Friday, September 11, 2009

ချစ်သမီးငယ် အပိုင်း(၇)

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ နိုဖိုး ဒုက္ခသည် စခန်းမှာ ဇိုရာဖန်းတယောက် သူမဖြစ်ချင်တဲ့ ဒုက္ခသည်ဘဝ ထပ်ရောက်ရပြီး၊ ပြဿနာကြုံရပုံတွေ၊ ကံကောင်းချင်တော့ အိုအက်စ်အိုင် ပညာသင်ဆုရပြီး ဘန်ကောက်က တက္ကသိုလ်တခုမှာ ပညာဆက်လက် သင်ကြားရပုံတွေကို တင်ပြ ထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။
ကေအဲန်ယူဌာနချုပ် အသစ်ကို စစ်အစိုးရတပ်တွေက လာရောက်သိမ်းပိုက်ပြီး တဲ့အခါ ဇိုရာဖန်းတယောက် သူ မဖြစ်ချင်တဲ့ ဒုက္ခသည်ဘဝကို ထပ်ရောက်ရ ပြန်ပါတယ်။ ဒုက္ခသည်တသောင်းကျော် ထွက်ပြေးခဲ့ကြရပြီး သူတို့ကို နိုဖိုး လို့ခေါ်တဲ့ ဒုက္ခသည်စခန်းမှာ နေရာချထားပေးပါတယ်။ အရင်သူတို့နေခဲ့ရတဲ့ မယ်ရာမူဒုက္ခသည်စခန်းနဲ့ အခုစခန်းကွာခြားတာ ကတော့ အခုစခန်းက ကုလသမဂ္ဂက ချက်ချင်းဆိုသလို လာရောက်အသိအမှတ်ပြုပေးခဲ့ တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်စခန်းမှာ နေထိုင်ရတာ သူ့အဖို့ ပိုလို့ခက်ခဲပင်ပန်းရတယ်လို့ ဇိုရာဖန်း က ရေးပါတယ်။ အကြောင်းကတော့ သူ့ဘဝအတွက် ပညာရေး၊ ရှေ့ဘဝအခွင့်အလမ်းတွေအတွက် မျှော်လင့် ချက်တွေ လုံးဝပျောက်ကွယ်သလို ဖြစ်သွား လို့ပါပဲ။ ဒုက္ခသည်စခန်းမှာ သူတို့နေဖို့တဲကို သူတို့ကိုယ်တိုင် ပြန် ဆောက်ကြရပါတယ်။ တညမှာ စခန်းထဲမှာ သေနတ် ပေါက်သံတွေကြားရတော့ နောက်တကြိမ်စခန်းကို လာ တိုက်ခိုက်ခံရပြန်ပြီလားဆိုပြီး သူတို့အကြောက်ကြီး ကြောက်နေ ခဲ့ရပါတယ်။ တကယ်က စခန်းအစောင့် ထိုင်း စစ်သားတယောက် အရက်မူးပြီး သေနတ်ဖောက်တာပါ။

သူတို့ကရင်လူထုတွေ ဘယ်လောက်အထိ ဒုက္ခ ရောက်ကြရတယ်ဆိုတာ သူမြင်ရပါတယ်။ အခုအခါမှာ ဘယ်လိုကရင် လူမျိုးတဦးမှ လုံခြုံမှု ရှိမနေဘူး။ သူတို့ကို တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ မီးရှို့တာ၊ မုဒိမ်း ကျင့်ခံရတာတွေ နေရာအနှံ့ အကျယ် အပြန့် ဖြစ်နေတယ်လို့ ဇိုရာဖန်းက ရေးခဲ့ပါတယ်။ ဘာဖြစ်လို့ ကုလ သမဂ္ဂက ကြားဝင်ပြီး မတားဆီးပေးရတာလဲ၊ ဘာဖြစ်လို့ ဒီလိုဖြစ် နေအောင် ခွင့်ပြုထားရတာလဲ၊ သူတို့ ကရင်တွေက ဒုတိယကမBာစစ်ကာလက ဗြိတိသျှတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ကြတယ်။ ဘာဖြစ်လို့ အခုတော့ သူတို့ကရင်တွေကို စွန့်ခွါ ထားခဲ့ရတာလဲ၊ ဘယ်သူမှ လာပြီး မကယ်နိုင်ကြတော့ဘူးလား။ စသဖြင့် ဇိုရာဖန်းက ကလေးအတွေးနဲ့ တွေးနေမိပါတယ်။

နိုဖိုးစခန်းမှာ သူကိုယ်တိုင် ပြဿနာကြုံရပါသေးတယ်။ စခန်းမှာ ရေချိုးတဲ့နေရာက ရေလာတဲ့ပိုက် ဘုံဘိုင်မှာ စုပေါင်းပြီး ရေချိုးကြရတာပါ။ တရက် သူရေချိုးနေစဉ်မှာ စခန်းစောင့် ထိုင်းစစ်သားတယောက်က ရပ်လို့ကြည့် နေပါတယ်။ ဒီလိုစူးစူးရဲရဲ ကြည့်နေတဲ့ မျက်လုံးမျိုးကို သူမကြိုက်ပါဘူး။ အပျိုဖော်ဝင်လာပြီဆိုတော့ ဇိုရာဖန်း တယောက် စိုးရိမ်လာ ပါတယ်။ ဒီလိုနဲ့ အိမ်ကိုအမြန်ပြန်လို့ သုတ်ခြေတင် ပြေးပါတယ်။ အဲဒီထိုင်းစစ်သား က လည်း အိမ်ပေါက်အထိ ရောက်လာ ပါတယ်။ အိမ်မှာ သူ့အမေရှိနေလို့တော်ပါသေးတယ်။ သူ့အမေက သူ့ကို အခန်း ထဲဝင်၊ လုံးဝပြန်ထွက်မလာနဲ့ ဆိုပြီး ပြောပါတယ်။ နောက်တော့ သူ့အမေက အိမ်အပေါက်ကို ပိတ်ရပ်ပြီး၊ အဲဒီ ထိုင်းစစ်သားကို အိမ်ပေါ်တက်မလာဖို့ ထွက်သွားဖို့ ကရင်လိုအကြောက်အကန် ပြောနေသံ သူကြားရ ပါတယ်။ ဟိုလူကလည်း အတန်ကြာရစ်သီ ရစ်သီ လုပ်နေပြီးတော့မှ ပြန်ထွက်သွားခဲ့ပါတယ်။ သူတို့ဘဝအတွက် လုံခြုံမှု ကင်းမဲ့နေရတဲ့ အခြေအနေကို ကိုယ်တိုင် ကြုံလာရတာပါ။

ဒီနောက်ပိုင်းမှာတော့ သူတို့အိမ်နီးချင်းက အသိကရင်တချို့က သူတို့သြစတြေလျကို ပြောင်းဖို့ကြိုးပမ်းကြမယ်။ မြို့ပေါ်ကို ခိုးတက်မယ်။ ပြီးတော့မှ ကုလသမဂ္ဂမှာ ဒုက္ခသည်လျှောက်၊ သြစတြေလျက အဆက်အသွယ် တွေရှာပြီး ပြောင်းနိုင်ဖို့ ကြိုးစားကြမယ်။ သူတို့မောင်နှမတွေကို ပညာသင်ရအောင် လိုက်ခဲ့ပါလား ဆိုပြီး၊ ပြောဆို တိုင်ပင်ပါ တယ်။ သူတို့အမေက အတော်အိုသွားသလို၊ ကျန်းမာရေးလည်း ကျသွားတဲ့ သူတို့ခွဲပြီး မသွားချင်ကြပါဘူး။ ဒါပေမယ့် စခန်းထဲက လုံခြုံရေး ပြဿနာတွေ၊ ဘဝအနာဂတ် မမြင်ရတဲ့အခြေအနေကြောင့် သူတို့အမေလည်း ဘွားဘွားနဲ့ ဇိုရာဖန်းကို လိုက်သွားကြဖို့ ဆုံးဖြတ်ထည့်ပေးလိုက်ပါတယ်။ စခန်းထဲမှာတော့ သူတို့အမေနဲ့ သူ့မောင်လေး ဆလုန်းဖန်းတို့ ကျန်နေရစ်ပါတယ်။

ဒီလိုနဲ့ သူတို့မဲဆောက်ရောက်လာပြီး သူတို့အဖေရုံးမှာ ခဏနေကြပါတယ်။ တကယ်တော့ သြစတြေလျသွားဖို့ က ထင်သလောက် မလွယ်ကြပါဘူး။ သူတို့ကိုခေါ်လာသူတွေလည်း သောင်တင်နေပါတယ်။ သူတို့အဖေဘေး မှာ ခဏ နေကြရစဉ် အနယ်နယ်က လာရောက်တိုင်တန်းကြတဲ့ ကရင်လူမျိုးတွေရဲ့ဒုက္ခအဖုံဖုံကို သူတို့ကြားရပါ တယ်။ သူတို့ကြုံခဲ့ရတဲ့ လုံခြုံရေးပြဿနာကြောင့် သူတို့အဖေကို ပစ်ထားရက်တယ်ဆိုပြီး အပြစ်ဖို့ဖို့တောင် သူတို့အပြစ် မတင်ရက်တော့ဘူး ဆိုပြီး ဇိုရာဖန်းက ရေးခဲ့ပါတယ်။ ဒီအချိန်မှာ မဲလဒုက္ခသည်စခန်းမှာ ပညာရေး ဆက်လက်သင်ကြားဖို့ အစီအစဉ် (Further Study Program) ရှိတယ်ဆိုပြီး သတင်းကြားတော့ သူနဲ့ဘွားဘွား မဲလစခန်းကို ဝင်ခဲ့ပါတယ်။ မဲလစခန်းကတော့ ကာလကြာရှည်ထဲက တည်ထားခဲ့ပြီး၊ အတန်အခြေကျနေတဲ့ စခန်းလို့ ဆိုရပါလိမ့်မယ်။ အဲဒီမှာ သူတို့ကျောင်းဆက်တက်ကြပြန်ပါတယ်။ တရက်မှာ အမေရိကန်အမျိုးသမီး တယောက် ရောက်လာပြီး အိုအက်စ်အိုင် (OSI) လို့ခေါ်တဲ့ ပွင့်လင်းတဲ့လူ့ဘောင် အဖွဲ့အစည်း (Open Society Institute) က ဒုက္ခသည်စခန်းက ကျောင်းသားတွေ တက္ကသိုလ်ပညာရေး ဆက်သင်နိုင်အောင် ပညာသင်ဆုပေး မယ်ဆိုတာ လာပြောတာကို သူတို့ကြားရပါတယ်။ အိုအက်စ်အိုင်အဖွဲ့ဆိုတာကတော့ ငွေကြေးဘဏ္ဍာရေးကိစ္စ တွေ ဆောင်ရွက်နေတဲ့ သန်းကြွယ်သူဌေး ဂျော့ခ်ျ ဆိုရို့စ် (George Soros) က တည်ထောင်ထားတဲ့အဖွဲ့ပါ။ စခန်းတိုင်းက ကျောင်းသားအများကလည်း အားခဲထားကြပါတယ်။ ဒါပေမယ့် သူတို့က ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ဖြေကြရမှာပါ။

၁၉၉၉ ခုနှစ်၊ ဧပြီလမှာ ပညာသင်ဆုအတွက် ပထမစာမေးပွဲလုပ်ပါတယ်။ မဲလစခန်းမှာတင် ကျောင်းသား အတော်များများ ဝင်ဖြေကြပါတယ်။ သူတို့မောင်နှမ နှစ်ယောက်စလုံး ဝင်ဖြေကြပေမယ့် ကျောင်းသား ၅ ဦးပဲ ရွေးချယ်ခံရပါတယ်။ အဲသည်အထဲမှာ သူ့အစ်မဘွားဘွား ပါသွားခဲ့ပါတယ်။ သူကတော့ မဲစခန်းက ကျောင်းမှာပဲ ဆက်တက်နေရင်း နောက် တနှစ် အခွင့်အလမ်းကို စောင့်နေခဲ့ပါတယ်။ ဒီအချိန်မှာ ဦးနှောက်ထဲ ငှက်ဖျားပိုး ဝင်လို့ ဇိုရာဖန်းတယောက် မဲဆောက်က ဒေါက်တာစင်သီယာဆေးခန်းကို ရောက်ခဲ့ရပါသေးတယ်။ နောက်ပိုင်း တော့ သူ့အမေနဲ့မောင်လေးလည်း မဲလ ဒုက္ခသည် စခန်းကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ စခန်းပြောင်းလာတယ် ဆိုပေမယ့် တရားဝင်မဟုတ်ပါဘူး။ သူက မမြင်ရတဲ့ တစ္ဆေဒုက္ခသည်တွေလို့ခေါ်တဲ့ စာရင်းတရားဝင်မပေါက်ဘဲ ခိုးဝှက်ခိုလှုံနေကြတဲ့ ဒုက္ခသည်မျိုးပါ။ နီးစပ်ရာ ဆွေမျိုး သားချင်းတွေဆီမှာ အဲသလို ခိုလှုံနေသူ တစ္ဆေဒုက္ခ သည် ၅ဝဝဝ လောက် မဲလစခန်းမှာ ရှိနိုင်တယ်လို့ ဇိုရာဖန်းက ရေးခဲ့ပါတယ်။

၂ဝဝဝ ပြည့်နှစ်၊ မတ်လ အိုအက်စ်အိုင် ပညာသင်ဆုစာမေးပွဲမှာတော့ ဇိုရာဖန်းတယောက် ကံကောင်းခဲ့ပါ တယ်။ ပညာသင်ဆုကို ထူးချွန်စွာ သူဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီပညာသင်ဆုရရင် ဘန်ကောက်ကတက္ကသိုလ် တခုမှာ ဆက်လက်ပညာသင်ကြားနိုင်ပါတယ်။ ဒီလိုနဲ့ သူ ဘန်ကောက်က စိန့်ထရီဇာ စက်မှုကောလိပ် (St. Theresa Institute of Technology) မှာ ဘွဲ့ကြိုတန်း ဆက်တက်ရပါတယ်။ ဒီတက္ကသိုလ်က ပုဂ္ဂလိက တက္ကသိုလ် တခုဖြစ်ပြီး အင်္ဂလန်က ဘရက်ဒ်ဖို့ဒ်တက္ကသိုလ် (Bradford University) နဲ့ တွဲချိတ်ထားတာပါ။ ကျောင်းသား အများစုက ငွေကြေးတတ်နိုင်တဲ့ ထိုင်းလူမျိုးတွေ၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယနဲ့ နိုင်ငံခြားသား ကျောင်းသားတွေပါ။ သူက စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ် (Bachelor in Business Administration) ကို တက်ရပါတယ်။ ဘာသာရပ်ရွေးချယ်တာက သူ့စိတ်ကြိုက်ရွေးရတာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်ရင်တော့ သူက အရှေ့ တောင်အာရှနိုင်ငံတွေအကြောင်း လေ့လာချင်တယ် ပြောပါတယ်။

နောက်တပတ်မှာတော့ တက္ကသိုလ်မှာ သူတို့ရုန်းကန်ရပုံနဲ့ ကျောင်းပြီးတဲ့အခါ တောထဲတဖန် ပြန်ရောက်ရပုံ တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

No comments:

Post a Comment