Friday, February 12, 2010

ပြည်ထောင်စုနေ့ကို နားလည်ကြည့်ခြင်း

Friday, 12 February 2010 18:03 နာဂင်ပေါင်ကစ်ပ်ဂင် (Nehginpao Kipgen)

ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဒီအချိန်မှာ ရှမ်း၊ ကချင်၊ ချင်းဒေသ တွေက ကိုယ်စားလှယ် ၂၃ ဦးဟာ ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ဖို့ အတွက် မြန်မာကြားဖြတ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

လက်ရှိ မြန်မာစစ်အစိုးရက နိုင်ငံရဲ့အမည်ကို Burma ကနေ Myanmarလို့ ၁၉၈၉ ခုနှစ်မှာ ပြောင်းခဲ့တာပါ။ ဒါပေမယ့် မြန်မာ အတိုက်အခံ အင်အားစုတွေနဲ့ အနောက်နိုင်ငံ အတော်များများက Burma လို့ပဲ ဆက်သုံးနေကြပြီး ကမ္ဘာ့အရှေ့နိုင်ငံ အများစု နဲ့ ကုလသမဂ္ဂတို့ကတော့ Myanmar လို့ ပြောင်းလဲ ခေါ်ဝေါ်ကြပါတယ်။

ပင်လုံစာချုပ်ဟာ မျက်မှောက်ခေတ် မြန်မာနိုင်ငံ သမိုင်းမှာ အချိုးအကွေ့တခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဟာ တောင်တန်းဒေသတွေက တိုင်းရင်းသားခေါင်းဆောင်တွေ အတူတွေ့ဆုံပြီး ညှိနှိုင်းနိုင်အောင် အချက်အချာကျတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့တာပါ။ သူဟာ အသက် ၃၂ နှစ် အရွယ်မှာ လုပ်ကြံ ခံရပါတယ်။

ပြည်ထောင်စုနေ့ဟာ မြန်မာပြည် ဗြိတိသျှ ကိုလိုနီ ထမ်းပိုးအောက်ကနေ ၁၉၄၈ ဇန်န၀ါရီလမှာ လွတ်လပ်ရေးရမယ့် ရှေ့ပြေးနိမိတ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းက တိုင်းရင်းသားနိုင်ငံရေးကိစ္စတွေ အတွက်လည်း သမိုင်းမှတ်တိုင်တခု ဖြစ်စေခဲ့ပါတယ်။ ပြည်ထောင်စုနေ့ရဲ့ အရေးပါမှုကတော့ မြန်မာနိုင်ငံကို တိုင်းရင်းသားလူမျိုးစုတွေ အများအပြား နေထိုင်ဖို့ အိမ်တဆောင် ဖြစ်လာစေတာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာ့လွတ်လပ်ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ လန်ဒန်သွားတုန်းက တောင်တန်း ဒေသတွေက ကိုယ်စားလှယ်တွေ တယောက်မှ မပါဝင်ခဲ့ပါဘူး။ အစည်းအဝေးမှာ ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့်အက်တလီက ဗိုလ်ချုပ်အောင်ဆန်းကို တောင်တန်းဒေသ ခေါင်းဆောင်တွေရဲ့ ဆန္ဒမပါဘဲ အဲဒီ ဒေသတွေကို ပြည်ထောင်စု မြန်မာနိုင်ငံထဲ ပါဝင်လာဖို့ အကျပ်မကိုင်သင့်ဘူးလို့ ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သူတွေ အကွဲကွဲ အပြားပြား ဖြစ်အောင်လုပ်တာ ဗြိတိသျှအစိုးရ ဖြစ်တယ်လို့ စောဒက တက်ခဲ့ပါတယ်။ “ကျနော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို သိတဲ့အတွက် ဒီနေရာမှာ ကျနော် ရဲရဲ အာမခံနိုင်တာက လူမျိုးတိုင်း လွတ်လွတ်လပ်လပ် အတူတကွ တွေ့ဆုံနိုင်တဲ့ အခွင့်အလမ်း ရှိမယ့်အပြင် ပြင်ပစွက်ဖက်မှု ကင်းတဲ့၊ အလုပ် လုပ်နိုင်ခွင့်တွေ ရရှိမယ့်၊ စုစည်းတဲ့မြန်မာနိုင်ငံကို ထူထောင်ရေးမှာ မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေ ကျနော်တို့ဆီမှာ မရှိဘူး ဆိုတာပါပဲ” လို့ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့ထုတ် လန်ဒန်တိုင်းမ် သတင်းစာကြီးထဲမှာ ကိုးကား ဖော်ပြခဲ့ပါတယ်။

အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို မမျှမတ ပြုမူ ဆက်ဆံလေမလား ဆိုတဲ့ ဗြိတိသျှအစိုးရရဲ့ ပူပန်မှုတွေကို ဖြေသိမ့်တဲ့ အနေနဲ့ ဗိုလ်ချုပ်က “ဗမာတွေ တကျပ်ရရင် ခင်ဗျားတို့ တိုင်းရင်းသားတွေ တကျပ် ရလိမ့်မယ်” လို့လည်း သမိုင်းဝင်စကား ပြောခဲ့ပါသေးတယ်။

အဲ့ဒီလို ဗိုလ်ချုပ်အောင်ဆန်းဆီက အာမခံချက်ရပြီးတဲ့နောက်မှာတော့ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်တွေဟာ မြန်မာကြားဖြတ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတော့တယ်။ ကြားဖြတ်အစိုးရနဲ့ လက်ငင်း ပူးပေါင်း ဆောင်ရွက်ရင် လွတ်လပ်ရေး ပိုပြီး မြန်မြန် ရလာနိုင်တယ်လို့ ပင်လုံညီလာခံကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ယုံကြည်ခဲ့ကြတာပါ။

ရှမ်း၊ ကချင်နဲ့ ချင်းတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀နဲ့ တိုင်းပြည်ရဲ့ ချမ်းသာကြွယ်ဝမှုကို သာတူညီမျှ ခံစားစေရမယ် ဆိုတဲ့ ကတိတွေကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် ဖွဲ့စည်းမှုကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်တွေကတော့ သူတို့ကို သီးခြား လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ဗြိတိသျှက အသိအမှတ် ပြုလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ပင်လုံညီလာခံမှာ ဆွေးနွေးကြတဲ့ အထူးခြားဆုံး အချက်တခုက တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ပေးမယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကို ဒီနေ့အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ပင်လုံစာချုပ်ရဲ့ အခြေခံက စုစည်းတဲ့ နိုင်ငံတခု တည်ထောင်ဖို့ပါ၊ တောင်တန်းဒေသတွေမှာ ရှိနေပြီးဖြစ်တဲ့ မိရိုးဖလာ လုပ်ပိုင်ခွင့် ဒါမှမဟုတ် ကိုယ်ပိုင် အုပ်ချုပ်မှုတွေကို အဆုံးသတ်စေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။

ပင်လုံစာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့လို့ လူများစုဖြစ်တဲ့ ဗမာတွေ ဦးဆောင်တဲ့ ဗဟိုအစိုးရနဲ့ တခြား တိုင်းရင်းသားလူမျိုးတွေ ကြားမှာ သံသယနဲ့ နားလည်မှုလွဲတာတွေ ကြီးထွားလာခဲ့ပါတော့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ ၁၉၄၇ ခုနှစ်ကတည်းက စလို့ လူနည်းစုတွေရဲ့ အဓိက တောင်းဆိုချက် ဖြစ်ခဲ့ပြီး အခုထိလည်း အခရာ ကျတဲ့ကိစ္စတခုအဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ဆန့်ကျင်မှုတွေ အပါအ၀င် တိုင်းရင်းသားနိုင်ငံရေး ပဋိပက္ခတွေဟာ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာတွေရဲ့ အဓိကနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပါတယ်။ ဒီလူနည်းစု ရေးရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းမှု မရှိသရွေ့တော့ မြန်မာပြည်မှာ ဒီမိုကရေစီ ရရင်တောင်မှပဲ ပဋိပက္ခတွေ ဆက်လက် တည်ရှိနိုင်ဖွယ် ရှိပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ တခါက တောင်တန်းဒေသတွေလို့ ခေါ်ဝေါ်ခဲ့ကြတဲ့ ဒေသတွေရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေးအရ အဖြေတခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ အဲ့ဒီအရာကို ပြည်ထောင်စုကြီး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲဖို့ ဦးတည်စေတဲ့ အရာလို့ မြင်ပါတယ်။

နိုင်ငံရေး ကိုယ်ပိုင် လွတ်လပ်ခွင့်ဟာ ခွဲထွက်ရေးလို့ သဘော မသက်ရောက်ပါဘူး။ မြန်မာပြည်က တိုင်းရင်းသား လူနည်းစုတွေဟာ ခွဲထွက်ရေးသမားတွေ မဟုတ်ကြသလို ခွဲထွက်ရေးကို လိုလားသူတွေလည်း မဟုတ်ကြပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိမှသာ သူတို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းနိုင်ဖို့ အခွင့်အလမ်း ရလာလိမ့်မယ်လို့ သူတို့က ယုံကြည်တာပါ။

တိုင်းရင်းသားလူနည်းစုတွေက တနိုင်ငံလုံးရဲ့ မြေဧရိယာ သုံးပုံ တပုံမှာ နေထိုင်ပြီး တနိုင်ငံလုံး လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ သူတို့ဟာ ၁၉၉၄ ခုနှစ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုထားတဲ့ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလူမျိုးစုတွေ ကြားမှာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့အတွက် ကာလအတော်ကြာ စည်းရုံး လှုပ်ရှားနေခဲ့ကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကသာ တောင်တန်းဒေသတွေကို နိုင်ငံရေးအရ တန်းတူရည်တူ ရှိမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာတွေနဲ့ ပတ်သက်ပြီး ကတိမပေးခဲ့ဘူးဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာလည်း ပေါ်ပေါက်ချင်မှ ပေါ်ပေါက်လာနိုင်ပါလိမ့်မယ်။

လူဦးရေ အချိုးအစားက ဘယ်လိုပဲ ရှိနေပါစေ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးတွေ တန်းတူ ရှိမှသာ ပြည်ထောင်စု မြန်မာနိုင်ငံဟာ ပေါင်းစည်းညီညွတ်ပြီး အားမာန်တက်ကြွတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာနိုင်မှာပါ။ အခြားအခွင့်အရေးတွေအပြင် လူမျိုးစုတိုင်းကို သူတို့ကိုယ်ပိုင် ယဉ်ကျေးမှု နဲ့ စာပေတွေ ထွန်းကား ပြန့်ပွားနိုင်ဖို့ အတွက် အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။

ဘယ်တိုင်းရင်းသား လူမျိုးစုကို မဆို အမြစ်ဖြတ် ချေမှုန်းဖို့ စစ်အစိုးရက စစ်ရေးအရဖြစ်စေ ယဉ်ကျေးမှုအရဖြစ်စေ တမင် ရည်ရွယ် ကြိုးစားတယ် ဆိုရင် အဲ့ဒီ လုပ်ရပ်ဟာ ပြည်ထောင်စုနေ့ စိတ်ဓာတ်ကို ဆန့်ကျင်တဲ့လုပ်ရပ်ပါပဲ။ ၆၃ နှစ် ကြာခဲ့ပေမယ့် မြန်မာပြည်က တိုင်းရင်းသား လူနည်းစုတွေကတော့ ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရကို အခုထိ ငြင်းပယ်ခံနေရဆဲ ဖြစ်ပါတယ်။

နာဂင်ပေါင် ကစ်ပ်ဂင်၏ Understanding Burma's 'Union Day' ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။ နာဂင်ပေါင် ကစ်ပ်ဂင်သည် အမေရိကန်ပြည်ထောင်စုအခြေစိုက် Kuki International Forum အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဖြစ်ပြီး မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေး ပဋိပက္ခများကို သုတေသန ပြုနေသူတဦး ဖြစ်သည်။
ဧရာဝတီသတင်းမှ

1 comment: