ဆောင်းပါးရှင် - မြန်မာပြည်သား (ရုရှားရောက် မြန်မာပညာတော်သင်တစ်ဦး)
ကျနော် ဘာလို့ ဒီလိုပြောနိုင်သလဲဆိုရင် ကျနော်တို့ကိုယ်တိုင် ရုရှားနိုင်ငံရဲ့ အကောင်းဆုံးလို့ ပြောနိုင်တဲ့ တက္ကသိုလ်တွေမှာ ပညာသင်ယူ နေကြရသူတွေပါ။ တချို့ ရှရှားက တက္ကသိုလ်လေးများမှာဆိုလျှင် နိုင်ငံခြားငွေရဖို့သာ အဓိကထားပြီး ကျောင်း ကို တစ်ပါတ် ၃ ရက်လောက် သွားတက်ရုံမျှနဲ့ပင် ဘွဲ့ပေးနေပါတယ်။ ကျနော့်အနေနဲ့ အရပ်ဘက် တက္ကသိုလ် အသီးသီးမှာ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့ရဲ့ ထူးချွန်သော ဆရာ/ ဆရာမတွေ၊ ကထိက၊ ပါမောက္ခကြီးတွေနဲ့ တကယ့်ကို လေးစားလောက် ဖွယ်ရာ (ဂျာမနီ၊ အင်္ဂလန်၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေက ပညာတော်သင်ပြန်) ဆရာ ဆရာမကြီးတွေ ရှိရက်နဲ့ ဒီရုရှားနိုင်ငံကို နိုင်ငံတော်ပိုက်ဆံ (ပြည်သူပိုင်ပိုက်ဆံ) များအား ဖြုန်းတီးမှုသက်သက်သာ ပညာတော်သင် စေလွှတ်နေတယ်လို့ ယူဆပါ တယ်။ သူတို့သင်ပေးတဲ့ ပညာမျိုးတွေဟာ မြန်မာပြည်မှာပင် သင်ယူရရှိနိုင်ပါတယ်။ ဒီနိုင်ငံကို ပေးသွင်းရတဲ့ ဘဏ္ဍာများ၊ ပြင်ဦးလွင် စာပေ - (၂) ခေါ် စစ်တက္ကသိုလ် - (၂) တွင် ကုန်ကျမယ့် ပြည်သူ့ ဘဏ္ဍာများကို မြန်မာ့ပညာရေးမှာ (သင်ထောက်ကူများအတွက်) အသုံးချပြီး မြန်မာနိုင်ငံက ဆရာများနဲ့ပင် သင်ယူနိုင်ပါတယ်။
ယခုတော့ မြန်မာပြည်က M.E ၊ B.E ၊ M.Sc. ၊ B.Sc. ဘွဲ့ရများကို မြန်မာ့ပညာရေးတွင် ဂုဏ်ထူးတန်း၊ B - tech အဆင့် လောက်သာသာရှိသော ပညာရေးအား ဘာဘွဲ့အတွက် ရုရှားမှာ လာသင်ယူနေကြရမှန်းပင် မသိကြရပါ။ ရုရှားကိုမလာခင် အဆင့်ဆင့်သော အကြီးအကဲများ ပြောခဲ့တာကတော့ ဘွဲ့ကို မရရအောင် ယူခဲ့ကြပါတဲ့။ ကျနော် အဲဒီအချိန် တုန်းက မမေးရဲ ခဲ့သည်ကို ယခုမေးရလျှင်ဖြင့် မြန်မာနိုင်ငံအတွက် လိုအပ်နေတာဟာ နိုင်ငံခြား ဘွဲ့လက်မှတ်တွေ ဖြစ်နေပါသလား။ တကယ် လိုအပ်တဲ့ ပညာရပ်များလားဟု မေးချင်ပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့လည်း ကျောင်းသားတွေရဲ့ အဓိကအခက်အခဲကို သိလျှက်နဲ့ မသိကျိုးကျွံ ပြုနေပါတယ်။ အဓိက ဆိုလိုတာကတော့ ပညာတော်သင် ကျောင်းသား အများစုဟာ မြန်မာပြည်မှာရခဲ့တဲ့ ဘွဲ့ကတခြား ရုရှား နိုင်ငံမှာ ဆက်လက် သင်ယူရတဲ့ မေဂျာကတလွဲ ဖြစ်နေကြခြင်းပါ။ စစ်ဗိုလ်တွေအနေနဲ့ ပေးအပ်သော တာဝန်ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဘာသင်သင် အထက်အမိန့်လို့ ခံယူဖြစ်နိုင်သော်လည်း အရပ်ဘက် ၀န်ထမ်းများအတွက် ထိရောက်တဲ့ အကျိုး ရလာဒ် မရှိရင် မသင်ယူလိုကြပါ။
ရုရှားမှ ပြန်ရင် ဘာဆက်လုပ်ရမည်မှန်း မသိသလို သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များမှာ ပြန်လည် တာဝန်ထမ်းဆောင်ရမယ် ဆိုရင်လည်း ဘယ်ဌာနတွင် နေရမယ်မှန်း မသိ ဖြစ်နေကြရပါတယ်။ ရုရှားတက္ကသိုလ် အသီးသီးတိုင်းမှာ ဖြစ်နေတဲ့ အဆိုပါ ပြဿနာအား သံရုံးကို သွားရောက်တင်ပြကြပေမယ့် ယခင်ကျောင်းသားများလည်း ယခုလို ကျရောက်တဲ့ မေဂျာကိုဘဲ ရအောင်သင်ယူပြီး ပြည်တော်ပြန်ခဲ့ကြသည်ဟု ထောက်ပြ၍ ဘယ်လို ပြောင်းလဲမှုမှ မရခဲ့ကြပါ။
စစ်ဗိုလ်များအနေနဲ့တော့ မပြောလိုပါ။ ၎င်းတို့ရဲ့ အဓိကအလုပ်မှာ လက်နက်ကိုင်ပြီး နိုင်ငံတော်ကာကွယ်ဖို့ ဖြစ်တယ်ဟု အကြမ်းဖျင်း ယူဆလို့ ရနိုင်ပါတယ်။ ကျနော်တို့ အရပ်ဘက် ပညာရှင်များအတွက်ကတော့ ပထမနှစ် စတက်ကတည်းက မိမိ လေ့လာ လိုက်စားလိုတဲ့ မေဂျာကို ရွေးချယ်သင်ယူကာ ထူးချွန်ခဲ့ကြလို့ ရိုးရိုးဘွဲ့ထက်မြင့်သော ဘွဲ့များ ပိုင်ဆိုင် ခဲ့ကြပါပြီ။ ယခုမှ မဆီမဆိုင် မေဂျာများအား ဆက်လက် သင်ယူနေကြရလို့ တော်တော် စိတ်ကသိကအောက် ဖြစ်ရပါတယ်။ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ အဆင့်မြင့် ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းတို့အား မေးလိုက်ချင်ပါတယ်။ အန်ကယ်တို့ ငယ်ရွယ်တုန်းက ပညာရပ်တွေကို ကြိုးစားသင်ယူ အားထုတ်နေခဲ့စဉ် ထူးချွန်စွာ တစ်ဘွဲ့ရမှ ယခုလို မဆီမဆိုင် နောက် တစ်မေဂျာ ပြောင်းသင်ပါ ဆိုခဲ့ရင် တက်တက်ကြွကြွနဲ့ နောက်တစ်ခု ပြောင်းသင်ယူချင်ပါမည်လား။
နောက်တစ်ခုအနေနဲ့ စစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်ဖြစ်စေ၊ အရပ်ဘက် မည်သည့် တက္ကသိုလ်တွင်မဆို ဘွဲ့ရခဲ့သည်ဖြစ်စေ၊ ထို့အပြင် မည့်သည်ဘွဲ့ရခဲ့သည် ဖြစ်စေ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်က (၁) နှစ်လျှင် လူ (၁၀၀၀) နီပါးရှိသော ရုရှားပညာတော်သင် အားလုံးကို ရန်ကုန်တက္ကသိုလ်စည်းတံဆိပ်ဖြင့် (မည်သူ ညွှန်ကြားလိုက်မှန်း မသိသော) ဘွဲ့လက်မှတ်များ ထုတ်ပေးလိုက်ပါတယ်။ (နီးရာဓါးကြောက်ရသော ပါချုပ်အနေအားဖြင့်လည်း အပြစ်မဆိုလိုချင်ပါ)။ ဖြစ်ချင်တာဖြစ် မောင်ဘချစ်လို့ အမည်ပေးရမဲ့ နိုင်ငံတော် အကြီးအကဲများရဲ့ ရုရှားနိုင်ငံပညာတော်သင် စီမံကိန်းကို ဘာရည်ရွယ်ချက်လဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
နိဂုံးချုပ်ဆိုရပါရင် နိုင်ငံတော် အကြီးအကဲများအနေနဲ့ မြန်မာနိုင်ငံကို ကောင်းမွန်စေချင်ရင်၊ ပညာကို တကယ်လိုအပ်ရင် မြှောက်စားလိုရင်တော့ တကယ့်ပညာရမယ့် တိုင်းပြည် တွေကိုသာ ပညာတော်သင် စေလွှတ်စေချင်ပါတယ်။ တနည်းပြောရရင် မြန်မာ့ပြည်တွင်းမှာဘဲ မြန်မာ့ပညာရေး အတွက် ရုရှားစရိတ်များအား ထိထိရောက်ရောက် အသုံးပြု စေချင်ပါတယ်။ ယခုတော့ နိုင်ငံတော်အကြီးအကဲများက (ယေဘူယျအားဖြင့်) ပညာယူလိုစိတ် နည်းပါးတဲ့၊ differential ၊ integral စတဲ့ အခြေခံသင်္ချာကိုပင် မပိုင်နိုင်တဲ့ စစ်ဗိုလ် တချို့များအား ငွေကုန်ခံကာ စေလွှတ်နေခြင်းဟာ ရုရှားဆရာများအနေနဲ့ မြန်မာပြည်မှ ပညာတော်သင်တွေရဲ့ အရည်အချင်းကို တမျိုးမြင်သွားနိုင်ပါတယ်။
ယင်းသို့ ရုရှားကို ပညာတော်သင် ပို့နေမယ့်အစား (ပြင်ဦးလွင်စာပေ (၂) ဘာသာစကား သင်တန်းတွင် နေခဲ့ရစဉ် သိတန်သလောက်သိခဲ့ရ) သင်တန်းသားအချင်းချင်းရဲ့ မျိုးချစ်စိတ်၊ နိုင်ငံ့သားကောင်း ပီသရမယ့် စစ်ဗိုလ်များရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်တွေကို စစ်တက္ကသိုလ် ကျောင်းတော်ကြီးမှာပင် ထိရောက်စွာ သေချာပြုပြင် သင်ကြားပေးသင့် ပါတယ်လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။ နောက်ဆုံးတစ်ခု ပြောရရင် စစ်ဗိုလ်မှ နိုင်ငံတော်ချစ်တာ မဟုတ်ပါဘူး၊ ကျနော်တို့လည်း နိုင်ငံတော်ကို ချစ်ပါတယ်၊ ချစ်လို့ နိုင်ငံတော်အတွက် အကျိုးရှိစေချင်လို့ ရင်တွင်းက ဆန္ဒတွေကို ဒီလိုရေးသား ပေးပို့လိုက်ပါတယ်၊ တကယ်ချစ်တတ်ဖို့တော့ လက်တွေ့ ပြကြစေချင်ကြောင်း ထပ်လောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
မြန်မာပြည်သား
ကိုဖိုးတရုတ်ဘလော့မှရယူသည်
No comments:
Post a Comment