(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ဇိုရာဖန်း တယောက် ပညာသင်ဆုရလို့ ဘန်ကောက်မှာ ကျောင်းတက်ရပုံ၊ မြို့ပြလူနေမှု စနစ်မှာ သူရှင်သန်ဖို့ရုန်းကန် ကြိုးပမ်းရပုံတွေကို ဆက်လက်တင်ပြထား ပါတယ်။
သောတရှင်မိတ်ဆွေများခင်ဗျား။
ဇိုရာဖန်းတယောက် ပညာသင်ဆုရလို့ ဘန်ကောက်မှရှိတဲ့ စိန့်ထရီဇာ စက်မှု တက္ကသိုလ်မှာ ကျောင်းတက်ရပါတယ်။ သူက ၂ဝဝဝ ခုနှစ်၊ စက်တင်ဘာလမှာ ကျောင်းကို စတက်ရပါတယ်။ သူအမဘွားဘွားက အရင်တနှစ် ကတည်းက ပညာသင်ဆု ရပြီး ကျောင်းကိုóကိရောက်နေပါတယ်။ သူဘန်ကောက်ရောက် လာတော့ သူ့အမ အခန်းမှာပဲ အတူနေကြပါတယ်။ သူနဲ့ အတူ စခန်းထဲက အခြားကရင်ဒုက္ခသည် သူငယ်ချင်း တွေလည်း ပညာ သင်ဆုရကြပါတယ်။ ဘန်ကောက်မြို့ကြီးကို ရောက်တော့ တောက်ပြောင်နေတဲ့ တိုက်တာ ကြီးတွေ၊ မှန်အပြည့် ကာထားတဲ့ အဆောက်အဦးတွေ၊ ကားတွေ၊ လူတွေ၊ ကုန်တိုက်တွေ၊ နီယွန်မီးရောင်တွေနဲ့ အားလုံးအသစ် အခန်း ဖြစ်နေရပါတယ်။ တကယ်တော့ သူတို့ရတဲ့ပညာသင်ဆုက ကျောင်းစားရိတ်နဲ့ အခြား ကြေးတွေနှုတ်ပြီး တဲ့ အခါ ဘတ် (၅ဝဝဝ) လောက် (ဒေါ်လာအားဖြင့် ၁၅ဝ) လောက်ပဲ ကျန်တယ်လို့ ဆိုပါတယ်။ သည်တော့ လည်း သူတို့က ချွေချွေတာတာ နေထိုင်လို့ ကျောင်းတက်ကြရပါတယ်။
တကယ်တော့ စိန့်ထရီဇာစက်မှုတက္ကသိုလ်က ပုဂ္ဂလိကကျောင်းတခုဖြစ်တဲ့အတွက်ကြောင့် ပညာလာသင်ကြတဲ့ သူတွေက ငွေကြေးတတ်နိုင်တဲ့ နိုင်ငံခြားကျောင်းသားတွေ၊ ထိုင်းနိုင်ငံက လူကုန်ထံသားသမီးတွေပဲ ဖြစ်ပါ တယ်။ သူတို့အတွက် ငွေရေးကြေးရေး မပူပင်ရသလို၊ ပညာသင် ကျောင်းတက်နေတယ်ဆိုတဲ့ကာလမှာတောင် ပညာ ထက်စာရင် ဂုဏ်တု ဂုဏ်ပြိုင် နေထိုင်စားသောက်ကြပါတယ်။ ဒုက္ခသည်စခန်းကလာတဲ့ သူတို့ကျောင်းသား တွေအဖို့ အခက်ခဲရဆုံးကတော့ ကွန်ပြူတာနည်းပညာပဲလို့ ဆိုပါတယ်။ လျှပ်စစ်မီးမရှိတဲ့ ဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေအဖို့ ကွန်ပြူတာနဲ့ အလှမ်းဝေးလှပါတယ်။ သည်တော့ သူတို့အပြင်းအထန်လုံး ပမ်းကြ ရပါတယ်။
ကျောင်းရောက်ပြီး မကြာခင်မှာပဲ သူတို့ဘဝနဲ့ တခြားကျောင်းသားတွေဘဝ ဘယ်လောက်ကွာခြားတယ်ဆိုတာ တွေ့လာရ ပါတယ်။ သူတို့ကတော့ ရတဲ့ကျောင်းစားရိတ်ထဲက မကျန်းမာတဲ့အမေ့ဆီကို ပိုက်ဆံပြန်ပို့ချင် ပါသေး တယ်။ ပြီးတော့ တက္ကသိုလ်ရောက်တော့ ကျောင်းသားတွေစုပြီး ဒုက္ခသည်စခန်းမှာ ကျန်နေတဲ့ကလေးတွေ ကြိုးစားချင်လာအောင် ပညာသင်ဆု ကလေးတခုလည်း ငွေစုပြီး လုပ်ခဲ့ကြပါသေးတယ်။ ကျန်အခြား ကျောင်းသား တွေကတော့ ဂုဏ်ပကာသနနဲ့ ပပလွှားလွှားနိုင်လှပါတယ်။ သူတို့အံ့သြကြရတာက ဘန်ကောက် နဲ့ ဘယ်လောက်မှ မဝေးလှတဲ့၊ ထိုင်းနိုင်ငံရဲ့တဖက်ခြမ်း မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ အခြေအနေ ကို ဒီကျောင်းသားတွေ မသိကြတာပါပဲ။ တချို့ ထိုင်းကျောင်းသား တွေက ဗမာအပေါ် လူမျိုးရေးမုန်းတီးစိတ်ကို ပွင့်ပွင့်လင်းလင်း ပြကြသလို၊ အချို့အတွက်ကျတော့ မြန်မာပြည်က ပြဿနာ တွေဟာ သူတို့အတွက် ခေါင်းထဲ ထည့်စဉ်းစားစရာ အရေးလုပ်စရာမဟုတ်ပါဘူး။ သူတို့ဒုက္ခသည်တွေ ခံစားတွေ့ကြုံနေရတဲ့ ကိစ္စတွေကလည်း ဒီ ချမ်းသာတဲ့ကျောင်းသားတွေအတွက် အရေးစိုက်စရာ မဟုတ်လှပါဘူး။
ဇိုရာဖန်းကတော့ သူကျောင်းတက်ဖို့ ဘန်ကောက်သွားတဲ့အခါ စခန်းကနေ မြို့ပေါ်ကို ခိုးကြောင်းခိုးဝှက် တက်ရပုံ၊ ကျောင်း တက်နေစဉ်ကာလမှာလည်း တရားဝင် စာရွက်စာတမ်း ဘာတခုမှမရှိဘဲ တက်ရပုံ၊ ထိုင်းရဲတွေရဲ့ ဖမ်းဆီးခံရမှာကို အစဉ် စိုးကြောက်နေရပုံတွေကို ရေးသားဖော်ပြခဲ့ပါတယ်။ ကျနော်ကတော့ ဇာတ်နာအောင်များ တမင်လုပ်ရေးလေသလားလို့ ထင်မိပါတယ်။ အမှန်စဉ်းစားကြည့်ရင် နာမည်ရှိတဲ့ တက္ကသိုလ်တခုက ဘာ စာရွက်စာတမ်းမှမပါဘဲ ကျောင်းတက်ဖို့ လက်ခံတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ပတ်စပို့တ် ဒါမှ မဟုတ် အထောက်အထားတခုခု အတုလုပ်ပြီး စာရင်းသွင်းကြရဖို့ များပါတယ်။ ဒါပေမယ့်စာရေးသူက ဒီကိစ္စ တွေကို မရေးချင်လို့လည်း ဖြစ်ပါလိမ့်မယ်။
မြို့ပေါ်ရောက်လာတော့ သူတို့ဝတ်ပုံစားပုံတွေလည်း ပြောင်းလာပါတယ်။ မြို့သူနဲ့တူအောင် ပြင်ဆင်နေထိုင်ကြ ရပေမယ့် ဒေါက်မြင့်ဖိနပ်စီးဖို့တော့ သူမဖြစ်နိုင်ဘူးလို့ ဇိုရာဖန်းက ရေးခဲ့ပါတယ်။ သူ့ခြေထောက်တွေက တောထဲမှာ ပြေးလွှား၊ ရေကူး၊ ခုန်ပေါက်၊ မြစ်ထဲ ဒိုင်ဗင်ထိုးချခဲ့ကြတဲ့ သန်မာတဲ့ခြေထောက်တွေပါ။ ဒေါက်ချွန် ကလေး ပေါ်မှာ ဟန်ချက်ထိန်း ရပ်ဖို့ သူပင်ပန်းလှပါတယ်။ သူတို့တက္ကသိုလ်က အင်္ဂလန်နိုင်ငံက ဘရက်ဖို့ဒ် တက္ကသိုလ်နဲ့ ချိတ်ဆက်ထားတာကြောင့် ဒုတိယနှစ်ပြီးတဲ့အခါ အင်္ဂလန်မှာ တနှစ်ကျောင်းသွားတက်ကြ ရပါတယ်။ ဒီလိုနဲ့ သူ့အမ ဘွားဘွားက ၂ဝဝ၂ ခုနှစ်၊ စက်တင်ဘာမှာ အင်္ဂလန်ကို ကျောင်းသွားတက်ရပါတယ်။ ကေအန်ယူ ဥက္ကဌကြီး စောဘဦးကြီးလို အင်္ဂလန်မှာ ကျောင်းတက်ချင်ခဲ့တဲ့ သူတို့အိပ်မက် အကောင်အထည် ပေါ်ပြီလို့ ပြောရပါလိမ့်မယ်။ သူကတော့ ဒုတိယနှစ် တက်နေစဉ် မှာပဲ လုပ်ငန်းခွင်သင်တန်းသဘောမျိုး ဘန်ကောက်က ပုဂ္ဂလိက ကုမ္ပဏီတခုမှာ ခဏတာ အလုပ်ဝင်ရ ပါတယ်။ သူက တယ်လီကွန်အေးရှ ကုမ္ပဏီ မှာ အလုပ်သင်အဖြစ် ၃ လ ဝင်လုပ်ရပါတယ်။ ဒါကလည်း ကျောင်းသင်ခန်းစာ ရဲ့ ကဏ္ဍတခုပါ။ ဒီလို မှန်တွေအပြည့်ကာထားတဲ့ မိုးထိ အဆောက်အဦးကြီးမှာ အလုပ်ဝင်ရလို့ သူလည်း စိတ်လှုပ်ရှား နေသလို၊ စီးပွားရေးလောကထဲ ကျင်လည်နေကြ တဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်း ဝတ်စားရုံးတက်ရတာလည်း သဘော တွေ့နေမိပါတယ်။ သူက ဒီတယ်လီကွန် ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေကို ရောင်းချပေးရတဲ့တာဝန်ယူရပါတယ်။ သူကို ကြီးကြပ်ရသူ ထိုင်းအမျိုးသမီးအရာ ရှိကလည်း သူရဲ့ သွက်လက်ချက်ချာပုံ၊ အင်္ဂလိပ်လို သွက်သွက်လက် လက် ပြောနိုင်တာတွေကြောင့် သဘောကျ ပါတယ်။ အလုပ်သင်ကာလပြီးတော့ တချိန်အလုပ်လုပ်ချင်လို့ ဒီကုမ္ပဏီကို ပြန်လာရင် သူ့ကိုလက်ခံဖို့အသင့်ရှိ တယ်လို့ ပြောလိုက်ပါတယ်။ ဒီတော့ ဇိုရာဖန်းမှာလည်း အတွေးတွေများလာရပါတယ်။ ဒုက္ခရောက်လွန်းလှတဲ့ တောထဲကဒုက္ခသည်စခန်းကို စွန့်ပြီး မြို့ပြမှာ ဘဝ တက်လမ်းရှာမလား။ တောထဲကို ပြန်သွားပြီး အခြားသူတွေ နဲ့ အတူဒုက္ခခံ၊ ရလာတဲ့ ပညာကို ပြန်အသုံးချ မလားဆိုတာ စဉ်းစားလာရပါတယ်။
အဲဒီနှစ်ပိုင်းတွေမှာ သူ့အမေရဲ့ကျန်းမာရေးက ပိုလို့ချူချာလာပါတယ်။ ဆေးရုံကိုတင်ရတာလည်း ခဏခဏပါ။ နှလုံးရောဂါ ဆိုးလာပြီး အသည်းကို ထိတယ်လို့ပြောပါတယ်။ ကိုယ်ခန္ဓာကဖောယောင်လိုက်၊ ဆေးကုရင် ပြန် ကျသွားလိုက် ဖြစ်နေခဲ့ ပါတယ်။ ဇိုရာဖန်းကတော့ သူကျောင်းစာတွေနဲ့ အလုပ်များနေစဉ် အမေအသက်ဆုံး သွားလို့ ပြန်မတွေ့လိုက်ရမှာကို စိုးရိမ်နေပါတယ်။ ၂ဝဝ၃ ခုနှစ် မတ်လမှာတော့ သူနောက်ဆုံးနှစ် စာမေးပွဲကို ဖြေရပါတယ်။ ဒါပြီးရင် စီးပွားရေး စီမံခန့်ခွဲမှု ဘွဲ့ရပြီ ဖြစ်သလို၊ သူ့ အိုအက်စ်အိုင် ပညာသင်ဆုလည်း သက်တန်း ကုန်ပြီ ဖြစ်ပါတယ်။ သူ့အဖို့ တောထဲပြန်မလား၊ ကုမ္ပဏီမှာ အလုပ်ဝင်မလား ရွေးချယ်ရတော့မယ့် အချိန်ပါ။
သူကျောင်းပြီးတော့ သူတောထဲ ခဏပြန်ဖြစ်ပါတယ်။ သူတို့ကရင်လူငယ်တွေ စုပြီး ရှေ့တန်းက ကရင်ကျေးရွာ တွေဖက် ခရီးထွက်ကြဖို့လည်း ခရီးစဉ်တခု စီစဉ်မိကြပါတယ်။ သူ့အဖေ ဖဒိုမန်းရှာကတော့ ဒီခရီးကို အားပေး ပါတယ်။ ဒီခရီးစဉ် ကပဲ သူ့ဘဝကို လုံးလုံးလျားလျား ပြောင်းလဲသွားစေတယ်လို့ ဇိုရာဖန်းက ရေးပါတယ်။ သူ ဘွဲ့ရပြီး တောထဲခဏ နေစဉ် ကာလမှာ သူ့အတွက်အခွင့်အလမ်းတွေလည်း ထပ်ပေါ်လာပါတယ်။ သူက အကယ်၍ အင်္ဂလန်က ဘရက်ဖို့ဒ်တက္ကသိုလ် မှာ ဘွဲ့လွန်မာစတာတက်ချင်ရင် ဝင်ခွင့်ရပါတယ်။ အဲသည် ကာလမှာပဲ မကျန်းမာ နာတာရှည်ဖြစ်နေတဲ့ သူ့အမေလည်း ဆုံးပါးသွားခဲ့ပါတယ်။ ဒီတော့ အဖေကိုလည်း ကြည့်ရှု စောင့်ရှောက်ချင်ပါသေးတယ်။ သူလည်း ဝေခွဲရခက်နေပါတယ်။
နောက်တပတ်မှာတော့ သူ့ဘဝဘယ်လိုရှေ့ဆက်မှာလဲဆိုတာ ဆက်လက်ကြည့်ကြရအောင်ပါ။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။
No comments:
Post a Comment