(ဘာသာပြန်ဆောင်းပါး)
ဖိုးဇော် - ၃၀/ မတ် ၂၀၁၀
သဟိတ်ဂ်မြို့မှာ ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင်ဟောင်း ရာဒိုဗန်ကရာဇစ်ကို ရုံးတင်စစ်ဆေးကြားနာနေမှုက စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးတင် စစ်ဆေးကြားနာမှုအပေါ် အာရုံစူးစိုက်မှုအသစ်တခု ပေါ်ထွက်လာစေခဲ့ပါတယ်။ ဒါပေမယ့် စစ်ရာဇ၀တ်မှုနဲ့ ပတ်သက်တဲ့ တိကျတဲ့ ဖွင့်ဆိုချက်တွေက ဘာတွေလဲ။ အဲဒီရာဇ၀တ်မှုတွေကို ဘာဥပဒေတွေနဲ့ စစ်ဆေးမှာလဲ။ အဲဒီလိုရာဇ၀တ်မှုမျိုး ကျူးလွန်တယ်လို့ သံသယရှိသူတဦးကို ရုံးတင်တရားစွဲဆိုဖို့ ဘယ်သူ့မှာ အခွင့်အရေးရှိသလဲ။
စစ်ရာဇ၀တ်မှုဆိုတဲ့ အယူအဆ ပေါ်လာတာ သိပ်မကြာသေးပါဘူး။ ဒုတိယကမ္ဘာစစ်မတိုင်မီက စစ်ရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းတဲ့ ကိစ္စတွေဟာ စစ်ပွဲတွေမှာ ပေါ်ပေါက်လေ့ရှိတဲ့ သဘာဝကျတဲ့ ကိစ္စတွေပဲလို့ ယေဘုယျလက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်ဦးက အဓိကအားဖြင့် ဂျူးတွေဖြစ်ကြတဲ့ လူသန်းပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့မှု၊ ဂျပန်က စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေအပေါ် မတော်မတရား ပြုမူမှုတွေက အဲဒီလိုမျိုးရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သူတို့ယုံကြည်တဲ့ လူတွေကို ရုံးတင်တရားစွဲဆိုစေဖို့ မဟာမိတ်နိုင်ငံခေါင်းဆောင်တွေကို လှုံ့ဆော်ခဲ့ပါတယ်။
၁၉၄၅ နဲ့ ၁၉၄၆ မှာ ပေါ်ပေါက်လာခဲ့တဲ့ နုရင်ဘတ်ခုံရုံး စစ်ဆေးကြားနာမှုတွေက နာဇီခေါင်းဆောင် (၁၂) ဦးကို ကွပ်မျက်စီရင်တဲ့အထိ ဦးတည်သွားစေခဲ့ပါတယ်။ အလားတူ စစ်ဆေးကြားနာမှုတခု ၁၉၄၈ ခုနှစ်က တိုကျိုမှာ ပေါ်ထွက်လာခဲ့ ပါတယ်။ မဟာမိတ်ခေါင်းဆောင်တွေက ဂျပန်ဘုရင် ဟီရိုဟီတိုကို ချန်ထားခဲ့ပေမယ့် ဂျပန်စစ်ခေါင်းဆောင် (၇) ဦးကိုတော့ ကြိုးပေးကွပ်မျက်ခဲ့ကြပါတယ်။
အဲဒီကြားနာမှုတွေဟာ ဒီကနေ့ သဟိတ်ဂ်မြို့ ခုံရုံးက ကြားနာစစ်ဆေးနေတဲ့ အမှုတွေအတွက် အနှစ်သာရအားဖြင့် နမူနာတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် တရားမျှတမှုမရှိဘူးလို့ ခံစားနေကြရတဲ့ နိုင်ငံအစိုးရတွေက သူတို့နည်း သူတို့ဟန်နဲ့ ဦးဆောင်လုပ်ကိုင်ခဲ့ကြတာတွေ ရှိပါတယ်။
“စစ်ရာဇ၀တ်မှုသဘောတရားရဲ့ အချက်အချာ အယူအဆဆိုတာ နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူတယောက်ကို တာဝန်ရှိသူအဖြစ် သဘောထားနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်”
အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အထင်ရှားဆုံး အဖြစ်အပျက်က ၁၉၆၀ မှာ ဖြစ်ပျက်ခဲ့ပါတယ်။ နာဇီတွေရဲ့ သေမင်းတမန် အကျဉ်းစခန်းတွေ ထူထောင်မှုနဲ့ ဟော်လိုကော့စ် ငရဲခန်းတွေ ဖန်တီးတဲ့ မူဝါဒတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တဲ့ နာမည်ကြီး နာဇီအရာရှိတဦးဖြစ်တဲ့ အဒေါ့အိုက်ခမန်းကို အစ္စရေး လျှို့ဝှက်ထောက်လှမ်းရေးတွေက အဲဒီနှစ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို တွေ့ရှိခဲ့ရာ အာဂျင်တီးနားနိုင်ငံထဲက ခိုးထုတ်ပြီး အစ္စရေးနိုင်ငံကို ခေါ်ဆောင်သွားကာ အဲဒီမှာ ရုံးတင်စစ်ဆေးကြားနာပါတယ်။ နောက်ဆုံးမှာ သူကို့ ကြိုးပေးစီရင်လိုက်ပါတယ်။
အဲဒီထက်ပိုပြီး နောက်ကျတဲ့ နောက်ထပ်ဥပမာတခုကတော့ ပြင်သစ်ကို နာဇီတွေ သိမ်းပိုက်ထားတဲ့ ကာလအတွင်းက ထိပ်တန်း နာဇီခေါင်းဆောင်တဦးဖြစ်ခဲ့သူ ကလော့စ်ဘာဘီကို ၁၉၈၇ ခုနှစ်မှာ ရုံးတင်စစ်ဆေးကြားနာခဲ့မှုဖြစ်ပါတယ်။ သူ့ကို တရားရုံးက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေစု
နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင်တပ်ပွဲဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူပုဂ္ဂိုလ် တဦးတယောက်ကို တာဝန်ရှိသူအဖြစ် သတ်မှတ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ စစ်ရာဇ၀တ်မှု သဘောတရားရဲ့ ပင်မအချက်အခြာ အယူအဆပါ။
လူမျိုးတုံးသုတ်သင်မှု၊ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်အတွင်း အရပ်သားတွေ ဒါမှမဟုတ် ရန်သူစစ်သားတွေအပေါ် မတော်မတရား ပြုမူဆက်ဆံမှု အဲဒါတွေအားလုံးဟာ စစ်ရာဇ၀တ်မှုဆိုတဲ့ စကားရပ်ထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီရာဇ၀တ်မှုတွေထဲမှာ အဆိုးဆုံးက လူမျိုးတုံးသုတ်သင်မှုပါ။
စစ်ရာဇ၀တ်မှုတခုအဖြစ် အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုတဲ့ ဥပဒေစုတွေကတော့ “စစ်မက်ရေးရာ ဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေ” အဖြစ် ရည်ညွှန်းလေ့ရှိတဲ့၊ ပိုမိုကျယ်ပြန့်ပြီး ပိုမိုသက်တမ်းရင့်တဲ့ ဥပဒေတွေဖြစ်တဲ့ “ဂျီနီဗာ သဘောတူညီချက်များ” နဲ့ ယူဂိုစလားဗီးယားနိုင်ငံဟောင်းအမှုကို ကိုင်တွယ်တဲ့ သဟိတ်ဂ်မြို့က “နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICTY)” အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေပဲဖြစ်ပါတယ်။
စတုတ္ထမြောက် ဂျီနီဗာသဘောတူညီချက်ရဲ့ ပုဒ်မ (၁၄၇) က စစ်ရာဇ၀တ်မှုများကို ဟောသလို ဖွင့်ဆိုထားပါတယ်။
“လူတယောက်အား ဒုက္ခကြီးစွာ ခံစားရစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း သို့မဟုတ် လူတယောက်၏ ခန္ဓာကိုယ် သို့မဟုတ် ကျန်းမာရေးအပေါ် ပြင်းထန်သော ဒဏ်ရာအနာတရ ဖြစ်စေရန် တမင်ရည်ရွယ်ပြုလုပ်ခြင်းတို့အပါအ၀င် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ ပြုမူခြင်း၊ တရားဥပဒေနှင့် မညီသော နှင်ထုတ်မှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှု သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦးအား တရားဥပဒေနှင့် မလျော်ညီစွာ ကန့်သတ်တားမြစ်ထားခြင်း၊ ကာကွယ်စောင့်ရှောက်မှု ပေးထားသူတဦးအား ရန်သူစစ်တပ်ဖွဲ့များတွင် အတင်းအကျပ် တာဝန်ထမ်းဆောင်စေခြင်း သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦး၏ တရားသဖြင့် ရထိုက်သော အခွင့်အရေးများနှင့် ပုံမှန်တရားရင်ဆိုင်မှုကို ငြင်းပယ်ခြင်း” တို့ ဖြစ်ပါတယ်။
စစ်ရေးလိုအပ်ချက်ကြောင့် မဟုတ်ဘဲ ဓားစာခံဖမ်းဆီးခြင်း၊ သူတပါးပိုင် ပစ္စည်းများကို အလွန်အကျွံ ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း၊ ယင်းလုပ်ရပ်များကို တရားဥပဒေနှင့် အညီမဟုတ်ဘဲ အကြောင်းမဲ့သက်သက်ပြုလုပ်ခြင်း။
အထက်ပါလုပ်ရပ်များသည် အခြေခံအားဖြင့် စစ်ရာဇ၀တ်မှုမြောက်သော လုပ်ရပ်များဖြစ်သည်ဟု နိုင်ငံတကာရှေ့နေများက ပြောဆိုကြသည်။
၁၉၉၂ မှစ၍ ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် “စစ်မက်ရေးရာ ဥပဒေသများ သို့မဟုတ် ဓလေ့ထုံးတမ်းများ” ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအဖြစ် သံသယရှိသူများအား ရုံးတင်တရားစွဲဆို စစ်ဆေးကြားနာရန် မိမိတို့တွင် အခွင့်အရေးရှိသည်ဟု သဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာတရားရုံးက ပြောဆိုသည်။ ဤသို့သော စစ်ဥပဒေချိုးဖောက်မှုမျိုးများအတွက် ပုဒ်မ (၃) တွင် ဥပမာများပေးထားသည်။
ပုဒ်မ (၃)
- စစ်ရေးလိုအပ်ချက်အရ မြို့ရွာများကို ဖျက်ဆီးချေမှုန်းခြင်း။
- မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အကာအကွယ်မဲ့နေသော မြို့၊ ရွာ၊ အိုးအိမ်အဆောက်အဦများအား တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း။
- ဘာသာရေး၊ ပရဟိတ၊ ကျန်းမာရေး၊ အနုပညာနှင့် သိပ္ပံဆိုင်ရာ အဆောက်အဦများ၊ သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦများနှင့် အနုပညာလက်ရာပစ္စည်းများကို သိမ်းပိုက်ခြင်း သို့မဟုတ် တမင်သက်သက် ဖျက်ဆီးခြင်း။
- ပြည်သူပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ပစ္စည်းများကို လုယူခြင်း။
စစ်ပွဲအတွင်းဖြစ်သော်လည်း အရပ်သားများအား ပစ်မှတ်ထား ကျူးလွန်ကြသော ရာဇ၀တ်မှုများကို လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအဖြစ် ခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်သည်။ ယင်းနှင့် ပတ်သက်သော ဥပမာများကို ပုဒ်မ (၅) တွင် အောက်ပါအတိုင်း ထပ်မံဖော်ပြထားသည်။
- လူသတ်မှု၊ မျိုးဖြုတ်မှု၊ ကျွန်ပြုမှု၊ နှင်ထုတ်မှု၊ အကျဉ်းချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မကျင့်မှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းအပေါ် မူတည်၍ သတ်ဖြတ်မှု။
- နိုင်ငံသားတစု၊ မျိုးနွယ်စုတစု၊ လူမျိုးစုတစု သို့မဟုတ် ဘာသာဝင်တစုအား ယင်းတို့ အားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော လုပ်ရပ်များအား လူမျိုးတုံးသုတ်သင်မှုအဖြစ် ခုံရုံးက ဖွင့်ဆိုသတ်မှတ်သည်။
သို့သော် စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေမှာ အဆက်မပြတ် ဖြစ်ပေါ်တိုးတက်နေသည်။ ၂၀၀၁ ဖေဖော်ဝါရီတွင် သဟိတ်ဂ်မြို့ ခုံရုံးက အမျိုးသမီးများအား အစုလိုက်အပြုံလိုက် စနစ်တကျ အဓမ္မပြုကျင့်မှုနှင့် စစ်ဖြစ်နေစဉ် အမျိုးသမီးများအား လိင်ကျွန်ပြုခြင်းတို့သည် စစ်ရာဇ၀တ်မှုမြောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ အမျိုးသမီးများအား အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက်တခုအဖြစ် အသုံးပြုခြင်းတို့သည် စစ်၏ ဓလေ့ထုံးတမ်းများကို ချိုးဖောက်မှုတခုအဖြစ်မှ လူမျိုးတုံးသုတ်သင်မှုပြီးလျှင် ဒုတိယအကြီးဖြစ်သော စစ်ရာဇ၀တ်မှုတခုအဖြစ်သို့ ရောက်ရှိခဲ့သည်။
စစ်ရာဇ၀တ်မှုတခုကိုရှာဖွေခြင်း
စစ်ရာဇ၀တ်တခုကို ရှာဖွေရန်မှာ အမြဲတမ်းလွယ်ကူသော အလုပ်တခုမဟုတ်ပေ။
စစ်တပ်တခုက မိမိရန်သူဘက်မှ အရပ်သားများအား အတင်းအကျပ် နေရာရွှေ့ပြောင်းစေခြင်းမှာ အမြဲတမ်းတော့ စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှုပေးရန် ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်ဟု စောဒကတက်နိုင်သည်။ ယင်းလုပ်ရပ်သည် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုတည်းဟူသော စစ်ဆင်ရေးကြီး၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း သို့တည်းမဟုတ် အရပ်သားများ အစုလိုက်အပြုံလိုက် အပြစ်ပေးအရေးယူရန် ရည်ရွယ်ကြောင်း သက်သေပြနိုင်မှသာ ယင်းလုပ်ရပ်သည် စစ်ရာဇ၀တ်မှုတခုဖြစ်လာမည် ဖြစ်သည်။
အလားတူပင် မိမိအား ဆန့်ကျင်ဝါဒဖြန့်ချိနေသော ရန်သူ၏ ရုပ်မြင်သံကြားအသံလွှင့်ရုံတခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို စစ်ရာဇ၀တ်မှုတခုဟု အဓိပ္ပာယ်သတ်မှတ်မည်လား။
ဂျီနီဗာကွန်ဗင်းရှင်းအရ ယင်းသည် စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အကယ်၍ ရန်သူက ၎င်းတို့အား စစ်ရေးရည်မှန်းချက်အရ အသုံးပြုနေသည်ဆိုလျှင် ရန်သူနိုင်ငံမှ လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်ရုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ရာဇ၀တ်မှုမမြောက်ပေ။ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ရန်သူအရပ်သားများ ထိခိုက်ပျက်စီးမှုများသည် တိုက်ခိုက်သူက ရရှိသော စစ်ရေးအကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် လွန်လွန်ကဲကဲ မမျှမတဖြစ်လောက်သည့် အတိုင်းအတာအအထိ ရောက်ရှိခဲ့မှသာလျှင် ယခင်တိုက်ခိုက်မှုများအား စစ်ရာဇ၀တ်မှုများအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တညီတညွတ်တည်းဖြစ်သော ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစနစ်တခု ပေါ်ထွက်လာရေးကို နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုများက တောင်းဆိုနေကြသည်မှာ ကြာပြီဖြစ်သည်။
ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးစီရင်ရန် ၁၉၉၃ မေတွင် နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့၌ တည်ထောင်ဖွင့်လှစ်ခဲ့သည်။ “ယူဂိုစလားဗီးယားနိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပြင် ရ၀မ်ဒါနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော လူမျိုးတုံးသန့်စင်မည့် ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးရန် တန်ဇန်နီးယာနိုင်ငံ အရူရှာမြို့တွင်လည်း နိုင်ငံတကာခုံရုံးတခုကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် အိမ်နီးချင်း ဆီရာလီယွန်နိုင်ငံ ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအတွက် လိုက်ဘေးရီးယား သမ္မတဟောင်း ချာစ်တေလာကိုလည်း ခုံရုံးတခုဖွဲ့ စစ်ဆေးနေသည်။
ဤဖြစ်ရပ်များက စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအား တရားဥပဒေရှေ့မှောက် အရောက်ပို့ရန် ကြိုးပမ်းရာတွင် ထူးခြားအရေးပါသော နောက်ထပ်ခြေလှမ်းဖြစ်သော်လည်း ထိုကိစ္စများသည် နုရင်ဘတ်နှင့် တိုကျိုစစ်ခုံရုံး စစ်ဆေးကြားနာမှုများကဲ့သို့ပင် စစ်ပွဲဟုခေါ်ဆိုနိုင်သော ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းသော ဖြစ်ရပ်များသာဖြစ်သည်။
လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် လူပုဂ္ဂိုလ်များအား ရုံးတင်တရားစွဲဆိုမည့် အမြဲတမ်းခုံရုံးတခုအဖြစ် ၂၀၀၂ တွင် ထူထောင်ခဲ့သော နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) သို့ ၂၀၀၈ ဇူလိုင်လတွင် ဆူရီနမ်နိုင်ငံက (၁၀၇) နိုင်ငံမြောက် နိုင်ငံအဖြစ် ၀င်ရောက်ပူးပေါင်းပါဝင်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုက ထိုတရားရုံးသည် နိုင်ငံရေးသဘောပါသော ရုံးတင်တရားစွဲမှုများ ပြုလုပ်လာနိုင်သည်ဟု အကြောင်းပြပြီး ခုံရုံးနှင့် ပါဝင်ပတ်သက်ရန် ငြင်းဆိုခဲ့သည်။ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ကလည်း အလားတူငြင်းဆိုခဲ့ကြသည်။ ယူဂိုစလားဗီးယားသမ္မတဟောင်း မီလိုဘိုဒန်မီလိုစီးဗစ် ကဲ့သို့သော တရားခံများ စောဒကတက်ခဲ့ကြသကဲ့သို့ ထိုသို့သော တရားရုံးမျိုးများသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်နေသလောဆိုသည့် မေးခွန်းမှာ အားလုံးသော တရားဥပဒေဆိုင်ရာ အဖွဲ့အစည်းများတ၀ိုက်တွင် ရစ်ဝဲနေသော မေးခွန်းဖြစ်သည်။
ထိုတရားရုံးများ လုပ်ငန်းမစတင်ခင် ၎င်းတို့ကို ထူထောင်ရန်နှင့် ၎င်းတို့အား ရန်ပုံငွေထောက်ပံ့ရန်မှာ နိုင်ငံတကာ၏ နိုင်ငံရေးဆန္ဒဖြစ်သောကြောင့် ထိုရှုထောင့်တခုတည်းမှ ကြည့်လျှင် ထိုတရားရုံးများမှာ နိုင်ငံရေးသဘောပါသည်ဟု ပြောနိုင်သည်။
မည်သည့်နိုင်ငံက ကျူးလွန်သည်ဖြစ်စေ စစ်ရာဇ၀တ်မှုအားလုံးတို့အား တခုတည်းသော နိုင်ငံတကာခုံရုံး၏ တရားဥပဒေရှေ့မှောက်သို့ အရောက်ပို့နိုင်မှသာလျှင် တရားစီရင်ရေးသည် စစ်မှန်သော တရားဝင်မှုရှိလိမ့်မည်ဟု နိုင်ငံတကာတရားရုံးများအား ဝေဖန်နေသူများက ပြောဆိုနေကြသည်။ ။
မှတ်ချက်။ ။အထက်ဖော်ပြပါဆောင်းပါးသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၂၁) ရက်တွင် ဘီဘီစီ သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည့် What is a war crime? ခေါင်းစဉ်ဖြင့် Tarik Kafala ရေးသားသော ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
ခေတ်ပြိုင်သတင်းမှကူးယူဖေါ်ပြသည်။
No comments:
Post a Comment