ကရင်အမျိုးသားအပေါင်းတို့ …နအဖ ဗမာ့စစ်တပ်မှ ကျနော်တို့ ကရင်လူမျိုးများအပေါ် ယုတ်မာနေဒါ များနေပါပြီ။ ခုတလော သတင်းတွေမှာ အဆက်မပြတ် ကရင်လူထုကို ညှင်းပမ်းနိုပ်ဆက်ပြီး အမျိုးသားများ သာမက အမျိုးသမီးတွေကိုပါ ပေါ်တာသွားခိုင်းနေဒါ သတင်းတွေကို အမြဲဖတ်သူအဖို့ သိရှိကြပါမည်။ ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ဖာပွန်ခရိုင်၊ ညောင်လေးပင်ရိုင်၊ သထုံခရိုင်၊ တွေမှာ ဗမာစစ်တပ်မှ ကရင်လူထုကို နည်းမျိုးစုံနိုပ်စက်နေဒါမက ယခု မွန်လူ့ အခွင့်အရေးအဖွဲ့ သတင်းတွင်လည်း တနင်္သာရီတိုင်းတွင် နေထိုင်သော ကရင်လူထု အမျိုးသမီးကြီးငယ်တွေအပေါ် စာနာမှုကင်းမဲ့ပြီး လူမဆန်စွာ ပေါ်တာသွားခိုင်းနေတယ် ဆိုဒါတွေကိုတွေ့ ရှိနေရပါသည်… ဒါတွေအားလုံးဟာ ကျနော်တို့ ကရင့်သမိုင်းစာမျက်နှာမှာ စာလုံးမည်းကြီးတွေနဲ့  ထင်ရှားစွာ စွန်းထင်းကျန် နေခဲ့မည့် နိုင်ငံတော်ကို ကာကွယ်စောက်ရှောက်နေပါတယ် ဆိုတဲ့ ဗမာ့တပ်မတော်မှ ဗမာစစ်သားတွေက နိုင်ငံသားများဖြစ်တဲ့ ကျနော်တို့ ကရင်လူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှူတွေပါ။
ဝီရ/ ၆ ဇန်န၀ါရီ ၂၀၁၀
မြန်မာပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းရှိ နအဖစစ်တပ်က ရှေ့တန်းစစ်မျက်နှာ၌ ရိက္ခာသယ်ရန် ဒေသခံ ကရင်ရွာသားများကို ပေါ်တာဆွဲရာတွင် မိန်းကလေးငယ်များကိုလည်း ခေါ်ဆောင်နေကြောင်း မွန်လူ့အခွင့်အရေးဖောင်းဒေးရှင်း (HURFOM) က ပြောသည်။
HURFOM မှ ဆက်ဆံရေးတာဝန်ခံ နိုင်အဲမွန်က “လွန်ခဲ့တဲ့အပတ်က ရှေ့တန်းထွက်ဖို့ ပေါ်တာဆွဲခံရတဲ့ ကရင်ကျေးရွာ (၁၀) ရွာက လူ (၄၄၀) ယောက်ကို နအဖစစ်တပ် (စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ်) စကခ (၂၀) က ဗိုလ်မှူးကြီး သိန်းကျော်မြင့်ရဲ့ ကွပ်ကဲမှုအောက်က တပ်တွေက ခေါ်ခဲ့တယ်။ အဲဒီအထဲမှာ မိန်းကလေးငယ်တွေနဲ့ အသက် (၅၀) ကျော် အမျိုးသမီးကြီး (၁၅) ယောက်လည်း ပေါ်တာဆွဲခံရတယ်။ ခရီးက (၇) ရက်တောင် ကြာတော့ ဒီမိန်းကလေးတွေအတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်။ ပြီးတော့ တချို့မိန်းကလေးတွေက သူတို့အိမ်ကို အခုထိ ပြန်မရောက်သေးကြဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပေါ်တာအထမ်းသမားအတွက် ကရင်ရွာသားများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉) ရက်၌ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ထီးချောင်းဝနှင့် ကင်းနီးခြံကျေးရွာမှ မိန်းကလေးများကိုလည်း ခေါ်ဆောင်သွားကြောင်း၊ တပတ်ပြည့်မြောက်ပြီးဖြစ်သော်လည်း ရွာသားအများစုမှာ နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်း သိရသည်။
နိုင်အဲမွန်က “အိမ်မှာ ယောက်ျားတွေက တိမ်းရှောင်သွားလို့ မိန်းကလေးတွေကို ခေါ်သွားတာ။ မလိုက်မဖြစ် လိုက်သွားရတာ။ ရွာသားတွေကို ကျည်ဆန်တွေ၊ လက်နက်တွေ မသယ်ခိုင်းဘူး။ ဆန်နဲ့ရိက္ခာတွေ သယ်ခိုင်းတာ။ ရွာသားတွေ စားသောက်ဖို့က ကိုယ်တိုင်ယူသွားရတယ်။ ပေါ်တာကြေး မရတဲ့အပြင် ကိုယ့်စရိတ်နဲ့ကိုယ် လိုက်သွားရတယ်။ အဲဒီဒေသက လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံးဒေသ ဖြစ်နေတယ်” ဟု ပြောသည်။
အဆိုပါ အမျိုးသမီးများကို စခန်းတထောက်နားရာ မိုးရိုးကျေးရွာတွင် နောက်ဆုံးတွေ့ဆုံခဲ့ရပြီး နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်း ပေါ်တာဆွဲခံရသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ HURFOM ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
နော်တေ၊ သင်္ဘောဦး၊ သာရဝချောင်း၊ ဇင်းမာခြံ၊ ထီးချောင်းဝ၊ ပါကျင်း၊ ကျောက်လုံး၊ ကင်းနီးခြံ၊ သာမူး၊ မိုးရိုးရွာတို့မှ တရွာလျှင် ရွာသား (၃၀) မှ (၇၀) အထိ ပေါ်တာဆွဲခံကြရပြီး ထိုအရေအတွက်သည် တနင်္သာရီတိုင်းတွင် အများဆုံး ပေါ်တာအဆွဲခံရခြင်း ဖြစ်ကြောင်း HURFOM က ဖော်ပြထားသည်။
ကေအန်ယူ တပ်မှူးတဦးက “အဲဒီဒေသမှာ ၂၀၀၉ နှစ်ဆန်းပိုင်း တိုက်ပွဲဖြစ်ပွားတာ များတယ်။ အခု မိုးကုန်ချိန်ရောက်လာတော့ နအဖက ထိုးစစ်ပြန်စဖို့ ရှိတယ်။ အဲဒီမှာ ရွာသားတွေကို ပိုက်ဆံမပေးဘဲ ပေါ်တာဆွဲတာ၊ လုပ်အားပေးခိုင်းစေတာတွေနဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နအဖစစ်တပ်က အမြဲကျူးလွန်နေတယ်။ အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ပြီး ရွာသားတွေကို သတ်ဖြတ်တာတွေလည်း ရှိတယ်။ ပေါ်တာသမားတွေကို ထွက်ပြေးတယ်လို့ အကြောင်းပြပြီး သတ်လိုက်တာလည်း ရှိတယ်” ဟု ပြောကြားသည်။
အဆိုပါဒေသသည် ထားဝယ်ခရိုင်အတွင်းရှိ ကေအန်ယူ တပ်မဟာ(၄) ထိန်းချုပ်ရာဒေသဖြစ်ပြီး ၁၉၉၇ ခုနှစ်မှစ၍ ကျေးရွာပေါင်း (၁၅) ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ရှိသည့် ရွာ (၁၀) ရွာကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့သည်။
ခေတ်ပြိုင်သတင်းမှရယူသည်။ အစိမ်းရောင်စာသားများသည် ပို့ စ်တင်သူ၏ အရေးအသားများဖြစ်သည်။
No comments:
Post a Comment