တော်လှန်ရေးနဲ့ မေ့မရတဲ့ပုံရိပ်
ဆောင်းပါးရှင် - ကိုကျော်ထင်
ထိုဝမ်းခါစခန်းတွင်းတွင် ကျဆုံးခဲ့သော ကျောင်းသားတပ်မတော်သားများလည်း ရှိခဲ့ပါသည်။ အများစုကို ကျနော် အမည်နှင့်တကွတော့ မမှတ်မိတော့ပါ။ မှတ်မိသည်မှာ GTI ကျောင်းသားတစ်ဦး ပါဝင်သည်။ နောက် ကျနော်တို့နှင့်အတူ (၂ဝ၁) မှ စစ်ကူသွားပြီး ကျန်နေရစ်သူ ရဲဘော်မင်းကျော် တစ်ယောက် သိမ်းဆည်း မိထားသော လက်နက်ကြီးကျည်များကို ကြည့်ရှုနေစဉ်တွင် ၄င်းလက်နက်ကြီးကျည်များထဲတွင် ပါလာသော ကက်မဖြုတ်ရသေးသည့် လက်နက်ကြီးကျည်ကပင် ထပေါက်သည်လား၊ ထိုအချိန်က နဝတဘက်မှ ပစ်ခတ် လိုက်သည့် လက်နက်ကြီး ကျည်ကပင် ထပေါက်သည်လား မပြောတတ်ပါ။ ထိုစုပုံထားသော လက်နက်ကြီး ကျည်များ အစုလိုက် အပြုံလိုက်ထ ပေါက်ကွဲသဖြင့် ကျောင်းသားတပ်မတော်သားနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သား အတော်များများ မမျှော်လင့်ပဲ ကျဆုံးခဲ့ရာတွင် ပါဝင်သွားခဲ့သည်။ ယခု အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်နေသူ ရဲဘော်မြင့်အောင် သည်လည်း ထိုပေါက်ကွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ သူလည်း GTI ကျောင်းသားတစ်ဦးပင် ဖြစ်သည်။
ဝမ်းခါစစ်မြေပြင်တွင် ကင်းစောင့်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုအား ရှောင်ရှားခြင်း စသည့် စစ်ရေးဆိုင်ရာ သင်ခန်းစာများအပြင် တတိယ ရရှိခဲ့သော စစ်သင်ခန်းစာမှာ လက်နက်ငယ် အဖြုတ်အတပ်ပင် ဖြစ်ပေသည်။ အခုနေ ပြန်မေးလျှင်တော့ ရုတ်တရက်ဆိုလျှင် မေ့နေတော့မည်။ ထိုစဉ်က အေကေ ၄၇၊ အမ် ၁၆၊ ကာဘိုင် အဖြုတ်အတပ်များကို သင်ယူခဲ့ရပါသည်။ အမ် ၁၆ မှာ အတော်လွယ်ကူသည်ဟု ထင်ခဲ့မိပါသည်။ ကျနော်က အေကေကိုင်လိုက်၊ ကာဘိုင်ကိုင်လိုက် လုပ်ခဲ့သဖြင့် ထိုလက်နက်ငယ်များကိုသာ အဖြုတ်အတပ် ပို၍ လုပ်ခဲ့မိပါသည်။ တောထဲမရောက်ခင်က မင်းသား ဆန်နီချေးဘားက Gogo 13 Kolon assignment တွင် အမ် ၁၆ ကိုင်ပြီး တောင်စောင်းတွင် ကြိုးဖြင့်ချိတ်ကာ စနိုက်ပါဖြင့် ပစ်ခတ်သည်ကို ကြည့်၍ အားကျခဲ့သဖြင့် ရှစ်လေးလုံးကာလ တောထဲသွားတော့မလို့ လုပ်တော့ မင်းဟိုရောက်ရင် ဘာသေနတ်ကိုင်မလဲဟု ရဲဘော်တွေက မေးရာ အမ် ၁၆ ကိုင်မယ်ကွာဟု ကြွေးကြော်ခဲ့သော်လည်း တကယ်တမ်းး ရောက်သည့်အခါတွင်တော့ ထို အမ် ၁၆ ကို လက်နက်အဖြုတ်အတပ် သင်ယူမှုတွင်သာ ကိုင်တွယ်ခဲ့ရပြီး စစ်မြေပြင်အသုံးပြုမှုတွင် မကိုင်တွယ်ခဲ့ဖူးပါ။
ယခု မေ့နေသော်လည်း လိုအပ်၍ ပြန်ကိုင်တွယ်ရဦးမည် ဆိုပါက နာရီပိုင်းအတွင်းတွင် ပြန်မှတ်မိနိုင်မည်ဟု ထင်ပါသည်။ လက်နက်ကြံ့ခိုင်ရေးအတွက် ဝမ်းခါစခန်းတွင် နေထိုင်စဉ် နေ့စဉ်နီးပါးလုံး ပြန်လုပ်ရပါသည်။ မိမိ လက်နက် ချွတ်ယွင်းနေ၍ မဖြစ်ပါ။ အချိန်မရွေး တိုက်ပွဲထဖြစ်နိုင်သောကြောင့်ဖြစ်ပြီး မိမိတွင် စစ်သား တစ်ယောက်မှာ ရှိရမည့် တိုက်ပွဲဝင် အဆင်သင့်ဖြစ်မှု အနေအထား combat readiness ကို ရယူ ပိုင်ဆိုင်ထားဖို့ လိုအပ်သောကြောင့် ဖြစ်ပေသည်။ နောက်ကျ၍မဖြစ်ပါ။ တိုက်ပွဲဖြစ်လာလျှင် မိမိသေနတ်ပြောင်းမှ ပထမဆုံး သေနတ်သံတစ်ချက် ဒိုင်းကနဲဆိုပြီး အောင်မြင်စွာ မိမိပစ်ခတ်ရာဆီသို့ ထွက်သွားလျှင် စစ်သား တစ်ယောက်အတွက် ထိုတိုက်ပွဲကို ဆက်လက်ဆင်နွဲဖို့ မိမိကိုယ်မိမိ ယုံကြည်မှု ရှိသွားသောကြောင့် ဖြစ်ပေ သည်။
ထိုအကြောင်းကိုလည်း မိမိတို့ကျောင်းသားတပ်မတော်သားများ အတော်များများ ပြောဖြစ်ခဲ့ကြပါသည်။ လက်နက်ငယ်ကြံ့ခိုင်ရေးအတွက်အဖြုတ်အတပ် ပြုလုပ်ရာတွင် ပထမဦးစွာ သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး သေနတ်အတွင်းမှ ကျည်ဆံများကို ကျည်ကုပ်မှတဆင့် ထုတ်ယူဖို့ လိုပေသည်။ ကျည်ဆံများ ထွက်သွားပြီးလျှင် သေနတ်ကို တဆင့်ပြီးတဆင့် ဖြုတ်တိုက်ချွတ် ပြန်လည် တပ်ဆင်ရပါမည်၊ သေနတ်ပြောင်းတိုက်တံကို စက်သုံးဆီလေး အနည်းငယ်ဆွတ်ထားသော အဝတ်စချည်ပြီး ထိပ်မှာ နိုင်လွန်ကြိုးလေးချည်ကာ သေနတ် ပြောင်းထဲကို ရှေ့တိုးနောက်ငင် ပွတ်တိုက်စေပါသည်။ တိုက်ပြီးသောအခါ သေနတ်ပြောင်းဝမှ ထိုနိုင်လွန်ကြိုးကို အသာလေး ဆွဲထုတ်ခြင်းဖြင့် လက်နက်ငယ်ကြံ့ခိုင်ရေး ပြီးဆုံးသွားပါသည်။
လက်နက်ငယ် ကြံ့ခိုင်ရေးမှာ အလွန် အရေးကြီးလှပါသည်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပစ်လိုက်တဲ့ ကျည်ဆံ လျှောလျှောလျှူလျှူ ထွက်သွားဖို့ အရေးကြီးသည် မဟုတ်ပါလား။ သေနတ်တွင်းမှ တိုက်သင့်တာ အားလုံး တိုက်ပြီးပြီဆိုရင်တော့ သေနတ်ကို နောက်ဆုံးဆွစ် (လုံခြုံမှုခလုတ်) ပိတ်ပြီးထားလိုက်ဖို့ လိုပါသည်။ အော်တိုရယ်၊ တစ်တောင့်ချင်းရယ်၊ ခလုတ်ပိတ်ထားတာရယ် ၃ ခုအနက် ဆွစ်ပိတ်တာကို ရွေးပြီး အဲဒီိထိပ်မှာ ခလုတ်အချွန်လေးကို နေရာချလိုက်ရပါသည်။ ဆွစ်မပိတ်မိခြင်းရဲ့ အကျိုးဆက်က သေနတ် ထပေါက်ထွက် နိုင်ခြင်း ဖြစ်တဲ့အတွက် ဆွစ်ပိတ်မိဖို့ အရေးကြီးလှပါတယ်။
ဝမ်းခါစစ်မြေပြင်တွင် နေထိုင်စဉ်တွင် အရေးကြီးဆုံး စည်းကမ်းချက်တစ်ခုမှာ ကြခတ်ဝါးမျှစ်များကို မတူးစားရန်ပင် ဖြစ်ပေသည်။ အကြောင်းမှာ ကြခတ်ဝါးရုံများက လက်နက်ကြီး ပစ်ခတ်မှုဒဏ်မှ အကာအကွယ် ရသောကြောင့် စခန်းတာဝန်ခံ ဗိုလ်မှူးကြီးထောလှမှ တားမြစ်ထားသည့် စည်းကမ်းတစ်ခုဖြစ်ပေသည်။ ကျနော်တို့ တောင်ပိုင်းတပ်ရင်းများမှ ဒီအေဘီစစ်ကြောင်းအသွင်ဖြင့် ပေါင်းစည်းတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့သော တပ်ဖွဲ့များသည် ဒီအေဘီစစ်ကြောင်းအနေဖြင့် မဟုတ်သည့်တိုင်အောင်တောင်မှ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်အသွင်ဖြင့် ပူးပေါင်းပါဝင်နိုင်ခဲ့ပြီး ဇူလိုင်လ အကုန်ပိုင်းတွင် တပ်ပြန်ရုပ်သိမ်းစဉ် ဗိုလ်မှူးကြီးထောလှက မိမိတို့တပ်ဖွဲ့အား နှုတ်ဆက်မိန့်ခွန်းစကား အနည်းငယ် ပြောကြားပါသည်။
ယင်းကဲ့သို့ ပြောကြားနေစဉ်တွင် လက်နက်ကြီးများ အတော်များများ ပစ်လွှတ်လိုက်သံများကို အတိုင်းသား ကြားလိုက်ရသဖြင့် မိမိတို့ ကတုတ်ကျင်း (ဘန်ကာ) ခေါ် (ဖုတ်) (စခန်းတွင်းအခေါ်အဝေါ်) များ အတွင်းသို့ပင် ပြေးဝင်ရန် အချိန်မရှိတော့ဘဲ လျှောက်မြောင်းများ အတွင်းသို့သာ အလျင်စလို ပြေးဆင်းခဲ့ကြရပေသည်။ သို့သော် လက်နက်ကြီးကျည်များမှာ မိမိတို့ထံသို့ ရောက်မလာခဲ့၍သာ တော်သွားခဲ့ပေသည်။ ကျနော်သည် ဝမ်းခါစခန်းမှ ၁၉၈၉ ဇူလိုင်အကုန်လောက်တွင် ထွက်လာပြီးနောက် ၁၉၉၆ ထီးကပလယ်တွင် နိုင်ငံရေး အံတုမှု သင်တန်း သွားတက်သည့်အခါကျမှ ဗိုလ်မှူးချုပ်ထောလှကို ပြန်လည်ဆုံတွေ့ခဲ့ရပြီး ၂ဝဝ၅ နိုဝင်ဘာလခန့်တွင် ဗိုလ်မှူးချုပ်ထောလှ ဆုံးပါးသွားရာတွင်လည်း ကျနော့်မှာ မဲဆောက်ဆေးရုံ တက်နေရသဖြင့် အသုဘပင် လိုက်မပို့ဖြစ်ခဲ့ပါ။
ဗိုလ်မှူးချုပ်ထောလှသည် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တွင် ခံစစ်သေ တိုက်ပွဲတွင် အလွန် ပြောင်မြောက်စွာ ဦးဆောင်ကွပ်ကဲ တိုက်ပွဲဝင်နိုင်သော တပ်မှူးတစ်ဦးဖြစ်ခဲ့ပေသည်။ ဝမ်းခါစခန်း သေးသေးလေးလေးအား နဝတ စစ်တပ်မှ အကြိမ်ပေါင်း မြောက်မြားစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပါသည်။ တခြား ကေအင်န်ယူစခန်းများ ကျဆုံးခဲ့ရသော်လည်း နောက်ဆုံး မာနယ်ပလော ကျဆုံးပြီးနောက်မှ ကျဆုံးခဲ့ရသော နဝတ အလွန်လိုချင်ခဲ့သည့် ၀မ်းခါခံစစ်စခန်းကြီးအား အချိန်ကာလရှည်ကြာစွာ ထိန်းချုပ်ပေး နိုင်ခဲ့သည်မှာ စစ်အာဏာရှင်တော်လှန်ရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး တိုက်ပွဲသမိုင်းတွင် ကမ္ဗည်းတင်ထားရမည့် တပ်မှူးတစ်ဦးကြောင့်ဖြစ်ပါသည်။
ထိုကဲ့သို့ ဗိုလ်မှူးကြီးထောလှ ဦးဆောင်ကွပ်ကဲနိုင်အောင်လည်း ယခု အမေရိကန်ပြည်ထောင်စုတွင် အခြေချ နေထိုင်နေပြီဖြစ်သည့် ကရင့်အမျိုးသား အစည်းအရုံးဥက္ကဌ မန်းဘဇံ၏သား ကျောင်းသား တပ်မတော်သား များနှင့်လည်း အလွန်လက်ပွန်းတတီးရှိလှသည့် ဗိုလ်မှူးရောဘတ်ဇံ၏ စွမ်းစွမ်းတမံ တိုက်ပွဲဝင် ထောက်ကူ ပေးမှုကလည်း အရေးပါလှပေသည်။
ထို့အပြင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးနောက် တိုင်းရင်းသားတော်လှန်ရေး နယ်မြေများသို့ ရောက်ရှိလာသော ကျောင်းသား တပ်မတော်သားတို့၏ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့မှုကလည်း ဝမ်းခါစခန်းအား ရေ ရှည် ထိန်းသိမ်းထားမှုအပေါ် များစွာ ထောက်ကူ ပေးနိုင်ခဲ့ပေသည်။ ဝမ်းခါစခန်းတွင် တောင်ပိုင်းမှ ရောက်လာ သော စစ်ကူတပ်ဖွဲ့များတွင် အစပထမကတည်းက မိမိအနေဖြင့် ပါလာခဲ့သည်မဟုတ်ဘဲ မိမိက ဗဟိုတွင် တာဝန်ထမ်းဆောင်နေစဉ် မိမိ၏ မိခင်တပ်ရင်းမှ ရဲဘော်များနှင့် မိမိအား ဗဟိုက ပေးအပ်သည့်တာဝန်ဖြင့် သွားရောက်ပူးပေါင်း တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါသည်။
ဤဝမ်းခါးစခန်းတွင် စစ်ရေးတာဝန်များကို ၁၉၈၉ မေလတွင် စတင်ထမ်းဆောင်နေစဉ်တွင် (ABSDF) မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ကျောင်းသားတပ်မတော်) မှ အပ်နှင်းတာဝန် ပေးထားသော တရားဝင်တာဝန်မှာ ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေးဌာန တွဲဖက်အတွင်းရေးမှူးဖြစ်ပြီး ကျနော်က ရှေ့တန်း၌ နေချင်တာများသည်ဟု ဆိုကာ ထိုနှစ် သြဂုတ်လအစည်းအဝေးတွင် ဗဟိုစစ်ရေးဌာနအဖွဲ့ဝင် အဖြစ်သို့ ပြောင်းရွေ့  တာဝန်ထမ်းဆောင်စေခဲ့သည်။ ၁၉၈၉ နိုဝင်ဘာလတွင်တော့ မကဒတ ဒုတိယအကြိမ်ညီလာခံကို မင်းသမီးစခန်းတွင် ကျင်းပပြုလုပ်ရာ မိမိက ဗဟိုစစ်ရေးဌာန တွဲဘက်အတွင်းရေးမှူးဖြစ်လာပြီး အတွင်းရေးမှူးမှာ မိမိနှင့် ကျောင်းသားတပ်မတော်တွင် လုပ်ဖေါ်ကိုင်ဖက်အဖြစ် အတွဲအများဆုံးဖြစ်သည့် ရဲဘော်ထွန်းဦးက တာဝန်ယူခဲ့ပေသည်။
နောက်ပိုင်း ဆောင်းပါးများတွင် ထိုနှစ်ကုန်ခါနီး သေ့ဘောဘိုးစခန်းကျခဲ့စဉ်က အတွေ့အကြုံများ၊ အူးသူထ စစ်မြေပြင် အတွေ့အကြုံများနှင့် ထိုနောက်ပိုင်း ဗဟိုစစ်ရေးဌာန ဖြစ်လာပြီး ဒီအေဘီ စစ်ကြောင်းများ ဖွဲ့စည်းခြင်းအကြောင်း၊ ကျောင်းသားတပ်မတော်စစ်ရုံးချုပ် အတွေ့အကြုံများနှင့် အမျိုးသားညီလာခံ ဆန့်ကျင်ရေး နယ်လှည့်စည်းရုံးရေးဆင်းရင်း တောင်ပိုင်းဒေသ ပုလောမြို့နယ် တပိုက် တိုက်ပွဲ အတွေ့အကြုံများ အကြောင်းကို ဆက်လက် ရေးသား တင်ပြသွားပါမည်။
ဖိုးတရုတ်ဘလော့မှပြန်လည်ကူးယူဖေါ်ပြသည်
No comments:
Post a Comment