Saturday, January 2, 2010

ယနေ့ တပ်မတော် - အပိုင်း (၁)

ဖိုးတရုတ်ဘလော့မှကူးယူတင်ဆက်သည်။

ဆောင်းပါးရှင် - သံကြိုး

စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် သံကြိုးက “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ အာဏာရှင် စစ်ခေါင်းဆောင်များဟာ တပ်မတော်ကို သူတို့ ကြိုးကိုင် ချယ်လှယ်လို့ရတဲ့ တပ်မတော် ဖြစ်အောင် လုပ်ဆောင်နေကြပုံအား ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့လာပါတယ်။ လက်ရှိ စစ်ဗိုလ်ချုပ်တွေဟာ သူတို့နဲ့ ပုခုံးချင်း ယှဉ်နိုင်တဲ့သူတွေကို ဖြုတ်၊ ထုတ်၊ သတ် လုပ်ပစ်ပုံ၊ ပြည်သူတွေဘက်ကို မကြည့်ဘဲ သူတို့ တွေးတာအမှန်၊ သူတို့ ပြောတာဖြစ်ရမယ် ဆိုတဲ့ သဘောထားများရှိပုံ၊ အစိုးရစက်ရုံတစ်ခုက ပစ္စည်းဝယ်လိုရင်တောင် ဗိုလ်သန်းရွှေဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ပါမစ်နဲ့မှ ပို၍အဆင်ပြေပုံ၊ အဲ့ဒီပါမစ် ရအောင် အဆင့်ဆင့် ပေးကမ်းရပုံတွေနဲ့ ဒေါ်ကြိုင်ကြိုင်ဟာ ပဲခူးရိုးမထဲက ကျွန်းသစ်များအား ကွန်တိန်နာတွေနဲ့ တရားမဝင် သယ်ယူပုံတို့ကို ရေးသား ဖေါ်ပြထားပါတယ်။ ယခုလို ရေးသားပေးပို့လာတဲ့ ဆောင်းပါးရှင် သံကြိုးအား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်တွင် ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြအပ်ပါတယ် ခင်ဗျား။

တပ်မတော်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကစလို့ အခုနောက်ဆုံး တပ်မတော်အထိ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တွေ ရှိခဲ့ပါတယ်။ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းက “တပ်မတော်သည် တိုင်းပြည်အတွက်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဟုတ်။ စည်းကမ်းမရှိတဲ့ စစ်တပ် ရှိနေမဲ့အစား အဲဒီ စစ်တပ်မရှိတာ တိုင်းပြည်အတွက် ပိုကောင်းတယ်” လို့ မိန့်ကြားခဲ့တယ်။ ဗိုလ်ချုပ်ကြီး စန်းယု လက်ထက် ကျတော့ နိုင်ငံတော်ကာကွယ်ရေး၊ ဆိုရှယ်လစ် လူ့ဘောင်တည်ဆောက်ရေးလို့ ဆိုခဲ့ပြန်တယ်။ ဗိုလ်ချုပ်ကြီး ကျော်ထင်ကျတော့ တပ်မတော်ဟာ အမျိုးအစား ပိုကောင်း ရမယ်၊ ပြည်သူနဲ့တသားတည်း ရှိရမယ်တဲ့။ အားလုံး သူ့ခေတ်နဲ့သူ တပ်မတော်ကို သူတို့ဖြစ်စေချင်တဲ့ ပုံသဏ္ဍန်တွေကို ပြောကြားခဲ့ကြတယ်။




ယခု အာဏာရူးကြီး ဗိုလ်သန်းရွှေကျမှ “တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” လို့ ဘာစိတ်ကူးပေါက်ပြီး ပြောရတာလဲ။ ကျွန်တော်တော့ ပြန်ပြောချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ခုမှာ “စကား ခပ်ရိုင်းရိုင်းပြောလိုက်မယ်၊ စကားခပ်ရိုင်းရိုင်း ပြောရတာက စကားရိုင်းရိုင်းပြောမှ ခင်ဗျားတို့ ကျုပ်တို့ ဗမာလူမျိုးတွေက နားလည်လွယ်တာ။ အဲဒီတော့ တော်တော်ကို ကုန်းအောင် ပြဲအောင် လုပ်ကြမှ ရမယ်။ ဒါတောင် အနှစ်(၂၀) လောက်မှ တော်ရုံကျမယ်။ ဒီလိုမှ မလုပ်ရင် ဟိုလူလာလဲ မျက်နှာချိုသွေးရ၊ ဒီလူလာလဲ မျက်နှာချိုသွေးရနဲ့ တို့နိုင်ငံ (ဖာ) နိုင်ငံကြီး ဖြစ်သွားမယ်” တဲ့။ အခုလဲ ကျွန်တော် ခပ်ရိုင်းရိုင်းပြောရရင် “တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ” ဆိုတော့ စစ်တပ်ထဲမှာ ရှိနေတဲ့သူတွေရဲ့ မိဘတွေက ပြည်သူထဲမှ မဟုတ်လို့လား။ မိစစ် ဖစစ် မရှိတော့ဘူးလား လို့ မေးစရာ ဖြစ်နေသလို၊ ဖြစ်ကိုလဲ ဖြစ်နေပါပြီ။

ရဟန်း၊ ပြည်သူ၊ ကျောင်းသားတွေကို မိုက်မိုက်ကန်းကန်း ရက်ရက်စက်စက် ပစ်ရဲ ခတ်ရဲတာကို ကြည့်ရင် ဒီစစ်သားတွေ စိတ်ရိုင်းဝင်နေလို့ဘဲ။ အဲ့ဒီလို စိတ်ကြမ်းဝင်အောင်လို့လဲ ဗိုလ်ချုပ်တွေက လုပ်ထားတာ။ ရဲဘော်တွေဟာ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ရမှာကို ကျားမြီး ဆွဲရတာထက် ကြောက်ကြတယ်။ ဘယ်စစ်ဗိုလ်ချုပ်မှလဲ ရဲဘော်တွေကို ကိုယ့်သားသမီး အရင်းလို မဆက်ဆံဘူး။ အမြဲတမ်း သူတို့ မျက်နှာဟာ မာကျောနေကြပြီး ကြည့်လိုက်ရင် တစ်နိုင်ငံလုံး သူ့တို့လုပ်စာ စားနေရတဲ့ ပုံနဲ့ နေကြတယ်။ ပြုံးခြင်း ရယ်ခြင်းဆိုတာ မရှိဘူး။ စစ်တပ်ထဲမှာ ရဲဘော်တွေ ပြောပြောနေတဲ့ စကားတစ်ခု ရှိတယ်။ “လူကြီးတွေ အကြိုက် ဆဲဆိုလိုက်၊ မလိုက်တခါ ရှိခဲ့ပါမူ ကြီးစွာ အပြစ်ယူပြန်” တဲ့၊ ဟုတ်တယ်၊ အမြဲပဲ အပြစ် ရှာနေတယ်။ ဒီတော့ ဒီရဲဘော် မုန်းတာက စစ်ဗိုလ်ချုပ်တွေကို ဖြစ်တယ်။ ရဲဘော်ဆိုတာ များသောအားဖြင့် ပညာတတ်နည်းတယ်။ တွေးခေါ်မြော်မြင်မှု မရှိကြပါဘူး။ ခိုင်းတာဘဲ လုပ်တတ်တယ်။ ခိုင်းတာဘဲလုပ်ဖို့ အမြဲတမ်း ခြိမ်းခြောက်ခံနေရတာ။ အမိန့်ပေးတာ လုပ်မယ်၊ လစာရမယ်၊ ရိက္ခာရမယ် ဆိုတာဘဲ သိတယ်။

မင်္ဂလာဒုံ ဆေးရုံမှာ (၁၉၉၀) ခုနှစ်လောက်က တပ်မ (၂၂) မှ စိတ်ကျရောဂါနဲ့ ဆေးရုံတက်နေတဲ့ ရဲဘော်တစ်ယောက်ကို တွေ့လို့ မေးကြည့်ဘူးတယ်။ (၁၉၈၈) တုန်းက မင်းတို့တပ် ရန်ကုန်မှာ လက်နက်ဆိုလို့ ဘာမှမပါတဲ့ ပြည်သူတွေကို မင်းကော ပစ်ခဲ့ရသေးလား လို့ပေါ့။ အဲ့ဒီတော့ သူက အပြင်ကို ငေးကြည့်ပြီး “ဟုတ်တယ်၊ ကျွန်တော်ပစ်ခဲ့ရတယ်ဗျာ” လို့ ပြောရှာတယ်။ ပစ်ခဲ့တယ် ဆိုရင် သူ့သဘောပါမယ်၊ ပစ်ခဲ့ရတယ်ဗျာ လို့ ပြောသံကြားတော့ အတော်စဉ်းစားစရာ ဖြစ်သွားတယ်။ စစ်တပ်မှာ စိတ်ကျရောဂါ ရပြီးသားဆိုရင် ရဲဘော်ဘဲဖြစ်ဖြစ် အကြပ်ဘဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးဘဲ ဖြစ်ဖြစ် တပ်ကနေ ထွက်ရတယ်။ ဗိုလ်ချုပ် စောမောင်တောင် စိတ်ကျရောဂါဖြစ်လို့ တပ်ကနေ ယူနီဖောင်းချွတ် အထုပ်ဆွဲပြီး ထွက်သွားရတယ်။

တပ်မတော် အင်အားတိုးချဲ့လွန်းလို့လည်း တိုင်းပြည်မှ ရှိတဲ့လူတွေ သူတောင်းစား ဘ၀ရောက်တော့မယ်၊ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ ရေကာတာတွေလုပ်၊ ဒါတွေ လုပ်ပေးတာ ကောင်းတော့ ကောင်းတယ်။ ဒါတွေ လုပ်ရုံနဲ့ မဖြစ်သေးဘူး။ ဧည့်သည်တစ်ယောက် အိမ်လာတယ်။ ခုတင် တစ်လုံးဘဲ ပေးထားလို့ မဖြစ်ဘူး။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ မရှိရင် ဘယ်လိုလုပ်မလဲ၊ လမ်းတွေ တံတားတွေပေါ် ပြည်သူတွေက ရာသက်ပန် အခွန်ပေးပြီး သွားလာရမှာ။ ဒီအလုပ်တွေက အရပ်သားတွေ ပညာရှင်တွေ လုပ်ရမဲ့ ကိစ္စ။ နိုင်ငံရေးထဲ ဘယ်နိုင်ငံက ဘယ်စစ်တပ်မှ ၀င်မရှုပ်ပါဘူး။ နိုင်ငံရေး လုပ်ချင်ရင် ယူနီဖောင်းချွတ်၊ အရပ်ဝတ်လဲ လုပ်ပေါ့။ လက်နက်အားကိုးနဲ့ နိုင်ငံရေးလုပ်တာ ပြည်သူတွေ နစ်နာတယ်။

အပိုင်း (၂) ကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။

No comments:

Post a Comment