Saturday, February 20, 2010

တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့သူ

Saturday, 20 February 2010 14:59 ဧရာဝတီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၃၁၂ အမြောက်တပ်ရင်းမှ တပ်စုမှူး ဗိုလ်ရဲထက် ဟာ မေမြို့ စစ်တက္ကသိုလ် မဟာသိပ္ပံ ပထမနှစ်တက်နေရင်း မြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို မခံစားလာနိုင်တဲ့ အတွက် ထိုင်းမြန်မာ နယ်စပ်တနေရာကို ဇန်န၀ါရီလလယ် လောက်မှာ ထွက်ပြေးလာပါတယ်။ ယနေ့ မြန်မာစစ်တပ်ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံ မေးမြန်း ဖော်ပြလိုက်ပါ တယ်။

မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာရတာလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထား စီးပွားရေးအရပြည်သူလူထုတွေအရမ်းကြပ်တည်း နေ တယ်။ နောက်ပြီး လူမှုရေး၊ နိုင်ငံရေးအရလည်း နိုင်ငံမှာအများကြီးချွတ်ယွင်းနေတယ်။ ဒီလို ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊ လက်နက်ပစ္စည်းအတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ ဒီအပေါ်မှာ တပ်မတော်သားတယောက်အနေနဲ့ကတော့ သုံးမယ့်လက်နက်ပစ္စည်းခေတ်မီလာတယ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းလာနိုင်လာတဲ့အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေတိုးတက်လာတဲ့အပေါ်မှာ ဂုဏ်ယူသဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခု တည်း တိုးတက်လာရုံနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံတိုးတက်ရမယ် ပြည်သူလူထု ရဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ်ရပ်တည်နိုင်မှာဖြစ်တယ်။ ဒါကြောင့် မိမိအဖွဲ့အစည်းတိုးတက်မှုတခုတည်းအတွက် မကြည့်ဘဲနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ အားလုံးကိုဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အဲ့ဒီအပေါ်မှာအမြင်မတူတဲ့ အနေ အထားနဲ့ အဓိကထွက်လာရတယ်။

နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ အားထားရာဖြစ် တယ်။ ဒီလိုမှမဟုတ်ဘဲနိုင်ငံသူ နိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေဖြစ်လာတယ်ဆိုရင် တပ်မတော် ဖွဲ့စည်းထားတာဟာအလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်မှာခဲ့တဲ့စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရလုပ်ဆောင်ရတာ တွေရှိတယ်။ ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံအကောင်အထည်ဖော်ပြီး အမိန့်ကိုနာခံရတဲ့စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြား ဖြစ်လာတဲ့အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲ တပ်မတော်ရဲ့လုပ်ရပ်လို့မြင်လာတယ်။ ပြည်သူနဲ့တပ်မတော်ဟာ တသားတည်း မဖြစ်တော့ဘူး။ ပြည်သူ ကမွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာ ပြည်သူ့အတွက်မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲ လို့ ကျနော့်အနေနဲ့မြင်တယ်။ ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ်
တပ်မတော်သားတယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။

မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။ နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ရှင်းပြပေး ပါ။ တပ်မတော်မှာ အရာရှိနဲ့ အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေရှိတယ်ကြားရတယ်။ အဲဒါ လည်းပြောပြပေးပါ။

ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာ တပ်နဲ့ပါတ်သတ်တဲ့အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့ တပ်ပိုင်းဆိုင်ရာကို အုပ် ချုပ် ပိုင်ခွင့်မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့် တောင်ဒီလိုဖြစ်နေတယ်ဆိုရင် ကျန်တဲ့ကျနော်တို့လို အရာရှိငယ် တွေမှာလည်း မရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများ တပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့အကျိုးစီးပွားကိုဖြစ်စေမယ့် စစ်သည်လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေလုပ်တယ်။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲကြည့်ပြီး ကျန်တဲ့စစ်သည်၊ ရဲမေတွရဲ့အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ကိုယ်ကျိုးအတွက်ပဲ ဒီစစ်သည်တွေနဲ့ အလုပ်လုပ်သွားတဲ့အနေအထားတွေရှိတယ်။ ဒီလိုအချိန်မှာ ကျနော်တို့အရာရှိငယ်တွေနဲ့ ကျန်တဲ့စစ်သည်တွေဟာ ကြားထဲမှာဘာမှသုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့အထက်လူကြီးတွေက အောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့ တဲ့ အနေအထားတွေ၊ အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေရှိတယ်။ ဒါပေမယ့် စစ်သား ဖြစ်နေတဲ့အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့ အောင့်အည်းသီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။

မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့သူတွေက များတယ်လို့ ကြားသိရပါတယ်။ တပ်ထဲက ထွက်ချင်ရသူတွေအကြောင်းလည်းပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့ အရာရှိစစ်သည်တွေအများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေ မဟုတ်ပါဘူး။ ကျနော်တို့ အရာရှိငယ်ထဲမှာပဲ တပ်ကထွက်ရရင် ပြီးရော ဆိုပြီးတော့လုပ်နေကြတဲ့ကဏ္ဍတွေ အများအပြားရှိတယ်။ ဟိုတခါတည်းနဲ့ ထွက်လို့မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။ အဓိကဒီတပ်ကထွက်ရရင်ပြီးရောဆိုတဲ့ ခံစားချက်တွေများတယ်။အခြား အဆင့်တွေထဲမှာဆိုပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့တပ်မှာဆိုရင် ဆေးဘုတ်ရသူက အနားယူသွားရရင် ဒီ တပ်ကနေထွက်ခွင့်ရပြီ။ ထွက်မိန့်လည်းကျပြီ။ ဒါပေမယ့်တပ်မှာလိုလို့ ဆိုပြီးတော့ခေါ်သုံးထားတယ်။ အဲ့ဒီလို အနေအထားမျိုးတွေရှိတယ် အဲဒီတော့သူ့ကိုဒီလိုခေါ်သုံးတဲ့အတွက်ကော လက်ရှိ လစာပေးလားဆိုတော့ ဒါတွေကလည်းပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့အတွက် လစာမရတော့ဘူး။

ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒီတော့ အားလုံးလိုလိုက ဒီတပ် ကနေထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာ ထွက်ပြီးသွားတဲ့လူတောင်မှ လိုအပ်ချက်အရဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ ကျန်တဲ့မထွက်ရသေးတဲ့လူတွေကိုလည်း တော်တော်နဲ့တော့ အခုနောက်ပိုင်းမှာထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲဆိုရင်တော့ ကျနော့် ထင်မြင်ယူဆချက်အရဆိုရင် လက်ရှိတပ်မတော်က တပ်အင်အားတွေ အများကြီး တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ်စုဆောင်းရရှိမှုမှာ နည်း တယ်။ အဲ့ဒီပြင် ဒီလိုလွယ်လင့်တကူထွက်ခွင့်မရတဲ့ အခါကျတော့ကျနော်တို့ အင်အား ပြုန်းတီးမှုပေါ့။ တပ် ပြေးတွေဖြစ်တယ်။ ထောင်တွေကျတယ် အဲ့ဒီလိုမျိုးတွေဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်း ရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုကပိုများတယ်။

အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကို ထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာထွက်ချင်ရင်အသစ် ၅ ယောက်ရှာပေး၊ အဲ့ဒီလိုအနေအထားမျိုးတွေနဲ့ ကြုံရတဲ့ဟာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင်ပြီးရောဆိုပြီး ဖြစ်လာကြတယ်။ အဲ့ဒီမှာပဲတွေ့ တဲ့ လူကိုခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ ဒီတပ်ကထွက်ချင်ကြတာက အဓိကတခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ရှိတဲ့အဆင့် အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေမရှိတော့ဘူး။ လုပ်ပိုင်ခွင့်ဆိုတာက အခုလုပ်နေတဲ့အစိုးရ ဒီဗိုလ်ချုပ် တွေလုပ်နေသလိုမျိုး သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုပြောတာမဟုတ်ဘူး။ ကျနော်တို့ဒီတပ်ပိုင်းဆိုင်ရာ အထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့်စည်းကမ်းပြည့်ဝတဲ့ တပ်မတော်တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့အနေအထားမျိုး ဖြစ်နေတယ်။

မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ ဂျူနီယာအုပ်ချုပ်မှုစနစ်ရှိတယ်။ စီနီယာ၊ဂျူနီယာအုပ်ချုပ်မှုမှာ အပြစ်ပေး၊ အရေးယူတဲ့ဟာတွေကို သဘောလည်းကျပါတယ်။ သဘောကျတယ်ဆိုတာက ဘယ်လို သဘောကျလဲ ဆို ရင် ဒီအပြစ်တခုအတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေပေးရမှာ။ ဥပမာထားပါတော့ ဆေးလိပ်မသောက်ရဆိုတဲ့ဟာကို ကျနော်ကဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေ သူကအပြစ်မပေးဘဲနဲ့ရုံးတင်လိုက်ရင် ကျနော်အမှတ်လျော့မယ်။ အမှတ်လျော့သွားရင် သူများထက်ကျနော်နောက်ကျမယ်။ အမှတ်နည်းသွားမှာ ဖြစ်တဲ့အတွက် ဒါဘဝထဲကပေးရတယ်လို့ ကျနော်တို့သုံးနှုန်းတဲ့အသုံးအနှုန်းဖြစ်တယ်။ အဲ့လိုဘဝထဲက မပေးရအောင် မြင့်တဲ့စီနီယာကနေသူ့ကို ထိုက်သင့်တဲ့အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။

အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေလုပ်လာသလဲဆိုတော့ ဥပမာ ကျနော်တို့တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကို စာမေးပွဲနီးတာကို စာမကျက်ဘူးပြီးတော့ Position ဒီတပ်စုရဲ့ Transition ကို မထိန်းဘူးဆိုတဲ့အနေအထားမျိုးနဲ့ ကျနော်တို့စာမေးပွဲပြီးတော့ တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။ အပြစ်ပေးတယ်ဆိုတာလည်း သူတို့က စေတနာနဲ့အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စု က စီနီယာတွေက မဆီမဆိုင်ဝင်ပြီးအပြစ်ပေးတာတွေ ရှိတယ်။ အပြစ်ပေးတဲ့အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက်နေတဲ့အချိန်မှာ နောက်ကနေ စတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ ကျနော့်ကိုအမြင်မတော်ဘူးထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ်အနေနဲ့ ကျနော်တို့တပ်စုကို
အပြစ်ပေးပြီးတဲ့အချိန်မှ ကျနော့်ကိုသီးခြားခေါ်ပြီးအပြစ်ပေးရင် ကျနော်လက်ခံနိုင်တယ်။ တပ်စုကအပြစ်ပေး
တဲ့အချိန်မှာဝင်ပြီးတော့ အပြစ်ပေးတာလည်းမဟုတ်ဘူး။ သူများပေးတဲ့ဟာကို ကောင်းကောင်းလိုက် မလုပ် ဘူးလားမင်းက Fighter လားတို့ ဘာတို့ ဆိုတဲ့အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်းပြောပြပါဦး။

ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။ လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။ စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ်တပ်ခွဲမှူး။ အဲဒီ ဌာနချုပ်တပ်ခွဲမှူး ကမှ တပ်ရင်းမှူးသင်တန်းတွေတက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့ တပ်ခွဲမှူးရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအားမပြည့်ဘူးပေါ့။ လူအင်းအား အရတော့ ဘာမှမဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။ အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့ လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့်တာဝန်ကို ထမ်း ဆောင်နိုင်ရမယ် မိမိရဲ့ အထက်နှစ်ဆင့်မြင့်တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင်ထမ်းဆောင်ရမယ်လို့ ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့ တဆင့်မြင့်တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်နိုင်ရမှာဖြစ်တယ်။ ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင် လည်း ကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲ လူအင်းအားမပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာ အများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာအများဆုံးပဲ။

မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကိုလွှတ်တယ်လို့ ကြားတယ်။ ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။

ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။ အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်က လူတွေကိုလွှတ်တယ်။ အမြောက်နဲ့ပတ်သတ်တဲ့ စစ်ပညာကို
တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကိုလွှတ်ပါတယ်။

မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းက လွတ်လပ်ရေး စယူတုန်းက ကျနော် တို့ ရှေ့က တပ်မတော်သားတွေဟာ လွတ်လပ်ရေးအတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင် တယ်။ ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေကံကောင်းပါတယ်။ ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီး လုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှမရှိခဲ့ဘူး။ ကံဆိုးတယ်လို့ လည်း ပြောလို့ရတယ်။ ကျနော်တို့ တပ်မတော်ကိုရောက်တဲ့အချိန်မှာ စစ်တပ်ထဲမှာ အရာရှိဖြစ်တဲ့အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ ဘာကြောင့်မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ် မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကိုသက်ရောက်လည်းဆိုတော့ စစ်တပ်က အစိုးရခိုင်းတော့ လုပ်ရ တယ်။
ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့စစ်တပ်ကို မခွဲတတ်အောင်လုပ်ထားတယ်။ စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက်အုပ်ချုပ်နေ တယ်။ သူတို့ မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်းဝတ်ထားတယ်။ အုပ်ချုပ်သူလည်း ယူနီဖောင်းဝတ် ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်းဝတ်ထားတယ်။ အတူတူလို့ထင်တယ်။ စစ်တပ်ထဲကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေ စီးပွားရေးကြပ်တည်းနေကြတယ်။ စစ်သည်တော်တော်များလည်း လစာထုပ်ရင် လစာကို အကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့။ ။
ဧရာဝတီမှ

No comments:

Post a Comment