်၊ အုပ်ချုပ်ဘို့ကြိုးစားလာသူသည် ငါတို့ကရင် တမျိုးသားလုံး၏ ရန်သူ။ ဤသည်ကားကမ္ဘာ့နိယာမအမှန်တရား။ ကရင့်လက်နက်ကိုင်တော်လှန်ရေးသမားတယောက်စီတိုင်း သည် ဤအမှန်တရားကိုထိုးဖောက်ရှုမြင်နိုင်စွမ်းရှိရမည်။ တနည်းဆိုသော် ဤသည်မှာ ကရင်တမျိုးသား လုံး၏ အမျိုးသားနိုင်ငံရေးသိပ္ပံပင်ဖြစ်သည်။
ဒီပညာ၊ ဒီအမှန်တရားကိုမသိသဖြင့် ခေတ်အဆက်ဆက်မှ ရန်ကုန်နှင့်ကြံ့ပြေး မြွေလိမ်မြွေကောက်အုပ်စု သပ်လျှိုဖြိုခွဲမှုကြောင့် မိသားစု အတွင်းကွဲပြားခြားနားကာ အချင်းချင်းပြန်လည်လုပ်ကြံသတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ စိန်ခေါ်ခြင်းများအထိရောက်လာခဲ့ရသည်။
ယခုလောလောလတ်လတ် - တနာရီကျော်လောက်ကပင်လျှင် ဥက္ကဌမူတူးစေးဖိုးက ကျန်ုပ်အား စိန်ခေါ်လာပြန်သည်။ ရန်သူအိုးမဲသုပ်ပေးလို့ကျန်ုပ်တို့အချင်းချင်း ခွပ်ကြရသော် ကျန်ုပ်တို့သည် လူသားစစ်စစ်မှ ကြက်ငှက်သတ္တ၀ါ၊ တိရိတ္ဆန်ဘ၀သို့အလိုလိုရောက်သွားပေတော့မည်။
ထိုထက်မကငါတို့၏သမိုင်းစာမျက်နှာတွင် ဘယ်သောအခါမှ ဖျောက်ဖျက်၍မရနိုင်တော့သည့် အမည်း စက်များသာ ထာဝစဉ်စွန်းထင်းညစ်ပေကာ ကျန်ရစ်လေရော့မည်။ ရန်သူမွှေနှောက်လို့ တော်လှန်ရေး ပန်းတိုင်ကို အပျောက်မခံဘူး။ တမျိုးသားလုံးရဲ့ကြီးမားလှစွာသော တော်လှန်ရေးသိက္ခာကို အကျမခံစတမ်း၊ လုပ်လည်းမလုပ်စတမ်း၊ အချင်းချင်းကိုလည်းစိန်မခေါ်စတမ်း။ ထိုကြောင့်ဤနေ့မှစ၍ -
ဒီနေ့
ဒီနေရာ
ဒီလေးဝါး မှာ “ကြံ့ပြေးကို ကျုပ်စိန်ခေါ်သည်”
စိန်ခေါ်ခြင်း
စိန်ခေါ်ခြင်းဟူသည် အနိုင်အရှုံးကိုပြတ်ပြတ်သားသားဆုံးဖြတ်သတ်မှတ်ခြင်းထက် အမှားနှင့်အမှန်ကို တိတိကျကျထောက်ပြခြင်းဟူ၍အဓိပ္ပါယ်ဖော်ညွှန်းစေလိုသည်။ တနည်းဆိုရသော်စိန်ခေါ်ခြင်း၏ နောက်ကွယ်တွင် မပြောင်းလဲနိုင်သောအမှန်တရားတခုအမြဲတစေရှိနေမည်ဖြစ်သည်။
စစ်ဆင်မှုတခုကိုပြုတော့မည်ဆိုလျှင် ဗျူဟာမှူးသည်ရန်သူ၏လက်နက်အင်အားနှင့် အသေးစိပ် အခြေအနေများကိုသိရှိထားရန်လိုအပ်သကဲ့သို့ ပဌမဦးစွာမိမိတပ်အင်အားနှင့်စွမ်းပကားကိုတိတိကျကျ သိရှိထားရမည်ဖြစ်သည်။ မိမိတပ်မှူးတပ်ဗိုလ်များ၏အရည်အချင်း၊ အရာရှိအရာခံနှင့်အကြပ် တပ်သားများ၏ စိတ်ဓာတ်နှင့်တွေ့အကြုံ၊ လက်နက်ခဲယမ်းများ၏စွမ်းပကားနှင့်ထိရောက်မှုအပါအ၀င် ရာသီဥတုနှင့်စစ်မြေပြင်အနေအထားများကို တိတိကျကျ သိရှိထားရမည်ဖြစ်သဖြင့် အောက်ပါ ဆုံးဖြတ်ချက်ကိုကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။
ထိုဆုံးဖြတ်ချက်ကား ဤ (၁၀) ကြိမ်မြောက်နှီးနှောဖလှယ်ပွဲအတွက်ကျွန်တော်ပြင်ဆင်လာသော စာရွက်စာတမ်းများနှင့်ဆွေးနွေးပြောဆိုမည့်စကားအားလုံးကိုရုပ်သိမ်းလိုက်မည်။ အရေးကြီးသည်ကား ကျွန်တော်၏စိန်ခေါ်ချက်အတွက်လိုအပ်သည့် မိမိအခြေအနေနှင့် အင်အားစွမ်းပကားကို ရယူရန် လိုအပ်လာသဖြင့်ယခုလို (၁၀) ကြိမ်မြောက်နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပ၊ နယ်စပ်အနှံ့ ကရင်ကိုယ်စား လှယ်စုံလင်စွာရောက်လာစဉ် အနယ်နယ်အရပ်ရပ်မှတကယ့်မိမိအခြေအနေအမှန် နှင့်အင်အားကိုရယူဘို့အခွင့်ကောင်းဖြစ်သည်။ ထိုကြောင့်ဤအစည်းအဝေးတွင် အထူးလေ့လာသူတဦး အနေဖြင့် မိမိအသံအစားကိုယ်စားလှယ်များ၏ အသံကိုစုစည်းရယူထားရန်ဆုံးဖြတ်လိုက်ပါသည်။
ထိုခဏ၌ပင်လျှင်အဝေးမှအသံများကြားလာ၍လှမ်းကြည့်သော် ကရင်အင်္ကျီကိုယ်စီဖြင့် အမျိုးသမီး၊ အမျိုးသားများ အစည်းအဝေးခမ်းမရှိရာသို့ အသီးသီးလျှောက်လှမ်းသွားကြသည်။ ဆုံးဖြတ်ချက် ရေးမှတ်ထားသောမှတ်စုစာအုပ်ကိုပိတ်ကာ ကွင်းကြီး၏တဖက်ကမ်းရှိ အစည်းအဝေးခမ်းမဆီသို့ အေးဆေးစွာ လျှောက်လှမ်းသွားခဲ့သည်။
နွေဂိမ္မာန် ခါနွေနှောင်းရယ်နဲ့ ၀ဿာန်ဦးတောင်လေမြူးချိန်မို့ ကွင်းအလယ်ခန့်ရောက်သော် လေပြေ လေညှင်းခပ်ပြင်းပြင်းတိုက်ခတ်လာပြီး မနက်ပိုင်း၏မြူမှုံဖွေးဖွေးကလေးများ လွင့်စင်ပျောက်ကွယ် သွားသည်။ ထိုတခဏချင်းပင်လျှင်တွင် လေးဝါးတောင်စွယ်တောင်ကမူလေးများနှင့်အတူ အဝေးမှဒေါနတောင်ညိုတောင်တန်းကြီးသည် လည်းထင်ထင်ရှားရှားပေါ်လာသည်။ “မင်းရဲ့စိန်ခေါ်ချက်နဲ့အတူ ငါတို့ရှိနေမယ်” ဟူ၍ လေးဝါးနှင့် ဒေါနတောင်တန်းကြီးတခုလုံးက ကျွန်တော့အားတီးတိုးသစ္စာစကားပြောလာလေရော့သလားဟု မျက်စိအာရုံထဲတွင် တချိန်က ကရင့်တော်လှန်ရေးဖခင်ကြီးများဖြစ်သော သွားလေသူအာဇာနည်ခေါင်းဆောင်ကြီးစောဘဦးကြီး၊ ဗိုလ်ချုပ်ကြီးစောစိုင်းကေ၊ ဥက္ကဌကြီးစောဟံတာသာမွှေး၊ ဥက္ကဌကြီးမန်းဘဇံ တို့အပြင်မာနယ်ပလောမှ လုပ်ဖော်ကိုင်ဖက်၊ ချစ်သူငယ်ချင်း ပဒိုမန်းရှာလဖန်း၊ ပဒိုစောကလိုထူး၊ ဒေါက်တာဆင်း၊ ဒေါက်တာခိုသောင်းနှင့် ဒေါက်တာဖိုးသော်တာ စသည်များကိုပြန်၍မြင်ယောင်လာမိသည်။
အစည်းအဝေးခန်းမသို့ရောက်ရောက်ချင်း အစီအစဉ်ကိုင်သူ ဆရာမနော်လယ်လားရှီးကိုရှာလိုက်သည်။ စားပွဲတခုတွင် စာရွက်စာတမ်းများနှင့်အလုပ်ရှုပ်နေသောသူမသည် ကျွန်တော့်ကိုတွေ့တွေ့ချင်း -
“ဦးလေးအတွက်အစီအစဉ်ကိုနက်ဖြန်မနက်ပိုင်းမှာထည့်ထားတယ်” ဟုပြောလာသည်ကို ကျွန်တော်က
“ဒုတိယနေ့တွင်ကျန်ုပ်အတွက်ထည့်ထားသောအစီအစဉ်အား ဖျက်ပေးပါ”
ဟု ပြောလိုက်ရာ သူမကကျွန်တော်အဆင့်သင့်မဖြစ်သေးဟုထင်သဖြင့် -
“ဒါဆိုဒုတိယနေ့မွန်းလွဲပိုင်းမှာပြန်ထည့်ပေးလိုက်ရမလား” ဟု ပြန်မေးလာ၍ ကျွန်တော်က
“ကိစ္စမရှိဘူး၊ နောက်ဆုံးရက်မှာနှုတ်ဆက်စကားပြောဖို့လောက်ဘဲဖြစ်ဖြစ် ပြန်ထည့်ပေးလိုက်ပါ” ဟုပြောကာ စီစဉ်ထားသော ထိုင်ခုံသို့ဝင်ရောက်နေရာယူလိုက်ပါသည်။
ကျွန်တော်သည် အစည်းအဝေးဒုတိယရက်တွင် သဘာပတိအဖွဲ့ဝင်အဖြစ်တာဝန်ုယူရသောအချိန်မှအပ ဆွေးနွေးပြောဆိုမှု၊ မိမိအမြင်သဘောထားအယူအဆများအားတင်ပြပြောဆိုဆွေးနွေးမှုများ အထွေအထူးမပြုဘဲ အစည်းအဝေးရက်များတလျှောက်လုံး အခြားသောလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏အယူအဆ၊ အမြင်သဘောထားများကိုသာလေ့လာစုဆောင်းခဲ့လေသည်။ ခေတ္တအားလပ်ချိန်များ၌ အနယ်နယ်အရပ်ရပ်မှကျွန်တော့အားလာရောက်နှုတ်ဆက်သော ကိုယ်စားလှယ်များနှင့်အတတ်နိုင်ဆုံးအချိန်ယူစကားစမြည်ပြောရင်းဆွေးနွေးကြသဖြင့် နေ့လည်စာသုံးနပ်လွဲခဲ့ရသည်။ ညနေပိုင်းအစည်းအဝေးနားချိန်တွင်ဒေသအသီးသီးမှကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ခရိုင်နှင့်တပ်မဟာအသီးသီးမှ ကိုယ်စားလှယ်များ နှင့်ချိန်းဆိုဆွေးနွေးမှုများကြောင့် ညစာထမင်းပွဲသိမ်း၊ မီးပိတ်ပြီးမှ ပြန်လည်ကျွေးမွေးရသဖြင့် မီးဖိုဆောင်အဖွဲ့အား အားနာရသည်မှာလဲအကြိမ်ကြိမ်၊ ညဥ့်နက်မီးပိတ်သွားချိန် ဖယောင်းတိုင်မီးထွန်းပြီး နံနက်တနာရီအထိဆွေးနွေးရသောညများလည်းခပ်များများ။
တတိယရက်တရက်လုံးကျွန်တော်အစည်းအဝေးမတက်ဘဲ ကျန်ုပ်၏အခန်းထဲတွင် အထူးကိုယ်စားလှယ် များ၊ မြို့တွင်းနှင့် ရှေ့တန်းတာဝန်ခံကိုယ်စားလှယ်များနှင့်ချိန်းဆို၍တွေ့ဆုံဆွေးနွေးမှုများပြုခဲ့သည်။ ဤ နှီးနှောဖလှယ်ပွဲကြီးသို့ပြည်တွင်း၊ ပြည်ပကရင်အဖွဲ့အစည်းများနှင့် ကရင်တော်လှန်ရေးနယ်မြေရှိ ခရိုင် (၇)ခု၊ တပ်မဟာ (၇)ခု၊ KNDO တပ်ရင်း (၇) ရင်းမှကိုယ်စားလှယ်များအပါအ၀င် နယ်စပ်ဒေသအနှံ့မှ ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ရဟန်းသင်္ဃာများနှင့်ဆရာသမားများ စုံလင်စွာ တက်ရောက်လာသောပွဲကြီးဖြစ်သည်။ တကမ္ဘာလုံးရှိကရင်လူမှုအဖွဲ့အစည်းနှင့်နိုင်ငံရေးအဖွဲ့အစည်းပေါင်း (၆၆) ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၂၄၆) ဦးတက်ရောက်ခဲ့ကြသည့် ကရင်တမျိုးသားလုံးကိုကိုယ်စားပြုသည့် နှီးနှောဖလှယ်ပွဲကြီးဖြစ်ပါသည်။
အစည်းအဝေးသို့တက်ရောက်လာသော ကိုယ်စားလှယ် ၉၇% အားကျွန်တော်တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။ ၎င်းအထဲမှကိုယ်စားလှယ် ၇၅% သည်လက်ရှိကြံ့ပြေးသိန်းစိန်အုပ်စုခင်းထားသည့်အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းစဉ်သည်ရန်သူကျော့ကွင်းထဲဝင်ရန်ဖန်တီးလိုက်သော လမ်းစဉ်ဟုမြင်ကြပြီး ကျန်ကိုယ်စားလှယ် ၁၅% မှာကား လက်တွေ့လုပ်ပုံကိုင်ပုံနည်းလမ်းမမှန်သဖြင့် ကရင်တော်လှန်ရေးနှင့် ကရင်အမျိုးသားရေးသိက္ခာကျသည်ဟုမြင်ကြသည်။ နောက်ဆုံးသော ကိုယ်စားလှယ် ၁၀% မှာ ရန်သူမှ လမ်းဖောက်၊ တံတားဆောက်ခြင်း၊ တပ်စခန်းခိုင်မာအောင်ပြုပြင်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများကြောင့် အန္တရယ်ရှိပြီးစိုးရိမ်ရသည်ဟုမြင်ကြပါသည်။
အချုပ်အားဖြင့်ဆိုသော် အစည်းအဝေးတက်ရောက်သူများထဲမှ ကျွန်တော်တွေ့ဆုံဆွေးနွေးခဲ့ရသည့် ၉၇% သောကိုယ်စားလှယ်များမှာ လက်ရှိကြံ့ပြေးအုပ်စု၏အပစ်အခတ်ရပ်စဲရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲကို လုံးဝယုံကြည်မှုမရှိကြချေ။
နောက်ဆုံးခြုံ၍ကြည့်သော် ဤ (၁၀) ကြိမ်မြောက်ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှော ဖလှယ်ပွဲကြီးသည် အမျိုးသားနိုင်ငံရေးစစ်ဆင်မှုအတွက် စိန်ခေါ်သူဗျူဟာမှူးတဦး၏ လိုအပ်သည့် မိမိတပ်အခြေအနေနှင့်စွမ်းပကားအမှန်များကို ပြည့်ဝစွာပံ့ပိုးကူညီဖြည့်စွမ်းနိုင်သော သမိုင်းဝင် နှီးနှောဖလှယ်ပွဲကြီး လည်းဖြစ်ပေသည်။
ဤသို့ဆိုသော် ယခု KNU ခေါင်းဆောင်အချို့တို့သည် မိမိပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့်ယုံကြည်ချက် ကိုဆန့်ကျင်ပြီး မည်သို့သောခိုင်လုံသည့်အထောက်အထားကြောင့် ဤမျှလောက် အထိကြံ့ပြေးအုပ်စုကို ယုံကြည်ကြလေသနည်း။ မည်၍မည်မျှအပေးအယူများ ပြုထားကြသနည်း။ ပြုလုပ်ခဲ့သည်ရှိသော် မိမိကရင် လူထုကြီးတရပ်လုံးကိုပွင့်လင်းမြင်သာစွာရှင်းလင်းဖော်ပြသင့်ပေသည်။ ယုတ်ဆွအဆုံး အနည်းဆုံးအဆင့် အနေဖြင့် ကြီးငါးကြီးတို့တိုင်ပင်ပြီး အလုပ်အမှုဆောင်မှတဆင့်ဗဟိုကော်မတီဝင် ၄၅ ဦးတို့နှင့်တိတိကျကျ ဖွင့်ဟဖော်ပြပြီးစစ်ရေးနိုင်ငံရေးကို ဗဟိုကြိုးကိုင်မှုဖြင့်ကိုင်တွယ်လုပ်ဆောင်ရမည်ဖြစ်သည်။
အကြောင်းသော်ကား ဤရန်သူသည်နေ့ခင်းကြောင်တောင် လူရှေ့၊ ကမ္ဘာရှေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂ ကိုသော်၎င်း၊ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းများကိုသော်၎င်း ပြောင်ကတိပေးပြီး ပြောင်လိမ်လည်ခဲ့သည်။ အိမ်နီးချင်းအာစီယံနိုင်ငံများအား ယခုကဲ့သို့ လက်ရှိစီးပွားရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု (Construction Engagement) စီမံကိန်းဖြင့် ပြောင်လိမ်ပြောင်စား လိမ်လည်လှည့်ဖြားခဲ့ပြန်သည်။ ထိုထက်မကတပြည်လုံးအတိုင်းအတာဖြင့်ပြည်သူလူထုအုံကြွလာပြီး တိုင်းပြည်အုပ်ချုပ်ရေးယန္တယား လည်ပတ်မှုမပြုလုပ်နိုင်တော့သည့်အခါလူထုကိုအာဏာလွှဲပေးဘို့ အထွေထွေရွေးကောက်ပွဲခွင့်ပြု၊ ကျင်းပပေးခြင်းဖြင့် လူထုငြိမ်ဝပ်သွားပြီး ရွေးကောက်ပွဲကိုယုံကြည်မှုအပြည့်အ၀ဖြင့် မဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲအပြီးစစ်တပ်ကအာဏာလွှဲပြောင်ခြင့်းမပြုဘဲ မဲနိုင်သူများကို ပြောင်အကျဉ်းချ ထောင်သွင်းခဲ့သည်မဟုတ်ပါလော။ ထိုသို့အားဖြင့်ဆိုရသော် ယခု KNU ခေါင်းဆောင်တချို့နှင့်သာလျှင် လူသူမသိ တိတ်တဆိတ်အမှောင်ခန်းမှ ဘာများကတိပေးလာပြန်သနည်း။ နေ့ခင်းကြောင်တောင် လူသိရှင်ကြား ကမ္ဘာ့အလယ်တွင်ပေးထားသောကတိကိုသော်မှ ယနေ့လက်နှင့်ရေးပြီး နက်ဖြန်ခြေဖြင့် ပြောင်ပြောင်ကြီးဖျက်လာလေသမျှသော ဤလူနှင့် ဤရန်သူကိုယုံကြည်၍ မိမိကရင့်တော်လှန်ရေးတခုလုံး ရန်သူလက်ထဲပုံအပ်မိသော် ငါတို့သည်ဧကန်မုချသမိုင်းတရားခံအစစ်အမှန်ပင်ဖြစ်ရပေတော့မည်။
ငါးတကောင်ပုပ်လို့တော့ တလှေလုံးအပုတ်မခံဘူး။ အစဉ်အလာမြင့်မား၍ ဂုဏ်ကျက်သရေ တောက်ပြောင်လှသည့် ၆၅ နှစ်ကျော်အထိ သက်တမ်းခိုင်မာလာသောကရင့်တော်လှန်ရေးကြီးကို တစိုက်မတ်မတ်နည်းမျိုးစုံဖြင့် သတ်လျှိုထိုးဖောက် ဖြိုဖျက်လာသူ ရန်ကုန်အုပ်စုနှင့်ကြံ့ပြေးအုပ်စုတို့ကို ကျန်ုပ်စိန်ခေါ်ပါသည်။
လေးဝါးမှနှုတ်ဆက်ခွဲခွါခြင်း
ညချမ်းရယ်တဲ့နေရီ၊ ခွဲခွါချိန်နီးပြီမို့ အစည်းအဝေးတလျှောက်လုံး ပင်ပန်းနွမ်းလျခဲ့သမျှ - ဤညနေခင်းတညလုံးကျန်ုပ်အပန်းဖြေ အနားယူခွင့်ရခဲ့ပါသည်။ ဤညသည်ကားပြည်တွင်းပြည်ပမှ ကရင့်အဆိုတော်များ၊ ကရင်လူငယ်နှင့်ကရင်အမျိုးသမီးအဖွဲ့များ လာရောက်စုဝေးပြီး တေးသံသာများဖြင့် ဖြေဖျော်ပေးသောညဖြစ်သည်။ ဂီတဆည်းဆာညချမ်းချိန်ခါမို့ အစည်းအဝေးတလျှောက် ပင်ပန်းနွမ်းလျ မှုများအား ချိုတေးသံနှောသောလေပြေလေညှင်းကလေးများက တိုက်ခတ်ယူငင်လွင့်စင်ပျောက်ကွယ် သွားစေပါသည်။
ကြွရောက်သီဆိုအားပေးသော ကရင့်အဆိုတော်များနှင့်အတူပြည်တွင်းပြည်ပမှကရင်လူငယ်အဖွဲ့အစည်းနှင့် ကရင့်အမျိုးသမီးအဖွဲ့အစည်းများမှကိုယ်စားလှယ်များက စင်မြင့်ပေါ်သို့အတူအကွ အလျှိုလျှိုယိမ်းနွဲ့သီဆို ကြသည်ကိုမြင်ရလေသော် ဤလေးဝါးသည် ဒေါနတခွင်၊ သောင်ရင်းသံလွင်၊ မူတြော်လူသော၊ တောင်ငူ ရိုးမတခွင်မှအမျိုးသားတော်လှန်ရေးသမားများ၏ “ချစ်သူတွေခိုနားရာမြေ ” စင်စစ်ပင်ဖြစ်လေသည်တကား။
အထူးသဖြင့်တချိန်ကအတူတကွနေလာခဲ့သော်လည်းကျွန်တော်တခါမှမထင်မှတ်ခဲ့သော လုပ်ဖော် ဆောင်ဖက်ဟောင်းတချို့၏အနုပညာမြောက်လှသည့်ပါဝင်သီဆိုမှုများကိုမြင်ရကြားရပြန်သော် တအံ့တသြဖြစ်ရပြန်သည်။
ရပ်ဝေးမှပြန်ရောက်လာသောကရင့်အမျိုးသမီးများကလည်း လှပသောပန်းကုံးများစွာကို အကြိမ်ကြိမ်ဝယ်ယူပြီး ပရိသတ် များနှင့်အတူကြည့်ရှုအားပေးနေသော ရဲဘော်များအားသွားရောက် ပေးကမ်းပြန်သည်။ ထိုအခါဧည့်သည်အဆိုတော်များသီချင်းဆိုနေစဉ်တွင် စစ်ဝတ်စုံဖြင့် တော်လှန်ရေး ရဲဘော်များစင်မြင့်ပေါ်သို့တက်ကာသီဆိုဖျော်ဖြေသူများအား ပန်းကုံးစွပ်ဂုဏ်ပြုပေးသည့် မြင်ကွင်းကို မြင်ရလေသော် တော်လှန်ရေးမျိုးဆက်သစ် လူထု၊ လူတန်းစားအားလုံးစုပေါင်း၍ အညွန့်တလူလူ ဖူးပွင့်ဝေဆာလျက်ရှိနေကြောင်းကျေညာမောင်းခတ်ခြင်းပင်ဖြစ်လေသည်။
အစီအစဉ်၏နောက်ဆုံးအပိုင်းတွင် (၁၀) ကြိမ်မြောက်ကရင်မျိုးသားညီညွတ်ရေးနှီးနှောဖလှယ်ပွဲ တာဝန်ခံများ၊ ကရင်လူငယ်အစည်းအရုံးဌာနချုပ်မှလူငယ်ခေါင်းဆောင်များ၊ အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူများ၏ မြူးကြွသောတော်လှန်ရေးတေးသံများတို့သည် ပရိသတ်များအား လွန်ခဲ့သော ၁၉၄၉ ခုနှစ်များဆီသို့ပြန်လည်ခေါ်စေသည်သာမက “မျှော်ရှာသူမောလို့ငိုရလိမ့်မယ်” ဟူသောနောက်ဆုံး နှုတ်ဆက်ခွဲခွါတေးသံသာများတို့သည် မခွဲချင်မခွါချင်ထာဝစဉ်အတူလက်တွဲနေမည့် တော်လှန်သူလူတိုင်း၏ နှလုံးသားအတွင်းသို့ နက်ရှိုင်းစွာဝင်ရောက်ခိုအောင်းလျက် ရှိနေမည်မှာအမှန်ပင်ဖြစ်သည်။
ထိုထိုအားလုံးတို့မှနောက်ဆုံးနေ့ ကျန်ုပ်၏နိဂုံးချုပ်မိန့်ခွန်းတွင် ကြံ့ပြေးအုပ်စုအားစိန်ခေါ်ခြင်းကို အောက်ပါအတိုင်းတရားဝင် ကျေညာလိုက်လေတော့သတည်း။
“ကျန်ုပ်အခုတခေါက်ပြန်လာတော့ ဒီ “လေးဝါး” ကို “လောခီးလာ” လို့ လူအချို့မှ ခေါ် တာကို ကြားရတော့ ကျန်ုပ်အတော်အံ့အားသင့်မိတယ်။ လေးဝါးဆိုတဲ့ အမည်ရဲ့အဓိပ္ပါယ် ဟာ “ကျောက်တောင်ဖြူ” (White Rocky Hill) လို့အဓိပ္ပါယ်ရတယ်။ လေးဝါးဟူသော အမည်ကို ကြားတိုင်း တချိန်က ကရင့်တော်လှန်ရေး၊ နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် ကရင့်တပ်မတော်သားများ နိုင်ငံရေး၊ စစ်ရေးသတိဖြင့် တက်တက်ကြွကြွ၊ နိုးနိုးကြားကြား သွားလာလှုပ်ရှားမှုကိုမြင်ယောင်တယ်။ ယခု “လောခီးလာ”ဟူသောအမည်၏ အဓိပ္ပါယ်ကား “လှပတင့်တယ်သောနေရာ” ဟုအဓိပ္ပါယ်သက်ရောက်ပြီး ယဉ်ကျေးသိမ်မွေ့၊ နွဲ့နွဲ့နှောင်းနှောင်း အမူအရာကိုဖေါ်ညွှန်းသဖြင့် - ရန်သူဖက်နမ်း သွားမယ်။”
-----------------------------------------------
------------------------------------
---------------

KNU ကို လုပ်ကြံရန် ကြံစည်မှုကြီး (အပိုင်း-၁)
အင်တာနက် ဆက်သွယ်ရန်ပြင်ပကို ရောက်ရှိနေပါသဖြင့် ဘလော့ပေါ်သို့ သတင်းများမတင်ဖြစ်ခဲ့ပါ။ အချိန်ရရင်ရသလို အီးမေးမှဝင်လာသော သတင်းများကို အလျဉ်းသင့်သလိုပြန်လည်တင်ဆက်ပေးပါမည်။။
ဖူးတာမူးရေးသည်
စာရေးသူသည် စာရေးခဲလှသည်။ ယခုအခါ KNU နှင့် ကရင့်တော်လှန်ရေး ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု များဖြစ်ပေါ်လာကာ မျိုးချစ်ကရင်လူထုတွင်သာမက အခြားညီအကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အတွင်း ဂယက်ရိုက်မှု ဖြစ်လာရသည့်အပေါ် တိတ်ဆိတ်ငြိမ်သက်၍ မနေနိုင်တော့သည့်အတွက် တာဝန်သိ မျိုး ချစ်တော်လှန်ရေးသမားတဦးအနေနဲ့ ယခုဆောင်းပါးကို စတင်ရေးသားခြင်းသာဖြစ်ကြောင်း အစီရင်ခံအပ်ပါ သည်။ ဤသို့ရေးရာတွင် မည်သည့်ကလောင်နာမည်ကို ရွေးရန် စဉ်းစားရာတွင် မိမိဆောင်းပါးသည် ကရင့် တော်လှန်ရေးနှင့် ကရင့်တမျိုးသားလုံးကို သေတွင်းသို့မပို့မူဘဲ အမျိုးသားရေးအရ၊ နိုင်ငံရေးအရ ကရင့်အနာဂါတ်ဆက်လက်ရှင်သန်၍ ကမ္ဘာဆုံးတိုင် ကရင်လူမျိုးအဖြစ် အများနည်းတူ တန်းတူအခွင့်အရေးနှင့် ရှင်သန် ရပ်တည်ရေးကို မျှော်မှန်း၍ “ဖူးတာမူး” ဟူသော ကလောင်နာမည်ကို ရွေးချယ်ခြင်းဖြစ်ပါသည်။
အခန်း (၁)
ကရင့်တော်လှန်ရေးဝိသေသလက္ခဏာများ
ကရင့်တော်လှန်ရေးသမားတဦးသည် ကရင့်တော်လှန်ရေး၏၀ိသေသလက္ခဏာများကို အသေအချာသိမြင်ရန်၊ လက်ခံရန်၊ ကျင့်သုံးရန် လိုအပ်ပါသည်။ ကရင့်တော်လှန်ရေးသည် တရားသောတော်လှန်ရေးဖြစ်သည်။ အဘယ်ကြောင့်မူ ကရင့်တော်လှန်ရေးမစမှီ ၁၁/၀၂/၄၈ နေ့တွင် မြန်မာတပြည်လုံး ကရင်လူမျိုး (၄)သိန်းကျော် ဆန္ဒပြပွဲ၏ ကြွေး ကြော်သံကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
(၁) ကရင်တကျပ် ဗမာတကျပ် ချက်ခြင်းပြ။
(၂) ကရင်ပြည်ချက်ချင်းပေး။
(၃) လူမျိုးရေးအဓိကရုန်းအလိုမရှိ။
(၄) ပြည်တွင်းစစ်အလိုမရှိ။
ဤကြွေးကြော်သံကြီး (၄)ရပ်ကို ကြည့်ခြင်းအားဖြင့် ယခင် KNU ခေါင်းဆောင်များ၏ အမျှော်အမြင်ကြီး မားမှု၊ ကရင့်အခွင့်အရေးတောင်းဆိုရာတွင် ကရင်လူမျိုးများ ဗမာလူမျိုးများကဲ့သို့ တန်းတူအခွင့်အရေးရှိဘို့၊ ကရင်လူမျိုးများသည် လူမျိုးတမျိုးအနေဖြင့် မိမိတို့ထိုက်သင့်သည့်ပြည်၊ သို့မဟုတ် ပြည်နယ်ရှိဘို့။ ဤအခွင့်အ ရေးတောင်းဆိုခြင်းကြောင့် အုပ်စိုးသူဗမာအစိုးရက ဖန်တီးလာမည့် လူမျိုးရေးမုန်းတီးမှု အဓိကရုန်းကို မလိုလား ကြောင်း။ ဤတောင်းဆိုမှုကြောင့် ဗမာအစိုးရ၏ဖန်တီးလာမည့်ပြည်တွင်းစစ်ကို မလိုလားကြောင်း၊ ရှင်းလင်းစွာ ကရင်လူမျိုး၏ ဆန္ဒကို ဖေါ်ထုတ်ခဲ့သည်။
သို့ရာတွင် ကရင်လူမျိုး၏ လိုလားချက်များကို ဖဆပလ အစိုးရကငြင်းပယ်သည့်အပြင်၊ ကရင်လူမျိုးများ နေထိုင်ရာဒေသအချို့ကို စတင်တိုက်ခိုက်နှိမ်နှင်းခဲ့ခြင်း၊ နောက်ဆုံးတွင် KNU ဌာနချုပ်ရှိရာ စမ်းချောင်း ကရင် အမျိုးသားရပ်ကွက်ကို လက်နက်ကိုင်စီးနင်း သိမ်းပိုက်ခြင်းကြောင့် ကရင့်တော်လှန်ရေးသည် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။
ဤဖြစ်ရပ်ကို ကြည့်ပါက ကရင်လူမျိုးသည် အေးချမ်းမှုကို လိုလားသည်။ ခိုက်ရန်ဖြစ်မှုကို မလိုလား၊ သို့ ရာတွင် မိမိလူမျိုးကို နိုင်ထက်စီးနင်းလုပ်လာလျှင် လုံးဝခေါင်းငုံ့ခံပြီး သီးခံမည်မဟုတ်။ မိမိအမျိုးသားဂုဏ် သိက္ခာထိန်းသိမ်းသောအားဖြင့် ရှိသမျှဖြင့် ပြန်တော်လှန်ခဲ့ကြောင်း သမိုင်းတွင် အတိအလင်းဖေါ်ပြခဲ့သည်။
ကရင့်အမျိုးသားသမိုင်းတွင် ဤကရင့်တော်လှန်ရေးနေ့သည် ပထမဦးဆုံးသော ကရင့်သမိုင်းသစ်ကို ဖေါ်ဆောင်ခဲ့သည်။ ကရင့်တော်လှန်ရေးစတင်ဖြစ်ပြီး 17-19 July 1950 ခု စောဘဦးကြီးမှ KNU Congress တွင်တော်လှန်ရေး မူ(၄)ရပ်ကို ချမှတ်ခဲ့သည်။
(၁) လက်နက်ချစကားအလျဉ်းမပြောရ။
(၂) ကရင့်လက်နက်ကရင့်လက်ထဲတွင် ရှိရမည်။
(၃) ကရင့်ကံကြမ္မာကရင်ဖန်တီးမည်။
(၄) ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်။
ဤ မူ(၄)ရပ်သည် ကရင့်တော်လှန်ရေး နှစ်(၆၀)ကျော်အတွင်း အဓိကမောင်းနှင်အားနှင့် လမ်းညွန်မှု များဖြစ်သည်။ ဤတောင်းဆိုမှု (၄)ရပ်နှင့် မူ(၄)ရပ်သည် ယခုတိုင်မှန်ကန်နေဆဲ၊ နောင်လည်းမှန်ကန်နေဆဲဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ဤတောင်းဆိုမှုနှင့် မူများသည် ကရင်လူမျိုးသည် မြန်မာလူမျိုးများနှင့် တန်းတူ အခွင့်အရေးရရှိရေးနှင့် အေးချမ်းစွာအတူတကွတိုးတက်ဖွံ့ဖြိုးရေးကို ရှေ့ရှုခြင်းသာဖြစ်သည်။
အထက်ပါဆိုခဲ့ပြီးသည့်အချက်များအပေါ် ကောက်နှုတ်ပါက ကရင့်တော်လှန်ရေး၏ ၀ိသေသလက္ခဏာ
များမှာ…
(၁) တန်းတူရေး
(၂) တရားမျှတရေး
(၃) ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး
(၄) ကိုယ့်ကိုကိုယ် ကာကွယ်ပိုင်ခွင့်ရှိရေး
(၅) လူမျိုးတမျိုးနှင့်တမျိုး အေးချမ်းစွာနေထိုင်ရေး
(၆) တိုင်းပြည်တွင် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး
(၇) လွတ်လပ်မှု (ဖိနှိပ်မှုမှလွတ်လပ်ရန်)တို့ဖြစ်သည်။
ထို့အပြင် ၎င်းကွန်ကရက်တွင် သမိုင်းတွင့်သည့် မိန့်မှာချက်များကို မိန့်ကြားခဲ့သည်။
(က) ကရင့်တော်လှန်ရေးသည် ပထမနှင့် နောက်ဆုံးဖြစ်သည်။
(ခ) ကရင်များရန်ကုန်ဆင်းပြီး လည်စဉ်းမခံသမျှ ကရင့်တော်လှန်ရေးလုံးဝ မကျဆုံးနိုင်။
(၈) ကရင်မျှော်မှန်းချက်ရရန် လမ်းသုံးသွယ်ရှိ။
(၁) ရန်သူက စေတနာရှိစွာပေးခြင်းဖြင့်၎င်း။
(၂) ကရင်များတိုက်၍ အနိုင်ယူနိုင်ခြင်းကြောင့်၎င်း။
(၃) အခြေအနေရပ်ရပ်၏ ဖိအား၊ ရိုက်ခတ်မှုကြောင့်၎င်း။
(၄) ကရင့်တော်လှန်ရေးအဓိကအင်အားမှာ ကရင်ပြည်သူဖြစ်သည်။ ကရင်ပြည်သူများ တော်လှန်ရေး ကို လေးစားချစ်ခင်ရန်လိုသည်။
(၅) မိမိအားနည်းချက်များ၊ ချွတ်ယွင်းချက်များကို ဝေဖန်သုံးသပ်၍ ပြန်လည်ပြုပြင်ရန် ၀န်မလေးရ။
“တော်လှန်ရေး” ဆိုသော ဝေါဟာရအဓိပ္ပါယ်မှာ အထက်ပါ တန်းတူမျှတမမှုမရှိမှု၊ မတရားမှု၊ ဖိနှိပ်မှုစသည့် မကောင်းမှုများကို တော်လှန်ကာ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ဖြင့် အစားထိုးရန်ဖြစ်သည်။ သို့ဖြစ်၍ ကရင့်တော်လှန်ရေးသည် တရားသည်၊ မှန်ကန်သည်၊ အမှန်တရားဖြစ်သည်။ အမှန်တရားသည် တနေ့ အောင်ပွဲခံရမည်ဖြစ်သည်။ အမှန်တရားကို ဘယ်ကဲ့သို့ တားဆီး၊ ဖိနှိပ်၊ နှိမ်နင်းသည်ဖြစ်စေ၊ အမှန်တရားဘက်ကသာ အောင်ပွဲခံခဲ့သည်ချည်းဖြစ်သည်ကို ကမ္ဘာ့သမိုင်းတွင် တွေ့ခဲ့ရပြီးဖြစ်သည်။
သို့ဖြစ်၍ ကရင့်တော်လှန်ရေးကို “တော်လှန်ရေး” ဟူသော ဝေါဟာရကို မသုံးရဲလောက်အောင် အဘယ်ကြောင့် ကျန်ုပ်တို့အားငယ်သေးသိမ်နေရပါသနည်း။ မိမိကိုယ်ကို တော်လှန်ရေးသမားဟုပြောခြင်း သည် ရှက်ကြောက်စရာမရှိ၊ အမှန်တရားအတွက်ရပ်တည်သူအဖြစ်၊ ၎င်းအမှန်တရားအတွက် အသက်ပေးရန် ၀န်မလေးသူဟူ၍ ၀ါကြွားရန်သာဖြစ်သည်။
ကော်ခိုစောဘဦးကြီးက ကွန်ဂရက်တွင် “ကရင့်တော်လှန်ရေးသည် ပထမဆုံးနှင့် နောက်ဆုံးဖြစ်သည်” ဟူ၍ မိန့်မာခဲ့သည်။ အဓိပ္ပါယ်မှာ ကရင့်သမိုင်းတွင် ကရင့်တော်လှန်ရေးသည် ပထမဆုံးတော်လှန်ရေးဖြစ်၍ မှန် ကန်တရားသောတော်လှန်ရေးအဖြစ် အောင်ပွဲခံသည်အထိ တိုက်ပွဲဝင်ရမည် ဟူ၍ ဖြစ်သည်။ တော်လှန်ရေး တိုက်ပွဲ ဆင်နွှဲလိုက်၊ ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်၊ နောက်ပြီးတဖန်ပြန်တိုက်လိုက်ဟူသော အလုပ်ကို ကော် ခိုစောဘဦးကြီးကအားမပေး၊ မှန်ကန်သောတော်လှန်ရေးဖြစ်၍ မျှော်မှန်းချက်အပြည့်အမှီရသည်အထိ တော် လှန်တိုက်ပွဲဝင်မည်ဟူ၍ မိန့်မှာခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ ရှည်ရှည်ဝေးဝေး ကရင့်တော်လှန်ရေး ၀ိသေသလက္ခဏာကို ဖေါ်ပြရခြင်းသည် စာရေးသူ၏ စေတနာမှာ စာဖတ်သူမျိုးချစ်ကရင်အမျိုးသား/သမီးအားလုံးကျေညက်စွာ သိမြင်ရုံသာမက သိမြင်ခြင်းမှတဆင့် လက်ခံ၊ ယုံကြည်၊ ကိုင်စွဲ၊ ကျင့်သုံးနိုင်ရန် မျှော်မှန်း၍ဖြစ်သည်။ ဤသို့လက်ခံနိုင်ပြီးကာမှ ရှေ့ဆက်ဖေါ်ပြမည့် ဖြစ်စဉ်များကို မှန်ကန်တည့်မတ်စွာ အကဲဖြတ်နိုင်ခြင်းဖြင့် မိမိတဦးချင်း မည်သည့်နေရာတွင် ရပ်တည်လုပ်ကိုင် မည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။
ကရင့်တော်လှန်ရေး နှစ် (၆၀)ကျော်ကာလအတွင်း KNU အတွင်း အကွဲအပြဲများ များစွာဖြစ်ခဲ့သည်။ အချို့ကိုဖေါ်ပြရလျှင်…
(၁) KYO-KNU မှ ခွဲထွက်ခြင်း။ 1945 April
(၂) KNU မှ ငြိမ်းချမ်းရေးအဖွဲ့ ခွဲထွက်ခြင်း။ 1952
(၃) KNU မှ KRC ခွဲထွက်ခြင်း။ 1963
(၄) KNU မှ DKBA ခွဲထွက်ခြင်း။
(၅) KNU မှ KNU/KNLA ခွဲထွက်ခြင်း စသည်များရှိခဲ့ပါသည်။
အထက်ပါ သဘောထားကွဲလွဲခြင်းများကို ပြန်လည်ဆန်းစစ်ပါက…
(၁) ကရင့်တော်လှန်ရေးဝိသေသလက္ခဏာများကို လက်ခံရာတွင် အမြင်မတူခြင်း။
(၂) ကရင့်တော်လှန်ရေးနှင့် တမျိုးသားလုံး အဆုံးစွန်မျှော်မှန်းချက်ပန်းတိုင်ပေါ်အမြင်မတူခြင်း။
(၃) ကရင်လူမျိုး၏ ပကတိလက်ရှိဘ၀ အခြေအနေအပေါ် သုံးသပ်မှု မတူညီခြင်း။
(၄) ကရင်လူမျိုးလက်ရှိရင်ဆိုင်နေရသော အုပ်စိုးသူလူတန်းစား၏ ၀ိသေသလက္ခဏာကို သုံးသပ်မှုကွာ ခြားခြင်း။
(၅) ကရင့်တော်လှန်ရေး၏မူဝါဒ၊ လုပ်ငန်းစဉ်များကို ခံယူကျင့်သုံးလိုက်နာရာတွင် ကွာဟမှုဖြစ်ခြင်း။
(၆) ကရင့်တော်လှန်ရေး၏မူဝါဒ၊ လုပ်ငန်းစဉ်များကို သဘောပေါက်အောင် မလေ့လာခြင်း။
(၇) ကရင့်တော်လှန်ရေး၏ မဟာမိတ်ပိုင်းဆိုင်ရာ သဘောထားပြဌါန်းချက်အပေါ် အမြင်မတူညီခြင်း။
(၈) တချို့ကလည်း တော်လှန်ရေးသည်ရှည်ကြာလှပြီ၊ မောပန်းနွမ်းနယ် ခြေကုန်လက်ပန်းကျကာ ရန် သူပေးသောအခွင့်အရေးဖြင့် မိမိတစုတဖွဲ့ သက်တောင့်သက်သာနေနိုင်ရန် လုပ်ဆောင်နေသည်။ ဤကဲ့သို့ အမြင်မတူမှုအပေါ် အခွင့်ကောင်းယူ၍ ဆန့်ကျင်ဘက် မြန်မာအစိုးရအဆက်ဆက်က နည်းပရိယာယ်ပေါင်းစုံ လိမ်ညာမှု လှည့်ဖျားမှု ချော့မြူမှုပေါင်းစုံဖြင့် ကောက်ကျစ်စဉ်းလဲသော နည်းပေါင်းစုံဖြင့် ခြောက်ကာတလှည့် ချော့ကာတဖုံ ဖျားယောင်းခြင်းကြောင့် KNU တွင် အကွဲအပြဲဖြစ်ခဲ့ရသည်သာမက ၎င်းခွဲထွက်သော အဖွဲ့အချို့ သည် KNU နဲ့ကရင့်တော်လှန်ရေးကို ပြန်လည်ဆန့်ကျင့်တိုက်ခိုက်ကာ ရန်သူအကြိုက်လုပ်ခဲ့ခြင်းလည်း ရှိခဲ့ သည်။
တော်လှန်စစ်တရပ်၏ သေနင်္ဂဗျူဟာ
၁။ မိမိအခြေအနေကို သိရမည်။
၂။ ဆန့်ကျင်ဘက် ရန်သူ၏အခြေအနေကို သိရမည်။
၃။ အင်အားကြီးရန်သူကို အနိုင်ယူရန် ရန်သူကို အထီးကျန်ဖြစ်ရန် ဘုံရန်သူကို ဆန့်ကျင်သောအင်အားစုအား လုံးကို စုစည်းကာ မဟာမိတ်ဖွဲ့ခြင်းဖြင့် အောင်ပွဲခံရေး။
၎။ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး၊ နိုင်ငံရေးအခြေအနေမှန်နှင့် စုပေါင်းချီတက်မည့် မျှော်မှန်းချက်ပန်းတိုင်ကို တပ်ပေါင်းစုဖြင့် ချမှတ်လုပ်ဆောင်နိုင်ရန်ဖြစ်သည်။
ဤအချက်များသည် အထူးသဖြင့် မှန်ကန်စွာအကဲဖြတ်နိုင်ပါမှ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်မည် ဖြစ်သည်။
၁။ မိမိပကတိအခြေအနေ
ကရင်တမျိုးသားလုံး၏ အခြေအနေသည် နိုင်ငံရေးအရ လူမျိုးရေးအရ အဖိနှိပ်ခံရဆဲ၊ မတရားမှုဖြင့် ဖိနှိပ်ခံရဆဲဖြစ်၍ ကရင်လူမျိုးသည် ထိုမတရားမှုများကို ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်နေဆဲ အချိန်ကာလဖြစ် သည်။ ရန်သူလှည့်ဖျားမှုကြောင့် တချို့ခွဲထွက်သွားသော်လည်း မူ (၄)ချက်ကို ခိုင်မာစွာစွဲကိုင်သော KNU သည် ဆက်လက်လက်တိုက်ပွဲဝင်ဆဲဖြစ်သည်။
၂။ အုပ်စိုးသူမြန်မာအစိုးရအခြေအနေ
၂၀၀၈ ခုတွင် မြန်မာအစိုးရမှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လူ့အသက်ပေါင်းများစွာ သေကြေစေ ခဲ့သော နာဂစ်မုန်တိုင်းကာလတွင် တဖက်သတ်အတည်ပြုခဲ့သည်။ ၎င်းဥပေဒေတရပ်သည် စစ်တပ်၏ အာဏာ တရားဝင်ဖြစ်ရေးနှင့် တိုင်းပြည်ကို စစ်တပ်မှ ထာဝစဉ်အုပ်ချုပ်နိုင်ရေးအတွက် ရေးဆွဲခဲ့ခြင်းဖြစ်၍ တိုင်းရင်းသား လူမျိုးတော်လှန်ရေးအဖွဲ့အစည်းအားလုံးသာမကဒီမိုကရေစီအင်အားစုများပါမကျန် ၎င်းဥပဒေကိုပြင်ဆင်ရန်၊ တချို့ကအသစ်ပြန်လည်ရေးဆွဲရန် တောင်းဆိုခြင်းဖြစ်သည်။ ဤကဲ့သို့ အများလက်မခံနိုင်သော အခြေခံဥပ ဒေကို အသစ်ရေးဆွဲရန်မဆိုထားနှင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်ရန်မလို၊ ပြီးပြည့်စုံပြီဟု အခါခါ ပြောဆိုခဲ့ခြင်းသည် အစိုးရဘက်မှ အလျှော့ပေးလိုက်လျောရန် ဆန္ဒမရှိကြောင်းထင်ရှားသည်။
၃။ KNU ၏ ကွန်ကရက်တိုင်းအတည်ပြုခဲ့သော လမ်းစဉ်နှင့် လုပ်ငန်းစဉ်များသည် အစဉ်အမြဲတပ်ပေါင်းစုဖြင့် အောင်ပွဲခံရန်မူကို အဆက်ဆက်ချမှတ်ခဲ့သည်။ အစိုးရအဆက်ဆက်သည် တပ်ပေါင်းစုတွင်း ညီညွတ်မှုနှင့် စုစည်းမှုမရှိရန် အစဉ်အမြဲကြိုးပမ်းခဲ့သည်။ တပ်ပေါင်းစုမှ တဖွဲ့ချင်းဖဲ့ထုတ်စည်းရုံးကာ အခွင့်အရေးမဖြစ်စ လောက်ပေး၍ လုပ်ဆောင်စေခဲ့သည်။ တပ်ပေါင်းစုအင်အားချိနဲ့ရန် အမျိုးမျိုးသပ်သျှိုဖြိုခွဲခဲ့သည်။ တပ်ပေါင်းစု တလျှောက်တွင် KNU သည် တပ်ပေါင်းစုအင်အားကောင်းရေး၊ စုစည်းညီညွတ်ရေးနှင့် ဘုံရန်သူကို တိုက်ပွဲဆင်ရင် (စစ်ရေး၊ နိုင်ငံရေး) စုစည်းညီညွတ်ရန် အစဉ်ဦးဆောင်မှုပေးခဲ့သည်။ တပ်ပေါင်းစုအတွင်း သဘောထားမတူညီမှုဖြစ်လာပါက ပြန်လည်စည်းလုံးရန် ဦးဆောင်ခဲ့သည်။ တပ်ပေါင်းစုအဆက်ဆက်တွင် KNU သည် တော်လှန်ရေးအရ၊ နိုင်ငံရေးအရ အတွေ့အကြုံအမျှော်အမြင်ကြီးမားမှုကြောင့် အမြဲတမ်းဦးဆောင်မှုအခန်းကဏ္ဍတွင် ရွေးချယ် တာဝန်ပေးခံခဲ့ရသည်။ တပ်ပေါင်းစုအတွင်း တဖွဲ့ဖွဲ့က သဘောထားမတူ၍ အက်ကြောင်းဖြစ်လာပါက ပြန်လည် စေ့စပ်နိုင်ခဲ့သည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံး သည် KNU ၏ ခေါင်းဆောင်မှုနှင့် လုပ်ဆောင်မှုကို ယုံကြည်လေးစားခြင်းသာမက KNU ခေါင်းဆောင်များ၏အမျှော်အမြင်ကြီးမားမှုဖြင့် တိုင်းပြည်အနာဂတ်ဖြစ်သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ရှိသော ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်၍ဖြစ်သည်။ သို့ဖြစ်၍ KNU သည် တပ်ပေါင်းစုတွင် အဖွဲ့အ စည်းများက အားကိုးယုံကြည်စိတ်ချစွာ ဦးဆောင်မှု အခန်းကဏ္ဍကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အခန်း (၂)
ယခုအခန်းကဏ္ဍသည် ခေါင်းစဉ်ပါ KNU နှင့် ကရင့်တော်လှန်ရေး အဆက်ဆက်ကို လုပ်ကြံရန် ကြံစည် မှု ဖြစ်စဉ်များကို ဖေါ်ပြပါမည်။ ဤသို့ဖေါ်ပြရာတွင် ကရင့်တော်လှန်ရေးအစမှ KNU (၁၂)မြောက်ကွန်ကရက်အ ထိကို မဖေါ်ပြတော့ဘဲ (၁၃)ကြိမ်ကွန်ကရက်ပြီးမှ ယခုအချိန်အထိဖြစ်စဉ်များ၊ ဤသဘောထားကွဲလွဲမှုများတွင် ပြည်သူများက၊ မည်သည့်အခန်းကဏ္ဍတွင်ပါဝင်သလဲ စသည်တို့ကို အတိုချုံးဖေါ်ပြပါမည်။
ကရင့်တော်လှန်ရေးတလျှောက် ကရင့်တော်လှန်ခေါင်းဆောင်များအတွင်း အယူအဆ၊ အတွေးအခေါ်၊ ခံယူကျင့်သုံးမှုများကွာခြားမှုကြောင့် သဘောထားအနည်းနှင့်အများ ကွာဟမှုရှိသည်များရှိခဲ့ခြင်းကို (၄)နှစ် တကြိမ်ကျင်းပသော KNU ကွန်ကရက်များမှ ပြန်လည်သုံးသပ်ညှိနှိုင်းခြင်း၊ မူဝါဒလမ်းစဉ် (တပ်ပေါင်းစုအပါအ ၀င်)ကို ချမှတ်လုပ်ဆောင်ခဲ့သည်။ ရွေးချယ်ခံခေါင်းဆောင်များမှလည်း အများသဘောတူ ဆုံးဖြတ်ချက်များကို လိုက်နာ ကျင့်သုံး ခံယူ၍ မိမိသက်ဆိုင်ရာ တာဝန်လုပ်ငန်းများကို အကောင်အထည်ဖေါ်ခဲ့သည်။ (၄)နှစ်တာ အ ကောင်အထည်ဖေါ်ရာတွင် တွေ့ကြုံရသော အခက်အခဲများ၊ ပြင်ဆင်ရန်လိုအပ်ချက်များကို နောင်ကျင်းပမည့် ကွန်ကရက်များတွင် ယူဆောင်တင်ပြပြီး အများသဘောတူ ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်ဖြစ်သည်။
ပထ၀ီအရ ကရင်အမျိုးသား နေထိုင်ရာနေရာများကို ဤသို့အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။
(၁) ပြည်တွင်းရှိကရင်များ
(၂) တော်လှန်ရေးဒေသရှိကရင်များ
(၃) နယ်စပ်၊ ဒုက္ခသည်စခန်းများမှ ကရင်များ
(၄)နိုင်ငံတကာရောက်ကရင်များ
၎င်းဒေသ (၄)ခုမှ ရှိသောကရင်များသည် မိမိဖြတ်သန်းလာသောဘ၀ကို အခြေခံ၍ အမျိုးသားအသိ စိတ်၊ မျိုးချစ်စိတ်များ ကွာခြားလျှက်ရှိသည်။ ၎င်းဒေသအသီးသီးမှ ကရင်လူမျိုးများသည် ဤကရင့်တော်လှန် ရေးလှုပ်ရှားမှုအတွင်း တထောင့်တနေရာတွင် ပါဝင်ရန် ဆန္ဒရှိသည်နှင့်အညီ မိမိဘ၀ပေး သိသမျှဖြင့် တထောင့် တနေရာမှ ကူညီပံ့ပိုးရန် ဆန္ဒရှိခြင်းသည် သဘာဝကျလှပေသည်။ ၎င်းဒေသ (၄)ခုတွင်ရှိသော ကရင်များ၏ အ ယူအဆများကို ခွဲခြမ်းစိတ်ဖြာရသော် အောက်ပါအတိုင်း မြင်နိုင်သည်။
(၁) ကရင့်တော်လှန်ရေးသည် မှန်ကန်သော တော်လှန်ရေးဖြစ်၍ အောင်ပွဲခံသည်အထိ စောဘဦးကြီး၏ လမ်း စဉ်အတိုင်း လှေခွက်ကြီးကျန် အလံမလှဲစတမ်း လုပ်ဆောင်ကာ ကရင်တမျိုးသားလုံးကို မျှော်မှန်းချက်ရသည် အထိ လုပ်ဆောင်မည်။
(၂) ကရင့်တော်လှန်ရေး၏ ရေးစီးကြောင်းအတိုင်း ရေစုံလိုက်၍ ဖြစ်ပေါ်လာသောအခြေအနေအတိုင်း လိုက် လျောညီထွေ လုပ်ဆောင်လိုသူများ။
(၃) ကရင့်တော်လှန်ရေး ရှည်ကြာလှပြီ။ ဘာမှ အကျိုးရလာဒ်မမြင်ရ၍ မျှော်လင့်ချက်ဆုံးရှုံးကာ စိတ်ပျက်လက် ပျက်ဖြင့် ဘာမှ မလုပ်လိုတော့ခြင်း။
(၄) ကရင့်တော်လှန်ရေးရှည်ကြာခြင်းကြောင့် မောပန်းကုန်ကြပြီ၊ အင်အားကြီးရန်သူကို အနိုင်မတိုက်နိုင်တဲ့ အတူတူ၊ သူတို့ပေးသမျှကလေးနဲ့ ကျေနပ်ပြီး ရလာသောအခွင့်အရေးကို အမိအရယူမယ် ဟူသည်များ ဖြစ် သည်။
ဤသို့သော အယူအဆရှိသူများထဲတွင် အသင်သည် မည်သည့်အယူအဆအဖွဲ့တွင် ပါဝင်သနည်း။ ဤ မေးခွန်းသည် ကျန်ုပ်တို့ မျိုးချစ်ကရင်တိုင်း မိမိကိုယ်ကို ပြန်မေးရန်ဖြစ်သည်။
ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်။
ပြည်တွင်းစစ် အနှစ် (၆၀)ကာလတွင် အဆက်ဆက်သော အစိုးရများက ငြိမ်းချမ်းရေးကမ်းလှမ်းကာ ဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့သည်။ ၎င်းဆွေးနွေးပွဲများတွင် အစိုးရဘက်မှ စေတနာမမှန်၊ ပဋ္ဋိပက္ခအရင်းအမြစ် ကို ဖြေရှင်းရန်မရည်ရွယ်ဘဲ လက်နက်ကိုင်အင်အားစုများကို လက်နက်ချရေး၊ အလင်းဝင်ရေး၊ လက်နက်နဲ့ ငြိမ်း ချမ်းရေးလဲလှယ်ရေး၊ လက်နက်ကိုင်လမ်းစဉ်စွန့်လွတ်၍ ဥပဒေဘောင်တွင်းဝင်ရေး စသည့် ဝေါဟာရ ပေါင်းစုံဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အရှုံးပေး၊ အညံ့ခံရန်လုပ်ဆောင်ခဲ့သည်။
ယခု ဦးသိန်းစိန်ဖိတ်ခေါ်သော ငြိမ်းချမ်းရေးကို အချို့က ပြီးခဲ့သောအစိုးရများကဲ့သို့မဟုတ်၊ စေတနာ ဖြင့် ခေါ်သော ငြိမ်းချမ်းရေးဖြစ်သည်ဟူ၍၎င်း၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာမှ မကြုံစဘူးအခွင့်အရေးကိုရ၍ ဤ အခွင့်အရေးကို လက်မလွှတ်စတမ်း အမိအရယူမည်ဟူ၍၎င်း အချို့က ယုံကြည်လုပ်ဆောင်လာပါသည်။ ဤအယူအဆများ ဘယ်က မြစ်ဖျားခံလာသနည်း၊ မည်သည့်အရာများသည် ဦးသိန်းစိန်အစိုးရအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ရန် တွန်းပို့လေသနည်း။
(၁) စစ်အစိုးရအဆက်ဆက် မတရားဖိနှိပ်မှုကြောင့် တိုင်းပြည်ဆင်းရဲမွဲတေကာ ပြည်သူများ မကျေမနပ်မှု တိုးပွားလာခြင်း။
(၂) အစိုးရကိုယ်တိုင်စီးပွားရေးအကြပ်အတည်းဖြစ်လာကာ ဆက်လက်လည်ပတ်ရန်ခက်ခဲလာခြင်း၊ ၎င်းတို့ စစ်သားများ၏ မိသားစုများကို ၀လင်အောင် မထောက်ပံ့နိုင်ခြင်းကြောင့် တပ်တွင်းမကျေနပ်မှုများ တိုးပွားလာ ခြင်း။
(၃) အာဏာရစစ်အစိုးရ၀န်ကြီးများမှ တရားမ၀င်အပ်နှံထားသော နိုင်ငံခြားဘဏ်မှ ငွေများ အပိတ်ခံရ၍ ပြန် ထုတ်၍ မရခြင်း။
(၄) နိုင်ငံတကာအစိုးရများမှ မြန်မာအစိုးရအား Sanction စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခြင်းကြောင့် မည်သည့် အရင်းအနှီးမှ မ၀င်လာခြင်းကြောင့် အစိုးရက လည်ပတ်ငွေမရှိခြင်း။
(၅) နိုင်ငံတကာရောက်ကရင်အမျိုးသားအပါအ၀င် တိုင်းရင်းသားများ၏ ဖိအားပေးတောင်းဆိုမှုကြောင့် နိုင်ငံ ခြားအစိုးရ (၁၆)နိုင်ငံက မြန်မာအစိုးရအား လူ့အခွင့်အရေးနှင့် လူသားများအပေါ် ရာဇ၀တ်မှုကျူးလွန်ခြင်းရှိမရှိ စုံ စမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးရန် ထောက်ခံလာခြင်း။
(၆) တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ (ယခင်အစိုးရနှင့် ငြိမ်းချမ်းရေးချုပ်ဆိုထားသည့်အဖွဲ့အပါအ၀င်) အစိုးရကို ပြန်လည်တိုက်ခိုက်၍ တပ်ပေါင်းစုတွင်ပါဝင်ကာ အင်အားအရ စုစည်းမှုအရ လက်တွဲပြီး UNFC ကို ဖွဲ့စည်းနိုင်ခြင်း။
(၇) အမေရိကန်နိုင်ငံသည် အာရှပစိဖိတ်နိုင်ငံကို လစ်လျူရှု၍ အရှေ့အလယ်ပိုင်းမှ ရေနံထွက်နိုင်ငံကိုသာ အာ ရုံစိုက်ခဲ့ခြင်းကြောင့် တရုတ်အစိုးရ၏ ဗိုလ်ကျလွှမ်းမိုးမှုအာရှတွင်ကြီးထွားလာခြင်းကို ထိမ်းချုပ်နိုင်ရန် မြန်မာ ပြည်အပါအ၀င် အာရှပစိဖိတ်နိုင်ငံတွင် ပြန်လည် ခြေချလာခြင်း။
(၈) အရှေ့အလယ်ပိုင်းအာဏာရှင်နိုင်ငံများ ပြည်သူများ၏ အုံကြွမှုကြောင့် တခုပြီးတခု အာဏာလက်လွှတ်ဖြစ် ရခြင်း။
ဤအချက်များကို ထောက်ရှုခြင်းအားဖြင့် အာဏာရှင်နိုင်ငံများရှိ ခေါင်းဆောင်များကဲ့သို့ ဆိုးရွားသော အဖြစ်များမှ ရှောင်ရှားရန် (ဥပမာ- ကဒါဖီကဲ့သို့ ရေပိုက်အတွင်းဆွဲထုတ်ပြီး ပစ်သတ်ခံရသလို)၊ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ပေးမည့်အခွင့်အရေးကိုယူကာ ၎င်းတို့အကြပ်အတည်းမှ ထွက်နိုင်ရန် ယောင်ပြပြုပြင်ပြောင်း လဲမှုကို လုပ်ဆောင်ခြင်းဖြစ်သည်ကို မမေ့ရန်လိုအပ်ပါသည်။ အကယ်စင်စစ်၊ စိတ်စေတနာထက်သန်စွာဖြင့်မိမိ တို့၏ ပြည်သူများအပေါ် ကျင့်သုံးခဲ့မှု အဆက်ဆက်သောအမှားကိုမြင်၍ နောင်တရကာ ပြင်ဆင်လိုသောဆန္ဒ ကြောင့်မဟုတ်ဘဲ၊ မိမိတို့အာဏာသက်ဆိုးရှည်ရန်ရည်ရွယ်၍သာ ပြုပြင်ပြောင်းလဲရေးအတုအယောင်ကို လုပ် ကာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခြင်းဖြစ်သည်။
ယခုတဖန်ခေါ်ဆိုသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် KNU အနေဖြင့်၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) နေ့တွင် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုကာ ယခု (၂)ကျော် (၃)နှစ်နီးပါးရှိပြီဖြစ်သော်လည်း KNU မှ တောင်းဆိုသော Code of Conduct တပ်နေရာချထားရေး၊ တပ်သားများလိုက်နာရမည့်စည်းကမ်းများ ဆွေး နွေးရန် ယခုတိုင် မဆွေးနွေးရသေးပေ။ ဤ (၃)နှစ်နီးပါးအတွင်း ကရင့်တော်လှန်ရေးဒေသ (၇)ခရိုင်တွင် ဘာ တွေတိုးတက်မှုဖြစ်လာကြသနည်း။
(၁) စစ်တပ်မှ လူအင်အား၊ လက်နက်အင်အားနှင့် ခံကတုတ်များကို ကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက် လာခြင်း။
(၂) လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို အကြောင်းပြ၍ ကားလမ်းများဖေါက်လုပ်ကာ စစ်ဆက်သွယ်ရေးလမ်းကြောင်း ချောမွေ့ရေးကို အစီအစဉ်အရှိရှိ တည်ဆောက်ခြင်း။
(၃) ငြိမ်ဝပ်ပိပြားရေး၊ ဥပဒေစိုးမိုးရေးကို အကြောင်းပြု၍ စစ်စခန်းများတိုးချဲ့ခြင်း၊ ရဲစခန်းများ တိုးချဲ့ခြင်း။
(၄) အစိုးရ၏ အုပ်ချုပ်ရေးအာဏာကို ကရင်ဒေသတွင် သွပ်သွင်းခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ရဲစခန်းများ စသည်။
(၅) ကရင်ပြည်နယ်ရှိ မြေပေါ်ရှိသစ်ဝါးများ၊ မြေအောက်ရှိသယံဇာတများကို ထုတ်လုပ်ရန် ကုမ္ပဏီပေါင်း (၈၀) ကျော်ကို အစိုးရက လိုင်စင်ထုတ်ပေး ထုတ်လုပ်စေခြင်း။
(၆) ကရင်ပြည်နယ်ရှိ မြစ်များကို ဆည်တမံဆောက်ကာ လျှပ်စစ်ဓါတ်အားရောင်းချရန် လုပ်ဆောင်လာခြင်း။ ဤဆည်တမံများကြောင့် ကရင်ကျေးရွာများနှင့် ကရင်ဒေသများ ရေလွှမ်းမိုးပျက်စီးခံရ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်လာခြင်း။
(၇) ကရင်ကျေးရွာများ ဘိုးဘွားဘီဘင်လက်ထက်မှ လုပ်ကိုင်စားသောက်လာသော လယ်မြေယာမြေများ နေ့ ချင်းညချင်း စည်းရိုးဝိုင်းပတ်ပြီး ပုဂလိကများ ရာဘာစိုက်ရန် အသိမ်းခံရခြင်း စသည့်ဆိုးကျိုးများကို ဌာနေပြည် သူများ၊ လူမှုအဖွဲ့အစည်းများထံမှ နေ့စဉ်ကြားနေရသည်။
(၂)နှစ်ကျော်အတွင်း ပြည်သူများအကျိုးခံစားရသည်မှာ ပြေးလွှားပုန်းအောင်းမနေရခြင်း၊ ကျေးရွာမီးရှိုး ခြင်းနှင့် သတ်ဖြတ်မခံရခြင်း၊ တနေရာနှင့် တနေရာသွားလာရာတွင် အစစ်အဆေးနည်းလာခြင်းတို့ဖြစ်သည်။
ဤအပစ်အခတ်ရပ်စဲရေး၏ ကောင်းကျိုးဆိုးကျိုးတို့ကို ချိန်ခွင်ပေါ်တင်၍ ချိန်ကြည့်ပါက ကရင်များအ တွက် အကောင်းဘက်ကများသလား အဆိုးဘက်ကများသလားဆိုသည်ကို စာဖတ်သူများ မိမိအသိဥာဏ်ဖြင့် ဆုံးဖြတ်ပေးရန် တိုက်တွန်းပါသည်။
စာရေးသူအနေနှင့် ကရင့်တော်လှန်ရေး မျှော်မှန်းချက်ပန်းတိုင်သည် မိမိနိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လုံခြုံရေး စသည်တို့ကို မိမိဘာသာ ဆုံးဖြတ်လုပ်ဆောင်ရန်ဖြစ်သည်။ ကရင့်တော်လှန်ရေးစ တင်ချိန်တွင် ကရင်တမျိုးသားလုံး မြစ်ဝကျွန်းပေါ်၊ အနောက်ရိုးမ၊ ပဲခူးရိုးမ၊ အရှေ့ရိုးမနှင့် တပြည်လုံးရှိကရင် များ တိုက်ပွဲဝင်လုပ်ဆောင်ခဲ့သည်။ ယခုအခါတွင် အခြေအနေကြောင့် မြစ်ဝကျွန်းပေါ်၊ အနောက်ရိုးမ၊ ပဲခူးရိုးမ ရှိ ကရင်ဒေသများကို စွန့်လွှတ်၍ အရှေ့ရိုးမ (၇)ခရိုင်တွင်သာ ကရင့်တော်လှန်ရေး လှုပ်ရှားနိုင်သည်။ ထိုဒေသ (၃)ခုတွင်ရှိသော ကရင့်လယ်မြေ၊ ယာမြေများ စစ်တပ်က အကြောင်းအမျိုးမျိုးပြကာ သိမ်းခဲ့သည်မှာ ဆယ်စု နှစ်ကျော်ခဲ့လေပြီ။ ထို့အပြင် တောင်များသည်လည်း တောင်ကတုံးဖြစ်ကုန်ပြီဖြစ်သည်။ ယခုတဖန်လည်း အရှေ့ရိုးမသည် တောင်ကတုံးဖြစ်ဘို့ အလားအလာ ရှိနေပြီဖြစ်သည်။
ဤသို့ဖြစ်ရခြင်းမှာ KNU နှင့် ကရင့်တော်လှန်ရေးအတွင်း မှားယွင်းမှုတခုခုရှိနေပြီဆိုသည်ကို ငြင်းကွယ် ရန်မလိုတော့ပေ။ ဤမှားယွင်းမှုသည် အဘယ်နည်း။ မည်သူများ၏ စနက်နည်း။ မည်သူများ၏ ဖိအားကြောင့် နည်း။ မည်သူများက ကရင့်တော်လှန်ရေးကို ကြိုးဆွဲ ကစေသနည်းများကို ဖေါ်ပြပါမည်။
နောက်ခံဖြစ်စဉ်များ
၁၉၈၈ ကျောင်းသားအရေးအခင်းအပြီး ဒီမိုကရေစီအဖွဲ့များ၊ ကျောင်းသားအဖွဲ့များ တောခိုကာ အစိုးရ အားတော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုအချိန်တွင် နိုင်ငံတကာဒီမိုကရေစီအစိုးရများက အတိုက်အခံဘက်မှ နေ၍ သံတမန်အရ၊ အသိပညာအရ၊ ငွေကြေးအရ အထောက်အကူပြုခဲ့သည်။ ဤသို့အထောက်အကူပြုရန် နိုင် ငံတကာရောက် မြန်မာအမျိုးသားများကလည်း ကြိုးစားလုပ်ဆောင်ခဲ့သည်။ ၎င်းပုဂိုလ်များအနက် အအောင်မြင် ဆုံး ပုဂိုလ်မှာ စပ်ရွှေသိုက်၏သား ဟန်ယောင်ဝေဟူသော ပုဂိုလ်ဖြစ်သည်။ ၎င်းသည် စီးပွားရေးပညာရှင်ဖြစ်ပြီး မည်သို့ ရံပုံငွေရှာရမည်ကို နားလည်ပြီး ပထမဦးဆုံး ယူရိုဘားမား (EURO BARMA)အဖွဲ့ကို ဖွဲ့စည်းကာ ဥရောပ နိုင် ငံများမှ အကူအညီကို ရယူကာ နယ်စပ်ရှိ အတိုက်အခံအင်အားစုများအား ငွေကြေးအထောက်အကူ ရှာကြံပေး ခဲ့သည်။ ဤကဲ့သို့ ရှာကြံပေးရာတွင် NCGUB ၀န်ကြီးများကို ငွေကြေးအထောက်အပံ့ လစဉ်ပေးလာနိုင်သည်အ ထိ၊ ထို့အပြင် NCUB တွင် KNU မှ ပို့ထားသော KNU မှ ကိုယ်စားလှယ် ကွယ်လွန်သူ ပဒိုဒေးဗစ်ထောလည်း အ ပါအ၀င်ဖြစ်သည်။ ဦးဟန်ယောင်ဝေသည် ဤသို့ရံပုံငွေရှာကြံကာ အတိုက်အခံခေါင်းဆောင်များ၊ တော်လှန်ရေး ခေါင်းဆောင်များကို ရင်းနီးမှုမှတဆင့် သြဇာသက်ရောက်လာအောင်လုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားတော် လှန်ရေးအင်အားစုခေါင်းဆောင်များထဲတွင် မိမိသြဇာသက်ရောက်မှုကို တည်ဆောက်ခဲ့သည်။ KNU တွင် ပဒို ဒေးဗစ်ထောသည် သူနှင့်အရင်းနီးဆုံးဖြစ်သည်။ ဟန်ယောင်ဝေ၏ အယူအဆများ ပဒိုဒေးဗစ်ထောထံ ၀င် ရောက်သောကြောင့် ပဒိုဒေးဗစ်ထော၏ အင်တာဗျူးများ၊ သုံးသပ်ချက်များသည် KNU မှ ချမှတ်ထားသော ရပ် တည်ချက်များအတိုင်း ပြောဆိုခြင်းမဟုတ်မူဘဲ၊ အင်တာဗျူးတခုတွင် အစိုးရက KNU ကို အပြုတ်မတိုက်လို၍ မွေးထားခြင်းဖြစ်သည်။ KNU တပ်အင်အား (၃၀၀၀)တောင်မပြည့်၊ အစိုးရတိုက်လျှင် ခဏလေးဖြင့်ပြုတ်မှာ၊ သက်သက်မွေးထားတာက စစ်အာဏာရှင်ရှိနေခြင်း၏ အကြောင်းပြချက် ခိုင်လုံမှုဖြစ်တယ် ဟူ၍ ပြောဆိုခဲ့သည်။ ဤသို့ KNU ရပ်တည်မှုမဟုတ်ဘဲ၊ ဟန်ယောင်ဝေ၏ သဘောထားလွှမ်းမိုးမှုအမှားများကြောင့် KNU ဗဟိုမှ ပဒိုဒေးဗစ်ထောအား (၃)ကြိမ်တိုင်တိုင် သတိပေးခံခဲ့ရသည်။
KNU ခေါင်းဆောင်မှုအတွင်း ပဒိုဒေးဗစ်ထောနှင့် အရင်းနီးဆုံးမည်သူများနည်း။ KNU (၁၃)ကြိမ်ကွန်က ရက်မှ ရွေးချယ်ခံရသော ဗဟိုကော်မတီများထဲတွင် ပဒိုထူးထူးလေးခေါ် ဖူးတာသီး ခေါ် KNU ကျေးရွာသား၊ ပဒို ကွယ်ထူးဝင်း(ယခင် ဗဟိုကော်မတီ၊ ယခု KNU အတွင်းရေးမှူးချုပ်)နှင့် အခြားအမည်မဖေါ်လိုသော ဗဟိုကော်မ တီ တချို့ဖြစ်သည်။
ဥရောပနိုင်ငံများသည် မြန်မာ့အတိုက်အခံများကို နှစ် (၂၀)ကျော် အထောက်အကူပြုအားပေးခဲ့သော် လည်း မြန်မာပြည်၏နိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲမှု ဖြစ်မလာသည့်အပေါ် တဖက်ကလည်း ဆိုခဲ့ပြီး သည့်အတိုင်း အမေရိကန်အစိုးရမှ အရှေ့အာရှပစိဖိတ်တွင် ၀င်ရောက်ကာ တရုတ်အစိုးရ၏ ဗိုလ်ကျလွှမ်းမိုးမှုကို ထိန်းချုပ်ရန်ဝင်ရောက်လာခြင်းကြောင့်တကြောင်း၊ သေနင်္ဂဗျူဟာပြောင်းကာ ပြည်တွင်းဝင်ပြီး မြန်မာအစိုးရနှင့် ပူးတွဲလုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်ငြိမ်းချမ်းပြီး စီးပွားရေးအခွင့်အလန်းများ လက်ဦးမှုရယူနိုင်ရန် ဆုံးဖြတ်ခဲ့ သည်။ ဥရောပတွင် ဂျာမဏီက ဦးဆောင်ပြီး သဘောတရားတခုကို ဖေါ်ထုတ်ခဲ့သည်။ ၎င်းမှာ “ပြည်တွင်းစစ် ပတိပက္ခဖြစ်သည့် တိုင်းပြည်များတွင် စီးပွားရေးပြေလည်အောင်ဖန်တီးနိုင်ပါက ၎င်းတိုင်းပြည်တွင် အေးချမ်းသာ ယာတိုးတက်မည်” ဟူ၍ ဖြစ်သည်။ ၎င်း အယူအဆကို နော်ဝေးနိုင်ငံက ဦးဆောင်ပြီး သီရိလင်္ကာနိုင်ငံတွင် အ ကောင်အထည်ဖေါ်ခဲ့သည်။ သီရိလင်္ကာတွင် လူမျိုးကြီး (၂)ခုရှိသည်။ ၎င်းမှာ SINHALESE နဲ့ TAMIL တို့ဖြစ်သည်။ SINHALESE က လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး TAMIL က၂၀ ရာခိုင်နှုန်းခန့်ရှိသည်။ TAMIL လူမျိုးသည် မိမိတို့ လူမျိုးတမျိုးအနေနှင့် လွပ်လပ်သောနိုင်ငံထူထောင်ရန် နှစ် (၃၀)ကျော်တိုက်ပွဲဝင်ခဲ့သည်။ အင်အားလည်း အတော်အသင့် တောင့်တင်းသည်။ ရေတပ်၊ လေတပ်ပါရှိသည်။ နော်ဝေးနိုင်ငံဦးဆောင်ပြီး သီရိလင်္ကာတွင် ငြိမ်း ချမ်းရေးရရန် ပထမဦးဆုံး အပစ်အခတ်ရပ်စဲရေးလက်မှတ် ချုပ်ဆိုနိုင်ရန် စွမ်းဆောင်ခြင်းကြောင့် သီရိလင်္ကာ သမတ ( )လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးပြီးသည် နှင့် ဖွံ့ဖြိုးရေးကို အကြောင်းပြပြီး TAMIL ပိုင်နယ်မြေထဲတွင် ကားလမ်းဖေါက်ခြင်း၊ ဆေးရုံဆောက်ခြင်း၊ စာသင် ကျောင်းများဆောက်ခြင်း၊ လုံခြုံရေးကို အကြောင်းပြု၍ SINHALESE အစိုးရ တပ်စခန်းများ TAMIL နယ်တွင် အခိုင် အမာတည်ဆောက်ခြင်း၊ ရဲစခန်းများတည်ဆောက်ခြင်း၊ အုပ်ချုပ်ရေးရုံးများတည်ဆောက်ခြင်းများ လုပ်ဆောင် ကာ TAMIL လိုလားသော နိုင်ငံရေးသဘောတူညီချက်များအတွက် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ချေ။ သမတ (ChandrikaKumaratunga) သက်တမ်းကုန်၍ နောက်ရွေးကောက်ပွဲလုပ်ရာတွင် ယခင်သမတမရှိတော့ဘဲ လက်ရှိသမတ (Mahinda Rajapaksa)အာဏာရလေသည်။ အာဏာရလာပြီးမကြာခင်တွင် TAMIL များနှင့် ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဖျက်သိမ်းကာ TAMIL များကို အပြင်းအထန် စစ်ဆင်ရေးလုပ်ကာ နော်ဝေးအပါအ၀င် နိုင်ငံခြားအစိုးရများမှ တားဆီးပါသော်လည်း ကုလသမဂဒုက္ခသည်ကယ်ဆယ်ရေးမှ ၀င်ရောက်ဖြန်ဖြေသော်လည်း လက်မခံဘဲ အပြုတ်တိုက် ချေမှုန်းခြင်းကြောင့် အပြစ်မဲ့ TAMIL ပြည်သူများစွာ သေကျေပျက်စီးခဲ့ရသည်။
မှတ်ချက်။ ။ TAMIL များကိုအနိုင်တိုက်နိုင်သောဗိုလ်ချုပ်ကို မြန်မာအစိုးရမှ ချီးကျူးကာ မြန်မာပြည်သို့ဖိတ် ခေါ်ပြီး စစ်ရေးအပြန်အလှန်ပူးပေါင်းရန် လုပ်ဆောင်ခဲ့သည်။ ၎င်းအပစ်အခတ်ရပ်စဲရေးတွင် ကြားနေဖြန်ဖြေသူ များထဲတွင် ၎င်းအချိန်က INDIA ၏ ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ယခုကုလသမဂအထူးသံသတမန် “ပီဂျေးနံဗျား” လည်း တဦးအပါအ၀င်ဖြစ်သည်ကို သတိပြုရန်ဖြစ်သည်။
နားပါဦးမည်။ ။ကျန်ုပ် “ဖူးတာမူး” မှ ကရင့်အမျိုးသားအရေးအတွက် သွေးသစ္စာဖြင့် ကရင့်တော်လှန်ရေးဖြစ် စဉ်အလှည့်အပြောင်းနှင့် အစိုး၏ စစ်ရေးပရိယာယ်နှင့် နိုင်ငံရေးလှည့်ကွက်များကို ဆက်လက်တင်ပြသွားပါဦးမည်။
မှတ်ချက်။ ။ အီးမေးမှတဆင့်လက်ခံရရှိသည်။