ဇော်မင်း (လူ့ဘောင်သစ်) | သောကြာနေ့၊ ဇန်နဝါရီလ ၀၈ ရက် ၂၀၁၀ ခုနှစ်
ပီရူးနိုင်ငံ သမ္မတဟောင်း ဂျပန်နွယ်ဖွား ဖူဂျီမိုရီကို ပီရူးနိုင်ငံ တရားရုံးက သူသမ္မတအနေနဲ့ အုပ်ချုပ်တုန်းက တိုင်းပြည်အတွင်း လူ့အခွင့်အရေးကစလို့ ချိုးဖောက်ခဲ့တဲ့ ပြစ်မှုပေါင်းများစွာအတွက် ထောင်ဒဏ် ၂၅ နှစ်ကျခံဖို့ တလောလေးက ဆုံးဖြတ်စီရင်ချက်ချခဲ့တယ်။
ပီရူးနိုင်ငံမှာ ဖူဂျီမိုရီ သမ္မတလုပ်ခဲ့တုန်းက တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက်ကြောင်း မယ်မယ်ရရ မလုပ်ခဲ့ဘူးလို့ ဆိုကြတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကလည်း တပုံတပင်၊ ကိုယ်ကျိုးအတွက် အိတ်ထဲ ထည့်ခဲ့တဲ့ ပိုက်ဆံတွေကလည်း မနည်းလို့ ဆိုကြတယ်။ အာဏာရှင်လို အုပ်ချုပ်သူတွေဟာ တဦးနဲ့ တဦး သိပ်မကွာလှပါ။ ကိုယ့်အာဏာအတွက်ကလွဲပြီး ဘာကိုမှ ဂရုစိုက်သူတွေလည်း မဟုတ်ပါ။
ဖူဂျီမိုရီနဲ့ ပတ်သက်လို့ ကျနော့်မှာ မှတ်မှတ်ရရ သတင်းတခု ကြားခဲ့ဖတ်ခဲ့ဖူးတယ်။ နှစ်အတိအကျတော့ မမှတ်မိတော့။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်၊ ၁၅ နှစ်ခန့်က ဖြစ်မည်လို့ ထင်တယ်။ အဲဒီသတင်း အချက်အလက်ကတော့ ပီရူးနိုင်ငံမှာ တစတစ ပြန့်ပွားလာနေတဲ့ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် ပီရူး ကျေးလက် ဒေသတွေမှာ ဆင်းရဲသားတွေ အဲဒီဝေဒနာအတွက် ဆေးဝါးမကုသနိုင်တာကြောင့် အများအပြား သေဆုံး နေခဲ့ကြတယ်။ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေက ဖူဂျီမိုရီ အစိုးရကို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ခံစားနေရတဲ့ နိုင်ငံအတွင်းက ဆင်းရဲသားတွေအတွက် အကူအညီပေးဖို့ ဘက်ပေါင်းစုံကနေ ဖိအားပေး တိုက်တွန်း ခဲ့ကြတယ်။
အဲဒီအချိန်ကာလမျိုးမှာ သမ္မတလုပ်သူ ဖူဂျီမိုရီက ဘာထလုပ်တယ် ထင်ပါသလဲ။ နိုင်ငံတော် ကာကွယ်ရေး အတွက် ဆိုပြီး နိုင်ငံခြားကနေ တိုက်လေယာဉ် တဒါဇင် ဝယ်ယူလိုက်ခြင်းပါ။ အဲဒီတိုက်လေယာဉ်တွေ ဝယ်ဖို့အတွက် ဒေါ်လာသန်းပေါင်း ရာနဲ့ချီပြီး သုံးစွဲခဲ့တယ်။ အိတ်ခ်ျအိုင်ဗီ သယ်ဆောင်နေသူ၊ အေအိုင်ဒီအက်စ် ခံစားနေရသူ ဆင်းရဲသားတွေအတွက် ဖူဂျီမိုရီ ပေးလိုက်တဲ့ အဖြေပဲ ဖြစ်ပါတော့တယ်။ အဲဒီငွေတွေဟာ ကမ္ဘာ့ဘဏ်နဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့ကနေ ပီရူးနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထားတဲ့ ငွေတွေပါ။
တိုက်လေယာဉ်ဝယ်ဖို့ ကူညီတဲ့ ငွေတွေ မဟုတ်ပါ။ လက်ထဲကို ငွေရောက်လာတဲ့အခါ အာဏာရှင်တွေဟာ သူတို့ လုပ်ချင်တာကိုပဲ လုပ်လေ့ရှိပါတယ်။
အဖြစ်ကတော့ ဆင်ဆင်တူပါတယ်။ မြန်မာပြည်မှာ ဒီနှစ် ၂ဝ၁ဝ အတွင်း ရွေးကောက်ပွဲအသစ် လုပ်ပေးမယ်လို့ စစ်အစိုးရက ထပ်ပြီး အတည်ပြု ပြောကြားခဲ့တယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဘာညာတွေကလည်း ပါလိုက်ပါသေးတယ်။ တချိန်ထဲမှာလည်း မြန်မာနိုင်ငံက ရုရှားအစိုးရဆီကနေ တိုက်လေယဉ်တွေ ဝယ်ယူဖို့ သဘောတူ စာချုပ်လိုက်တယ်လို့ မကြာမီရက်ပိုင်းအတွင်းက ကြားရတယ်။ မြန်မာပြည်မှာ တိုက်လေယာဉ်က ပြည်သူပြည်သားတွေထက် အရေးကြီးနေပုံရတယ်။ မြန်မာပြည်မှာလည်း ပီရူးနိုင်ငံမှာ ကြုံခဲ့သလို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာနဲ့ တိုင်းသူပြည်သားတွေ ရင်ဆိုင်နေရတာက ဆယ်စုနှစ်တခု မကတော့။
နောက်တချက်ကလည်း လတ်တလော အဖြစ်အပျက်ကို ပြန်ကြည့်ရင် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတသိန်းလေးသောင်းနီးပါး သေဆုံးခဲ့ပြီး ရှိသမျှ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဆုံရှုံးခဲ့ရတဲ့ လယ်သမားတွေ မြစ်ဝကျွန်းပေါ်မှာ သန်းနဲ့ချီပြီး ရှိနေတာပါ။ သူတို့အတွက် စစ်အစိုးရက လောက်လောက်လားလား ကူညီခဲ့ပါသလား။ မေးရမယ့် မေးခွန်းဖြစ်ပါတယ်။ ဒါမှမဟုတ် နိုင်ငံရပ်ခြား အစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ကူညီပါမယ်လို့ ပြောလာတာကို လွတ်လွတ်လပ်လပ် ကူညီခွင့် ပေးခဲ့ပါသလား။ စစ်အစိုးရရဲ့ လက်ကတုံး၊ တောင်ဝှေးသဖွယ် ဖြစ်နေတဲ့ လူမှုအခြေပြု အဖွဲ့အစည်းအတုတွေ မြစ်ဝကျွန်းပေါ်မှာ လမ်းသလား နေကြတာကိုတော့ မြင်နေရ၊ ကြားနေရတယ်။
များမကြာမီကလည်း ရန်ကုန်မှာ အသေးစား ပြိုင်ကားကွင်း ဖွင့်ပွဲလုပ်ပါတယ်တဲ့။ ပြိုင်ကားမောင်းနေရအောင် မြန်မာပြည်ရဲ့ ဓနက အဲသလောက် ပိုလျှံနေလို့လားလို့ မေးစရာ ဖြစ်လာပါတယ်။ ဂေါက်သီးကွင်းသစ်တွေ ဖွင့်လှစ်ပြီး ဂေါက်သီးရိုက်နေတာကိုပဲ လွန်လှပါပြီ။ အခုတော့ ပြိုင်ကားမောင်းကွင်းတဲ့။ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး ပြိုင်ကားရောဂါ အရူးထရာကနေ ဖြစ်လာခဲ့တဲ့ စနက်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ အာဏာမက်ခြင်းနဲ့ မိုက်မဲခြင်းမှာ သူမတူအောင် ထူးချွန်သူတွေ ဖြစ်ပါတယ်။ နေရာတကာမှာလည်း ဝင်ပါတယ်။ ကြည့်ပါလား၊ မြန်မာ့တူရိယာတွေနဲ့ အနောက်တိုင်း တူရိယာတွေ တွဲဖက်တီးမှုတ်ခြင်း မပြုရဆိုပြီး အမိန့်ထုတ်လိုက်သေးတယ်။ အနုပညာကိစ္စကို အနုပညာသည်တွေပဲ လွတ်လွတ်လပ်လပ် ဖန်တီးသီကုံးဖို့ လိုပါတယ်။ အနုပညာနဲ့ သင်းတို့ ဘာဆိုင်သလဲ။
ငွေ အကုန်တကာ့ အကုန်ဆုံး ကိစ္စကြီး ပြန်ကြည့်မယ်ဆိုရင် နေပြည်တော်သစ်ကြီး တည်ဆောက်ခဲ့တာနဲ့ ကာကွယ်ရေးအတွက် မြေအောက်လှိုဏ်ခေါင်းတွေ တူးဖော်ဆောက်လုပ်နေတာတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားတွေအတွက် မြို့တော် နောက်ထပ်အသစ်တခု မလိုပါ။ အမှောင်ထဲမှာ ဆင်းနေစရာ မလိုတဲ့အတွက် လှိုဏ်ခေါင်းတွေ၊ ဥမင်တွေလည်း မလိုပါ။ နိုင်ငံသားတွေအတွက် အလွန်လိုအပ်နေတာကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာစိုက်ပျိုးရေးတွေအတွက် အကူအညီတွေပဲ ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေအတွက် ငွေကို မသုံးဘဲ တလွဲတွင် ဆံပင်ကောင်း နေကြတယ်။
ဗိုလ်ချုပ်တွေ ရောဂါအထဆုံး ကိစ္စကတော့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးပါ။ မြန်မာပြည်မှာ နျူကလီးယား စွမ်းအင်သုံးဖို့ အရေးတကြီး လိုနေသလားလို့ စောကြောစရာ ရှိလာတယ်။ မြန်မာပြည်က ထွက်ရှိနေတဲ့ သဘာဝ ဓာတ်ငွေ့ဟာ တကယ်တမ်းဆိုရင် ပြည်တွင်းမှာ စွမ်းအင်အဖြစ် ပြည်သူတွေ သုံးစွဲဖို့ လက်ဦးဆုံး အရေးကြီးပါတယ်။ ပိုလျှံတာကို နိုင်ငံခြား ထုတ်ရောင်းတာ မပြောလိုပါ။ နောက်ထပ်လည်း ကမ်းလွန်ပင်လယ်ပြင်ကနေ သဘာဝဓာတ်ငွေ့တွေ ထပ်ပြီး ထွက်ရှိပါဦးမယ်။ စွမ်းအင်အတွက် မြန်မာပြည်သားတွေ ပူစရာ မလိုပါ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကနေ သဘာဝအရင်းအမြစ်ကို နိုင်ငံသားတွေ သုံးစွဲခွင့် မရတာကတော့ အတော် ရင်နာစရာ ကောင်းပါတယ်။
နျူကလီးယားရောဂါ အရူးထတာကြောင့် စစ်ဗိုလ်အများအပြားကို ရုရှားဆီ ပညာသင်လွှတ်တယ်။ ငွေအမြောက်အမြား သုံးစွဲရတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် စတင်ပြင်ဆင်နေတာလို့လည်း ကြားရတယ်။ အဲဒီစရိတ်တွေက တပြားနှစ်ပြားနဲ့ လုပ်လို့ရတာမျိုး မဟုတ်။ ဒေါ်လာသန်းပေါင်း ရာနဲ့၊ ထောင်နဲ့ ချီပြီး သုံးစွဲရမယ့် ကိစ္စမျိုးတွေပါ။ ဒါပေမဲ့ တချိန်ထဲမှာပဲ ပြည်သူတွေကတော့ ပါးစပ်ဟောင်းလောင်းနဲ့ ငတ်နေရပါတယ်။ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာကို ဗိုလ်ချုပ်တွေ ဘယ်လိုများ နားလည်နေသလဲ မသိ။
မြောက်ကိုရီးယားကို ကြည့်ရင် မြင်နိုင်ပါတယ်။ မြောက်ကိုရီးယားဟာ အနုမြူထိပ်ဖူးတပ် ဒုံးပျံတွေ ပစ်လွှတ်နိုင်တဲ့ အဆင့်မှာ ရောက်နေပါပြီ။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတာက ရေပြင်မှာ အရုပ်ရေးသလိုပါ။ ထားပါတော့။ ဒါပေမဲ့ အဲဒီအစိုးရဟာ သူ့နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးကို ပြေလည်အောင် မဖြေရှင်းနိုင်သေး။
ကလေးငယ်အများစု ပါဝင်တဲ့ အငတ်ဘေးနဲ့ သေဆုံးခဲ့သူ မြောက်ကိုရီးယား နိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိခဲ့တာကို ကျနော်တို့ မမေ့သင့်။ ရိုးရိုးနဲ့ လွယ်လွယ်ပြောရရင် အနုမြူထိပ်ဖူးတပ် ဒုံးကျည်ဟာ ကိုက်စားလို့ မရပါ။ အနုမြူထိပ်ဖူးတပ် ဒုံးကျည် အလုံးတထောင် ပိုင်ပြီး တိုင်းသူပြည်သားတွေက ငတ်နေတယ်၊ မွဲနေတယ်၊ ပညာမတတ်၊ နိုင်ငံတကာအလယ်မှာလည်း မဝင်ဆန့်လို့ ဆိုပါရင် ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်အစိုးရကို ဖားနေသူတွေက ပြောနေတာတွေ ကြားနေရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ အချိန်အခါတခုကို ရောက်တာနဲ့ တိုင်းပြည်ကို ဗိုလ်ချုပ်တွေ လက်ထဲကနေ တစတစနဲ့ ပြုပြင်ယူသွားမယ်လို့ ဆိုနေကြတယ်။ ပြောတဲ့အတိုင်း ဖြစ်ပါရင် ပန်းကုံးစွပ်ပြီး ချီးကျူးပါမယ်။ ဒါပေမဲ့ စစ်တပ်အသာစီး ယူထားတဲ့ အစိုးရတခုအောက်မှာ လူ့အဖွဲ့အစည်းတခုဟာ ဘယ်လောက်ဖွံ့ဖြိုးတိုးတက်နိုင်သလဲ။ ဒီမေးခွန်းကိုတော့ အဲဒီလူတွေ ဖြေဖို့ လိုပါတယ်။ နောက်ကျမှ ကျနော်တို့လည်း အတွက်မှားသွားတယ်ဗျာ၊ ဒီဗိုလ်ချုပ်တွေကို ကျနော်တို့ နားချလို့ ရလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒီလောက် ခေါင်းမာလိမ့်မယ်လို့ အစကမထင်ခဲ့ဘူးလို့ တောင်းပန်ပေမယ့် တကယ်တမ်း နစ်နာရမယ့် သူတွေကတော့ အများစုဖြစ်တဲ့ နိုင်ငံသားတွေပဲ ဖြစ်တာကို မမေ့သင့်။ တံတားအောက်က စီးသွားတဲ့ ရေတွေဟာ တံတားအောက်ကို ပြန်လာလေ့ မရှိတာကို သတိချပ်သင့်ပါတယ်။
ပြန်ကောက်ရမယ်ဆိုရင် ဖူဂျီမိုရီဟာ ရွေးကောက်ပွဲနဲ့ တက်လာခဲ့တဲ့ ပီရူးနိုင်ငံရဲ့ သမ္မတ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ် ဖြစ်ခဲ့ဖူးသူ မဟုတ်။ ဒါပေမဲ့ သူဟာလည်း အာဏာရှင် ဖြစ်ခဲ့ဖူးပါတယ်။ လုပ်ချင်တာတွေ လုပ်ခဲ့တယ်။ တိုင်းသူပြည်သား မျက်နှာကို မထောက်ထားခဲ့။ ရွေးကောက်ပွဲနဲ့ တက်လာတိုင်း ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းကို မြတ်နိုးတဲ့ ခေါင်းဆောင်လို့ ကောက်ချက်ချလို့ မရပါ။ ရွေးကောက်ပွဲကို ဘန်းပြပြီး တက်လာသူဟာ တိုင်းသူပြည်သားတွေ အကျိုးကို ဆောင်လိမ့်မယ်လို့ ရူးရူးမိုက်မိုက် မတွက်ချက်သင့်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဆင်က ပီရူးထက် ပိုဆိုးဖို့ ရှိပါတယ်။ ရွေးကောက်ပွဲရှိမယ်လို့ ဆိုပေမယ့်လည်း စစ်ဗိုလ်တွေက ပါလီမန်မှာ အော်တိုမက်တစ် ၂၅ % နေရာယူမယ်။ အခြေခံဥပဒေသစ်ကလည်း စစ်ဗိုလ်တွေအတွက်ပဲ ဖေးမပေးထားတဲ့ ဥပဒေဖြစ်တယ်။ နိုင်ငံတော်ဟာ ချောက်ထဲကျတော့မယ့် အခြေအနေမှာ ရောက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ရှုမြင်ရင် လက်ရှိ အစိုးရလက်ထဲကနေ နိုင်ငံတော် အာဏာကို သိမ်းလို့ရတယ်လို့ ဆိုထားမှတော့ သူတို့ဖို့ချည်းပဲပေါ့။
နိဂုံးချုပ်ရရင် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ အစိုးရသစ်၊ ပါလီမန်သစ်တွေ ရှိလာတဲ့တိုင် အခွင့်အရေး မှန်သမျှကို စစ်တပ်နဲ့ သူတို့နောက်မြီးဆွဲတွေက ဖားလာလည်း သိမ်း၊ ငါးလာလည်း သိမ်း၊ အကုန်လုံး သူတို့ အိတ်ထဲ ထည့်နေသရွေ့ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ် (ဒါမှမဟုတ်) လုပ်လိမ့်မယ် မဟုတ်လို့ တင်ပြလိုရင်းသာ ဖြစ်ပါတယ်။
သက်ဆိုင်သူ အားလုံးကို ခဏခဏ အလိမ်မခံကြရပါစေနဲ့လို့ သတိပေးလိုက်ရပါတယ်။
mizzima သတင်းမှ
No comments:
Post a Comment