Wednesday, March 31, 2010
မင်းကို မွမွကြေအောင် ကိုက်စား ၀ါးမြိုပစ်လိမ့်မည် မိတ်ဆွေ
“နားများဖြင့် ကြည့်ရှူခြင်း” အစီအစဉ်လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းရဲ့ အဓိပါယ်လိုရင်းကို အကျည်းချုပ် ပြန်ဆိုပေးပါသည်။ နားဆင်ခံစားကြည့်ပါအုံး။
မြို့ ပြမှာနေသူ တောင်ပေါ် နေသူ
မြစ်ဝှမ်းကျွန်းပေါ်နှင့် ဒေါနမြေမှ သွေးရင်းတို့ 
သတိကြီးစွာဖြင့်နေပါ မိတ်ဆွေ
အိမ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ အလုပ်ခွင် နေရာတိုင်း ၌ ဖြစ်စေ
မင်းကို မွမွကြေအောင် ကိုက်စားပစ်လိမ့်မည် သူငယ်ချင်း။
မင်း စကားကို “ချ”စားလိမ့်မည်
မင်းရိုးရာကို “ချ”စားလိမ့်မည်
မင်းယဉ်ကျေးမှုကို “ချ”စားလိမ့်မည်
မင်းဓလေ့ထုံးထမ်းကို “ချ” စားလိမ့်မည်
သမိုင်းအားလုံးကို သူတို့ က မွမွကြေအောင်ကိုက်ပြီး ၀ါးမြိုပစ်လိမ့်မည်။
မင်းရဲ့အိမ်ကို “ချ”စားလိမ့်မည်
မင်းတိုင်းပြည်ကို “ချ”စားလိမ့်မည်
မင်းမျိုးနွယ်စုကို “ချ”စားလိမ့်မည်
ကိုယ့်ကိုယ်ကို ကာကွယ်ပါ.
မင်းရဲ့ သမိုင်းအားလုံး အ၀ါးစားခံရမည် အဖျောက်ခံရမည်။
ဘွဲ့ သွေးနီမှ စုစည်းပေးပို့ သည်။
၃၁၊ ၀၃၊ ၂၀၁၀
Type the rest of your post here.
Tuesday, March 30, 2010
လင်းယုန်ငှက်၏ အချိန်ကိုက် ထိုးသုတ်မှုနှင့်တူသော ဆုံးဖြတ်ချက်
စိုးနေလင်း | အင်္ဂါနေ့၊ မတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်
စစ်အစိုးရက တတိုင်းပြည်လုံးကို စစ်ကျွန်အဖြစ် ထာဝရသွတ်သွင်းဖို့၊ အာဏာသိမ်း တရားမဝင် စစ်အစိုးရဘဝက တရားဝင် စစ်အစိုးရဘဝကို အရေခွံလဲဖို့ အဆုံးသတ် ကြိုးစားတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တတိုင်းပြည်လုံး ပြည်သူတရပ်လုံးကိုယ်စား အဆုံးအဖြတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာ ပါတီရဲ့ တရားဝင် ရပ်တည်ရေးကို ထည့်သွင်းစဉ်းစားရသလို တဖက်မှာလည်း ပြည်သူလူထုက ယုံကြည်အပ်နှံလွှဲအပ်ထားတဲ့ တိုင်းပြည်ကို လူ့အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေး လောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ အချိန်ကတည်းက ခင်ပွန်းသည်၊ သားသမီးနဲ့ မိသားစုဘဝ ဆိုတဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေကို စွန့်လွှတ်စတေးပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တိုင်းပြည်ရဲ့ ပြည်သူလူထုမျက်နှာကိုပဲ ကြည့်လာခဲ့တယ် ဆိုတာကတော့ အထူးပြောနေစရာ လိုမယ်မဟုတ်ပါဘူး။ တိုင်းပြည်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်အစိုးရကို အံတုရင်ဆိုင်ရတဲ့ အခါတိုင်းလည်း တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို အဓိက အလေးထားပြီး လူကြီးလူကောင်းဆန်ခဲ့သလို သဘောထား ပျော့ပျောင်းခဲ့ပါတယ်။
ဒါပေမဲ့ ပျော့ပျောင်းသလိုပဲ မာကျောခဲ့ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် စစ်အာဏာသိမ်း အစိုးရကတော့ ဘယ်တုန်းကမှ လူကြီးလူကောင်း မဆံခဲ့သလို၊ ပျော့ပျောင်းနူးညံ့တယ် ဆိုတာလည်း မရှိခဲ့တာ မြန်မာတင်မက ကမ္ဘာအထိ သိကြပြီး ဖြစ်ပါတယ်။ အရက်စက်ဆုံး၊ အမိုက်ရိုင်းဆုံး၊ အယုတ်မာဆုံး၊ အကောက်ကျစ်ဆုံး၊ လူမဆန်ဆုံး ဆိုတဲ့ နည်းလမ်းတွေကိုပဲ သုံးပြီး ရဟန်းရှင်လူ ပြည်သူလူထုအားလုံးကို ဖိနှိပ်ညှဉ်းဆဲ သေနတ်မိုး အုပ်ချုပ်လာခဲ့တာပါ။
အခုအချိန်ကတော့ တကယ့်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကြီး တရပ်လုံးက စစ်အစိုးရက ခေါ်ယူလိုက်တဲ့ လမ်းကြောင်းအတိုင်း၊ လျှောက်စေချင်တဲ့ လမ်းအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရပ်တည်ရေး တခုတည်း ဦးစားပေးပြီး လိုက်သွားမလား၊ ပြည်သူလူထုကြီး တရပ်လုံးရဲ့ တကယ့်စိတ်ဆန္ဒနဲ့ လိုလားချက်တွေကို မျက်နှာလွှဲခဲပစ် လုပ်လိုက်မလားဆိုပြီး ရင်တမမနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြတာပါ။
ဂန္ဒီခန်းမကိုပါ ထည့်တွက်မယ်ဆိုရင် အခုတကြိမ်ဟာ ၄ ကြိမ်မြောက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဂန္ဒီခန်းမကလွဲရင် ကျန်တဲ့ အကြိမ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး၊ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံနိုင်ဘူး၊ ပါတီမှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပါအဝင် ဖြစ်ပါတယ်။
ဒီတကြိမ် အဆုံးအဖြတ်ကတော့ ပါတီထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင်တွေကပဲ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ အကျဉ်းကျခံနေတဲ့ ဗဟိုကော်မတီဝင်တွေကလွဲရင် ကျန်တဲ့ တိုးချဲ့ဗဟိုကော်မတီဝင်တွေအထိပါ ပါတယ်။
တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခင်ဗျား .. ကျေးဇူးလည်း တင်ပါတယ်၊ လူထုတောင့်တနေတဲ့ တိုက်ပွဲကို ခေါ်ယူလိုက်တာပါပဲ။
တပြိုင်နက်တည်းမှာပဲ ဒီဆုံးဖြတ်ချက်ရဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ ပြည်ထောင်စုတခုကို ခိုင်ခိုင်မတ်မတ် တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်တွေရဲ့ ဖိစီးနှိပ်ကွပ်မှု၊ ရက်စက်ကြမ်းတမ်း ကောက်ကျစ်မှုတွေကို ခုခံတန်ပြန်တိုက်ခိုက်ဖို့ မှန်ကန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ အခိုင်အမာ ချမှတ်ထားဖို့ အဲဒီမဟာဗျူဟာ၊ နည်းဗျူဟာတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် လူထုကို ရှေ့ဆောင်လမ်းပြ လုပ်နိုင်ဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံမယ့်သူတွေ အများကြီး ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မယ်။
ပြည်ပက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ အလံတော်အောက်ကနေပြီး စစ်အာဏာရှင်စနစ်ကို အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေ အားလုံးကို အသုံးပြုပြီး ဆန့်ကျင်တိုက်ခိုက်သွားကြဖို့ လိုအပ်ပါလိမ့်မယ်။
ပြည်တွင်းက ပြည်သူလူထုတွေအနေနဲ့လည်း မိမိတို့ လိုလားတောင့်တနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ပြီးဖြစ်လို့ ပါတီရဲ့ ဦးဆောင်လမ်းညွှန်မှုအတိုင်း ဖော်ဆောင်ပေးလာမယ့် တိုက်ပွဲပုံစံအတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ကိုယ်နဲ့မဆိုင်ဘူး၊ အန္တရယ်များတယ်၊ ကိုယ့်စီးပွား ကိုယ်ရှာနေတာပဲ ကောင်းပါတယ် စတဲ့ အချောင်သမား စိတ်ဓာတ်တွေကို မမွေးမြူသင့်ကြပါဘူး။ ကိုယ်စီကိုယ်စီက မတရားမှု၊ မတရားတဲ့ အမိန့်အာဏာတွေကို အာခံဆန့်ကျင်ဖို့ သတ္တိမွေးကြရပါလိမ့်မယ်။ ”တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏” ဆိုတဲ့ စကားအတိုင်း ပေါင်းစည်းလို့ ရနိုင်သမျှ အင်အားတွေကို ပေါင်းစည်းဖို့ ကြိုးစားကြရပါလိမ့်မယ်။
ကျနော်တို့ဘက်မှာ ပြည်သူလူထု သန်းပေါင်း ၅ဝ ကျော် ရှိပါတယ်။ စစ်အစိုးရရဲ့ဘက်မှာ ၄ သိန်းကျော်ပဲ ရှိပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုရဲ့ သားသမီးတွေဖြစ်တဲ့အတိုင်း ပြည်သူလူထုဘက်ကို ကူးပြောင်းပူးပေါင်းလာနိုင်မယ့် သူတွေလည်း ရှိနေကြပါသေးတယ်။ သူတို့တွေကိုလည်း အမှားကအမှန် အမှောင်က အလင်းဘက်ကို ကူးပြောင်းလာကြဖို့ စည်းရုံးသိမ်းသွင်းကြရပါလိမ့်မယ်။ သူတို့ကိုယ်တိုင်လည်း အသေအချာ စဉ်းစားရမယ့်အချိန် ဖြစ်ပါတယ်။ အမှန်တရားနဲ့ ပြည်သူလူထုကြီး တရပ်လုံးဘက်က ရပ်မလား၊ မတရားတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ဆိုသူတွေဘက်က ရပ်တည်မလားဆိုတာပါပဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုကြီးရဲ့ တခဲနက် ပါဝင်ဆောင်ရွက်မှုကို ရယူပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပါလိမ့်မယ်။ ပြည်ပနိုင်ငံ အသီးသီးက ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင် အင်အားစုတွေအနေနဲ့လည်း တပြိုင်နက်တည်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ကြဖို့ အပြောမဟုတ်ဘဲ၊ အလုပ်နဲ့ တကယ်တမ်း ကြိုးစားကြရပါလိမ့်မယ်။
mizzima သတင်းမှ
စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
(ဘာသာပြန်ဆောင်းပါး)
ဖိုးဇော် - ၃၀/ မတ် ၂၀၁၀
သဟိတ်ဂ်မြို့မှာ ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင်ဟောင်း ရာဒိုဗန်ကရာဇစ်ကို ရုံးတင်စစ်ဆေးကြားနာနေမှုက စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးတင် စစ်ဆေးကြားနာမှုအပေါ် အာရုံစူးစိုက်မှုအသစ်တခု ပေါ်ထွက်လာစေခဲ့ပါတယ်။ ဒါပေမယ့် စစ်ရာဇ၀တ်မှုနဲ့ ပတ်သက်တဲ့ တိကျတဲ့ ဖွင့်ဆိုချက်တွေက ဘာတွေလဲ။ အဲဒီရာဇ၀တ်မှုတွေကို ဘာဥပဒေတွေနဲ့ စစ်ဆေးမှာလဲ။ အဲဒီလိုရာဇ၀တ်မှုမျိုး ကျူးလွန်တယ်လို့ သံသယရှိသူတဦးကို ရုံးတင်တရားစွဲဆိုဖို့ ဘယ်သူ့မှာ အခွင့်အရေးရှိသလဲ။
စစ်ရာဇ၀တ်မှုဆိုတဲ့ အယူအဆ ပေါ်လာတာ သိပ်မကြာသေးပါဘူး။ ဒုတိယကမ္ဘာစစ်မတိုင်မီက စစ်ရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းတဲ့ ကိစ္စတွေဟာ စစ်ပွဲတွေမှာ ပေါ်ပေါက်လေ့ရှိတဲ့ သဘာဝကျတဲ့ ကိစ္စတွေပဲလို့ ယေဘုယျလက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်ဦးက အဓိကအားဖြင့် ဂျူးတွေဖြစ်ကြတဲ့ လူသန်းပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့မှု၊ ဂျပန်က စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေအပေါ် မတော်မတရား ပြုမူမှုတွေက အဲဒီလိုမျိုးရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သူတို့ယုံကြည်တဲ့ လူတွေကို ရုံးတင်တရားစွဲဆိုစေဖို့ မဟာမိတ်နိုင်ငံခေါင်းဆောင်တွေကို လှုံ့ဆော်ခဲ့ပါတယ်။
၁၉၄၅ နဲ့ ၁၉၄၆ မှာ ပေါ်ပေါက်လာခဲ့တဲ့ နုရင်ဘတ်ခုံရုံး စစ်ဆေးကြားနာမှုတွေက နာဇီခေါင်းဆောင် (၁၂) ဦးကို ကွပ်မျက်စီရင်တဲ့အထိ ဦးတည်သွားစေခဲ့ပါတယ်။ အလားတူ စစ်ဆေးကြားနာမှုတခု ၁၉၄၈ ခုနှစ်က တိုကျိုမှာ ပေါ်ထွက်လာခဲ့ ပါတယ်။ မဟာမိတ်ခေါင်းဆောင်တွေက ဂျပန်ဘုရင် ဟီရိုဟီတိုကို ချန်ထားခဲ့ပေမယ့် ဂျပန်စစ်ခေါင်းဆောင် (၇) ဦးကိုတော့ ကြိုးပေးကွပ်မျက်ခဲ့ကြပါတယ်။
အဲဒီကြားနာမှုတွေဟာ ဒီကနေ့ သဟိတ်ဂ်မြို့ ခုံရုံးက ကြားနာစစ်ဆေးနေတဲ့ အမှုတွေအတွက် အနှစ်သာရအားဖြင့် နမူနာတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် တရားမျှတမှုမရှိဘူးလို့ ခံစားနေကြရတဲ့ နိုင်ငံအစိုးရတွေက သူတို့နည်း သူတို့ဟန်နဲ့ ဦးဆောင်လုပ်ကိုင်ခဲ့ကြတာတွေ ရှိပါတယ်။
“စစ်ရာဇ၀တ်မှုသဘောတရားရဲ့ အချက်အချာ အယူအဆဆိုတာ နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူတယောက်ကို တာဝန်ရှိသူအဖြစ် သဘောထားနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်”
အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အထင်ရှားဆုံး အဖြစ်အပျက်က ၁၉၆၀ မှာ ဖြစ်ပျက်ခဲ့ပါတယ်။ နာဇီတွေရဲ့ သေမင်းတမန် အကျဉ်းစခန်းတွေ ထူထောင်မှုနဲ့ ဟော်လိုကော့စ် ငရဲခန်းတွေ ဖန်တီးတဲ့ မူဝါဒတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တဲ့ နာမည်ကြီး နာဇီအရာရှိတဦးဖြစ်တဲ့ အဒေါ့အိုက်ခမန်းကို အစ္စရေး လျှို့ဝှက်ထောက်လှမ်းရေးတွေက အဲဒီနှစ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို တွေ့ရှိခဲ့ရာ အာဂျင်တီးနားနိုင်ငံထဲက ခိုးထုတ်ပြီး အစ္စရေးနိုင်ငံကို ခေါ်ဆောင်သွားကာ အဲဒီမှာ ရုံးတင်စစ်ဆေးကြားနာပါတယ်။ နောက်ဆုံးမှာ သူကို့ ကြိုးပေးစီရင်လိုက်ပါတယ်။
အဲဒီထက်ပိုပြီး နောက်ကျတဲ့ နောက်ထပ်ဥပမာတခုကတော့ ပြင်သစ်ကို နာဇီတွေ သိမ်းပိုက်ထားတဲ့ ကာလအတွင်းက ထိပ်တန်း နာဇီခေါင်းဆောင်တဦးဖြစ်ခဲ့သူ ကလော့စ်ဘာဘီကို ၁၉၈၇ ခုနှစ်မှာ ရုံးတင်စစ်ဆေးကြားနာခဲ့မှုဖြစ်ပါတယ်။ သူ့ကို တရားရုံးက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေစု
နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင်တပ်ပွဲဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူပုဂ္ဂိုလ် တဦးတယောက်ကို တာဝန်ရှိသူအဖြစ် သတ်မှတ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ စစ်ရာဇ၀တ်မှု သဘောတရားရဲ့ ပင်မအချက်အခြာ အယူအဆပါ။
လူမျိုးတုံးသုတ်သင်မှု၊ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်အတွင်း အရပ်သားတွေ ဒါမှမဟုတ် ရန်သူစစ်သားတွေအပေါ် မတော်မတရား ပြုမူဆက်ဆံမှု အဲဒါတွေအားလုံးဟာ စစ်ရာဇ၀တ်မှုဆိုတဲ့ စကားရပ်ထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီရာဇ၀တ်မှုတွေထဲမှာ အဆိုးဆုံးက လူမျိုးတုံးသုတ်သင်မှုပါ။
စစ်ရာဇ၀တ်မှုတခုအဖြစ် အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုတဲ့ ဥပဒေစုတွေကတော့ “စစ်မက်ရေးရာ ဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေ” အဖြစ် ရည်ညွှန်းလေ့ရှိတဲ့၊ ပိုမိုကျယ်ပြန့်ပြီး ပိုမိုသက်တမ်းရင့်တဲ့ ဥပဒေတွေဖြစ်တဲ့ “ဂျီနီဗာ သဘောတူညီချက်များ” နဲ့ ယူဂိုစလားဗီးယားနိုင်ငံဟောင်းအမှုကို ကိုင်တွယ်တဲ့ သဟိတ်ဂ်မြို့က “နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICTY)” အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေပဲဖြစ်ပါတယ်။
စတုတ္ထမြောက် ဂျီနီဗာသဘောတူညီချက်ရဲ့ ပုဒ်မ (၁၄၇) က စစ်ရာဇ၀တ်မှုများကို ဟောသလို ဖွင့်ဆိုထားပါတယ်။
“လူတယောက်အား ဒုက္ခကြီးစွာ ခံစားရစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း သို့မဟုတ် လူတယောက်၏ ခန္ဓာကိုယ် သို့မဟုတ် ကျန်းမာရေးအပေါ် ပြင်းထန်သော ဒဏ်ရာအနာတရ ဖြစ်စေရန် တမင်ရည်ရွယ်ပြုလုပ်ခြင်းတို့အပါအ၀င် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ ပြုမူခြင်း၊ တရားဥပဒေနှင့် မညီသော နှင်ထုတ်မှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှု သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦးအား တရားဥပဒေနှင့် မလျော်ညီစွာ ကန့်သတ်တားမြစ်ထားခြင်း၊ ကာကွယ်စောင့်ရှောက်မှု ပေးထားသူတဦးအား ရန်သူစစ်တပ်ဖွဲ့များတွင် အတင်းအကျပ် တာဝန်ထမ်းဆောင်စေခြင်း သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦး၏ တရားသဖြင့် ရထိုက်သော အခွင့်အရေးများနှင့် ပုံမှန်တရားရင်ဆိုင်မှုကို ငြင်းပယ်ခြင်း” တို့ ဖြစ်ပါတယ်။
စစ်ရေးလိုအပ်ချက်ကြောင့် မဟုတ်ဘဲ ဓားစာခံဖမ်းဆီးခြင်း၊ သူတပါးပိုင် ပစ္စည်းများကို အလွန်အကျွံ ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း၊ ယင်းလုပ်ရပ်များကို တရားဥပဒေနှင့် အညီမဟုတ်ဘဲ အကြောင်းမဲ့သက်သက်ပြုလုပ်ခြင်း။
အထက်ပါလုပ်ရပ်များသည် အခြေခံအားဖြင့် စစ်ရာဇ၀တ်မှုမြောက်သော လုပ်ရပ်များဖြစ်သည်ဟု နိုင်ငံတကာရှေ့နေများက ပြောဆိုကြသည်။
၁၉၉၂ မှစ၍ ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် “စစ်မက်ရေးရာ ဥပဒေသများ သို့မဟုတ် ဓလေ့ထုံးတမ်းများ” ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအဖြစ် သံသယရှိသူများအား ရုံးတင်တရားစွဲဆို စစ်ဆေးကြားနာရန် မိမိတို့တွင် အခွင့်အရေးရှိသည်ဟု သဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာတရားရုံးက ပြောဆိုသည်။ ဤသို့သော စစ်ဥပဒေချိုးဖောက်မှုမျိုးများအတွက် ပုဒ်မ (၃) တွင် ဥပမာများပေးထားသည်။
ပုဒ်မ (၃)
- စစ်ရေးလိုအပ်ချက်အရ မြို့ရွာများကို ဖျက်ဆီးချေမှုန်းခြင်း။
- မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အကာအကွယ်မဲ့နေသော မြို့၊ ရွာ၊ အိုးအိမ်အဆောက်အဦများအား တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း။
- ဘာသာရေး၊ ပရဟိတ၊ ကျန်းမာရေး၊ အနုပညာနှင့် သိပ္ပံဆိုင်ရာ အဆောက်အဦများ၊ သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦများနှင့် အနုပညာလက်ရာပစ္စည်းများကို သိမ်းပိုက်ခြင်း သို့မဟုတ် တမင်သက်သက် ဖျက်ဆီးခြင်း။
- ပြည်သူပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ပစ္စည်းများကို လုယူခြင်း။
စစ်ပွဲအတွင်းဖြစ်သော်လည်း အရပ်သားများအား ပစ်မှတ်ထား ကျူးလွန်ကြသော ရာဇ၀တ်မှုများကို လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအဖြစ် ခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်သည်။ ယင်းနှင့် ပတ်သက်သော ဥပမာများကို ပုဒ်မ (၅) တွင် အောက်ပါအတိုင်း ထပ်မံဖော်ပြထားသည်။
- လူသတ်မှု၊ မျိုးဖြုတ်မှု၊ ကျွန်ပြုမှု၊ နှင်ထုတ်မှု၊ အကျဉ်းချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မကျင့်မှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းအပေါ် မူတည်၍ သတ်ဖြတ်မှု။
- နိုင်ငံသားတစု၊ မျိုးနွယ်စုတစု၊ လူမျိုးစုတစု သို့မဟုတ် ဘာသာဝင်တစုအား ယင်းတို့ အားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော လုပ်ရပ်များအား လူမျိုးတုံးသုတ်သင်မှုအဖြစ် ခုံရုံးက ဖွင့်ဆိုသတ်မှတ်သည်။
သို့သော် စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေမှာ အဆက်မပြတ် ဖြစ်ပေါ်တိုးတက်နေသည်။ ၂၀၀၁ ဖေဖော်ဝါရီတွင် သဟိတ်ဂ်မြို့ ခုံရုံးက အမျိုးသမီးများအား အစုလိုက်အပြုံလိုက် စနစ်တကျ အဓမ္မပြုကျင့်မှုနှင့် စစ်ဖြစ်နေစဉ် အမျိုးသမီးများအား လိင်ကျွန်ပြုခြင်းတို့သည် စစ်ရာဇ၀တ်မှုမြောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ အမျိုးသမီးများအား အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက်တခုအဖြစ် အသုံးပြုခြင်းတို့သည် စစ်၏ ဓလေ့ထုံးတမ်းများကို ချိုးဖောက်မှုတခုအဖြစ်မှ လူမျိုးတုံးသုတ်သင်မှုပြီးလျှင် ဒုတိယအကြီးဖြစ်သော စစ်ရာဇ၀တ်မှုတခုအဖြစ်သို့ ရောက်ရှိခဲ့သည်။
စစ်ရာဇ၀တ်မှုတခုကိုရှာဖွေခြင်း
စစ်ရာဇ၀တ်တခုကို ရှာဖွေရန်မှာ အမြဲတမ်းလွယ်ကူသော အလုပ်တခုမဟုတ်ပေ။
စစ်တပ်တခုက မိမိရန်သူဘက်မှ အရပ်သားများအား အတင်းအကျပ် နေရာရွှေ့ပြောင်းစေခြင်းမှာ အမြဲတမ်းတော့ စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှုပေးရန် ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်ဟု စောဒကတက်နိုင်သည်။ ယင်းလုပ်ရပ်သည် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုတည်းဟူသော စစ်ဆင်ရေးကြီး၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း သို့တည်းမဟုတ် အရပ်သားများ အစုလိုက်အပြုံလိုက် အပြစ်ပေးအရေးယူရန် ရည်ရွယ်ကြောင်း သက်သေပြနိုင်မှသာ ယင်းလုပ်ရပ်သည် စစ်ရာဇ၀တ်မှုတခုဖြစ်လာမည် ဖြစ်သည်။
အလားတူပင် မိမိအား ဆန့်ကျင်ဝါဒဖြန့်ချိနေသော ရန်သူ၏ ရုပ်မြင်သံကြားအသံလွှင့်ရုံတခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို စစ်ရာဇ၀တ်မှုတခုဟု အဓိပ္ပာယ်သတ်မှတ်မည်လား။
ဂျီနီဗာကွန်ဗင်းရှင်းအရ ယင်းသည် စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အကယ်၍ ရန်သူက ၎င်းတို့အား စစ်ရေးရည်မှန်းချက်အရ အသုံးပြုနေသည်ဆိုလျှင် ရန်သူနိုင်ငံမှ လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်ရုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ရာဇ၀တ်မှုမမြောက်ပေ။ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ရန်သူအရပ်သားများ ထိခိုက်ပျက်စီးမှုများသည် တိုက်ခိုက်သူက ရရှိသော စစ်ရေးအကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် လွန်လွန်ကဲကဲ မမျှမတဖြစ်လောက်သည့် အတိုင်းအတာအအထိ ရောက်ရှိခဲ့မှသာလျှင် ယခင်တိုက်ခိုက်မှုများအား စစ်ရာဇ၀တ်မှုများအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တညီတညွတ်တည်းဖြစ်သော ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစနစ်တခု ပေါ်ထွက်လာရေးကို နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုများက တောင်းဆိုနေကြသည်မှာ ကြာပြီဖြစ်သည်။
ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးစီရင်ရန် ၁၉၉၃ မေတွင် နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့၌ တည်ထောင်ဖွင့်လှစ်ခဲ့သည်။ “ယူဂိုစလားဗီးယားနိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပြင် ရ၀မ်ဒါနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော လူမျိုးတုံးသန့်စင်မည့် ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးရန် တန်ဇန်နီးယာနိုင်ငံ အရူရှာမြို့တွင်လည်း နိုင်ငံတကာခုံရုံးတခုကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် အိမ်နီးချင်း ဆီရာလီယွန်နိုင်ငံ ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအတွက် လိုက်ဘေးရီးယား သမ္မတဟောင်း ချာစ်တေလာကိုလည်း ခုံရုံးတခုဖွဲ့ စစ်ဆေးနေသည်။
ဤဖြစ်ရပ်များက စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအား တရားဥပဒေရှေ့မှောက် အရောက်ပို့ရန် ကြိုးပမ်းရာတွင် ထူးခြားအရေးပါသော နောက်ထပ်ခြေလှမ်းဖြစ်သော်လည်း ထိုကိစ္စများသည် နုရင်ဘတ်နှင့် တိုကျိုစစ်ခုံရုံး စစ်ဆေးကြားနာမှုများကဲ့သို့ပင် စစ်ပွဲဟုခေါ်ဆိုနိုင်သော ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းသော ဖြစ်ရပ်များသာဖြစ်သည်။
လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် လူပုဂ္ဂိုလ်များအား ရုံးတင်တရားစွဲဆိုမည့် အမြဲတမ်းခုံရုံးတခုအဖြစ် ၂၀၀၂ တွင် ထူထောင်ခဲ့သော နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) သို့ ၂၀၀၈ ဇူလိုင်လတွင် ဆူရီနမ်နိုင်ငံက (၁၀၇) နိုင်ငံမြောက် နိုင်ငံအဖြစ် ၀င်ရောက်ပူးပေါင်းပါဝင်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုက ထိုတရားရုံးသည် နိုင်ငံရေးသဘောပါသော ရုံးတင်တရားစွဲမှုများ ပြုလုပ်လာနိုင်သည်ဟု အကြောင်းပြပြီး ခုံရုံးနှင့် ပါဝင်ပတ်သက်ရန် ငြင်းဆိုခဲ့သည်။ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ကလည်း အလားတူငြင်းဆိုခဲ့ကြသည်။ ယူဂိုစလားဗီးယားသမ္မတဟောင်း မီလိုဘိုဒန်မီလိုစီးဗစ် ကဲ့သို့သော တရားခံများ စောဒကတက်ခဲ့ကြသကဲ့သို့ ထိုသို့သော တရားရုံးမျိုးများသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်နေသလောဆိုသည့် မေးခွန်းမှာ အားလုံးသော တရားဥပဒေဆိုင်ရာ အဖွဲ့အစည်းများတ၀ိုက်တွင် ရစ်ဝဲနေသော မေးခွန်းဖြစ်သည်။
ထိုတရားရုံးများ လုပ်ငန်းမစတင်ခင် ၎င်းတို့ကို ထူထောင်ရန်နှင့် ၎င်းတို့အား ရန်ပုံငွေထောက်ပံ့ရန်မှာ နိုင်ငံတကာ၏ နိုင်ငံရေးဆန္ဒဖြစ်သောကြောင့် ထိုရှုထောင့်တခုတည်းမှ ကြည့်လျှင် ထိုတရားရုံးများမှာ နိုင်ငံရေးသဘောပါသည်ဟု ပြောနိုင်သည်။
မည်သည့်နိုင်ငံက ကျူးလွန်သည်ဖြစ်စေ စစ်ရာဇ၀တ်မှုအားလုံးတို့အား တခုတည်းသော နိုင်ငံတကာခုံရုံး၏ တရားဥပဒေရှေ့မှောက်သို့ အရောက်ပို့နိုင်မှသာလျှင် တရားစီရင်ရေးသည် စစ်မှန်သော တရားဝင်မှုရှိလိမ့်မည်ဟု နိုင်ငံတကာတရားရုံးများအား ဝေဖန်နေသူများက ပြောဆိုနေကြသည်။ ။
မှတ်ချက်။ ။အထက်ဖော်ပြပါဆောင်းပါးသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၂၁) ရက်တွင် ဘီဘီစီ သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည့် What is a war crime? ခေါင်းစဉ်ဖြင့် Tarik Kafala ရေးသားသော ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
ခေတ်ပြိုင်သတင်းမှကူးယူဖေါ်ပြသည်။
လူထုအပေါ် ဒီကေဘီအေ၏ အနိုင်ကျင့်မှု ပိုများလာ
မတ်လ ၃၀ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်၌ အခြေချလှုပ်ရှားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့ဝင်များသည် ယခုနှစ်ဆန်းပိုင်းမှစ၍ လူထုအပေါ် အကြောင်းမဲ့ အနိုင်ကျင့်မှုများ ပို၍လုပ် ဆောင်လာသည်ဟု ဒေသခံရွာသားများက ပြောသည်။
အဆိုပါဂွင်တွင် လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မဟာ (၅)လက်အောက်ခံ (၉၀၇)တပ်ရင်းသည် တပ်ရင်းမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေး၏အမိန့်ဖြင့် စေတီပုထိုးတည်၊ ကျောင်းဆောက်၊ လမ်းဖောက်၊ တံတားဆောက် လုပ်ဆောင်ရာတွင် ရွာသူရွာသား များကို အတင်းအဓမ္မ ခေါ်ယူခိုင်းစေသည့်အပြင် ငွေကြေးများကိုပါ ကောက်ခံလျှက်ရှိသည်ဟု ဝေါ်လေခီးဂွင်မှ ရွာသားတဦးက ပြောသည်။
သူက “ခေါင်းပေါင်းဝါ(ဒီကေဘီအေ)တပ်ဖွဲ့ဝင်တွေက လမ်းတွေဖောက်၊ တံတားတွေဆောက်လို့ရှိရင် ရွာသူရွာသားဆီကပဲ ပိုက်ဆံတောင်းတယ်။ လူကိုယ်တိုင်လည်း အလှည့်ကျ လုပ်အားပေးသွားရတယ်။ ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းကပဲ စေတီ တည်တာ ဘိလပ်မြေ မလောက်လို့ဆိုပြီး ရွာသားတွေဆီက ဘိလပ်မြေအိတ် (၁၀၀) ထပ်တောင်းတယ်။ တချို့ရွာတွေက ပိုက်ဆံလုံးလုံးကို မရှိတဲ့အတွက် မပေးနိုင်ဘူးလေ။ ဒါကို ရွာထဲကို ၀င်ရောက်သောင်းကျန်းခြိမ်းခြောက်တာတွေ လုပ်နေတော့ ရွာသားတွေ ရတဲ့နည်းနဲ့ ပေးရတယ်။ စေတီစတည်ခဲ့တုန်းကလည်း တခေါက်ပေးခဲ့ပြီးပြီ”ဟု ပြောသည်။
၎င်းအပြင် မတ်လ ၂၃ရက်နေ့တွင်လည်း ဝေါ်လေခီးဂွင် ကော်ဆဲရွာသား ၄ဦးသည် အိမ်ဆောက်ရန် လိုအပ်သည့် ပျဉ်ပြားများ ကို ကားဖြင့်သယ်ဆောင်လာရာမှ သစ်ခိုးရောင်းသည်ဟု စွပ်စွဲကာ (၉၀၇) တပ်ရင်းမှ တပ်ခွဲမှူး စောချင်းလုံဆိုသူက ၎င်းရွာ သားများအား ရိုက်နှက်သောကြောင့် ရွာသားတဦး ဆေးရုံတင်လိုက်ရသည့်အပြင် လျှော်ကြေးပါ ပေးဆောင်ခဲ့ရသည်ဟု ကော် ဆဲရွာသူတဦးက ပြောသည်။
၎င်းက “ဒီလ ၂၃ရက်နေ့မှာ ကျမတို့ ရွာက ဖါးကော်လာ၊ တာအယ်၊ သန်းဌေးဦး၊ ထာ့ထူတို့လေးယောက် အိမ်အတွက် ပျဉ်ပြား ၂၉ချပ် တောထဲကနေ ကားနဲ့တင်လာတယ်။ မသွားခင်တုန်းကလည်း သူတို့(ဒီကေဘီအေ)ကို ကြိုအသိပေးပြီးပြီ။ အဲဒါနဲ့ ဗိုလ် ချင်းလုံက အရက်မူးမူးနဲ့ သူတို့လေးယောက်ကို လမ်းမှာဆုံပြီး ခင်ဗျားတို့ သစ်ခိုးရောင်းတယ်ဆိုပြီး ထိုးကြိတ်၊ ရိုက်နှက်တဲ့အခါ ကျတော့ ဖါးကော်လာကို ဆေးရုံတင်လိုက်တယ်။ အဲဒါနဲ့ မပြီးသေးဘူး။ သူတို့လေးယောက်ကို ဘတ်ငွေ ၅ထောင် ဒဏ်ငွေ ရိုက်တယ်။ ကားကျတော့ ဘတ်ငွေ ၆သောင်း ၅ထောင် ပြန်ရွေးလိုက်ရတယ်။ မရွေးရင် လုံးဝ ပြန်မပေးဘူး”ဟု ပြောသည်။
လက်ရှိအချိန်တွင် ကော်ဆဲကျေးရွာအပြင် တခြားရွာများ အပါအ၀င် ဒီကေဘီအေ ခွင့်ပြုချက်မရဘဲ ရွာသူရွာသားများ မိမိဆန္ဒ အရ သစ်ခုတ်ပါက ထိရောက်စွာ ဒဏ်ခတ်အရေးယူမည်ဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅)မှူးက အမိန့်ထုတ်ထား ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေ (၉၀၇)တပ်ရင်းမှ တပ်ခွဲမှူး စောချင်းလုံက “ကျနော်နဲ့ ဖြစ်တာ မဟုတ်ဘူး။ ပဋိပက္ခ ဖြစ် တာတော့ ကြားပါတယ်။ အနည်းအကျဉ်း ဖြစ်ပွားခဲ့တာပဲ။ ဘာအခက်အခဲမှ မရှိလောက်ပါဘူး”ဟု ကေအိုင်စီကို ပြောသည်။
ဝေါ်လေခီးဂွင်၌ ကော်ဆဲ၊ ကလော်ဝေါ်၊ ဖောဖိုးခီး၊ ဖောပလာထာ၊ ထီးဆဲလယ်၊ လယ်ဂေါ့၊ အူးဖိုးထာ့၊ ကနဲလေး၊ မောဖိုးကလိုး၊ မောခီး၊ ကွီးဆဲဖော၊ ဘလာတို စသည့်ကျေးရွာများ တည်ရှိသည်။
ဒီကေဘီအေ တပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် သွားရောက်ပူးပေါင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ယမန်နှစ် မေလက နအဖစစ်အစိုးရမှ ကမ်းလှမ်းထားသည့် နယ်ခြား စောင့်တပ် အသွင်ကူးပြောင်းရေးကို ဦးစွာ လက်ခံသည့် ကရင်အပစ်ရပ်အဖွဲ့ ဖြစ်သည်။
နအဖ စစ်တပ်ရွာထဲလက်နက်ကြီးပစ် ဒေသခံများသေကြေဒဏ်ရာရ
Tuesday, 30 March 2010 10:00 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်းသို့ စစ်ကြောင်းလှည့်နေသည့် နအဖ စစ်ကြောင်းတကြောင်းသည် ကျေးရွာတခုအား လက်နက်ကြီး ဖြင့်ပစ်ခတ်သောကြောင့် ဒေသခံ ၆ ယောက် ထက်မနည်းသေဆုံးသွားသည်ဟု စုံစမ်းသိရှိရပါသည်။
“နေ့ခင်း ၂ နာရီလောက်ပေါ့။ ရွာနဲ့မလှမ်းမကမ်းကနေလှမ်းပစ်တယ်၊ ကိုရင် ၄ ပါး နဲ့ ရွာသူ ၂ ယောက်သေ တယ်။ ၇ ယောက် ၈ ယောက် ဒဏ်ရာရသွားတယ်”- ဟုကုန်သည် တဦးကပြောသည်။
မတ်ခ်ျ ၁၉ ရက်နေ့က ကလော အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ဗိုလ်မှူးဌေးအောင် ဦးဆောင်သည့် အင် အား ၈၀ ပါ အမှတ် ၁ စစ်ကြောင်း မိုင်းကိုင်မြို့ အနောက်မြောက်ဘက် မိုင်းယွန်းကျေးရွာအုပ်စုဝင် အိမ်ခြေ ၃၀ ကျော်ရှိ ၀မ့်လွယ်နမ့်တောက်ရွာအား သျှမ်းသူပုန်နှင့် ဆက်သွယ်ထောက်ပံ့ သတင်းပေးသည်ဟု စွပ်စွဲကာ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၏။
သေဆုံးသွားတဲ့ရွာသူ ၂ ယောက်က နန်းအေးနွေး အသက် (၁၅ နှစ်) ၊ နန်းအေးလိုင် အသက် (၁၂ နှစ်)၊ ကိုရင် ၄ ပါး ရဲ့နာမည်က မသိရသေးဘူး၊” - ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦးက ပြောပါသည်။
မတ်ခ်ျ ၂၀ ရက်နေ့ ကလည်း နွေရာသီ အပျော်တမ်း အမဲလိုက်သည့် ပန်ကေတု ကျေးရွာအုပ်စုဝင် ၀မ့်နားလွန် ရွာသား ၂၅ ဦးအား အဆိုပါ စစ်ကြောင်းက တောတွင်းတနေရာ၌ ဆုံမိရာ ရွာသားအားလုံးအား ဖမ်းဆီးထား ခဲ့သည်ဟုဆို၏။ ရွာသားများ၏ အမဲလိုက်တိုမီးသေနတ်များ အားလုံးကိုလည်း သိမ်းယူလိုက်ပြီး ၂ ယောက် အား ပန်ကေတုအခြေစိုက်သည့် တပ်ဖွဲ့က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း၊ ၁ ယောက်မှာဒဏ်ရာအပြင်းအထန်ရကြောင်း၊ ကျန်ရွာသားများကိုမူ တယောက် ကျပ် ၃ သောင်း အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း - အမည် မဖေါ်လို သည့် ဒေသခံနောက်တဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက်ပြောပါသည်။
“ပစ်သတ်ခံလိုက်ရတာက စိုင်းကာလိန် နဲ့ စိုင်းလိန် ။ ကျန်တာတွေကိုတော့ပိုက်ဆံ တယောက်ကျပ် ၃ သောင်းစီ ဒဏ်ရိုက်တယ်။ အဲဒီစစ်ကြောင်းက ပိုက်ဆံကျပ် ၇ သိန်းခွဲလောက်ရသွားတယ်”
ရှမ်းပြည်တောင်ပိုင်း ကလောမြို့အခြေစိုက် တပ်မ ၅၅ သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလလယ်ပိုင်းကစ၍ သျှမ်းပြည် အလယ်ပိုင်းသို့ ပြောင်းရွှေ့လှုပ်ရှားလာခဲ့၏။
ဗမာစကားမတတ်သည့် အသိပညာအားနည်းသော ကျေးလက်ရွာသူကြီးများနှင့် ဒေသခံများက အဆိုပါစစ်ကြောင်း ၏ ဖိနှိပ်မှုဒဏ် မည်သူ့ထံ မည်သို့တိုင်ကြားရမည်ကို အတွေးပူရင်း ဦးနှောက်ခြောက်နေကြကြောင်း၊ တိုင်ပြန်လျှင် လည်း စွပ်စွဲအပြစ်ရှာခံမည်စိုး၍ မတိုင်ရဲကြကြောင်း အဆိုပါရွာသား၏ ပြောပြချက်အရသိရသည်။
မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
ကန္တာရ၀တီတိုင်း(မ်)/ မတ်လ ၂၉၊ ၂၀၁၀
ကရင်နီပြည် ဖရူဆိုမြို့နယ် ဆွမ်စိဖိုရွာမှ ဒေသခံများသည် နအဖ စစ်တပ် ခမရ ၅၃၁နှင့် ၄၂၈ တပ်များမှ ရွာတွင်းသို့ ၀င်ရောက်လာပြီး ပြောဆိုဆက်ဆံရာတွင် စကား မပေါက်ကြဘဲ ရိုက်နှက်သောကြောင့် ရွာသားအချို့ရွာမှ ထွက်ပြေးကြသည်ဟု သိရသည်။
အိမ်ခြေ ၄ဝ ကျော် ရှိသော ဆွမ်စိဖိုရွာသို့ စစ်တပ်မှ မကြာခဏ ၀င်ရောက်လာပြီး ယခုလ အစောပိုင်းကစ၍ ရွာသားများ စတင် ထွက်ပြေးကြရာ အိမ်ခြေ ၃၅ အိမ်တို့သည် ဆွေမျိုးများ ရှိသည့် တခြားကျေးရွာဆီသို့ ထွက်ပြေးကြပြီး အချို့မှာ ထိုင်း-မြန်မာနယ်စပ် ဘက်သို့ မတ်လ ၁၈ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြသည်။
“ဗမာစစ်တပ်တွေက ရွာကို ရောက်ရင် ကျနော်တို့ကို ဗမာစကားလို ပြောတယ်။ ဒါပေမယ့် ကျနော်တို့က ဗမာစကားမှ မတတ်တာ ကျနော်တို့က ကိုယ့်ဘာသာ စကားတခုပဲ တတ်တယ်လေ။ သူမေးတာတမျိုး ကိုယ်ဖြေသွားတာတခြား ဖြစ်သွားတော့ ကျနော်တို့ကို ရိုက်တယ်၊ နှိပ်စက်တယ်” ဟု ဆွမ်စိဖိုရွာမှ စကားမပေါက်၍ အရိုက်ခံရဖူးသော အိမ်ထောင်ဦးစီးတဦးက ပြောသည်။
နအဖ စစ်တပ်များသည် ရွာသို့ ရောက်တိုင်း ရွာတွင်းတွင် သေနတ်များ ဖောက်၍ ခြိမ်းခြောက်ခြင်း၊ လမ်းပြခိုင်းခြင်း၊ လမ်းမပြနိုင်လျင် စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခြင်းများ ပြုလုပ်သည့်အပြင် ရွာသားပိုင် အိမ်မွေးတိရိစ္ဆာန်များကို အဖိုးအခ မပေးဘဲ ပစ်သတ်စားသောက် ကြသည်ဟု ရွာသားများက ပြောပါသည်။
ဆွမ်စိဖိုရွာမှ ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဗမာတပ်တွေ လာရင် စစ်ဆေးမေးမြန်းတယ်။ နှိပ်စက်တယ်။ လမ်းပြခေါ်သွားတော့ လုပ်ကိုင်စားသောက်ဖို့အတွက် အခက်အခဲ ရှိတယ်။ တပတ်ကျော်လောက် လိုက်သွားရပြီး သူတို့ စစ်ကြောင်း မပြန်ရင် အိမ်မပြန်ရ သေးဘူး။ အိမ်က ကြက်တို့၊ ၀က်တို့ အလကား ယူသတ်စားသွားတယ်” ဟု ပြောသည်။
ကန္တရ၀တီသတင်းမှ
Monday, March 29, 2010
မင်းအရှူံးမပေးရင် မင်းအရှူံးသမား ဘယ်တော့မှ မဟုတ်ဘူး NLD
ကရင်တွေ ရန်ကုန်ဆင်းပြီး လည်းစည်းမခံသ၍ ကရင့်တော်လှန်ရေးဟာ ဘယ်တော့မှ မကျဆုံးဘူး လို့  စောဘဦးကြီး မိန့် မှာမူခဲ့တယ်။ ဆိုလို ဒါက ကရင် တွေ တန်းတူရေး နဲ့ ကိုယ်ပိုင်ပြန်ဌန်းခွင့် ကရင့်အမျိုးသားများ စစ်ကျွန် ဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန်မှာ အညံ့ခံ အရှူံး မပေးသ၍ အရှူံးသမားများ မဟုတ်ဘူး ဆိုဒါပဲ။ ကျနုပ်တို့ သည် အားမမျှ၍ နယ်မြေဒေသ ဆုံးရှူံးခြင် ဆုံးရှူံးမည် ဒါပေမယ့် ကျနုပ်တို့ ၏ ယုံကြည်ချက်နှင့် ခံယူချက်များသည် ဘယ်တော့မှ မဆုံးရှူံးပါ၊ မပျောက်ကွယ်ပါ။ သမိုင်းတကွေ့  မှာ အောင်နိုင်သူတွေအဖြစ် ဂုဏ်ယူဝင့်ကြွားနေကြရမည်ဖြစ်ပေသည်။ တရားသောစစ်သည် ရှူံးရိုး ထုံးစံး မရှိသလို သမိုင်းတကွေ့ အလှည့်အပြောင်း တစ်ခုမှာ တချက်တည်းဖြင့် အောင်မြင်မှု သရဖူကို ဆောင်းမည် ဖြစ်ပေသည်။
NLD ရေ မင်းကို မတရားသော သူတို့ က မတ၇ားအသင်းဖြင့် ကြေငြာပြီး နိုပ်ကွပ်နေပါစေ မင်း ပြည်သူတွေရဲ့ ရေရည်အကျိုးအတွက် ရပ်တည်နေသ၍ ကာလပတ်လုံး ပြည်သူတွေရဲ့ရင်ထဲမှာ မင်းရှိနေမှာ ဖြစ်ပြီး ပြည်သူတွေလည်း မင်းကိုဝန်းရံ အားပေးလျက် မင်းနဲ့ အတူ တိုက်ပွဲ ၀င်နေမည်ဖြစ်သည်။
KNU ရေ မင်းကို မတရားသော အစိုးရတွေက အမျိုးမျိုးတံဆိပ်ခပ်ပြီး ဖျက်ဆီးနေပါစေ မင်းဟာ ကရင်တမျိုးသားလုံးရဲ့ ရင်ထဲမှာ ရှိနေပြီး ကရင်တမျိုးသားလုံးက မင်းကို ကာကွယ် စောက်ရှောက့် ၀န်းရံ အားဖြစ် နေမည်ဖြစ်သည်။ တရားသောစစ် မုချ အောင်မြင်ရမည်။
အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ
NEJ/ ၂၉ မတ် ၂ဝ၁ဝ
၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။
အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
“ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းလို့ သူမလာနိုင်ဘူးတဲ့။ သူ့သဘောထားကို စာပေးလိုက်ပါတယ်။ ဦးတင်ဦးက ဖတ်ကြားပါတယ်။ သူ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီမှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တယ်တဲ့၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထားအတိုင်းပဲ သူလည်းရပ်တည်တယ်တဲ့” ဟု ဦးအောင်ရွှေ၏ စာပါအကြောင်းအရာများကို ဦးအုန်းကြိုင်က ပြန်လည်ပြောကြားသည်။
အစည်းအဝေးကို နေ့လယ် (၁၂) နာရီနှင့် မွန်းလွဲ (၂) နာရီတွင် နှစ်ပိုင်းခွဲလုပ်ပြီး ပထမပိုင်းအစည်းအဝေးတွင်ပင် အစည်းအဝေးတက်ရောက်သူများက ပါတီမှတ်ပုံမတင်ရေးအတွက် တသံတည်း သဘောထားဆန္ဒပေးကြသည့်အတွက်
မဲခွဲဆုံးဖြတ်စရာမလိုဘဲ အားလုံးတညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီး ညနေပိုင်းတွင် အစည်းအဝေးဆုံးဖြတ်ချက်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်ကြသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
အန်အယ်လ်ဒီအနေဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပါတီကြီး ပျက်စီးသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အဖွဲ့ချုပ်ဆိုတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားပြီး ကိုယ်ကျိုးစွန့် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက် ဥပဒေနဲ့ဖျက်လို့တော့ အဖွဲ့ချုပ်ကြီးက ပျက်သွားမယ်လို့ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
ပြီးခဲ့သည့်မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ်အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ပါတီမှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူများသည်လည်း ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။
ခေတ်ပြိုင်မှ
သံလွင် မြစ်တွင် အရှေ့တောင် အာရှ ၏ အကြီးဆုံး ရေအား လျပ်စစ် စက်ရုံကို မြန်မာ၊တရုတ်နှင့်ထိုင်းနိုင်ငံ တို့ ပူးပေါင်း တည်ဆောက် မည်
နအဖစစ်ခေါင်းဆောင်နှင့် အပေါင်းအပါများ စီးပွားရေးလုပ်ငန်းရှင်များ၊ တရုတ်၊ ထိုင်း စီးပွားရေးလုပ်ငန်း ရှင်များ ကောင်းစားရေး အတွက် ကရင်လူမျိုးတို့ အိုးမဲ့ အိမ်မဲ့ ဌာနေကို စွန့် ခွာပြီး အသက်ကို ဖက်နဲ့ ထုတ်ပြီး ပြေးလွားကြရအုံးမည်။ နအဖ စစ်ခွေးတို့ ၏ သတ်ဖြတ်ညှင်းပန်း နိုပ်စက်မှု တွေကို ဘယ်လောက် ထပ်ပြီးခံကြရ အုံးမလဲ ဆိုဒါ ဒီစီမံကိန်းကြီး စတင် အကောင်အဖေါ်တဲ့ အချိန်ကြရင် မြင်တွေ့ ကျရမည်။ ဒါတွေအားလုံး အခြေအနေ ဆိုးဆိုးဝါးဝါး မရောက်ခင် ကရင်အမျိုးသားအားလုံး ဒီ စီမံကိန်းကြီးကို ၀ိုင်းဝန်း ဆန့် ကျင်ကြပါ
သံလွင် မြစ်တွင် အရှေ့တောင် အာရှ၏ အကြီးဆုံး ရေအား လျပ်စစ် ဓာတ်အားပေး စက်ရုံ ကို မြန်မာ၊ တရုတ် နှင့် ထိုင်း နိုင်ငံတို့ ပူးပေါင်း တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ဖော်ပြချက် အရ သိရ သည်။ သံလွင်မြစ်တွင် လျပ်စစ် ဓာတ်အား ၇ ဒသမ ၁ ဂီဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအား လျပ်စစ် ဓာတ်အားပေး စက်ရုံ ဆောက်လုပ်ရန် အမေရိကန် ဒေါ်လာ ကိုးဘီလျံကို သုံးစွဲ သွားမည် ဖြစ်ကြောင်း နှင့် ယင်းအတွက် သံလွင် မြစ်တွင် ဆည်တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ် နိုင်ငံသည် ယခု စီမံကိန်း အတွက် ကုမ္ပဏီ သုံးခု ပါသည့် တရုတ် အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး ကုမ္ပဏီများ မှာ ChinaThree Gorges Corp ၊ Sinohydro Corp နှင့် China Southern Power Grid တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ သုံးခုသည် ယခု စီမံကိန်း ၌ ပူးပေါင်း ဆောင်ရွက်ရန် အတွက် သဘောတူ ညီချက်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင် လက်မှတ် ရေးထိုး ခဲ့ကြပြီး လက်ရှိ၌ စီမံကိန်း အကောင် အထည် ဖော်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာ၊ တရုတ် နှင့် ထိုင်းနိုင်ငံ တို့သည် သံလွင် မြစ်ပေါ်တွင် ရေအား လျပ်စစ် ထုတ်လုပ် နိုင်မည့် ဆည်စီမံကိန်း တစ်ခု ကိုလည်း လက်ရှိ၌ အကောင် အထည် ဖော်လျက် ရှိသည်။ အဆိုပါ စီမံကိန်း မှာ ဟတ်ကြီး ရေလှောင် တမံ စီမံကိန်း ဖြစ်ပြီး ကရင် ပြည်နယ်တွင် တည်ရှိကာ ထိုင်းနိုင်ငံ EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံ Sino- hydro ကုမ္ပဏီ နှင့် မြန်မာ နိုင်ငံ အစိုးရ အကြား စီမံကိန်း ဆောင်ရွက်ရေး အတွက် သဘော တူညီမှုကို ၂၀၀၆ ခုနှစ်တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်းနှင့် တည်ဆောက်ရန် ခန့်မှန်း ကုန်ကျ ငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလျံ ခန့်ရှိ မည်ဟု Weekly Eleven တွင် ဖော်ပြထား ပါသည်။
Ref:Dow Jones
၂၈ . ၃ . ၂၀၁၀
ဟံသာဝတီသတင်းမှ
ဗမာအစိုးရ၊ ဝ၊ မိုင်းလား နဲ့ တရုတ်
27 March 2010
ဒိမိုကရေစီအရေးအတွက် ဆွေးနွေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုနေကြတဲ့ နိုင်ငံရေးပါတီတွေကို စစ်အစိုးရက ဆွေးနွေးဖို့ စိတ်မကူးဘဲ စိတ်ကြိုက်ဥပဒေ စည်းမျဉ်းတွေ ထုတ်ပြန်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ ကချင်၊ ဝ နဲ့ မိုင်းလားတပ်ဖွဲ့တွေကို မကြာခဏ တွေ့ဆုံဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ဗမာစစ်အစိုးရ လိုချင်တာကို တိုင်းရင်းသားလက်နက်ကိုင်တွေက မလိုက်လျောနိုင်သေးပါဘူး။ ဒီနေရာမှာ တရုတ်အစိုးရရဲ့  အခန်းကဏ္ဍဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စစ်အစိုးရနဲ့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစု ဆွေးနွေးရေးဟာ ပြည်တွင်းရေးဖြစ်လို့ ကြားဝင် မစွက်ဖက်ချင်ဘူးလို့ တရုတ်အစိုးရ အမြဲတမ်းပြောနေပါတယ်။ မြန်မာမှာ အပြောင်းအလဲဖြစ်အောင် တရုတ်က လုပ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့ကတော့ မြန်မာ့ပြည်တွင်းရေး အထူးသဖြင့် နယ်စပ်ဒေသတိုင်းရင်းသားအရေး နဲ့ စီးပွားရေးမှာ တရုတ်ဟာ အဓိကအခန်းက ပါဝင်နေပါတယ်။ ဗမာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အထူးသဖြင့် ကချင်၊ ဝ နဲ့ မိုင်းလားတပ်ဖွဲ့တွေကို လက်အောက်ခံနယ်ခြားစောင့်တပ် ဖြစ်လာအောင် သိမ်းသွင်းနေတာ မအောင်မြင်တဲ့အတွက် တရုတ်ကို အကူအညီတောင်းရပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလက တရုတ် ဗိုလ်ချုပ်ကြီး အိုက်ဟူရှမ်း မြန်မာပြည်မှာ (၅) ရက် ခရီးလှည့်လည်ပြီး ဝ နဲ့ မိုင်းလာတပ်ဖွဲ့တွေကို တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အကြောင်းမထူးပါဘူး။ တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် ကလည်း ဒီဇင်ဘာလထဲမှာပဲ နေပြည်တော်ကိုလာပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ပါတယ်။
ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ထင်သလိုလုပ်လို့ မရတဲ့အတွက် ဗမာစစ်တပ်ဟာ လိပ်ခဲတင်းလင်း ဖြစ်နေပါတယ်။ ၀ နဲ့ မိုင်းလားတပ်ဖွဲ့တွေကို ဒေသဆိုင်ရာတပ်မှုး၊ တိုင်းမှုးတွေ မကျေမနပ်ဖြစ်နေတာ သိသာပါတယ်။ ၀ နဲ့ မိုင်းလားတပ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ တြိဂံတိုင်းမှုး ဗိုလ်ချုပ်ကျော်ဖြိုး က ပြောဆိုတာကို သျှမ်းသံတော်ဆင့် သတင်းက ဇန်န၀ါရီလ (၁၂) ရက်နေ့က သတင်းပေးပို့ပါတယ်။ ၀ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်မှာ တိုင်းရင်းသားလူမျိုးစုံ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း တပ်သားသစ် (၃၀၀၀) ကျော် စုဆောင်းရရှိကြောင်း သိရပါတယ်။ မိုင်းပေါက်ဌာနချုပ် က စစ်သင်တန်းဆင်းပွဲမှာ တပ်သား (၁၀၀၀) ကျော်ရှိပြီး ၀၊ သျှမ်း နဲ့ တရုတ်က (၂၀၀) ကျော်၊ လားဟူက (၈၀၀) ကျော်လောက် ရှိကြောင်း ဇန်န၀ါရီ (၁၅) ရက်ထုတ် သျှမ်းသံတော်ဆင့်မှာ ဖော်ပြထားပါတယ်။ ဓါတုလက်နက် သုံးလာရင် ကာကွယ်နိုင်တဲ့ စစ်ဝတ်စုံကိုလည်း ၀ နဲ့ မိုင်းလားတပ်ဖွဲ့က စုဆောင်းနေပါတယ်။
ဒီအတောအတွင်း တရုတ်ကုမ္ပဏီတွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ကွန်းလုံမြို့ နယ် တောင်ဂျပ်ရွာအနီး သံလွင်မြစ်မှာ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ ဖေဖေါ်ဝါရီလနှောင်းပိုင်းက ဗမာစစ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ သဘောတူချက် ရယူတာကို အစိုးရသတင်းမှာ ဖော်ပြခဲ့ပါတယ်။ ရေကာတာ (၅) ခု တည်ဆောက်မယ့် စီမံကိန်းကို ၂၀၀၇ ခုနှစ်က နားလည်မှုရယူခဲ့တာ ဖြစ်ပါတယ်။ သံလွင်မြစ်လက်တက်ဖြစ်ပြီး ၀ မြို့ တော် ပန်ဆန်းကို ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခါမြစ် နဲ့ မဲခေါင်မြစ်လက်တက်ဖြစ်တဲ့ မိုင်းလားနယ်က နမ့်လွေချောင်းတွေမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ တရုတ်မှာ စီမံကိန်းရှိကြောင်း ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ထုတ် ရှမ်းသံတော်ဆင့်မှာ ဖော်ပြပါတယ်။
ရခိုင်ကမ်းလွန်က ယူနန်ပြည်နယ်အထိ ကီလိုမီတာ (၈၀၀) ရှည်လျားတဲ့ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဟာလည်း တရုတ်စီးပွားရေးအတွက် အလွန်အရေးကြီးတာမို့ တရုတ် မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးကို အစွမ်းကုန် ပူးတွဲဆောင်ရွက်ရမယ်လို့ တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် က လွန်ခဲ့တဲ့ ဒီဇင်ဘာလ နေပြည်တော်ကို လာရောက်စဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဂတိပေးလိုက်ပါတယ်။ ပြဿနာကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် က နေပြည်တော်မှာ ပြောသွားပါတယ်။ ကိုးကန့်ဒေသကို အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်တာမျိုး နောက်ထပ်မဖြစ်ဖို့ အာမခံတာမျိုးကို တရုတ်က လိုလားပါတယ်။
ကိုးကန့်ဒေသကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ အစိုးရတပ်ရင်းတွေဟာ အဲဒီမှာပဲဆက်ပြီး ခြေကုတ်ယူထားတဲ့အတွက် နယ်စပ်ဒေသ အခြေအနေ တင်းမာနေတာ ဖြစ်ပုံရပါတယ်။ တရုတ်ရဲ့  ရင်းနှီးမြှပ်နှံမှုကြောင့် ၀ ပြည်နယ် တိုးတက်ဖွံ့ဖြိုးလာတဖြစ်တဲ့အတွက် ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာနယ်မြေက တရုတ် ရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ ၀ ဗဟိုကော်မတီက ဆုံးဖြတ်ထားကြောင်း လွန်ခဲ့တဲ့ ဒီဇင်ဘာ (၂၅) ရက်နေ့ထုတ် ခေတ်ပြိုင်သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။ ရာဘာစိုက်ခင်း၊ လက်ဖက်စိုက်ခင်း၊ သတ္တုတွင်းစတဲ့လုပ်ငန်းတွေမှာ တရုတ် နဲ့ ၀ ဖက်စပ်လုပ်ထားကြပါတယ်။
ဗမာ စစ်အုပ်စုနဲ့ တရုတ်ကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်သလို ၀-တရုတ် ဖက်စပ်လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ကိုးကန့်၊ ၀ နဲ့ မိုင်းလားမှာ တရုတ်တွေ ရင်းနှီးမြုပ်နှံနေတာ အနှစ် (၂၀) ရှိပါပြီ။ ဒါကြောင့် ဒီဒေသတွေမှာ ဗမာတပ်က အကြမ်းဖက်လို့ တိုက်ကျခိုက်ကျပြီဆိုရင် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ နစ်နာဆုံးရှုံးဖွယ် ရှိပါတယ်။ ကိုးကန့်ဒေသကို ဗမာစစ်အစိုးရတပ်တွေ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ ဆုံးရှုံးနစ်နာတာကို အမေရိကန် ဒေါ်လာသန်း (၄၀) လျော်ကြေးပေးဖို့ ယူနန်ပြည်နယ် လင်ချန်းခရိုင်အစိုးရက ဗမာစစ်အစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။ ဗမာစစ်တပ်ကတဘက် တရုတ်စကားပြောတဲ့ ၀ နဲ့ မိုင်းလားကတဘက် လက်နက်ကိုင် ပဋိပက္ခဖြစ်ရင် တရုတ်က ဘယ်လိုရပ်တည်မယ်ဆိုတာ စောင့်ကြည့်ဖိုသာ ရှိပါတော့တယ်။
VOA မှ
Sunday, March 28, 2010
ရွာသူအမျိုးသမီးတဦး ထင်းခွေရင်း ဗုံးနင်းမိ
မတ်လ ၂၇ရက်။ ကေအိုင်စီ
တောင်ငူဒေသမှ ရွာသူရွာသားအချို့
တောင်ငူမြို့နှင့် ၄၅မိုင်ခန့် ကွာဝေးသော ရေသိုးကြီး(ကော်သေးဒဲ)ရွာမှ ရွာသူတဦးသည် မတ်လ ၂၆ရက် နေ့တွင် ထင်းခွေသွားရင်း နအဖတပ်များ ထောင်ထားသည့်မိုင်းကို နင်းမိကာ ခြေတဖက်ပြတ်သွားခဲ့သည် ဟု ဒေသခံတဦးက ပြောသည်။
“အဲဒီနေ့ မနက် ၇နာရီခွဲလောက်မှာ ရေသိုးကြီးရွာသူ နော်ဟဲခရီဟာ ရွာအနီးအနားမှာ ထင်းသွားခွေရင်း မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်ထွက်သွားတယ်။ အဲဒီတ၀ိုက်က နအဖတပ်တွေပဲ ထိန်းချုပ်ထား တော့ ဒီဗုံးဟာ နအဖထောင်ထားတဲ့ ဗုံးပဲဆိုတာ တပ်အပ်ပြောနိုင်တယ်”ဟု အဆိုပါဒေသခံက ဆိုသည်။
အဆိုပါဒေသတွင် နအဖ ခမရ(၄၂၇)တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် မိုင်း နင်းမိသည့် အသက် ၄၀အရွယ်ရှိ နော်ဟဲခရီကို ရေသိုးကြီးရွာသားများက တောင်ငူဆေးရုံသို့ ပို့ဆောင် လိုက်သည်ဟု သိရသည်။
၎င်းအပြင် ယနေ့နံနက် ၅နာရီခန့်တွင် ရေသိုးကြီးရွာသူ နော်လာ့၏ ၀က်တကောင်မှာ ရွာတွင်းရှိ အစိုးရ မူလတန်းကျောင်းအနီးတွင် ဗုံးထိမှန်သွားခဲ့သေးသည်။
ယခုကာလသည် နအဖတပ်များ တောမီးရှို့နေသည့်အတွက် ရွာသားများ လာရောက်မီးမငြိမ်းသတ်နိုင် အောင် ဗုံးများကို ရွာတွင်းရွာပြင်၌ ထောင်ထားခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၂)မှ တပ်မှူးတဦး က ကေအိုင်စီကို ပြောသည်။
သူက “နအဖတပ်တွေဟာ အခုလိုရာသီမှာ တောမီးတွေ လိုက်ရှို့နေတယ်။ တချို့ရွာသားတွေကလည်း သူတို့ဥယျာဉ်ခြံတွေ ပါသွားမှာစိုးလို့ ပြန်ကြည့်တော့ စစ်တပ်က ထောင်ထားတဲ့မိုင်းဗုံးကို နင်းမိတာတွေ ရှိ တယ်လေ။ အဲဒီ ခမရ(၄၂၇)တပ်ဖွဲ့က ဒီဒေသမှာ အတော်သောင်းကျန်းနေတယ်”ဟု ဆိုသည်။
ခမရ(၄၂၇)တပ်ရင်းသည် ပြီးခဲ့လ ၂၄ရက်နေ့က ၎င်းဒေသတ၀ိုက်ရှိ ရွာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့သည့်အပြင် ဇန်န၀ါရီလ ၁၉ရက်နေ့တွင် ဟောတူထိုးရွာသားတဦးနှင့် ဖေဖော်ဝါရီလ ၂၃ရက်နေ့ တွင် စေခဲဒဲရွာသားတဦးကို ပစ်သတ်သွားခဲ့သည်။
နအဖ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လက်နက်ထိမှန်သည့် သစ်ပင်စည်တခု
ရေသိုးကြီးကျေးရွာသည် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် တည်ရှိပြီး နအဖ အမှတ်(၇) စစ်ကွပ်ကဲ ရေးဌာနချုပ် လက်အောက်ခံ ခမရ(၄၂၅)နှင့် ခမရ(၄၂၇)တပ်ရင်းများက ဖေဖော်ဝါရီနှင့် မတ်လအတွင်း တောင်ငူမှ ဘောဂလိ၊ ရေသိုးကြီး၊ ဘူဆာခီးသို့သွားရာ ကားလမ်းတဖက်တချက် တလျှောက်လုံးကို မီးရှို့ မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။
တောင်ငူခရိုင်တွင် စကခ(၇) လက်အောက်ခံ ခလရ(၂၆၁)၊ ခမရ(၄၂၁)တပ်များကလည်း ယခုနှစ်အ တွင်း မော်နီဘွားမျိုးနွယ်စုများ နေထိုင်သည့် စုစည်းကျေးရွာများ၊ ရွှေ့ပြောင်းကျေးရွာနေရာများကို မီးရှို့ ခြင်း၊ သွားလာရာတွင် ထောက်ခံစာရေးရခြင်း၊ ရွာကို ခြံစည်းရိုးကာရံခိုင်းခြင်းအပြင် ရွာအတွင်း ၀င် ရောက်တည်းခိုပြီး ရွာသားများကို လမ်းပြအဖြစ်လည်းကောင်း၊ ပေါ်တာအဖြစ်လည်းကောင်း ခေါ်ယူခိုင်း စေလျှက်ရှိသည်ဟု သိရသည်။
ကေအိုင်စီသတင်းမှ
ဗိုလ်ချုပ်မှူးကြီး ၏ အနာဂတ် ဘာလဲ ဘယ်လဲ
အောင်ဇော် Saturday, March 27, 2010
လူအများ ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော ရွေးကောက်ပွဲဥပဒေများကို လွန်ခဲ့သည့်သတင်းပတ်များအတွင်း ဗိုလ်ချုပ်မှူးကြီးက ထုတ်ပြန်ကြေညာလိုက်သည်။ ရွေးကောက်ပွဲအပြီးကာလတွင် ဗိုလ်ချုပ်မှူးကြီးသည် သူ၏ အာဏာပလ္လင်အား တဦးဦးဖြင့် လူစားထိုးမည်လော သို့မဟုတ် ယခုအတိုင်းချန်လှပ်ထားခဲ့မည်လော ဆိုသည်ကို မြန်မာ့အရေး လေ့လာ စောင့်ကြည့် သုံးသပ်နေသော ပညာရှင်က၀ိများ အနေဖြင့် အပူတပြင်း စဉ်းစားတွက်ချက်နေကြသည်။
ဗိုလ်ချုပ်မှူးကြီး အနေဖြင့် သူ၏နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုနှင့် ကိုင်စွဲထားသော အာဏာကိုလိုလိုလားလား စွန့်လွှတ်ပါ့မလားဆိုသည့် အချက်ကတော့ လူအများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။
နေပြည်တော်မှ ထိပ်တန်းခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံနေရသော သူများ၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီး သည် ရွေးကောက်ပွဲအပြီးကာလတွင် သမ္မတရာထူးနေရာ၌ ဆက်လက်တာဝန် ထမ်းဆောင်ရန် အစီအစဉ်များ ရှိနေသည်ဟု တပ်မတော်အတွင်းမှ အရာရှိတချို့က ယုံကြည်နေကြသည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသည် ကုလသမဂ္ဂအရာရှိများနှင့်တွေ့ဆုံစဉ်ကာလက သူ့အနေဖြင့် မကြာခင် အနားယူတော့မည် ဖြစ်ကြောင်းကိုလည်း ထုတ်ဖေါ် ပြောကြားခဲ့သေးကြောင်း သတင်းများအရ သိရှိရသည်။
နေပြည်တော်မှာ စစ်ဖက်ဆိုင်ရာနှင့် အရပ်ဖက်ဆိုင်ရာ အရာရှိများ၏ အဆိုအရ တပ်မတော်အတွင်းရှိ အချို့ အုပ်စုများအနေဖြင့် ဗိုလ်ချုပ်မှူးကြီးအား ကာလသတ်မှတ်ချက် အပိုင်းအခြားမရှိဘဲ အာဏာကိုဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေကြပြီး နောက်ဆုံးအချိန်အထိ တိုင်းပြည်အတွက် ပေးဆပ်တာဝန်ထမ်းဆောင်သွား ရန် တိုက်တွန်းမှုများ ရှိနေသည်ဟု ကြားသိရသည်။
ဗိုလ်ချုပ်မှူးကြီးအနေဖြင့်လည်း တပ်မတော်အတွင်းရှိ အုပ်စုတချို့မှ ထိုသို့တောင်းဆိုလာသည့်အပေါ် ခေါင်းညိတ်သဘောတူကာ သမ္မတကြီးလုပ်ဦးမည်ဆိုလျှင်လည်း မည်သူမျှ အံ့သြ လိမ့်မည် မဟုတ်ပါ။
ပြီးခဲ့သည့်နှစ်က ဖြစ်ပေါ်ခဲ့သော ကောလဟာလများအရ ဗိုလ်ချုပ်မှူးကြီးသည် စစ်အစိုးရအတွင်းမှ တတိယ မြောက် အာဏာရှိသူ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းအား ရွေးကောက်ပွဲအပြီး ကာလ အတွက် သမ္မတ ရာထူးပေးအပ်ရန် လျာထားခဲ့ကြောင်း သိရှိရသည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဇနီးတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ၎င်း၏မိသားစုဝင်များနှင့် အလွန်နီးစပ်သူများလည်း ဖြစ်သည်။ ထိုမိသားစု နှစ်စုသည် စင်္ကာပူနိုင်ငံသို့ အတူတကွ အမြဲဈေးဝယ်ထွက်ကြကြောင်းလည်း သိရှိရသည်၊
သို့သော်လည်း စစ်တပ်အတွင်းမှလာသော သတင်းများအရ သူရရွှေမန်းသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီးအတွက် မလိုအပ်တော့ကြောင်းကြားသိရပြန်သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ယခင်က ဧရာဝတီတိုင်း တိုင်းမှူး ဖြစ်ခဲ့ သည်။ ထိုနေရာမှ ရန်ကုန်ရှိစစ်ရုံးချုပ်သို့ ရာထူးတိုးမြှင့်ခန့်ထားပေးခဲ့ခြင်းသည် ၂၀၀၀ ခုနှစ် အစောပိုင်း နှစ်များ အတွင်း ရေပန်းစားခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ပြန်၍ အားပြိုင်နိုင်စေရေးအတွက် ခန့်ထားခဲ့ခြင်း ဖြစ်သည် ဟု သိရှိရသည်။ အာဏာလက်စောင်းထက်လှသော ထောက်လှမ်းရေးမှူးချုပ်တဖြစ်လဲ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးနှင့်အတူ ရာထူးမှ ထုတ်ပယ် ခံလိုက်ရ သည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးသည် သူ၏ ပြိုင်ဖက်များအတွင်းမှ အန္တရာယ် အရှိဆုံးသူ တဦးကို ဖယ်ရှားနိုင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး မြှောက်စားခဲ့သော၊ ရာထူးတင်ပေးခဲ့သော လူလတ်ပိုင်း စစ်အရာရှိ များထဲမှ တဦးဖြစ်သည်။ ထိုအရာရှိများသည် တပ်မတော်အတွင်း ထိပ်တန်းအရာရှိကြီးများ ဖြစ်လာသကဲ့သို့ ၀န်ကြီးများအဖြစ်လည်း ရာထူးများ ရရှိခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အထူးစစ်ဆင်ရေးဗြူရို အမှတ် (၅)၏ ခေါင်းဆောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦး တို့သည် ဗိုလ်ချုပ်မှူးကြီး စင်တင်ပေးခဲ့သော ထိပ်တန်း အရာရှိများ ဖြစ်သည်။ ဗိုလ်ချုပ်ဌေးဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ တာဝန် ကိုလည်း ထမ်းဆောင်နေသူဖြစ်သည်။
သတင်းအချက်အလက်များအရ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် မန်မာနကြီးသူတဦး မဟုတ်သော်လည်း ဗိုလ်ချုပ်မှူးကြီး၏ ယုံကြည်စိတ်ချမှုကို အပြည့်အ၀ရရှိသူ တဦးမဟုတ်ကြောင်း သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီး စိတ်ချယုံကြည်သော ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၂၀၀၇ ခုနှစ်၌ ကွယ်လွယ်အပြီး ဗိုလ်ချုပ်ဌေးဦးနှင့် ဗိုလ်ချုပ်မြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး၏ စိတ်ကြိုက် ထိပ်တန်းအရာရှိများ ဖြစ်လာခဲ့ကြသည်။
အကယ်၍ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ရွေးကောက်ပွဲကာလအပြီးတွင် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်နှင့် သူ၏ လုံခြုံရေးအတွက် အာဏာနေရာကို ဆက်လက်ကိုင်စွဲ ထားမည်ဆိုပါကလည်း အံ့သြစရာမဟုတ်ပါ။
မြန်မာစစ်အစိုးရ ထိပ်တန်းအဖွဲ့ဝင်များသည် နိုင်ငံခြားဘဏ်များတွင် ကိုယ်ပိုင်နိုင်ငံခြားငွေ အမြောက်အများရှိနေ သကဲ့သို့ မက်မောဖွယ်ကောင်းသော စီးပွားရေးအကျိုးအမြတ်များကိုလည်း တဖက်တွင် နည်းမျိုးစုံဖြင့် ပိုင်ဆိုင် ထား ရှိသည်။ ထိုကဲ့သို့ တဦးချင်း ချမ်းသာ၍ ဓနကြွယ်ဝလာမှုများသည် လာမည့်နှစ်အတော်များများအထိ ဆက် လက် အကျိုးခံစား နေရဦးမည်ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင် မေးရမည့်မေးခွန်းကတော့ ဗိုလ်ချုပ်မှူးကြီးသည် မည်သည့်နည်းနာကို သုံးစွဲ၍ သမ္မတကြီးအဖြစ် အာဏာကို ဆက်လက်ဆုပ်ကိုင်မည်နည်း ဆိုသည်ပင်ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ စစ်တပ်သည် ဖြစ်တည်လာမည့် အစိုးရသစ် အုပ်ချုပ်ရေးထဲတွင် ကျေးရွာ၊ မြို့နယ်၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင် ဒေသကြီးများ စသဖြင့် အဆင့်တိုင်းတွင် ၂၅ ရာခိုင်နှုန်း နေရာကို အလိုအလျောက် ရရှိမည်ဖြစ်သည်၊ ထို့အပြင် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် တဦး၊ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တဦးနှင့် လွှတ်တော်နှစ်ရပ်ပေါင်းအတွက် စစ်တပ် ကိုယ်စား လှယ် တဦး စုစုပေါင်း ကိုယ်စားလှယ်သုံးဦးကို သမ္မတရာထူးအတွက် လျာထားသည်။
လာမည့် အနာဂတ်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ထိုကိုယ်စားလှယ်များထဲမှတဦးဦးအဖြစ် တပ်မတော်မှ ကိုယ် စားလှယ်များက ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အမည်စာရင်းတင်သွင်းမည် ဆိုပါက တင်သွင်းနိုင်ခွင့်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသစ်ဖြစ်လာမည့် သမ္မတသည် အမျိုးသားကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ထိုကောင်စီသည် နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာ နိုင်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာရှိသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသည် လက်နက်ကိုင် စစ်တပ်၏ အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာ ရှိသူဖြစ်သည်။ ထိုရာထူးကို သူ စိတ်ချယုံကြည်ရဆုံး သူကိုသာ လွှဲပြောင်းပေး လိမ့်မည်ဟု လေ့လာသုံးသပ်သူ များက ဆိုထားသည်။ အသက် ၅၀ ကျော်ခန့်ရှိသော ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ထိုရာထူးအတွက် အသင့်လျော်ဆုံးသူ ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။
ဗိုလ်ချုပ်မှူးကြီးသည် ညွှန်ကြားချက်များ အမိန့်များ ဆက်လက်ပေးနေဆဲ ဖြစ်သော်လည်း ရန်ကုန် မန္တလေး တို့တွင် ထိပ်တန်းစစ်အရာရှိများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာကိစ္စများအတွက် ကျင်းပသော ပုံမှန်အစည်း အဝေးများကို ကိုယ်တိုင်တက်ရောက်၍ ညွှန်ကြားနေရသူကတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသာဖြစ်သည်။
မည်သူသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်မည်နည်းဆိုသည့် မေးခွန်းက ယခုအချိန်တွင် အရေးကြီးနေသည်။ ဗိုလ်ချုပ်မှူးကြီး ယုံကြည်စိတ်အချရဆုံးဖြစ်၍ ဗိုလ်ချုပ်မှူးကြီး၏ ဇနီးနှင့်နီးစပ်သော ဗိုလ်ချုပ်မြင့်ဆွေကတော့ အဆိုပါရာထူးအတွက် ယနေ့ အချိန်တွင် တစ်ပြေးနေတဦးဖြစ်သည်။
စိတ်ဝင်စားဖွယ်ကောင်းသည့် နောက်တချက်ရှိသေးသည်။ ခေတ်မီ၍ အားကောင်းသည်ဟု ယူဆထားသည့် တပ်မတော်ကို ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အခြားသူ တဦးဦးလက်ထဲသို့ ထိုးအပ်ရန်အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲပါလိမ့်မည်။ သူ၏ တပ်မတော်အတွင်းမှ ထိပ်တန်းအရာရှိများအကြားတွင် ရှိနေသည့် အာဏာပြိုင်ဆိုင်မှုများ အကြောင်းကို သူ ကိုယ်တိုင်လည်း ကောင်းကောင်းသိသူ တဦးဖြစ်သည်။ အကယ်၍ စစ်တပ်ကို ထိန်းချုပ်ထားသည့် ရာထူးကို စွန့်ခွာလိုက်ပါက နောင်တွင် စစ်တပ်ကိုပြန်လည် ထိန်းချုပ်ရန် ဗိုလ်ချုပ်မှူးကြီးအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပါမည်။ ထိုအချက်သည် ဗိုလ်ချုပ်မှူးကြီးအတွက် စိုးရိမ်သောက အရောက်ရဆုံး ကိစ္စဖြစ်နိုင်သည်။
ယခုအချိန်တွင် တွေ့မြင်နေရသည့် အပြောင်းလဲများကို မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုဟု ဆိုပါစို့။ ဗိုလ်ချုပ်မှူးကြီးအတွက် စိုးရိမ်သောကဖြစ်စေရသည့်အချက်မှာ သူ့ထက် အသက်ငယ်ရွယ်သော စစ်တပ်နှင့် ၀န်ကြီး အဖွဲ့များထဲမှ လူလတ်ပိုင်း ထိပ်တန်းစစ်ခေါင်းဆောင်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုလူလတ်ပိုင်း စစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်တခုအတွင်း တရိပ်ရိပ်ဖြင့် ပိုမိုချမ်းသာ ကြွယ်ဝလာကြသကဲ့သို့ ပို၍လည်း အာဏာလက်စောင်း ထက်လာကြသည်ကို တွေ့ရှိရသောကြောင့် ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးအား ညသန်းခေါင်ယံအချိန်တွင် အိပ်မက်ဆိုးဖြင့် လန့်နိုးစေသူ မဟုတ်ပါ။ သို့သော် ဗိုလ်ချုပ်မှူးကြီး ယုံကြည်စိတ်ချရသည်ဆိုသော စစ်အရာရှိများသည် သူကိုယ်တိုင်နှင့် သူ၏ မိသားစုလုံခြုံရေးကို လာမည့်အနာဂတ်ကာလတွင် အာမခံနိုင် မခံနိုင် ဆိုသည်ကသာ အမှန်တကယ် မေးရမည့် မေးခွန်း ဖြစ်သည်။
ရှေ့အနာဂတ်တွင်လည်း သူ၏ လုံခြုံရေးအတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် များစွာသော ထိပ်တန်း စစ်ခေါင်း ဆောင် များကို ထောင်သွင်းအကျဉ်းချခြင်း အကျယ်ချုပ် ချထားခြင်းများ ပြုလုပ်၍ ကာကွယ်ရင်း နေထိုင် သွားရ ပေလိမ့်မည်။ ထိုအထဲတွင် သူနှင့်သူ့မိသားစုနှင့် အစေးမကပ်သည့် ဗိုလ်ချုပ်ကြီး ခင်ညွန့် သည်လည်း တဦး အပါ အ၀င်ဖြစ်သည်။
ထိုသို့သော အချက်များကြောင့် ဗိုလ်ချုပ်မှူးကြီးအတွက် ထွက်တော်မူနန်းကခွာခြင်းသည် သူနှင့်သူ့မိသားစု အတွက် အန္တရာယ်များ လှသောကြောင့် တနည်းနည်းဖြင့် အာဏာကိုဆက်လက်ကိုင်စွဲခြင်းကသာ အကောင်းဆုံး ဗျူဟာဖြစ်တော့သည်။
အကယ်၍ ဤသို့မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး စိတ်ပြောင်းလာသည် ဆိုပါစို့။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဗိုလ်ချုပ် ဌေးဦး တို့အတွက် ထိပ်တန်းရာထူးများက အဆင်သင့် ဖြစ်နေပေလိမ့်မည်။
အလားတူပင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ဗိုလ်ချုပ်မြင့်ဆွေအား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ရန် စိတ်လေး နေသည်ဆိုပါက သူ့အနေဖြင့် ရွေးချယ်ရန် လူလတ်ပိုင်း ထိပ်တန်းအရာရှိများ ဖြစ်သော ဗိုလ်ချုပ် လှဌေးဝင်း၊ ဗိုလ်ချုပ် ကိုကို၊ ဗိုလ်ချုပ်တင်ငွေနှင့် ဗိုလ်ချုပ်ကျော်ဆွေတို့ ကျန်ရှိနေပါသေးသည်။
လောလောဆယ် အနေဖြင့် သမ္မတကြီးဖြစ်ရန် ရည်စူးနေပုံရသော ဗိုလ်ချုပ်မှူးကြီးကို လာမည့် ရွေးကောက်ပွဲတွင် ကံကောင်းပါစေကြောင်း စကားပါးလိုက်ရပါသည်။
Than Shwe Mulls his Future Role By Aung Zaw ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။
ဧရာဝတီသတင်းမှ
Saturday, March 27, 2010
နအဖနဲ့ UWSA “၀” တို့ အားပြိုင်ကြမည့်ပွဲ
၁။ နအဖဟာ ရွေးကောက်ပွဲဥပဒေကို ခန့်မှန်းထားတာထက် အချိန်ကာလ အနည်းငယ်စောပြီး ထုတ်ပြန်ခဲ့ရတဲ့ အကြောင်းရင်း တစ်ခုရှိကြောင်း၊ ရွေးကောက်ပွဲ ဥပဒေအရ တိုင်းရင်းသား လက်နက်ကိုင်များရှိရာ ရှမ်းပြည်နယ်တခွင်အား ဥပဒေစိုးမိုးမှုဖြင့် ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းခိုင်းထားခြင်းအပေါ် UWSA က လက်မခံခဲ့တဲ့အတွက် နအဖ အနေနဲ့ အကြပ်အတည်း တွေ့နေရကြောင်း၊ နိုင်ငံတကာရဲ့ ဖိအားနှင့် ပြည်တွင်း အကြပ်အတည်းများကြောင့် တရုတ်နိုင်ငံအနေနဲ့ နအဖအား ရွေးကောက်ပွဲကို ဆောလျှင်စွာ ပြီးစီးအောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သည်များရှိခဲ့ကြောင်း၊ ဒီအကွက်ကို နအဖက ပြန်ကောက်ပြီး ရွေးကောက်ပွဲအား မြန်မြန်ပြီးစီးအောင် ပြုလုပ်လိုသော်လည်း UWSA “၀” တို့မှ ကိုးလို့ကန့်လန့် တိုက်နေဟန်ကို လုပ်ကြံပြချင်သဖြင့် ရွေးကောက်ပွဲဥပဒေကို အချိန်အနည်းငယ်စောကာ ထုတ်ပြန်လိုက်ရသည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေး အဖြေရှာလို့ မရရင် စစ်ရေးအရ ဖြေရှင်းဖို့ တရုတ်နိုင်ငံအား မဟာဗျူဟာအရ ရွေးကောက်ပွဲ ဥပဒေခင်းပြီး အကြပ်ကိုင်မည် ဖြစ်ကြောင်း သတင်းပေးပို့ လာခဲ့ပါတယ်။
၂။ တရုတ်နိုင်ငံ အနေဖြင့် ဗကပ လက်ထက်တုန်းကလို UWSA ကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဆက်အသွယ်ဖြတ်ပြီး နယ်စပ်ပိတ်ဆို့သည်အထိ နအဖက လုပ်စေချင်ကြောင်း၊ ဒါပေမယ့် တရုတ်နိုင်ငံက စေ့စပ်ဆွေးနွေးဖို့သာ လေသံပျော့ပျော့နှင့် တိုက်တွန်းနေလို့ နအဖက မကျေမနပ် ဖြစ်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ရေပိုင်နက် အရေးအခင်း တုန်းကလည်း တရုတ်ရဲ့ ရပ်တည်ချက်ကို နအဖမှ ဘ၀င်မကျ ဖြစ်ခဲ့ရကြောင်း၊ UWSA အား တရုတ်နိုင်ငံရဲ့ ကြားခံနယ်မြေအဖြစ် အသုံးပြုလာမှာကို မလိုလားကြောင်း၊ နအဖက တရုတ်နိုင်ငံရဲ့ စီးပွားရေး သည်းခြေကြိုက် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့သိုက်ဖြင့် မဟာဗျူဟာ ကစားပြီး UWSA အား ထောက်ပံ့မှု ရပ်ဆိုင်းရေး ဖိအားပေးလာမှာ ဖြစ်ကြောင်း၊ မည်သို့ဆိုစေ ရှမ်းပြည်နယ်တောင်ပိုင်း UWSA တပ်ဖွဲ့များကိုတော့ ပြန်လည် ရုတ်သိမ်းခိုင်းတဲ့ နအဖရဲ့ ဆန္ဒကို တရုတ်တို့က သဘောတူလာကြောင်း သတင်းပေးပို့လာပါတယ်။
၃။ ရှမ်းပြည်နယ် စစ်ရေးပြင်ဆင်မှုများကို တင်ပြရရင် တပ်မ (၃၃၊ ၅၅၊ ၇၇၊ ၉၉) များကို ထိုးတင်လိုက်ရာ တပ်မ(၇၇)နှင့် တပ်မ(၉၉)တို့မှာ ရှမ်းပြည်နယ် မော်ဖဂွင်နှင့် ကွတ်ခိုင် ဧရိယာတို့တွင် ဗကပ လက်ထက်ကတည်းက စစ်ဆင်ရေး ကျွမ်းကျင်သော တပ်မများဖြစ်ကြောင်း၊ ၎င်းအပြင် ရှမ်းပြည်နယ် အခြေစိုက် တပ်မများဖြစ်ကြတဲ့ စကခ (၁၊ ၂၊ ၁၄၊ ၁၆၊ ၁၇၊ ၁၈) တို့လည်း ရှိကြကြောင်း၊ အဲဒီအခြေစိုက် တပ်မတွေထဲက စကခမှူး ဗိုလ်မှူးချုပ်သိန်းထွန်း ဦးစီးတဲ့ (စကခ - ၁၆) သိန္ဒီမြို့၊ စကခ တစ်ခုတည်းကိုသာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေး ဧရိယာထဲသို့ ရှေ့တန်း ထွက်ခိုင်းနေကြောင်း၊ ဒါပေမယ့် ကကကြည်းက အချိန်မရွေး ၎င်းတပ်မအား ရှမ်းပြည်နယ်သို့ ပြန်ခေါ် နိုင်ကြောင်း၊ ဒါ့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (တိုင်းသုံးတိုင်းပေါင်း) မှ လက်အောက်ခံ တပ်ရင်းပေါင်း (၄၈) ရင်းနဲ့ ညီမျှတဲ့ တပ်မ (၅) ခုစာ အင်အားနှင့် အထက်မှာ တင်ပြထားသော မူရင်း တပ်မ (၁၀) ခုစာ ပေါင်းပါက စုစုပေါင်း တပ်မ (၁၅) ခု အင်အား ရှိနေကြောင်း၊ တပ်မတစ်ခုလျှင် ပျှမ်းမျှ အင်အား (၃၀၀၀) နှုန်းဖြင့် တွက်ပါက ရှမ်းပြည်နယ်မှာ နအဖတပ်အနေနဲ့ တိုက်ခိုက်ရေးအင်အား စုစုပေါင်း (၄၅၀၀၀) ခန့် ရှိနေပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။
၎။ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရာမှာ အတွေ့အကြုံများအရ UWSA “၀” တပ်ဖွဲ့များအား ခက်ခက်ခဲခဲ တိုက်ယူရဖို့ ရှိကြောင်း၊ နအဖ နဲ့ အဆင်ပြေခဲ့တဲ့အချိန်က “၀” တပ်မှူးများဟာ MTA ခွန်ဆာတပ်ဖွဲ့များကို တိုက်ခိုက်ပြီးချိန်တွင် ထိုင်းနိုင်ငံအား ချင်းမိုင်မြို့အထိ တိုက်ခိုက်ဖို့ အဆိုပြုခဲ့ဖူးကြောင်း၊ ဗကပ ခေတ်က ဗမာပြည်မထဲအထိ ထိုးဖောက်ကာ မိုးမိတ်မြို့အထိ တိုက်ခိုက်ခဲ့ဖူးကြောင်း၊ “၀” စစ်သားများရဲ့ သဘောသဘာဝအရ ကောက်ညှင်းနှင့်ဆားရှိလျှင်ပင် စစ်တိုက်လို့ရကြောင်း၊ မြေခွေးကျင်းကဲ့သို့ မြေကြီးအား လှိုင်ခေါင်းတူး စစ်ဆင်ရေးလိုမျိုးကို အပင်ပန်းခံ စစ်တိုက်နိုင်ခဲ့ကြောင်း၊ အမိန့်အရ ကျားတက်ထိုးပြီဆိုလျှင် မတ်တပ်ရပ်ပြီး မကြောက်မရွံ့ အတင်း တက်တိုက်နိုင်ခဲ့တဲ့ သာဓကများလည်းရှိကြောင်း၊ ယူနန်နယ်တွင် “၀” ဦးရေ (၅) သန်းရှိနေရာ တိုက်ပွဲဖြစ်လာပါက နယ်စပ်ဖြတ်ကျော်ပြီး အင်အား (၃၀၀၀၀) ခန့်ရှိ UWSA နှင့် ပူးပေါင်းကာ လူလှိုင်းလုံး စစ်နည်းဗျူဟာအရ တိုက်ခိုက်လာနိုင်ကြောင်း ၊ MiG-29 ကို တိုက်ဖို့ရန် အပူလှိုင်းရှာ ပစ်မှတ်လေယာဉ်အား တောက်လျှောက် လိုက်နိုင်သည့် ပုခုံးထမ်း SA-16 GIMLET (Igla-1 9K310)၊ SA-18 GROUSE ကဲ့သို့ တာတိုပစ် Missile များအား ၀ယ်ယူဖို့ UWSA “၀” က ကြိုးစားနေကြောင်း၊ နအဖက လန့်နေသည်မှာ နောက်ကျော ဓါးနဲ့ထိုးမည့် နဂါးပတ်စစ်နည်းဗျူဟာအရ ရှမ်းပြည်နယ်တောင်ပိုင်း UWSA တပ်ဖွဲ့က အတွင်းပိုင်းသို့ ထိုးဖောက် တိုက်ခိုက်နိုင်မည်ကို စိုးရိမ်နေကြောင်း စသည်ဖြင့် သုံးသပ်တင်ပြ ပေးပို့လာပါတယ်။
၅။ ယခင်အခါက တပ်မတော် (လေ) တွင် PC-6 ၊ PC-7 ပန်ကာတပ် ဗုံးကြဲလေယာဉ်များဖြင့် ဗုံးကြဲခဲ့ရာ ရန်သူရဲ့ ပွိုင့် ၅ စက်သေနတ်ကြီးရန်ကြောင့် အမြင့်ပေ တစ်သောင်း အထက်မှ ပျံသန်းခဲ့ရကြောင်း၊ ယခုအခါ UWSA “၀” တွင် မြေပြင်မှ ဝေဟင်ပစ် sam – 7 missile များ ရှိကြောင်း၊ ဒါကြောင့် ယခုအခါမှာ တပ်မတော် (လေ) မှ F - 7 နှင့် MiG – 29 ကဲ့သို့ အသံထက်မြန်သော ဂျက်တိုက်လေယာဉ်များကို sam – 7 missile က ပစ်ချလို့ မရနိုင်အောင် အမြင့်ပေ(၅၀၀၀၀)နှင့် အသံထက်မြန်နှုန်းအသုံးပြု တိုက်ခိုက်မည် ဖြစ်ကြောင်း၊ စစ်ရေး သဘောသဘာဝအရ နှစ်နိုင်ငံနယ်စပ်ကို ကျော်ပြီး အမြောက်ဆံများ၊ missile များနှင့် ကျည်ဆံများ၊ rocket များ ကျရောက်ပါက ပြဿနာရှိနိုင်လို့ နယ်စပ်မျဉ်းကို ဦးစွာသွားပြီးမှ “ပစောက်ကွေ့” ကွေ့ကာ Dog Fight နည်းဗျူဟာဖြင့် တရုတ်နိုင်ငံအတွင်းသို့ မကျစေရေးအတွက် မြန်မာပြည်အတွင်းသို့ ပြန်လှည့်ပစ်တဲ့နည်းအား အသုံးပြုမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဖိုးတရုတ်ဘလော့မှပြန်လည်ကူးယူဖေါ်ပြသည်။
Friday, March 26, 2010
တရားခံက တပ်မတော်
မြင့်မောင် | သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၅၃ မိနစ်
၆၅ နှစ်မြောက် တပ်မတော်နေ့ အကြိုတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလများထိအောင် အဓိက နိုင်ငံရေးပြိုင်ဘက် အင်အားစုများဖြစ်သော ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့၏ အမြင်များကိုလည်း စုစည်းတင်ပြထားရာ ယခု အင်တာဗျူးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း၏ တပ်မတော်အပေါ် အမြင်ကို ဆက်သွယ်မေးမြန်း တင်ပြထားသည်။
မေး။ မနက်ဖြန်မှာ မြန်မာအစိုးရက တပ်မတော်နေ့ဆိုတဲ့ အမည်နဲ့ ကျင်းပမှာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန်ပြောဆိုချင်လဲခင်ဗျ။
''မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်းရေးနေ့ဆိုတာ လူတိုင်း သိကြပါတယ်။ အဲဒါကို စစ်အစိုးရတွေကနေ စပြီးတော့၊ ဗိုလ်နေဝင်း လက်ထက်ကနေ စပြီးတော့ သူ့တို့ တပ်မတော်နေ့အဖြစ် လုယူထားတာ ဖြစ်တယ်။ တကယ်ကျတော့ ဒီတပ်မတော်ဟာ ဖက်ဆစ်ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်နဲ့၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ဆိုလို့ရှိရင် အများကြီး ကွာသွားပြီ။ အဲဒီတုန်းက မျိုးဆက်တွေနဲ့လည်း အများကြီး ကွာသွားပြီ။ အစဉ်အလာတွေလည်း လုံးလုံးစွန့်လွှတ်လိုက်ပြီလို့လည်း ပြောလို့ရပါတယ်''
''မောင်ပိုင်စီးပြီးတော့ ပြည်သူလူထု အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ကို ပြည်သူတွေအပေါ်မှာ သတ်ဖြတ်နေတဲ့၊ ညှဉ်းဆဲနေတဲ့ တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့အဖြစ် ပြောင်းလဲလိုက်တာဟာ မြန်မာပြည်သူလူထုတွေနဲ့ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်သားတွေ၊ ပြည်သူတွေကို စော်ကားလိုက်တာလို့ ကျနော် ပြောချင်ပါတယ်။ ဒီဟာလိုပဲ တခြားသမိုင်းနဲ့ ပတ်သက်ပြီးတော့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစ၊ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က သူတို့ ကပြောင်းကပြန် လုပ်ထားခဲ့တဲ့ ဟာတွေက အများကြီး ရှိတယ်။ တနေ့ကျရင် အားလုံး လှန်ပစ်ရမယ်။ အားလုံး တည့်မတ်ယူရမယ်လို့တော့ ကျနော် မြင်ပါတယ်''
မေး။ တပ်မတော်ကို စပြီး သန္ဓေတည်ခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ဒီကနေ့ တပ်မတော်ရဲ့ အခြေအနေဟာ ဘယ်လိုကွာဟချက်တွေ၊ ကွာခြားချက်တွေ ဖြစ်နေတယ်လို့ ပြောနိုင်မလဲခင်ဗျ။
''အရင်တုန်းက တပ်မတော်က ပြည်သူလူထုကို ကယ်တင်ဖို့အတွက်၊ ပြည်သူလူထုကို ဖိနှိပ်တဲ့ ဖက်ဆစ်နယ်ချဲ့ကို မောင်းထုတ်ဖို့အတွက်၊ လိုအပ်ရင် ချေမှုန်းပစ်ဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာက အဲဒါနဲ့ ပြောင်းပြန်။ နယ်ချဲ့ဖက်ဆစ်ကို တိုက်တာလည်း မရှိ၊ ကိုယ့်ပြည်သူလူထုကို နှိပ်စက်နေတဲ့ တပ်မတော် ဖြစ်နေပါတယ်။ အရင်တုန်းက တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုကြီးက သွေးစည်းညီညွတ်ခဲ့ကြတယ်။ တိုင်းပြည် စည်းလုံးညီညွတ်ရေးအတွက် တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ အခုကျတော့ တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုက မရှိတော့ဘူး။ ဒီတပ်မတော်လည်း ပြည်သူလူထု သွေးစည်းညီညွတ်မှုကို ဖျက်ဆီးနေတဲ့၊ သွေးခွဲပေးနေတဲ့ တပ်မတော် ဖြစ်နေပါတယ်''
မေး။ တပ်မတော်ဟာ နိုင်ငံတော်အာဏာကို ဒီကနေ့ ထိန်းသိမ်းထားရတဲ့ အဖြစ်ဟာ ဘယ်လိုလုပ်ပြီး ပေါ်ပေါက်လာတာလဲခင်ဗျ။ နိုင်ငံရေးနောက်ခံလေး ပြောပြစေချင်ပါတယ်။
“ဒီတပ်မတော်ဟာ ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး) ထဲက ဆိုရှယ်လစ်တွေကို တပ်ထဲမှာရှိတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုတို့ကနေပြီးတော့ ပြည်တွင်းစစ်ကို မဖြစ်ဖြစ်အောင် လုပ်ပြီးတော့ တောထဲကို မောင်းပို့လိုက်တဲ့ အခါကျတော့၊ ဒီကနေ့ ကျောင်းသားတွေ တောခိုရတဲ့ အဖြစ်မျိုးရောက်အောင်၊ ဒီလမ်း ရောက်အောင် တမင်တွန်းပို့လိုက်တာ ဖြစ်တယ်။ ဖြစ်လာတဲ့အခါ ပြည်တွင်းစစ်ဆိုတော့ ပြည်သူတွေကြားထဲမှာ ပစ်ရတဲ့အတွက် တပ်မတော်ဟာ ပြည်သူတွေကို နှိမ်နှင်းတာတွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဖဆပလ အစိုးရလက်ထက်မှာ စစ်တပ်နဲ့ စစ်အုပ်စု၊ ဆိုလိုတာကတော့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုရဲ့ အင်အားက တဖြည်းဖြည်း တန်ခိုးထွားလာတယ်။ သူတို့က လက်နက်ကိုင်ထားတာ ဖြစ်နေတော့ ကျန်တဲ့ ဖဆပလ ထဲက ခေါင်းဆောင်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ကို မယှဉ်နိုင်ဘူးဖြစ်လာတယ်။ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီး ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းတာ လုပ်လာခဲ့တယ်။ အဲဒီကစပြီးတော့ သူတို့က အာဏာရဲ့ အရသာကို သိသွားပြီးတော့ ချက်ချင်းပဲ ၁၉၆ဝ ခုနှစ်မှာ အာဏာပြန်အပ်ပေးတယ်။ ဘာမှ မကြာဘူး တနှစ်၊ ၂ နှစ်အတွင်းဖြစ်တဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာပြန်သိမ်းယူခဲ့တာ ဒီနေ့အထိပဲ။ အာဏာကို သူတို့က အုပ်စီးမယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးဖြစ်တဲ့ ဘဏ္ဍာအရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် အားလုံးကို သူတို့ပဲ ခံစားမယ်။ သူတို့ပဲ အဓိက ခွဲဝေသုံးစွဲမယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်''
မေး။ နိုင်ငံတကာမှာတော့ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍအတွက်ပဲ တပ်မတော်ကို ထားချင်ကြပါတယ်။ အဲဒီအမြင်တွေနဲ့ မြန်မာပြည်ရဲ့ အနေအထားကရော ကိုက်ညီမှု ရှိပါရဲ့လားဗျ။
“တပ်မတော်ဆိုတာက လက်နက်ကိုင်ထားတဲ့ သူတွေဟာ နိုင်ငံရေး အဆောက်အအုံနဲ့ ကင်းအောင်နေတာ ကောင်းပါတယ်။ အဲဒီ ၂ ခု ရောထွေးသွားလို့ရှိရင် ဘယ်တိုင်းပြည်မဆို ဒုက္ခရောက်တတ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဒုက္ခရောက်တတ်ပါတယ်။ ဒါမျိုးတွေက တချို့တိုင်းပြည်တွေမှာ တွေ့တတ်ပါတယ်။ ဒါမျိုးတွေက ကြာရှည်မရှိပါဘူး။ ကာလတိုတခု ဖြစ်တယ်။ ဗမာပြည်မှာသာ ကမ္ဘာ့သမိုင်း စံချိန်တင်လောက်တဲ့ ရာစုနှစ်တဝက် ကျိုးတော့မယ်။ တပ်မတော်ရဲ့ အာဏာသိမ်းခဲ့တဲ့ သက်တမ်း နောက်နှစ်ဆို ကျိုးတော့မယ်။ ဒါမျိုးက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ။ တိုင်းပြည်နာဖို့၊ လူထုနာဖို့၊ အိမ်နီးနားချင်းနိုင်ငံတွေ နစ်နာတဲ့အဖြစ်လည်း ရောက်ပါတယ်''
မေး။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ စစ်တပ်က နိုင်ငံတော် အာဏာကို ဆက်ထိန်းထားရအောင်လို့ ရေးဆွဲထားတာလို့ ပြောကြပါတယ်။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။
“ဟုတ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ထိန်းထားတာက အလွယ်တကူ မဟုတ်ဘူး။ သူက တရားဝင် ဖြစ်သွားမယ်။ ဆွေစဉ်မျိုးဆက်နဲ့ ဖြစ်နိုင်လို့ရှိရင် ကမ္ဘာတိုင် ထိန်းသွားဖို့လုပ်တာ ဖြစ်ပါတယ်။ သူတို့ ဒီဟာကို လုပ်တဲ့ဟာက သာမန် မဟုတ်ဘူး။ ပြင်ဆင်ပြီးလို့။ ပြင်ဆင်တာက ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက လမ်းပြမြေပုံချပြီး ပြင်ဆင်လာတာက အကြာကြီးပဲ။ အနှစ် ၂၀ နီးပါး ပြင်ဆင်ပြီးတော့ လုပ်လာတဲ့ ကိစ္စဖြစ်တယ်။ ဒီလိုလုပ်တဲ့ဟာက သူတို့ ပိုင်ပြီဆိုပြီး လုပ်တာဖြစ်တယ်။ သူတို့ အားနည်းလို့ နောက်ဆုတ်တာ မဟုတ်ဘူး။ (တချို့က အဲဒီလို လျှောက်ပြောနေတာရှိလို့)။ သူတို့အားနည်းလို့ နောက်ဆုတ်လိုက်တာ မဟုတ်ဘူး။ သူတို့ ပြင်ဆင်ပြီးလို့ အပြတ်လုပ်တာ ဖြစ်တယ်။ အပြတ်လုပ်တာက အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုလုံးကို အညွန့်ချိုးဖို့၊ နိုင်ငံရေးအညွန့်ချိုးဖို့ ကြိုးစားတာ ဖြစ်တယ်။ ဒီ ၂ ခု အညွန့်ကျိုးလို့ရှိရင် ဗမာပြည် ပြည်သူလူထုကြီးရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေလည်း အညွန့်ကျိုးသွားမယ် ဆိုတာကို မျှော်လင့်ပြီးတော့၊ ယူဆပြီးတော့ စီမံကိန်းကျကျ လုပ်လာတာ ဖြစ်တယ်'
မေး။ တပ်တော်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေကို ဘာများ မှာကြားချင်ပါသလဲ။
“တပ်မတော် ခေါင်းဆောင်ဆိုတာကလည်း တပ်မတော်တွင်းမှာရှိတဲ့၊ ရိုးသားတဲ့၊ ပြည်သူလူထုအပေါ်မှာ သံယောဇဉ်ရှိတဲ့ အဆင့်အသီးသီးက တပ်မှူးတပ်သား အားလုံးကို ပြောချင်တာကတော့ ဒီနေ့ ဗမာပြည်ကြီးဟာ သူတို့လည်း သိတယ်၊ သူတို့လည်း မြင်နေတယ်၊ အင်မတန်ကိုမှ အခြေအနေ ဆိုးနေပါပြီ။ နိုင်ငံတကာမှာ ဆင်းရဲရုံတင်မက ဂုဏ်သိက္ခာလည်း ကျနေပါပြီ။ အဲဒါအတွက် တရားခံက တပ်မတော်လို့ လုံးလုံးလျားလျား ဖြစ်နေပါတယ်။ အဲဒီအခြေအနေကနေ ပြန်လည်ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်''
mizzima သတင်းမှ
NLD ဘာလဲ၊ ဘယ်လဲ
ပထမ ဦးစွာ ဆောင်းပါးပေးပို့ လာသူ ရဲရဲတွေးအား အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလို ပါသည်။ ဒီနေရာ မှာ ပို့ စ်တင်သူအနေနှင့် အချပ်ပို ပြောချင်ဒါလေး ပြောပါရစေ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကရင်ပြည်နယ်အတွင်း မဲဆန္ဒ နယ် ၁၄ ခုမှာ ကရင်လူထုတွေက ကရင်ပါတီတွေကို မဲမပေးပဲ NLD ကို မဲဆန္ဒနယ် ၁၀ ခုမှာ အပြတ်အသား မဲပေး၍ ထိုဒေသေတွေမှာ NLD က ဂုဏ်ယူဝင့်ကြွားစွာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် NLD ကို မဲပေးခဲ့တဲ့ ကရင်ဒေသ တွေမှာ နအဖ စစ်ခွေးတွေရဲ့ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေကို NLD က သိလျက်နဲ့ တလုံးတပါဒ မှ တစ်ခါမှ ရဲရဲကြီး နအဖ ကို ပြန်မပြောခဲ့ဘူး ဆိုဒါ နှစ်၂၀ အတွင်းမှာ ကျနော်တို့  ကရင်တွေ သိမြင်လာခဲ့ပါတယ်။ အထူးသဖြင့် သံတောင်မြို့ နယ်၊ ပဲခူးတိုင်း ထန်းတပင်မြို့ နယ် ကရင်ဒေသ၊ ညောင်လေးပင်ခရိုင် ကရင်ဒေသတွေမှာ NLD အနိုင်ရအောင်မဲပေးခဲ့တဲ့ အဲဒီနေရာတွေဟာ ခုချိန်မှာဆို နအဖ ရဲ့ဖိနိုပ်မှုကြောင့် ကရင်လူထုတွေ အလူးအလိမ့်ခံနေရပါတယ်..ဒါတွေကို သိပါလျက်နဲ့  နအဖ ဗမာ့စစ်ခွေးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ရပ်တန့် ဖို ကြေငြာချက်လေးတစ်စောင်တောင်မှ မထုတ်ပြန်နိုင်ခဲ့တဲ့ NLD ဟာခုချိန်မှာ ခင်ဗျားတို့ ဘာတွေဆက်လုပ်မလဲဆိုဒါ ကရင်လူထုတွေက စောင့်ကြည့်နေပါတယ်။ ခင်ဗျားတို့  ခြေလှမ်း တစ်ချက်မှားရင် ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းတရားခံပြန်ဖြစ်မယ်ဆိုဒါ သတိပေးပါရစေ။
မှတ်ချက်။ ။ အထက်ပါအစိမ်းရောင် စာသားများသည် ပို့ စ်တင်သူ၏ အာဘော်သာဖြစ်သည်။
NLD ဘာလဲ၊ ဘယ်လဲ - ၂၇၊ ၀၃၊ ၂၀၁၀
စစ်အစိုးရ၏နယ်ခြားစောင့်တပ် အစီအစဉ်အား အပစ်ရပ်တိုင်းသားလက်နက်ကိုင် တပ်အချို့  လက်ခံခဲ့ကြသော်လည်း အများစုမှာလက်မခံကြပါ။ အချို့ သောအပစ်ရပ် အဖွဲ့ခေါင်းဆောင်များသည် မိမိတို့၏ကိုယ်ကျိုးစီးပွားအတွက်နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံကြပါသည်။ သို့သော် အမျိုးသားရေးရပ်တည်ချက်ရှိသော၊ အမျိုးသားအခွင့်အရေးအတွက် အမှန်တကယ် တိုက်ပွဲဝင်သော အဖွဲ့ များကမူ နယ်ခြားစောင့်တပ်ဖြစ်ရန် ငြင်းပယ်ကြပါသည်။ ခိုင်မာသော အမျိုးသားရေး ယုံကြည်မှု၊ ရပ်တည်မှုအတွက် အင်အားအဆမတန် ကြီးမားများပြားသော နအဖ စစ်တပ်၏ စစ်ဆင်တိုက်ခိုက်မည့်အလားအလာကို ခုခံရင်ဆိုင်ရန်၊ မိမိအမျိုးသားအတွက် ပေးဆပ်တိုက်ပွဲဝင်ရန် အသင့်ရှိကြပါသည်။
ထိုနည်းတူစွာပင် ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ပါတီနှင့်အဖွဲ့အစည်းတော်တော်များများက ပါဝင်မည်၊ မပါဝင်မည်ကို ပြတ်သားစွာဆုံးဖြတ်၍သဘောထားထုတ်ပြန်ကြပြီးဖြစ်သည်။
နယ်ခြားစောင့်တပ်ပြုရေး မပြုရေး၊ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး နှင့်ပတ်သက်၍ မိမိပါတီ၊ အဖွဲ့အစည်း၏ရပ်တည်ချက် သဘောထားများ ပြတ်သားစွာ ထုတ်ဖော် ပြသ တိုက်ပွဲဝင်နေကြချိန်ဖြစ်ပါသည်။
ယင်းသို့ ပါတီနှင့် အဖွဲ့အစည်းများက မိမိတို့ရပ်တည်ချက်နှင့် ရှေ့ ရေးပေါ်လစီများ သဲကွဲကြည်လင်စွာရှိနေချိန်တွင် အံ့သြ၊ ၀မ်းနည်းဖွယ်ကောင်းသည်ကား ပြည်သူအများ ထောက်ခံ အားပေးခဲ့သော၊ ဒီမိုကရေစီပြယုဂ် NLD ပါတီမှာ ဘာလုပ်ရမှန်းမသိ၊ တွေဝေလျက်ရှိနေပါသည်။ မိမိ၏အမျိုးသားရေး၊ နိုင်ငံရေး ရပ်တည်ချက်ကို စွန့်၍ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရမလို၊ ရွှေဂုံတိုင်ကျေညာချက်ကို ခိုင်မာစွာကိုင်စွဲ၍ ရွေးကောက်ပွဲအားသပိတ်မှောက်ရမလိုနှင့် ဗျာများနေသည်။ ဗဟိုကော်မီတီခေါင်းဆောင်များကလည်း စစ်အစိုးရအလိုကျ က ရမည်လော၊ သတ္တိရှိရှိ ဆန့်ကျင်မည်လောမဆုံးဖြတ်ဝံ့၊ ဆုံးဖြတ်မပေးနိုင်ဖြစ်နေသည်။ လမ်းခွဲလေးထဲမှာ တွေဝေလမ်းပျောက်နေဆဲ၊ ငြင်းခုံနေကြဆဲ။ ဤသို့ အရေးကြီးသည့်အခြေအနေတခုအတွက် မှန်ကန် ပြတ်သားသော ရှေ့ရေး ပေါ်လစီတခုအား ပြင်ဆင်ထားခြင်း၊ ဆုံးဖြတ်ထားခြင်း မရှိခဲ့သည်မှာထင်ရှားပါသည်။
စစ်အစိုးရမှ ၄င်း၏လမ်းပြမြေပုံအတိုင်း တစိုက်မတ်မတ် လုပ်ကိုင် အကောင်အထည်ဖေါ်နေချိန်တွင် NLD မှာ အားအင်ဆုတ်ယုတ် အိပ်ပျော်နေဟန် ရှိသည်။ ယခုလို မိုးထဲလေထဲ ရဲရင့်ပြတ်သားရမည့်အချိန်တွင် ဘာလုပ်ရမှန်းမသိ၊ စစ်အစိုးရအားဆန့်ကျင်၍ မိမိပါတီ၏ မူအတိုင်းရပ်တည်ရမလို၊ မိမိပါတီရှင်သန်ရေးအတွက် စစ်အစိုးရအလိုကျ က ရတော့မလို ဖြစ်နေသည်။
လူထုဦးစိန်ဝင်းပြောသကဲ့သို့ NLD သည် နအဖ အလိုကျ တလျှောက်လုံးနေလာသည် ဟုမဆိုချင်သော်ငြား စာရေးသူ၏အမြင်တွင် NLD သည် ဤကာလတလျှောက် မိမိပါတီတည်မြဲရေးအတွက် မယုတ်မလွန် နိုင်ငံရေးကိုသာလုပ်ခဲ့ပါသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ယခုအချိန်အထိ လူထုဦးစိန်ဝင်းထောက်ပြသော ကိစ္စများအပါ အ၀င် စစ်အစိုးရ၏ တိုင်းရင်းသားနယ်မြေများအပေါ် မြေလှန်စစ်ဆင်ခြင်း၊ လူမဆန်စွာသတ်ဖြတ်ချေမှုန်းခြင်း၊ စစ်ဆင်ရာနယ်မြေတလွှား တိုင်းရင်းသူများအား နည်းဗျူဟာတရပ်အနေဖြင့် မုဒိန်းကျင့်စော်ကားခြင်းများအား မကြားမသိဟန်၊ မဆိုင်လေဟန်ဖြင့် ရေငုံနှုတ်ပိတ် နေခဲ့ပါသည်။ အကျဉ်းသားများလွှတ်ပေးရေး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုရေး၊ ပြည်မဒီမိုကရေစီရေးမှအပ အခြားသော တိုင်းရင်းသားများအပေါ် နိုင်ထက်စီးနင်း စစ်ဆင်သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်စော်ကားခြင်း၊ လူနည်းစုတို့၏ယဉ်ကျေးမှု၊ ဘာသာ၊သာသနာကို နိုင်ထက်ကလူပြုကျင့်မှုများ အပေါ် မသိ၊ မရှိသည့်အလား ဆွံ့အ၊ နားမကြား ဟန်နေခဲ့ပါသည်။
၎င်းတို့အား မျှော်လင့်အားကိုးစွာ မဲပေးခဲ့သော တိုင်းရင်းသားပြည်သူ အတွက် ရဲရင့်စွာ ရပ်တည်တိုက်ပွဲဝင်ရမည် ဖြစ်သော်လည်း မိမိပါတီ၏ရပ်တည်ရေးသည် အဓိကဖြစ်ခဲ့သည်။
နအဖ စစ်အစိုးရကတော့ ဘယ်သူ ဘာပြောပြော၊ ဘယ်သူက ဖိအားဘယ်လောက်ပေးပေး မိမိ၏လမ်းပြမြေပုံအတိုင်း အခက်အခဲမျိုးစုံကို ကျော်လွှားချီတက်နေချိန်တွင် NLD ပါတီအနေဖြင့် မိမိပါတီ၏ရပ်တည်ချက်ဖြစ်သော ရွှေဂုံတိုင်ကျေညာချက်အတိုင်း ရပ်တည်တိုက်ပွဲဝင်မည်လော၊ စစ်အစိုးရပေးသလောက် ရတာလေးယူ၍ ရွေးကောက်ပွဲဝင်မည်လော ဆိုသည်ကိုတော့ ပြည်သူများ ကစောင့်ကြည့်ရဦးမည်ဖြစ်သည်။
သို့သော် NLD အနေဖြင့် ရွေးကောက်ပွဲဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ ၄င်းပါတီ၏ရှင်သန်ရပ်တည်ရေး၊ တည်မြဲရေးသည် စစ်အစိုးရပေါ်တွင်မတည်ဘဲ ပြည်သူများ၏ လက်ခံအသိအမှတ်ပြုမှု၊ အားပေးထောက်ခံမှုအပေါ်တွင်သာ တည်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
ရဲရဲတွေး
Thursday, March 25, 2010
ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
မောင်သြ - ၂၅/ မတ် ၂၀၁၀
အန်အယ်လ်ဒီ နိုင်ငံရေးလမ်းဆုံး ရောက်ပြီလား၊ ဒါမှမဟုတ် နအဖစစ်အစိုးရကော နိုင်ငံရေး ဆူးခင်းလမ်းပေါ် နင်းမိပြီလား၊ ယနေ့ အဲဒီအဖြေနှစ်ခုကို စဉ်းစားကြည့်ကြရအောင်။
အားလုံးက တမျှော်ထဲ မျှော်နေကြတဲ့ နအဖရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဥပဒေများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို မတ်လ (၈) ရက်နေ့စွဲနဲ့ အစိုးရသတင်းစာကြီးတွေမှာ အချပ်ပိုအနေနဲ့ ထည့်သွင်းထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။
နိုင်ငံရေးစိတ်ဝင်စားသူတိုင်း (ပြည်သူတချို့) နှင့် နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ ဖတ်မိကြပြီး တအံ့တသြဖြစ်ကုန်ကြရတာ တွေ့ရတယ်။
တူညီတဲ့အသံတခုကတော့ နအဖစစ်အစိုးရက အာဏာလက်ကိုင်ထား အပေါ်စီးအနေနဲ့ အန်အယ်လ်ဒီအဖွဲ့ကို စနစ်တကျ အကွက်ချပြီး နှစ်ခြမ်းကွဲအောင်နှင့် ပျက်စီးပြိုကွဲသွားအောင် ဥပဒေတွေနဲ့ ဖန်တီးလုပ်ကြံလိုက်တာပါပဲလို့ ကွင်းကွင်းကွက်ကွက် ရှင်းရှင်းလင်းလင်း အထင်းသား မြင်တွေ့နေကြ၊ ပြောဆိုနေကြတာတွေကို ကြားမြင်နေရတာပါပဲ။ အဓိက အကျပ်အတည်း တွေ့ရတာကတော့ အန်အယ်လ်ဒီပါပဲ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်သန်းရွှေနဲ့အပေါင်းအပါ (လူမိုက်ကြီးများ) က ကောက်ကျစ်ယုတ်မာမှု သရဖူဆောင်းလောက်အောင် မီးကုန်ယမ်းကုန် ကြမ်းလိုက်တာပါပဲ။
အဲဒီမှာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ပါတီများ မှတ်ပုံတင်ခြင်းဥပဒေများ တိုက်ရိုက်ထိတွေ့ ၀ိရောဓိဖြစ်လာတာတွေ့ရပြီး အန်အယ်လ်ဒီက မိမိရေးဆွဲထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပစ်ပယ်မှာလား၊ နအဖရဲ့ သံခြေကျင်းခတ် ဒရွတ်တိုက်ဆွဲခေါ်သွားမယ့် ရွေးကောက်ပွဲ တင်းကုပ်ထဲကို လိုက်ပါခံမလား၊ မိမိပါတီအဖွဲ့အစည်းရဲ့ အဓိက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်း ရဲဘော်ရဲဘက် တွေကို အကျဉ်းခံဘ၀ထဲက မျက်နှာတွေကို မထောက်ဘဲ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီး နအဖရဲ့ ကြိုးဆွဲရာကရမယ့် ရုပ်သေးရုပ် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင် ပါတီမှတ်ပုံတင်ကြမှာလား။
အန်အယ်လ်ဒီသည် ၉၀ ပြည့်နှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှ တရားဝင် အနိုင်ရရှိထားသော (ပြည်သူတို့ရဲ့ သဘောထားဆန္ဒအမှန်) Mandate ကို နအဖရဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) အပိုဒ် (၉၁) အရ ဖျက်သိမ်းတာကို သဘောတူလက်ခံလိုက်ပြီလား။
အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ဒီမိုကရေစီ ကျင့်စဉ်နှင့် မညီညွတ်သော အချက်များကို Preview ညှိနှိုင်းပြင်ဆင်ပေးရန် တောင်းဆိုကမ်းလှမ်းထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါအချက်ကို မျက်ကွယ်ပြု သစ္စာဖောက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အပိုဒ် (၆) (ဂ) မှ အသက်မ၀င်သေးသော (တရားမ၀င်သေးသော) ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့်အချက်ကို မျက်စိမှိတ် ခေါင်းညိတ်ဝန်ခံကတိပေး လက်မှတ်ထိုးကာ ပါတီမှတ်ပုံတင်တော့မှာလား။
နအဖထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါအချက်များမှ တချို့မှာ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ပစ်မှတ်ထား ရေးဆွဲထားတဲ့အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခက်အခဲ အကျပ်အတည်းနှင့် တွေ့ရပြီး ရှေ့တိုးလျှင်လည်း ပါတီဖျက်သိမ်းခံရမယ်၊ နောက်ဆုတ်ပြန်ရင်လည်း မိမိတို့ရဲ့ ဆုပ်ကိုင်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်ရဲဘော်ရဲဘက်များ အားလုံးအပေါ် သစ္စာဖောက်ရာကျမယ်၊ ဂုဏ်သိက္ခာကျဆင်းမယ်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများရဲ့ ၀ိုင်းပယ်ခြင်းကို ခံရမယ်၊ ဖိအားပေးဝိုင်းဝန်းနေကြတဲ့ ကမ္ဘာ့နိုင်ငံကြီးများ၊ အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ပေးမှုများလည်း လျော့ကျပျက်စီးသွားနိုင်မယ်။
အခုလို ဥပဒေတွေ ထုတ်ပြန်လိုက်ခြင်းဟာ အန်အယ်လ်ဒီရဲ့ အနှစ် (၂၀) ကျော် နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း အနားသပ်ဖို့အတွက် Do (or) Die ပါပဲ။ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ရောက်ပြီ။ ၂၉-၀၃-၂၀၁၀ နေ့မှာ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှာ ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး မဲခွဲဆုံးဖြတ်မယ်လို့ ကြားရပါတယ်။ အဲဒီမှာ အများဆန္ဒကို အနည်းစုက လိုက်လျောရပါလိမ့်မယ်။ အန်အယ်လ်ဒီရဲ့ နောက်ဆုံး စွန့်စားမှုတခုလို့ ဆိုရပါတော့မယ်။
နအဖကတော့ အပေါ်စီးကနေ ငါလုပ်ချင်တာလုပ်လို့ရပြီ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ဆိုတဲ့အတွေးနဲ့ မိန်းမောနေမယ်ဆိုရင် ခပ်ရိုင်းရိုင်းဥပမာနဲ့ပဲ ပြောလိုက်ပါရစေ။ ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးဟာ မိမိထွက်ပေါက်အတွက် အသေခံပြီး ပြန်ကိုက်တတ်တယ်ဆိုတာ နအဖဗိုလ်ချုပ်ကြီးတွေ သိထားဖို့ကေင်းပါတယ်။
အဲဒီဥပမာအတိုင်းပါပဲ။ အန်အယ်လ်ဒီဟာ ချောင်ပိတ်ခံနေရပေမယ့် ဒု-ဥက္ကဋ္ဌကြီး ဦးတင်ဦးပြောသလို ကျနော်တို့မှာ ထွက်ပေါက်ရှိပါသေးတယ်ဆိုတဲ့အတိုင်း အန်အယ်လ်ဒီရဲ့ ထွက်ပေါက်က အချိန်တန်တော့ နပိန်ကန်လာတော့မှာပါ။ အန်အယ်လ်ဒီဟာ နိုင်ငံရေးလမ်းမဆုံးသေးပါဘူး။ ပါတီမရှိပေမယ့် ပြည်သူရှိရင် အန်အယ်လ်ဒီရှိတယ်။ အန်အယ်လ်ဒီနောက်မှာ ပြည်သူဟာ ထပ်ချပ်မကွာ တော်လှန်ရေးစိတ်ဓာတ်နဲ့ အမြဲပူးကပ်နေမှာပါ။
နိုင်ငံရေးဆူးခင်းလမ်းပေါ် နင်းမိနေတဲ့ နအဖကတော့ ကိုယ်သွားနေတဲ့လမ်းဟာ အဖြောင့်လား၊ အကောက်လား မသိသလို ကိုယ်စီးတဲ့ မြင်းဟာလည်း အထီးမှန်း အမမှန်း မသိဖြစ်နေတာ သနားစရာ ကောင်းလှပါတယ်။
ဟန်တလုံး ပန်တလုံးနဲ့ ကြေညာချက်တွေ (မှတ်ပုံတင်ဥပဒေ) ထုတ်ပြန်လိုက်တယ်။ ဟုတ်လှပြီမှတ်လို့ ပြည်တွင်းကရော၊ ပြည်ပအင်အားစုတွေ၊ အာဆီယံနိုင်ငံတွေ၊ အီးယူ၊ ဗြိတိန်၊ သြစတြေးလျ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ ၀ိုင်းကန့်ကွက်ကြလို့ မကြာမီ ကုလသမဂ္ဂမှာ မြန်မာ့မိတ်ဆွေနိုင်ငံများ (၁၄) နိုင်ငံခေါ်ပြီး အစည်းအဝေးကျင်းပရတော့မယ်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းကလည်း မြန်မာ့အရေးဆွေးနွေးဖို့ ကုလသမဂ္ဂအရေးပေါ်အစည်းအဝေး အမြန်ဆုံးခေါ်ယူ ကျင်းပပေးဖို့ ကုလအတွင်းရေးမှူးဆီ တင်ပြထားတာ မကြာမီခေါ်ယူဖို့ စီစဉ်နေကြောင်း ကြားရပါတယ်။
အာဆီယံ နိုင်ငံများကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးဆွေးနွေးဖို့ အာဆီယံအရေးပေါ် အစည်းအဝေး ကြားဖြတ်ခေါ်ယူကျင်းပပေးရန် အာဆီယံအလှည့်ကျ အတွင်းရေးမှူး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုတင်ပြထားပါတယ်။
ဒါက နအဖရဲ့ ပြင်ပကမ္ဘာရဲ့ သဘောထားတွေပါ။ ဒါတောင် မကြာမီ (လကုန်ပိုင်း) လာမယ့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြမ်းပေါင်ကလည်း ဘာတွေ လာဆွေးနွေးဦးမယ်ဆိုတာ မသိနိုင်သေးဘူး။
ကောင်းပြီ။ ပြည်တွင်းက နယ်ခြားစောင့်တပ်ထားရှိရေးကိစ္စနဲ့ကော တိုင်းရင်းသားအဖွဲ့တွေနဲ့ အဆင်ပြေရဲ့လား။ နအဖစစ်တပ်အစိုးရဟာ ပြည်တွင်းက ငြိမ်းချမ်းရေးယူထားတဲ့ ၀၊ ကိုးကန့်၊ မိုင်းလား၊ ကချင် (ကေအိုင်အို)၊ ရှမ်း (အက်စ်အက်စ်အေ)၊ ကရင်၊ မွန် တိုင်းရင်းသားတွေနဲ့ အခုတော့ ပြဒါတလမ်း သံတလမ်းဖြစ်နေပြီ။ နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်။
နိုင်ငံရေးမှာလည်း အန်အယ်လ်ဒီက သူဖြစ်ချင်သလို ဖြစ်မလာ၊ နယ်ခြားစောင့်တပ် ပြည်တွင်းကိစ္စမှာလည်း သူလုပ်ချင်သလို လုပ်မရတာ၊ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း သူ့လုပ်ရပ်အပေါ် မကျေနပ်မယုံကြည်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်လားခိုက်လား လုပ်လာရင် ပြည်တွင်းစစ်က မလွဲဧကန် ဖြစ်မှာ သေချာတယ်လို့ ပြောကုန်ကြပြီ။
အတိုက်အခံအင်အားစု၊ ပြည်တွင်းအင်အားစု၊ အဝေးရောက်ဒီမိုကရေစီအင်အားစု၊ ကမ္ဘာ့နိုင်ငံကြီးများအင်အားစု …. ရန်သူပတ်ခြာဝိုင်းရံလျက်ရှိတဲ့ နအဖစစ်အစိုးရ ဆူးခင်းလမ်းပေါ်မှာ နင်းရင်း နင်းရင်း ကိုယ့်ရှူးကိုယ့်ပတ်၊ ကိုယ့်အတတ်နဲ့ ကိုယ်စူး၊ အရူးမီးဝိုင်းဘ၀နဲ့ ကိုယ်ထောင်လိုက်တဲ့ ထောင်ချောက်ထဲ ကိုယ်ပြန်နင်းမိနေလို့ သနားတယ်…သနားတယ် သွပ်…သွပ်…သွပ်။ (အီကြာကွေး စကားလုံး ယူသုံးမိလို့ တမလွန်က ခွင့်လွှတ်ပါ ဆရာကွေးရေ…)
ခေတ်ပြိုင်သတင်းမှ
Wednesday, March 24, 2010
နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ ဒေါ်စုက မတရားသည့်ဥပဒေဖြင့် မှတ်ပုံတင်ခြင်းကို လက်မခံဟု ပြောကြား
NEJ/ ၂၃ မတ် ၂ဝ၁ဝ
နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယနေ့မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့တရားရုံးချုပ်၌ တရားစွဲဆိုလိုက်သည်။
“အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် သွားပြီးတော့ ဗဟိုတရားရုံးချုပ် တရားမဌာနမှာ ယနေ့နံနက်ပိုင်းက အမှုသွားပြီးတင်ပါတယ်။ အမှုဆောင်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နဲ့အတူပါ” ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
ယင်းသို့ တရားစွဲဆိုမှုကို တရားရုံး တရားမဌာနမှ တာဝန်ရှိသူက အမှုတွဲကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မတ် (၂၃) ရက် နေ့စွဲဖြင့် အထူးကြေညာချက်ထုတ်ပြန်သည်။
အဆိုပါကြေညာချက်တွင် အန်အယ်လ်ဒီဥက္ကဋ္ဌက နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ ၅ (က) (ခ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅) နှင့် (၅၄) တို့အရ တရားရုံးချုပ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့်မရှိ” ဟု ပြောဆိုကာ အမှုတွဲကို နေ့လယ် (၁၂) နာရီခွဲခန့်တွင် ပြန်လည်ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။
နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။
ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းတွေ့ဆုံမှုကို အန်အယ်လ်ဒီရုံးချုပ်တွင် ပြန်လည်ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောပြသည်။
၎င်းက “ဒါ သူ့စကားလုံးအတိုင်းပဲ၊ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ။ သူလုံးဝ လက်မခံဘူးလို့ ပြောတယ်။ သူ့အနေနဲ့ လက်မခံတာ ပြောတာ။ နောက် ဒါဟာ အဖွဲ့ချုပ်ကို ပရက်ရှာပေးတာလည်း မဟုတ်ဘူး ညွှန်ကြားတာလည်း မဟုတ်ဘူး။ သူ့သဘောထား သူပြောတာ။ သူပြောတာ ရှင်းပါတယ်။ ရှင်းရှင်းလေးပါ” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုနှင့်ပတ်သက်၍ အထူးအယူခံကိစ္စများကိုလည်း ဦးဉာဏ်ဝင်းက ယနေ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခေတ်ပြိုင်မှ
DKBA တပ်မှူး အိမ်သစ်တက်ပွဲ သိန်းရာချီ အကုန်ခံမည်
ခွေးရူးကောင်းစားတမွန်းတည့်တဲ့ ကြားဘူးလား ချစ်သူရေ.....
သန်းထိုက်ဦး Tuesday, March 23, 2010
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ၉၉၉မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ နေအိမ်သစ် တက်ပွဲကို သိန်းရာချီ အကုန်အကျခံပြီး ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောချစ်သူ၏ “ချစ်သူမြိုင်စံအိမ်”
ဗိုလ်ချစ်သူ၏ နေအိမ်ကို ကရင်ပြည်နယ် မြ၀တီမြို့ရှိ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် “ချစ်သူမြိုင်စံအိမ်” ဟူ၍ အမည် ပေးထားသော အိမ်သစ် တက်ပွဲကို စတိတ်ရှိုး၊ ဗွီဒီယို သရုပ်ဆောင်များနှင့် ထိုင်းလူငယ် အကတို့ဖြင့် ယခုလ ၂၄ ရက်မှ စတင်၍ ၃ရက်ခန့် ဧည့်ခံဖျော်ဖြေ သွားမည် ဖြစ်သည်။
ယင်းကဲ့သို့ DKBA တပ်မှ အရာရှိ တဦး တယောက်မှ အိမ်သစ် တက်ပွဲ အခမ်း အနားကို ကျင်းပနိုင် ခဲ့ခြင်းမျိုး မြ၀တီမြို့နှင့် ဘားအံမြို့တွင် မရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။
“အိမ်ကတော့ တော်တော် သားနားတယ်၊ ဒီလို အိမ်မျိုး ဘားအံမြို့ မှာတောင် မရှိဘူး”ဟု ၎င်း အိမ်သို့ သွားရောက်ဖူးသူ ကိုဒွေးက ဧရာဝတီသို့ ပြောသည်။
ယင်း အိမ်ကို ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး အင်ဂျင်နီယာများကို ငှားပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်၍ ဆောက်လုပ် ခိုင်းခဲ့ကြောင်း သိရသည်။
အိမ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး ကုန်ကျသည့် ငွေပမာဏကိုမူ မသိရှိရသေးသော်လည်း လက်ရှိတွင် ဗိုလ်ချစ်သူက ပဲခူးတိုင်း ရွှေကျင်မြို့နယ် အနီးအနားတွင် သစ်နှင့် ရွှေတူးသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း DKBA နှင့် နီးစပ်သူများထံမှ သိရ သည်။
“ဖိတ်စာရိုက်ဖို့ အတွက်ပဲ ကျပ်ငွေ သိန်းသုံးရာ ကုန်တယ်၊ ဖိတ်စာ တစောင်ကိုပဲ ပုံနှိပ်ခ ကျပ်ငွေတသောင်းပေးရတယ်”ဟု ဧရာဝတီသို့ DKBA နှင့် နီးစပ်သူ တဦးက ပြောသည်။
အိမ်သစ်တက်ပွဲ အခမ်းအနားကို တက်ရောက်ရန် အတွက် ဖိတ်ကြားထားသည့် ကြော်ငြာပိုစတာများကို မဲဆောက်မြို့ရှိ ဘုန်းကြီး ကျောင်းနှင့် ဈေးများတွင် လိုက်လံကပ်ထားကြောင်း ဒေသခံ မျက်မြင်သက်သေများက ပြောသည်။
“မဲဆောက်က လူတွေကတော့ အများကြီး သွားကြမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ပွဲဖြစ်တိုင်း မဲဆောက်က အလုပ်သမားတွေ အများ ကြီးသွားကြတယ်”ဟု မဲဆောက်ဒေသခံ တဦးက ပြောသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက် ကိုင်အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်းပြီး KNU တပ်မဟာ ၇ မှ စခန်းများကို အပြင်းအထန် ထိုးစစ် ဆင်ခဲ့သဖြင့် KNU က အဆိုပါစခန်းများကို လက်လွှတ်ပေးခဲ့ရသည်။
ဧရာဝတီသတင်းမှ
Tuesday, March 23, 2010
ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် သေဆုံး
တော်တော် ယုတ်မာပက်စက်တဲ့ နအဖ ဗမာ့စစ်ခွေးတွေ....
မတ်လ ၂၃ရက်။ ကေအိုင်စီ
ညောင်လေးပင်ခရိုင်တွင် ယမန်နေ့ညနေက နအဖ စစ်တပ်၏ ရွာတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အမျိုးသမီးနှင့် ကလေးငယ် သုံးဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။
မီးလောင်ကျွမ်းနေသည့် ညောင်လေးပင်ခရိုင်မှ လူနေအိမ်နေရာ (ဓါတ်ပုံ - ကေအိုင်စီ)
ယမန်နေ့ညနေ ၄း၃၀နာရီအချိန်တွင် နအဖ အမှတ်(၈) စစ်ကွပ်ကဲရေး လက်အောက်ခံတပ်ရင်းဖြစ်သည့် ခမရ(၃၆၉)သည် ရွှေ ကျင်မြို့နယ်၊ ဟောထာ့ကျေးရွာသို့ ၀င်ရောက်လာပြီး ရွာသူရွာသားများကို ပစ်ခတ်ရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတဦး မှာ သေဆုံးသွားခဲ့ပြီး အမျိုးသမီးတဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါဒေသခံက ယခုလို ပြောသည်။
“နအဖ စကခ(၈) လက်အောက်ခံ ခမရ(၃၆၉)တပ်ရင်းက ဟောထာ့ရွာကို မနေ့ညနေပိုင်းက ၀င်ပစ်တယ်လေ။ အဲလိုပစ်တော့ နော်လားပွယ် ၃၇နှစ်၊ နော်ဖောဘို ၅နှစ်နဲ့ ငါးလသားအရွယ် စောထီးပလာထူးတို့ သေဆုံးသွားခဲ့တယ်။ ဒီသေဆုံးသွားတဲ့ ကလေးတွေရဲ့အမေ နော်ဖာလာ ၂၇နှစ်ကတော့ ၀မ်းဗိုက်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လေ”ဟု ဆိုသည်။
အဆိုပါ တပ်ဖွဲ့ဝင်များသည် ထိုပစ်ခတ်မှုနှင့် တဆက်တည်း ဟောထာ့ရွာရှိ အိမ်ခြေ ၉လုံးကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့သော်လည်း ၎င်းတပ်ရင်းအား မည်သူဦးဆောင်သည်ကို လက်ရှိအချိန်တွင် သတင်းအတိအကျ မစုံစမ်းနိုင်သေးပေ။
တောထဲတွင် ထွက်ပြေးနေရသည့် ညောင်လေးပင်ခရိုင်မှ ကလေးငယ်များ (ဓါတ်ပုံ - ကေအိုင်စီ)
နအဖ တပ်ဖွဲ့ဝင်များသည် ညောင်လေးပင်ခရိုင်အပြင် ယခုလအတွင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်လည်း လူနေအိမ် များအပြင် ဥယျာဉ်ခြံပေါင်း ၁၀၀ကျော်ကို မီးရှို့ခဲ့သေးသည်။
ကရင်ပြည်နယ်၊ တောင်ငူခရိုင်တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၇) လက်အောက်ခံတပ်များ လှုပ်ရှားနေသလို ညောင်လေးပင်ခရိုင် တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ တပ်ရင်းများက လှုပ်ရှားလျှက်ရှိပြီး ထိုဒေသများရှိ ကျေးရွာများကို လက်နက် ငယ်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်၊ ဥယျာဉ်ခြံများ မီးရှို့ခြင်းများကို ယခုနှစ်ဆန်းပိုင်းမှစ၍ ပိုမိုလုပ်ဆောင်လာခဲ့သည်။
သူလိုလူ - ဇိုယာငယ်သို့ 
အီးမေးဖြင့် ပေးပို့ လာသော ရဲရဲ တွေးအား အထူးကျေးဇူးတင်ပါသည်။
Article
Type the rest of your post here.
Sunday, March 21, 2010
နအဖ စစ်အစိုးရမှ ချီးမြင့်သော တပ်မဟာ(၇) တိုက်ခိုက်သိမ်းပိုက်မှု ဆုလက်ဆောင် “ချစ်သူမြိုင်စံအိမ်”
“ချစ်သူမြိုင်စံအိမ်” အနီးကပ်မြင်ကွင်း
ဗိုလ်မှူးမောင်ချစ်သူ မိသားစုဓါတ်ပုံ
“ချစ်သူမြိုင်စံအိမ်” ဘုရားအနေကဇာတင် နှင့် အိမ်သစ်တက် မင်္ဂလာ အစီအစဉ်
“ချစ်သူမြိုင်စံအိမ်” ဘုရားအနေကဇာတင်နှင့် အိမ်သစ်တက် မင်္ဂလာ ဖိတ်ကြားလွှာ
“ချစ်သူမြိုင်စံအိမ်”
ဒီကေဘီအေ တပ်သားပုံ
တပ်မဟာ(၇) တိုက်ပွဲတွင် ဒီကေဘီအေမှသတ်သွားသော ရွာသား ဖါးမော်ကလိုး၏ ကျန်ရစ်သူ ဇနီးမယားနှင့် ကလေးငယ်များ
တပ်မဟာ(၇)တိုက်ပွဲတွင် ဒီကေဘီအေမှသတ်သွားသော ရွာသား ဖါးအယ်ကလိန်း၏ ကျန်ရစ်သူ ဇနီးမယားနှင့်မွေးကင်းစကလေးငယ်
"ချစ်သူမြိုင်စံအိမ်" နှင့်ပါတ်သက်သော ဓါတ်ပုံများကို ပေးပို့ လာသော ဒီကေဘီအေ ၉၉၉ တပ်နှင့် အထူးနီးစပ်သော လူကြီးမင်းအား အထူးကျေးဇူး တင်ရှိပါသည်။
Type the rest of your post here.