Wednesday, November 11, 2009

ဝေးကြပြီ ကရင်မလေး

လူဗိုလ်

(၁)
မျက်လုံးတွေကိုလည်း မှတ်ထားလို့မရ။ လှဲအိပ်နေလို့လည်းမရ။ အတွေးများက ခြားရဟတ်ပမာ။ ရုတ်တရက် ထထိုင်လိုက်စဉ် မျက်ရည်တချို့လျှံထွက်လာ၏။ မျက်ရည်ကျခြင်းအဖြစ်ကို မနှစ်မြို့သော်လည်း ကျလာသည့်မျက် ရည်များအတွက် တားဆီး ချင်စိတ်ကလည်း ကင်းမဲ့လျှက်။ နံဘေးတဖက်တချက်စီမှာ အပြစ်မဲ့စွာ အိပ်မောကျနေကြ သော ဇနီး၊ သမီးနှင့်သားကြီး တို့မှာ ကား ငြိမ်းအေးပေစွ။ မိမိမှာသာ … ။
“ငါတော်တော်ညံ့ပါလား။ ငါ့ကြောင့် မိသားတစုလုံး အခွင့်အရေးတခု လက်လွှတ်လိုက်ရပြီ။”
အတွေးသံသရာလည်ခြင်း အဆုံးတိုင်းမှာ ဒီကောက်ချက်တခုကိုသာ ရလာဒ်အဖြစ် ဆုပ်ကိုင်မိမြဲဖြစ်၏။ “ငါဘာကြောင့် မညာ လိုက်မိတာလဲ။ ဒီလောက်ဆင်ခြင်တုံတရားကင်းမဲ့လောက်အောင် အသိတရားတွေ မွဲတေနေပြီ လား။ မိသားတစုလုံးရဲ့ အဆုံး အဖြတ်ကိုပေးရမယ့် အိမ်ထောင်ဦးစီးအဖြစ်ကိုရော ဆက်ယူသင့်ပါသေးရဲ့လား” စသ ဖြင့် မိမိကိုယ်မိမိ မေးခွန်းများ အဆက် မပြတ်မေးနေမိသည်။ မည်သည့်မေးခွန်းကိုမျှ ဖြေနိုင်စွမ်းမရှိသူမှာလည်းမိမိပင်။
“အဂ္ဂပါ(ကရင်လို- ကျော်အဂ္ဂအဖေ)။ ဘာဖြစ်လို့လဲ။ အိပ်မရဘူးလား။”

တရေးနိုးလာသည့် ဇနီးသည်၏မေးခွန်း။ မိမိပြန်မဖြေမိ။ ပြန်ဖြေချင်စိတ်လည်းမရှိ။ ဒီတော့မှ ဇနီးသည်လက် တဖက်က မိမိ မျက်နှာသို့ရောက်လာပြီး မျက်ရည်စတို့ကို တို့ထိကြည့်သည်။ ဇနီးသည်ဆီမှလည်း မည်သည့်စကားသံမျှ ဆက်မထွက်တော့။ မိမိလိုပင် ငြိမ်လျှက်ဆက်ထိုင်မြဲဖြစ်သွား၏။ သူ့မျက်နှာတွင်လည်း မိမိလိုပင် မျက်ရည်စတွေ စီးကျနေမည်လား။ ညအမှောင်၏ ကျေးဇူးကြောင်းပင် တယောက်နှင့်တယောက် မမြင်ရသည်က စိတ်သက်သာစရာ။ နာရီဆီသို့ အမှတ်မထင်ကြည့်လိုက်မိသည်။ ၂ နာရီနှင့် ၁၃ မိနစ်။
“ကဲ အိပ်ကြစို့ကွာ။ ၂ နာရီတောင်ကျော်နေပြီ။”
ဇနီးသည်၏ပုခုံးကို လှမ်းဆွဲကာ မိမိကိုယ်တိုင်လှဲချလိုက်သည်။ မိမိမအိပ်လျှင် သူလည်းပြန်အိပ်မည့်ပုံမပေါ် သဖြင့် အိပ်ရာထဲကျောချလိုက်ရသော်လည်း အိပ်ချင်သည့်စိတ်က မရှိ။
“မနက်ဖြန်မနက် နော်ဝေးသွားမယ့် ဦးမြတ်စိုးတို့၊ ကိုနွေအောင်တို့အဖွဲ့ကို လိုက်ပို့ပေးရအုံးမယ်။”

(၂)
အခုတခေါက် နော်ဝေးနိုင်ငံအင်တာဗျူးအတွက် စလစ်ပြားတွေပေးတာ(၄)ဦးထဲ။ ပြီးခဲ့သည့်အကြိမ်ခေါ်စဉ်က (၆)ဦးထဲမှ၊ ဆရာ ခိုင်ဝင်းနှင့် သူ့အဖေ ဦးသန်းတို့ ကျန်ခဲ့သည်။ သူတို့က အမေရိကန်ကိုသွားဖို့ဆုံးဖြတ်ပြီး စာရင်း ပေးလိုက်ကြ၍ဖြစ်မည်။ အမေရိကန် OPE အတွက် စာရင်းပေးကြသူများထက်စာလျှင် အခြားနိုင်ငံကို ရည်ရွယ်သူများ မှာ အနည်းစု။ ဒီအထဲမှာ နော်ဝေး ကို စိတ်ဝင်စားသူဆို၍ မိမိတို့တစုသာ။ ထိုင်းနိုင်ငံရှိ နော်ဝေးသံရုံးကို အီးမေးပို့ရ။ UDI လို့ပြောသည့် နော်ဝေးနိုင်ငံသို့ အခြေချ လိုသူများကို စီစဉ်ဆောင်ရွက်ပေးနေသော နေရာသို့ အီးမေးပို့ရ။ ဒီရလဒ်တွေ ကြောင့်ပင် ယခုလို အင်တာဗျူးခြင်းခံရခြင်းဟု ဆိုရမည်လား။
ပထမဦးဆုံး အင်တာဗျူးခံရသူက ဦးမြတ်စိုး။ ၁၅ မိနစ်လောက်ကြာမည်ထင်သည်။ UNHCR ပြန်လည်နေ ရာချထားရေး အရာရှိ ဗျူးပြီးသည်နှင့် အခြားတခန်းသို့ ဆက်ဝင်သွား၏။
နောက်တဦး ထပ်ခေါ်သည့်နာမည်က မိမိနာမည်။ အရာရှိရှေ့ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်နှင့် ရင်ခုန်နှုန်း မြန်လာသည်။ မည်သည့်မေးခွန်းများ မေးမည်နည်းဟု စိတ်စောနေမိသည်။ ခဏအကြာမှာ မေးလိုက်သည့်မေးခွန်းကို စကားပြန်မှတဆင့် သိလိုက်ရ၏။
“ပြော … တဲ့”
“ဘာကိုပြောရမှာလဲ။”
“ပြောချင်တာကိုသာပြောတဲ့”

မိမိမမျှော်လင့်သော မေးခွန်းဖြစ်နေ၏။ အမေရိကန် OPE, DHS ဖြေပြီးသူများထံမှ သိရသည့်မေးခွန်းများနှင့် ကား ကွာခြား၏။ အဆင့်လိုက်မဟုတ်။ အစီအစဉ်တကျလည်းမဟုတ်။ မိမိရေးခဲ့ဖူးသည့် ဘိုင်အိုအရ ရှစ်လေးလုံး ကာလမှ အစချီ၍ နယ်စပ် ဒေသ သို့ ရောက်လာပုံကို ရှင်းပြလိုက်သည်။
“ဘယ်နှစ် ခုနှစ်မှာ နယ်စပ်ကိုရောက်လာတာလဲတဲ့”
“၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ”
“နောက်ပိုင်းဘာတွေ ဆက်လှုပ်ရှားသေးလဲတဲ့”
မိမိတို့ ပအိုဝ့်အဖွဲ့အစည်း၊ KNU အဖွဲ့အစည်းများနဲ့ ပူးတွဲလှုပ်ရှားမှုများကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။
“အဲဒီလှုပ်ရှားတဲ့ နယ်မြေတွေက မြန်မာပြည်အတွင်းမှာလားတဲ့။”
“ဟုတ်ပါတယ်၊ ဒါပေမယ့် တော်လှန်ရေးနယ်မြေတွေမှာပါ။ တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေမှာပါ။”
“ဒါဆိုရင် ပြည်တွင်းမှာ ပြန်လှုပ်ရှားလို့ရတာပေါ့။”
ကျနော် အဖြေရကြပ်သွားပြီ။ နယ်စပ်ကို ဖြတ်ကျော်လာပြီးမှ မြန်မာပြည်ဘက်ကို ပြန်လှုပ်ရှားသည်ဆိုလျှင် ပြည်တွင်းပြန်ရောက်သွားပြီဟု ယူဆနေပုံရသည်။ ထိုင်းမြန်မာနယ်စပ်တစ်ကြောမှာ တောတောင်တွေသက်သက်နှင့် ဖွံ့ဖြိုးမှု အနည်းဆုံးဒေသများဖြစ်သည်။ မိမိတို့နားလည်သလို UNHCR လူကြီး နားလည်ပုံမရ။
“ကျနော်တို့ဗဟိုရှိတဲ့ မာနယ်ပလောဒေသကိုက မြန်မာပြည်ဖက်အခြမ်းထဲမှာပါ။”


UNHCR အရာရှိ ခေါင်းခါပါသည်။ သိပ်ကျေနပ်ပုံမပေါ်။ ခဏနားပြီးမှ …
“ခင်ဗျားတောခိုလာပြီး၊ ခင်ဗျားမိဘတွေ ဘာဖြစ်သေးလဲ၊ အစိုးရက ဘာပြဿနာတွေရှာသေးလဲတဲ့။”
“ဘာမှမဖြစ်ပါဘူး”
အနည်းဆုံး မိမိသေပြီဟု သတ်မှတ်ထားလျှင်ပင် မိဘများထပ်မံပူပန်စရာမလိုတော့ဟုတွေး၍ အဆက်အ သွယ်မပြုခဲ့ခြင်းဖြစ် သည်။ အဆက်အသွယ်မပြုခဲ့၍ မိဘများမှာ မိမိနှင့်ပတ်သက်၍ မည်သည့်သက်ရောက်မှုကိုမျှ မခံစားခဲ့ရ။ သို့သော် စောစော က လိုပင် UNHCR အရာရှိ ခေါင်းခါပြန်ပါသည်။
“ခင်ဗျား ဘိုင်အိုကို ပြန်ရေးပြီး မနက်ဖြန်လာပေးတဲ့။”
မိမိအလှည့် အင်တာဗျူးခြင်း နိဂုံးချုပ်သွားပြီ။ ဦးမြတ်စိုးကဲ့သို့ အခြားအခန်းကို ဆက်သွားခွင့်မရတော့။ အခန်းထဲကထွက်လိုက်သည်နှင့် အပြင်တွင်စောင့်နေကြသော ဘ၀တူဒုက္ခသည် မိတ်ဆွေများက ၀ိုင်းမေးမြန်းကြပါ တော့သည်။
“ဘာတွေမေးလဲဗျ။ အဆင်ပြေလား။”
“ဘာဖြစ်လို့ ဦးမြတ်စိုးလို အင်တာဆက်မဗျူးရတာလဲ။”
“ဘာဖြစ်လို့ ဘော်ဒါကို ပြန်ဖြတ်ရတဲ့အကြောင်းတွေ ထည့်ပြောလိုက်တာလဲ။”

မိမိစိတ်နဲ့ကိုယ် မကပ်တော့ပါ။ မေးနေသမျှလူတွေကို အလိုက်သင့်ပြန်ဖြေနေရပေမယ့် ဖြေလိုစိတ် မရှိတော့ ပါ။ ဖြစ်နိုင်လျှင် ဒီ UNHCR ရုံးရှေ့မှ အမြန်ဆုံး ထွက်ပြေးချင်နေပြီ။ သားသမီးနှစ်ယောက် လက်ကိုဆွဲပြီး အိမ်ကိုသာ တန်းပြန်ခဲ့သည်။ လမ်းတလျှောက် မေးမြန်းသည်များကို မဖြေချင်ဖြေချင်နှင့်ဖြေနေရပါသေးသည်။ ကလေးတွေက လည်း “သားတို့ဘယ်တော့ နော်ဝေးကို သွားရမှာတဲ့လဲ အဖေ”
“သမီးတို့ကျောင်းမတက်ရတော့ဘူးလားအဖေ”စသဖြင့် တလမ်းလုံးမေးနေပါတော့သည်။ မိမိမှာတော့ အရုပ် ကြိုးပြတ်။ နော်ဝေးနိုင်ငံကို ရောက်ရှိနိုင်ရေးအတွက် အတူဆွေးနွေး၊ အတူကြိုးစားခဲ့သည့် ဦးမြတ်စိုးက အောင်သွားပြီ။ မိမိမှာတော့ … ။
“အဂ္ဂပါက မိဘတွေအကြောင်းမေးတော့ စစ်တပ်က ဒုက္ခပေးတယ်။ ဖမ်းတယ်။ အိမ်ကိုသိမ်းတယ်လို့ ပြော လိုက်ပါလား၊ ဘာဖြစ်လို့မပြောလိုက်တာလဲ။”
“ဘာဖြစ်လို့ပြောရမှာလဲကွ။ ဟုတ်မှမဟုတ်တာ။” အသံက ဒေါသသံပါသွားသည်။ မိမိကိုယ်မိမိ မကျေနပ်မှု ခံစားချက်၏ တွန်းအားများကြောင့် ဖြစ်ဟန်တူသည်။
ဟုတ်တော့လည်းအဟုတ်သား။ ဇနီးသည်ပြောသလိုသာဆို အင်တာဗျူးအောင်နိုင်မည်ထင်၏။

(၃)
ညနေပိုင်းရောက်တော့ သတင်းအစုံရသည်။ ဦးမြတ်စိုးနှင့်ကိုရွှေတိုးတို့ အင်တာဗျူးခြင်းကိစ္စ အောင်မြင်သွား ပြီး မိမိနှင့်ကိုနွေ အောင်(၂)ယောက်သာ ဘိုင်အို ပြန်ရေးခိုင်းခြင်းခံရသည်။ အင်တာဗျူးဖို့ခေါ်သည့် စလစ်ပြားရမ ထားသည့်လူ (၃)ယောက်လည်း အင်တာဗျူးခွင့်ထပ်ရကြပြီး အောင်မြင်သွားကြသည်။ နောက်နေ့ UNHCR ပြန်လာ ဦးမည်ဟု။

အသေအချာ ပြန်စဉ်းစားကြည့်မှ မိမိနှင့်ကိုနွေအောင်က ABSDF ရဲဘော်ဟောင်းတွေဖြစ်နေကြပြီး၊ ဦးမြတ်စိုး နှင့် ကိုရွှေတိုးတို့က နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်နေကြောင်း သတိထားမိသည်။ ဒါဆိုလျှင် အခြေအနေက နိဂုံးချုပ်သွားပြီလား။ လက်နက်ကိုင်ခဲ့ဖူးကြသူများမို့ လက်မခံတဲ့သဘောလား။ နယ်စပ်ကိုပြန်ဖြတ်ပြီး တိုင်းရင်းသား ဒေသတွေမှာ လှုပ်ရှားခဲ့ခြင်းက အနှောက်အယှက်ဖြစ်သွားတာလား။ ဖြစ်စဉ်အမှန်ကိုတော့ UNHCR အရာရှိပဲသိမှာပါ။ မိမိ ပတ်ဝန်းကျင်မှ ထင်မြင်ယူဆချက် တွေ ကတော့ အမျာသား။
“ခင်ဗျားက သွားရိုးသားနေတာကိုး။ UNHCR ဆိုတာ ညာနိုင်မှ”
“ဟိုးတခါခင်ဗျားတို့(၆)ယောက်ကို ခေါ်တွေ့တဲ့အခေါက်က UNHCR အရာရှိ လူမည်းအမျိုးသမီးကို ခင်ဗျား ပြောလိုက်တဲ့ စကား တွေရဲ့ အကျိုးဆက်တွေလည်း ဖြစ်နိုင်တယ်ဗျ။ ခင်ဗျားက မဲဆောက် UNHCR က အလုပ်မလုပ် ဘူးလို့ ပြောလိုက်တာကိုး”
“ခင်ဗျားက ကိုယ်လုပ်ခဲ့တာတွေ ချည်းပြောခဲ့တာကိုး၊ သူတို့က ခံခဲ့ရတာတွေပဲလိုချင်တာ”
“ဒီတခေါက်မပါလည်း နောက်တခေါက်ပေါ့ဗျာ။ ဘိုင်အို ပြန်ပြင်ပြီး တင်လိုက်ပေါ့။”
“ခင်ဗျား အီးမေးအကောင့်နဲ့ အားလုံးအတွက်ပို့ပို့နေတဲ့ခင်ဗျားကို ဆရာကြီးထင်လို့ အမြင်ကတ်ပြီး ချန်ခဲ့ တာနေမှာပေါ့”
“နော်ဝေးမရလည်း အမေရိကန်ပေါ့ဗျာ။ အမေရိကန်က အများကြီးခေါ်တော့ အခွင့်ပိုသာနိုင်သေးတယ်။”

မိမိကိုယ်မိမိသုံးသပ်ကြည့်တော့လည်း ပြောခဲ့သမျှတွင် အမှားတခုမျှမတွေ့ရ။ အမေရိကန်ကတော့ သူတို့ ပေါ်လစီအရ လက် နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့များအဖြစ်သတ်မှတ်ကာ Hold တို့ Reject တို့ပေးလိုက်သည်။ ထိုလူအများစုမှာလည်း ABSDF ရဲဘော်ဟောင်းများဖြစ်နေကြ၏။ မိမိယူဆသည်မှာ နော်ဝေးနိုင်ငံ တွင် အမေရိကန်လို ပေါ်လစီ မရှိဟု။ အကယ်၍ နော်ဝေးနိုင်ငံက ABSDF ဟောင်းမို့လက်မခံနိုင်ဟု ဆိုလျှင်လည်း မိမိအနေနှင့် ဘိုင်အိုကိုတော့ မပြောင်းနိုင်။ ABSDFလုပ်ခဲ့ခြင်းကိုတော့ မဖျောက်ဖျက်ပစ်နိုင်။ဒါက မိမိဘ၀အမှန်။ UNHCR တွင် စတင်လျှောက်ခဲ့စဉ်ကတည်းက ဤအတိုင်း။
ဘာပဲဖြစ်ဖြစ် အချို့ကိစ္စတွေကိုတော့ပြင်ရမည်။ အချင်းချင်းအကြံပေးကြသလို ခံခဲ့ရတာတွေကိုလည်းထည့် ပြောရမည်။ အချို့ ကိစ္စများကိုလည်း ညာရတော့မည်။ ABSDF ဖြစ်ခဲ့ခြင်းမှလွှဲ၍။

(၄)
မိမိနော်ဝေးနိုင်ငံကို သွားချင်ရသည့် အဓိကအကြောင်းရင်းများထဲမှ ပထမအချက်မှာ- အမေရိကန်နိုင်ငံကို မသွားချင်၍။ အမေရိ ကန်နိုင်ငံရေးစနစ်၊ ပညာရေးစနစ်များကို ကြိုက်၏။ သို့သော် ပြဿနာက စက်ရုပ်ဆန်ဆန် လှုပ်ရှားသွားလာနေရခြင်းသည် မိမိအကျင့်စရိုက်နှင့်မကိုက်၍။ နိုင်ငံရေးနှင့်ဒုက္ခသည်ဆိုသည်များကို အရေခွံအချွတ်ခံ ထားရသည့် အမေရိကန်ရောက်ရှေးလူများ ကို သင်ခန်းစာယူမိ၍လည်းဖြစ်သည်။ ဒုတိယအချက်မှာ နော်ဝေးအပါအ၀င် စကင်ဒီနေဗီးယားနိုင်ငံများ၏ နိုင်ငံရေးစနစ်နှင့် လူ့အဖွဲ့အစည်းအတွင်း စနစ်ကျသည့်ထိမ်းကျောင်းနည်းများကို လေ့ လာပြီး စာရေးချင်၍။ နောက်တချက်မှာ မိမိလုပ်ချင်သည့် အလုပ်ကို ဆက်လုပ်ခွင့်ရချင်၍။ တတိယနိုင်ငံများသို့ စားဝတ်နေရေး ဖြေရှင်းနေရုံသက်သက်နဲ့တော့ မသွားလို။

သားသမီးမျက်နှာများကိုကြည့်၍၊ သားသမီးအနာဂတ်ကို ကြည့်၍ သွားရသည်ဆိုလျှင်တောင်မှ စားဝတ်နေရေးသက်သက်အတွက်သာဆိုလျှင် သားသမီးတို့ချည်းကိုသာ သွား စေချင်သည်။
“နော်ဝေးစာသည်တို့စာ၊ နော်ဝေးစကားသည်တို့စကား သွားလုပ်နေဦးမလို့လား ကိုလူဗိုလ်ရယ်။ အသက်ကြီး မှ ဘာသာစကားကို အစကပြန်သင်ရမှာ မပျင်းဘူးလား။”
“ကျနော့်ဘ၀ကို ယန္တယားဆန်ဆန် လှုပ်ရှားရုန်းကန်ရမယ့် ဘ၀အမောကြီးတော့ မဖြစ်ချင်ဘူးဗျာ၊ စာသင်ရ တာကတော့ အမေရိကန်မှာလည်း သင်ရမှာပဲ။ ကျနော်က အင်္ဂလိပ်စာ ဘယ်လောက်တတ်သေးလို့လဲ။”

(၅)
“ကိုနွေအောင်ကို အင်တာဗျူးပြန်ခေါ်ပြီတဲ့ ကိုလူဗိုလ်မပါဘူးလား”
သတင်းကြားကြားချင်း ကိုယ့်နားကိုယ်တောင် မယုံချင်။ အိပ်မက်သာဖြစ်ပါစေဟု ဆုတောင်းရမလိုလို။ ဘ၀တူ၊ အမျိုးအစားတူဖြစ်၍ အတူတူပြန်ခေါ်လိမ့်မည်ဟု မျှော်လင့်ထား၏။ ခုတော့ …။ ကိုနွေအောင်တို့ မိသားစုကို အင်တာဗျူးနေကြပြီ။
“နယ်လီအောင်တို့ အင်တာဗျူးပြန်ပြီ၊ သားတို့က ဘာလို့မပါတာလဲ အဖေ”
“သမီးတို့ကို ဘယ်တော့ အင်တာဗျူးမှာလဲ အဖေ”
“ရှင်က ကိုနွေအောင် ဘိုင်အိုပြင်သလို မပြင်လိုက်ဖူးလား။ကိုနွေအောင် ပါပြီး၊ ရှင်က ဘာကြောင့်မပါတာလဲ။”
မိမိတွင်အဖြေမရှိပါ။ ဖြေချင်စိတ်မရှိပါ။ မိမိဘာကိုမျှ မဖြေတတ်တော့ပါ။
မိမိကိုယ်တိုင်လည်း သိပ်သိချင်လွန်း၍ UNHCR အရာရှိကို မေးမြန်းကြည့်မိသည်။

“နော်ဝေးက ခင်ဗျားဘိုင်အိုကို မကြိုက်လို့နဲ့တူတယ်တဲ့။”
“တခြားနိုင်ငံတခုခုကို စိတ်ရှည်လက်ရှည်နဲ့စောင့်ပါတဲ့။”
စောင့်ဆိုလည်း စောင့်ရမှာပေါ့ဗျာ။ နော်ဝေးနိုင်ငံကလည်း မကြိုက်၊ အမေရိကန်နိုင်ငံကလည်း လက်မခံ၊ အခြားနိုင်ငံကလည်း မခေါ်၊ နေမြဲအခြေအနေပေါ့။
ပြဿနာက နော်ဝေးနိုင်ငံက ဘာကြောင့်မကြိုက်တာလဲဆိုသည်တော့ သိချင်၏။ ပြစ်မှုတစုံတရာလည်း မကျူးလွန်ဖူး၊ လူ့အခွင့် အရေးဆိုတာကိုလည်း မချိုးဖောက်ဖူး၊ ကလေးစစ်သားလည်းတခါမှ မကောက်ဖူးသူ တယောက်ကို မကြိုက်ဆိုသည်က … ။

(၆)
ကရင်လို “နော်”က … မ ဆိုတဲ့ အဓိပ္ပါယ်။ နော်ဝေးဆိုတာ ကရင်မလေးတယောက်ရဲ့နာမည်ပေါ့။
ဒါဆိုတော့ …
မနီးခင်ကပင် “ဝေးကြပြီ ကရင်မလေးရေ” ဟု ပြောရုံသာ ။ ။

ဟစ်တိုင်မှကူးယူဖေါ်ပြသည်

No comments:

Post a Comment