Tuesday, January 5, 2010

ဘယ်လိုဖောက်ထွက်ကြမလဲ နိုင်ငံရေးစစ်တမ်း (၁ဝ)

အနှစ်သာရရှိတဲ့ ဆောင်းပါးလေးတပုဒ်ပါ။ ဖတ်ကြည့်လိုက်အုံး

ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ်



နိုင်ငံရေးမှာ (အင်အား) မရှိဘဲ (လှုပ်ရှား) ရခက်ပါတယ်။ (ရလဒ်) ရအောင် လှုပ်ရှားမှုဖြစ်စေ၊ ကြိုးစားမှုဖြစ်စေ၊ ဖန်တီးရခက်ပါတယ်။ ယနေ့ မြန်မာ့နိုင်ရေး လောကမှာ လက်နက်အားကိုးနဲ့ (အင်အား) ယူထားတဲ့ နအဖ- မြန်မာစစ်တပ်နဲ့ လူထုထောက်ခံမှုကို (အင်အား) ယူထားတဲ့ NLD နိုင်ငံရေးပါတီ ဒီ ၂ အုပ်စုပဲ အဓိက ရပ်တည်လျက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လူထုထောက်ခံအားပေးတာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဖြစ်နိုင်တာ တနည်းအားဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပို့ပေးနိုင်တာ စစ်တပ်နဲ့ ဒေါ်စုပဲ ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ငယ်လေးတွေ ဝင်ပြိုင်တယ်၊ ဝင်မပြိုင်ဘူးဆိုတာ ထိရောက်မှုဘက်က ကြည့်ရင် မပြောပြလောက်ပါဘူး။

ဥပမာ ဦးသုဝေတို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေငြာထားပါတယ်။ ဒါ (ကွက်လပ်) ဝင်ဖြည့်ထားတာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပုံသဏ္ဍာန်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ လေဟာနယ် Vaccum မဖြစ်ရအောင် (ကွက်လပ်) ဝင်ဖြည့်ထားတာပဲ။ လေဟာနယ် မဖြစ်စေဖို့ ဖြစ်တာကြောင့် အရေးပါပေမယ့် အပြောင်းအလဲ ဖြစ်လောက်အောင် (အင်အား) မရှိဘူး။ NLD နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ကမှ အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်တာပါ။
ဘာကြောင့် (ကွက်လပ်) ဖြည့်တာဟာ အပြောင်းအလဲ မဖြစ်နိုင်ပေမယ့် အရေးပါတယ်ဆိုတာကိုကျတော့ နောက်ပိုင်းမှာ ဆွေးနွေးတင်ပြပါ့မယ်။

ကျနော့်အမြင်အရ NLD နဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲကို ဝင်လည်း ရတယ်၊ မဝင်လည်း ရတယ်။ ဝင်မယ် မဝင်ဘူး ရွေးတဲ့နေရာမှာ ကိုယ်နေရာ အယူမှန်ဖို့ပဲ လိုတယ် ထင်မိတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ကျနော်က ဝင်စေချင်တယ်။ ဝင်ပြီး နိုင်ငံရေး နယ်ပယ်ကို ဝင်လုစေချင်တယ်။

ဒီနေရာမှာ အငြင်းပွားစရာလေးတွေ ရှိတယ်။ အဓိက ထိရောက်တဲ့ အငြင်းပွားချက်က လုပ်နိုင်တဲ့ (လူ) တွေ မရှိတော့ဘူး။ ဘယ်သူတွေနဲ့ လုပ်မှာလဲ? လို့ မေးလာနိုင်စရာ ရှိတယ်။

အမှန်ပဲ လက်ရှိ အခြေအနေကို ယေဘုယျအရ သုံးသပ်ရင် လူတွေ မရှိတော့ဘူး။ လူတွေကြောက်ကုန်ပြီလို့ ယူဆစရာ ရှိတယ်။ နိုင်ငံရေးမှာ အရေးကြီးဆုံး သင်ခန်းစာတခု ရှိတယ်။ ကိုယ့်လူမျိုးအကြောင်း ကိုယ်သိဖို့တဲ့။ ကျနော်တို့ မြန်မာတွေဟာ သွေးပူဖို့ လိုတယ်။ ကျနော်နားလည်သလောက် ပြောရရင် စစ်အစိုးရကို မုန်းတဲ့ မကျေနပ်တဲ့သူတွေက အများစုပါ။ ဒါပေမဲ့ ဒို့ကတော့ (စ) မလုပ်ဘူး။ (လုပ်) ရင်ဝင်ပါမယ့် (သူ) တွေက (အများစု) ဖြစ်နေတယ်။ ဒါသူတို့ အပြစ်မဟုတ် (ခံ)ရပါများတော့ လူရည်လည်သွားပြီ ဆိုရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ် တင်ဦးတို့လည်း အချုပ်အနှောင်က မလွတ်။ လှုပ်ရှားနိုင်တဲ့ ပြည်တွင်းက NLD CEC နဲ့ ပြည်ပခေါင်းဆောင် နေရာယူထားပြီး ဘာလုပ်ရမှန်းမသိတဲ့ NCGUB တို့ကြောင့်လို့ သုံးသပ်မိတယ်။

နောက်တချက် မြင်မိတာက Non Violence လို့ခေါ်တဲ့ အကြမ်းမဖက်ရေး Idealism အတွေးအခေါ်ကြီးက ခေတ်စားလာတော့၊ (လူ) တွေ Non Violence သမားတွေ ဖြစ်ကုန်ကြရော။ အဝိုင်းထဲ လေးထောင့်သွင်းလို့ မရသလို သဘာဝနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်ကြီး တခုကို ရိုက်သွင်းလိုက်တော့ ဟိုမကျ ဒီမကျ ဘဝ ရောက်ကုန်တယ်လို့ မြင်မိတယ်။ ဘယ်နိုင်ငံမဆို နိုင်ငံရေးဆိုတာက စွန့်စားမှုလေး အရိပ်အယောင် ပြလာရင်တောင် လူတွေရဲ့ ထောက်ခံမှုကို ရလာပြီး (အရှိန်) ရလာကာ (အရှိန်) က တဆင့် (တွန်းအား) အင်အားကို ဖော်ထုတ်ပြီး အောင်မြင်မှုဆိုတာ (ထွက်ပေါ်) လာတာပဲ။

နိုင်ငံရေးရဲ့ ဗဟိုအချက်က (အင်အား) ဖြစ်တဲ့အတွက် နိုင်ငံရေးဆိုတာ Risk လို့ခေါ်တဲ့ (စွန့်စား) မှု ရှိစမြဲပဲ။ စွန့်စားမှုရဲ့ နောက်ကွယ်မှာ (စွန့်လွှတ်မှု) Sacrifice ဆိုတာ အရိပ်ပမာ ဒွန်တွဲလျက်ရှိတယ်။ ဒီ ၂ ချက်ကို ပေါ်အောင်လို့ Conviction လို့ခေါ်တဲ့ (ယုံကြည်မှု) က တွန်းပို့ရတာပဲ။ ဒါကြောင့် နိုင်ငံရေးမှာ ယုံကြည်မှု Conviction ရှိရမယ်လို့ ကျနော် ရဲရဲဆိုရဲတာပါ။ ဒီမိုကရေစီ မရှင်သန်နိုင်တဲ့ အာဏာရှင်အောက်မှာ နိုင်ငံရေးလုပ်ဖို့ (ယုံကြည်ချက်) က ပိုအရေးကြီးလာတာပေါ့။ ယုံကြည်ချက်ဆိုရာမှာ ဝါဒရေးယုံကြည်ချက် Political Conviction သော်လည်းကောင်း၊ နိုင်ငံရေးဝါဒ Political Idealism ကိုပဲ မဆိုလိုပါ။ အမျိုးသားရေး Nationalism ၊ လွတ်လပ်ရေး Freedom စတဲ့ ငါ့လူမျိုး ငါ့တိုင်းပြည် လွတ်လပ်မှု ရှိရမယ်၊ တိုးတက်မှုရှိရမယ် ဆိုတာတွေဟာလည်း စွန့်လွှတ်မှုနဲ့ စွန့်စားမှုကို တွန်းပို့ပေးတဲ့ အင်အား Energy ယုံကြည်ချက်တွေပဲ ဖြစ်တယ်။ လက်ဝဲဝါဒတွေကို မှီပြီးပဲဖြစ်ဖြစ်၊ လကျာ်ဝါဒကို မှီပြီးပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကို အရင်းပြုတဲ့ (ယုံကြည်မှု) ဟာလည်း ပြင်းထန်တဲ့၊ ဖြူစင်တဲ့ ယုံကြည်မှုပဲ။

ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဝါဒစွဲကို အားမကိုးဘဲ အမျိုးသားစိတ် Nationalism ကိုပဲ အခြေပြုပြီး အားလုံးကို ဆွဲခေါ်သွားတာပဲ မဟုတ်လား? ကျနော်တို့ ရာဇဝင်မှာ အလောင်းဘုရား၊ တရုတ်ပြည်က မော်စီတုန်း၊ ကျူးဘားက ကက်စ်ထရို၊ အမေရိကန်က ဂျော့ဝါရှင်တန်တို့ အားလုံးဟာ မျိုးချစ်စိတ်ကို အခြေခံပြီး (စွန့်စား) ခဲ့ကြတာပဲ မဟုတ်လား? နိုင်မယ်ဆိုတာ သေချာလို့ စွန့်စားခဲ့ကြသည်မဟုတ်။ တိုင်းပြည်ချစ်စိတ်နဲ့ ယုံကြည်ချက် အတူတူလူနည်းစု - စုပေါင်း၍ တော်လှန်တိုက်ခိုက်ရဲရာက - တိုက်ပွဲတွေမှာ အောင်မြင်မှု ရလာတာကြောင့် - လူနည်းစုက လူအများစု ဖြစ်လာပြီး လူထုရဲ့ ထောက်ခံမှုကိုရမှ - အောင်မြင်မှုကို ရခဲ့ကြတာပဲ မဟုတ်လား။

သိပ္ပံပညာမှာ F=ma ဆိုတဲ့ Equation (ညီမျှခြင်း) ရှိတာပဲ။ ရွေ့ရှားမှုမရှိရင် Mass (ဒြပ်ထု) ရှိတာတောင် Acceleration (အရှိန်) မရှိတာကြောင့် Force (အင်အား) ဟာ Zero (သုည) မှာပဲ ကျန်ခဲ့ရမှာပေါ့။
ဒါကြောင့် လက်ရှိအားဖြင့် လူတွေဟာ ကြောက်နေပြီလို့ ယူဆစရာရှိပေမယ့်၊ လှုပ်ရှားမှုရှိလာလို့ အရှိန်ရှိလာရင် Mass လူအုပ်ကြီးလည်း များလာပြီ။ တချိန်မှာ ကြောက်ရွံ့ခြင်း Fear ဆိုတာကို ကျော်နိုင်တာပေါ့။

လွယ်သလား?
လွယ်သလား? လို့မေးလာရင် မလွယ်ဘူးလို့ ဖြေရမှာပဲ။ မဆလ ခေတ်က (၈၈၈၈) ၈ လေးလုံး ဖြစ်နိုင်မယ်လို့ ဆိုကြရင် ဝိုင်းအရယ်ခံရမှာပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါက ပေးလာတာကြောင့် ၈ လေးလုံး ဖြစ်ခဲ့ရတယ်။ မထင်မှတ်တဲ့ လက်ဖက်ရည်ဆိုင် ရိုက်ပွဲကလေးက (စ) ခဲ့တာပဲ မဟုတ်လား? ၂ဝ၁ဝ ရွေးကောက်ပွဲကို အခြေခံပြီး နိုင်ငံရေး (အခြေအနေ) ဖန်တီးယူနိုင်ရင် (အီရန် ရွေးကောက်ပွဲ) မှာလို အချိန်အခါ မှန်သွားရင် နိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်တာပေါ့။

N = m a
(Newton and Law of Motion)=(mass)(acceleration)

နောက်တနည်း ကျန်သေးတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခု ကျန်သေးတယ်။ အဲဒါ မြန်မာအများစုဟာ အဖွဲ့အစည်းထောင်ပြီး (အဖွဲ့အစည်း) နဲ့ တိုက်တာထက် (လူ)(ပုဂ္ဂိုလ်) ကို ကြည်ညိုပြီး (တိုက်) ချင်တဲ့ (အကျင့်) ရှိကြတယ်လို့ မြင်မိတယ်။ လွတ်လပ်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီမိုကရေစီခေတ်မှာ ဝန်ကြီးချုပ်ဦးနု၊ အခုခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် တနည်းဖြင့် သူရဲကောင်းကို ကိုးကွယ်တဲ့အကျင့် ရှိကြတယ်။ ဒါကြောင့် အများဟာ Institutional Loyalty ဆိုတာကို နားမလည်ကြဘူး။ Institutional Power ကို နားလည်ဖို့ ပိုဝေးသေးတာပေါ့။

နိုင်ငံရေးအဆောက်အဦး Political Institutional နဲ့ Infrastructure ရှိမှ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ လုပ်နိုင်တာတွေ ပေါ်လာပြီး အားလုံး ကိုယ့်တာဝန် ကိုယ်ကျေမှ ကိုယ့်အဖွဲ့အစည်း ကြီးထွားပြီး (အင်အား) ရှိလာမှ စစ်တပ်က အလေးထား ဂရုပြုလာရမှာပေါ့။

အချိန်ကြာလာတော့ (လုပ်စား) နိုင်ငံရေးတွေကပဲ ရေပန်းစားလာကြပြီး ဒိုနာ အလှူရှင်တွေမှာ ပိုက်ဆံတောင်းကောင်းအောင် ဖွဲ့ထားတဲ့ Interest Group - အကျိုးရှင်အုပ်စုတွေပဲ ငွေရ ရှင်သန်လာခဲ့ကြတာပါ။ အားလုံးဟာ Grass-root အောက်ခြေ စည်းရုံးရေး နိုင်ငံရေးကို မေ့ကုန်ကြပြီး ပလို့ဂျိ ဆိုပြီး Elite Politicians - အခွင့်ထူးခံ ရေပေါ်စီ နိုင်ငံရေးပေါ်ပင် နိုင်ငံရေးဘက် ရောက်ကုန်ကြရော။

ပြည်တွင်းမှာတော့ ဒေါ်စုဟာ Institution - ဒေါ်စုဟာ တော်လှန်ရေးပဲ။ ဒါကြောင့် နအဖ က အကြောင်း အမျိုးမျိုးရှာပြီး ဒေါ်စုကို ထိန်းချုပ်ထားတာပေါ့။ ဒါကို ကောင်းကောင်း သဘောပေါက်တဲ့ ဒေါ်စုက - ယက်တောရဲ့ ကောင်းကျိုးကြောင့် ပြောင်းလဲလာတဲ့ (အခွင့်အရေး) နဲ့ ပြောင်းလဲသွားတဲ့ အမေရိကန်ပေါ်လစီကို ကိုင်ပြီး နိုင်ငံရေး နယ်ပယ်ထွင်ပြီး လှုပ်ရှားလျက်ရှိတယ်။

ဒါ ဒေါ်စုတဦးထဲ ကစားနိုင်တဲ့ နိုင်ငံရေး ကျားကစားကွက်ပဲ။ သိမ်မွေ့တဲ့ အခြေအနေကြောင့် ဒါထက်ပိုပြီး ဆွေးနွေးခွင့် မရှိပါ။
mizzima သတင်းမှရယူသည်။

No comments:

Post a Comment