ဦးအောင်ခင် / ၂၄ မေ ၂၀၁၀
ကိုးကွယ်ယုံကြည်မှု (သို့မဟုတ်) ဘာသာရေးဟာ လူ့ဘ၀မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာ ကြာလှပါပြီ။ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားလို့ တိုက်ခိုက်သတ်ဖြတ်နေကြတာ ဒီကနေ့အထိ အဆုံးမသတ်နိုင်သေးပါဘူး။ ဥရောပသမိုင်းမှာ ဘာသာရေးကြောင့် ဖြစ်ပွားတဲ့ စစ်ပွဲတွေ အများကြီးရှိတယ်။ မွတ်စလင်နဲ့ ခရစ်ယာန်ဖြစ်ပွားတဲ့ ခရူးဆိတ် (Crusades) စစ်ပွဲကို လူသိများတယ်။ ခရစ်ယာန်အချင်းချင်း တိုက်ခိုက်တဲ့ ဘာသာရေးစစ်ပွဲတွေလည်း ရှိတယ်။ ဒီအထဲမှာ အနှစ် (၃၀) စစ်ပွဲဟာ နာမည်ကြီးတယ်။ အိန္ဒိယမှာလည်း အကြမ်းဖက်တဲ့ ဘာသာရေးပဋိပက္ခတွေ ဒီကနေ့အထိ ရှိနေတုန်းပဲ။ လူများစု ကိုးကွယ်တဲ့ဘာသာက လူနည်းစုကို ကိုးကွယ်တဲ့ဘာသာကို လွှမ်းမိုးလေ့ရှိတာကြောင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို အာရုံစိုက်လာကြတယ်။
မြောက်အမေရိကတိုက်မှာ (၁၇) ရာစုအစောပိုင်းက လာရောက်အခြေစိုက်ကြတဲ့ အင်္ဂလိပ်နဲ့ ဥရောပတိုက်သားတွေဟာ ဘာသာရေးလွတ်လပ်မှုကို လိုချင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန် ဘာသာယုံကြည်ကိုးကွယ်မှုအမျိုးမျိုး ရှင်သန်လာတယ်။ ဘာသာရေးနဲ့ အစိုးရဟာ တသီးတခြားစီ ဖြစ်ရမယ်ဆိုတဲ့ မူဝါဒကို အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် ဓမ္မဆရာ Billy Graham ရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် နိုင်ငံလုံးဆိုင်ရာ ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ဖို့ ကွန်ဂရက်လွှတ်တော်က ၁၉၅၂ ဧပြီလ (၁၇) ရက်နေ့မှာ ဥပဒေပြုလိုက်တယ်။ သမ္မတလုပ်သူက သတ်မှတ်လိုက်တဲ့ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့မှာ တပြည်လုံး ဘုရားရှိခိုးကြဖို့ ဖြစ်တယ်။ အမေရိကန်အခြေခံဥပဒေ ရေးဆွဲသူတွေလည်း ကွန်ဂရက်မှာ ဘုရားရှိခိုးဆုတောင်းခဲ့တယ်လို့ဆိုတယ်။
ဒါကြောင့် ၁၉၅၂ ခုနှစ်ကစပြီး အမေရိကန်သမ္မတအားလုံးဟာ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ကို နှစ်စဉ်သတ်မှတ်ပေးတယ်။ ၁၉၈၈ ကစပြီး မေလမှာ ပထမဆုံးဖြစ်တဲ့ ကြာသပတေးနေ့ကို ဘုရားရှိခိုးဆုတောင်းနေ့အဖြစ် သတ်မှတ်ကြောင်း အိမ်ဖြူတော်က ကြေညာရတယ်။ ဒီလိုနှစ်စဉ် ကြေညာတာဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ Wisconsin ပြည်နယ် ဖက်ဒရယ်တရားသူကြီးက ဧပြီလ (၁၅) ရက်နေ့က စီရင်ချက်ချမှတ်တယ်။ ဘာသာရေးဟာ အစိုးရနဲ့ မဆိုင်ကြောင်း ပြသလိုက်တာပါပဲ။ ဘာသာရေးမှ ကင်းလွတ်ရေးဖောင်ဒေးရှင်း Freedom from Religion Foundation (FFRF) က ဘုရားရှိခိုးဆုတောင်းနေ့သတ်မှတ်တာဟာ အခြေခံဥပဒေနဲ့ မညီကြောင်း လျှောက်ထားပြီး အမေရိကန်သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးကို ၂၀၀၈ အောက်တိုဘာလမှာ တရားစွဲတယ်။
သမ္မတ Bush နဲ့ ပြန်ကြားရေးဝန်ကြီး Dana Perino ကို တရားစွဲတာဖြစ်ပေမယ့် တရားရုံးက စီရင်ချက်ချချိန်မှာ သမ္မတ Obama နဲ့ ပြန်ကြားရေးဝန်ကြီး Robert Gibbs တို့လက်ထက်ရောက်နေတာကြောင့် သူတို့က တရားရှုံးသလို ဖြစ်သွားတယ်။ ဒါကို မကျေနပ်တဲ့အတွက် Obama က အယူခံဝင်ထားတယ်။ အယူခံဝင်ချိန်မှာ ကြေညာခွင့် ရှိတယ်လို့ ဆိုတာကြောင့် မေလ (၆) ရက်နေ့ကို နိုင်ငံတော် ဘုရားရှိခိုးဆုတောင်းနေ့အဖြစ် အိမ်ဖြူတော်က ကြေညာတယ်။ ဒါပေမယ့် သမ္မတ Bush လို အိမ်ဖြူတော်မှာ တခမ်းတနား ဆုတောင်းစည်းဝေးကျင်းပတာမျိုး မလုပ်တော့ဘူး။
နှစ်ပေါင်း (၆၀) နီးပါးရှိလာတဲ့ သမ္မတရဲ့ လုပ်ဆောင်ချက်တခုကို အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ စီရင်ချက်ချသူဟာ Wisconsin ပြည်နယ်က အမျိုးသမီး Federal တရားသူကြီး Barbara Crabb ဖြစ်ပါတယ်။ သူ့ရဲ့ စီရင်ထုံးဟာ (၆၆) မျက်နှာရှိတယ်။ ဒီစီရင်ထုံးကို နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ရေးအဖွဲ့က မကျေမနပ်ဖြစ်ပြီး ပျက်ပြယ်အောင် ကြိုးပမ်းနေတယ်။ သမ္မတ Obama ဟာ ဘာသာရေးဆိုင်ရာအငြင်းပွားမှုကို ရင်ဆိုင်ခဲ့ရဖူးတယ်။ Obama ဟာ ငယ်စဉ်က ဘာသာရေးနဲ့ မပတ်သက်ခဲ့ဘဲ ကြီးမှခရစ်ယာန်ဘာသာဝင်ဖြစ်လာသူလို့ ပြောကြတယ်။ Obama မိသားစုဟာ ၀ါရှင်တန်ကို ပြောင်းလာကတည်းက ဘုရားရှိခိုးကျောင်းကို မှန်မှန်သွားနိုင်တာမဟုတ်ဘူးလို့လည်း ဆိုတယ်။
နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်တာဟာ အစဉ်အလာတခုအနေနဲ့ လုပ်တာပါလို့ သမ္မတ Obama ဘက်က အကြောင်းပြတာကို တရားသူကြီး Barbara Crabb က လက်မခံပါဘူး။ ၁၉၅၂ မှာ ဥပဒေပြဋ္ဌာန်းပြီး နှစ်စဉ်ဆောင်ရွက်တဲ့ ကိစ္စဟာ ရိုးရာအစဉ်အလာမဟုတ်ဘူးလို့ ဆိုပါတယ်။ ယခင် သမ္မတတွေဖြစ်တဲ့ Thomas Jefferson, James Madison, Andrew Jacson တို့ဟာ ဆုတောင်းနေ့ သတ်မှတ်တာကို လက်မခံကြဘူးလို့လည်း စီရင်ထုံးမှာ ကိုးကားထားတယ်။ နိုင်ငံတော်ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်တာကို ပယ်ဖျက်တာနဲ့ ဘုရားရှိခိုးဆုတောင်းမှုကို တန်ဖိုးထားတာနဲ့ တခြားစီဖြစ်နေတာကိုလည်း စီရင်ထုံးမှာ ရှင်းပြထားတယ်။ တပြည်လုံး ဘုရားရှိခိုးဆုတောင်းရမယ့်နေ့ရယ်လို့ သမ္မတက သတ်မှတ်ပေးတာဟာ အထင်မှားအမြင်မှား ဖြစ်စေပါတယ်။
ခရစ်ယာန်ရဲ့ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံတော်ဘုရားရှိခိုးနေ့ဟာ သဘောထား ကွဲလွဲမှုကိုသာ ကြီးမားစေတယ်လို့ ဆိုပါတယ်။ ဂျူးဘာသာဝင်တစုက ဒီကိစ္စဟာ တရားမျှတမှု မရှိကြောင်း ၂၀၀၈ က စောဒကတက်တယ်။ ဘုရားရှိခိုးဆုတောင်းတာကို အစိုးရက ထောက်ခံအားပေးတယ်ဆိုရင် ခရစ်ယာန်တင်မကဘဲ မွတ်စလင်နဲ့ ဂျူးအတွက်လည်း လုပ်ဆောင်ပေးရပါလိမ့်မယ်။ ဘုရားရှိခိုးဆုတောင်းနေ့ သတ်မှတ်ရေးဥပဒေဟာ လူမှုရေးအရ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ ဆုတောင်းရေးသက်သက် ဥပဒေဖြစ်တယ်လို့ တရားသူကြီး Crabbs က ဆိုပါတယ်။ နိုင်ငံသားတစုရဲ့ ယုံကြည်ကိုးကွယ်မှုကို အစိုးရက ထောက်ခံအားပေးပိုင်ခွင့် မရှိဘူးလို့ ဆုံးဖြတ်ထားတဲ့ တရားရုံးချုပ် တရားသူကြီး Sandra Day O’Conner ရဲ့ စီရင်ထုံးကိုလည်း ကိုးကားထားတာတွေ့ရတယ်။
အမေရိကန်အစိုးရဟာ ဘာသာရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူးဆိုတာကို တရားစီရင်ထုံးတွေက သက်သေပြလိုက်တာ ဖြစ်တယ်လို့ ဘာသာရေးမှ ကင်းလွတ်ရေးဖောင်ဒေးရှင်း FFRF ရဲ့ ရှေ့နေက ဆိုတယ်။ ဘာသာရေးကိစ္စမှာ အစိုးရဟာ ကြားနေသင့်တယ်ဆိုတဲ့ FFRF ရဲ့ အယူအဆကို တရားရုံးက အနိုင်ပေးလိုက်တာဖြစ်တယ်။ အမေရိကန်အခြေခံဥပဒေ ရေးဆွဲသူတွေဟာ ညီလာခံမှာ ဘုရားရှိခိုးဆုတောင်းတယ်ဆိုတဲ့ မှားယွင်းတဲ့ သမိုင်းအချက်အလက်ပေါ်မှာ အခြေခံပြီး ၁၉၅၂ မှာ ကွန်ဂရက်လွှတ်တော်က “ဘုရားရှိခိုးဆုတောင်းနေ့” သတ်မှတ်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ဖြစ်တယ်။ FFRF အနိုင်ရသွားတာဟာ မရှိခဲ့တဲ့ သမိုင်းအစဉ်အလာကို ပယ်ဖျက်ခြင်းသာဖြစ်တယ်လို့ ဆိုတယ်။
၁၇၇၄ ခုနှစ် စက်တင်ဘာလမှာ ပထမဆုံးအကြိမ် ကွန်ဂရက်လွှတ်တော်ကျင်းပတဲ့အခါ ကိုယ်စားလှယ် Thomas Cushing
က ဘုရားရှိခိုးဆုတောင်းပြီး ညီလာခံကိုဖွင့်ဖို့ အဆိုပြုတယ်။ အဲဒီအခါမှာ နောင်အခါ တရားသူကြီးချုပ်တွေ ဖြစ်လာမယ့် ကိုယ်စားလှယ်နှစ်ဦး (John Jay & John Rutledge) က ကန့်ကွက်တယ်။ ကွန်ဂရက်လွှတ်တော်မှာ ဘာသာရေးခံယူချက် အမျိုးမျိုးရှိနေတဲ့အတွက် ဒီလိုဆုတောင်းခိုင်းတာမျိုးမလုပ်သင့်ဘူးလို့ ဆိုတယ်။ ဘုရားရှိခိုးဆုတာင်းပွဲ မလုပ်ဖြစ်တာကို စက်တင်ဘာ (၁၆) ရက် ၁၇၇၄ မှာ John Adams က Abigail Adams ရေးတဲ့စာမှာ ဖော်ပြထားကြောင်း တရားသူကြီး Barbara Crabb ရဲ့ စီရင်ထုံးအဖွင့်မှာ ရေးထားတာမို့ ၁၉၅၂ ဘုရားရှိခိုးဆုတောင်းဥပဒေဟာ မှားတဲ့ သမိုင်းအချက်အလက်မှာ အခြေခံတာကို သိသာထင်ရှားတယ်။
အမေရိကန်နိုင်ငံ တည်ထောင်တာ သိပ်မကြာသေးတော့ အစိုးရနဲ့ ဘာသာရေး ကင်းရှင်းအောင် လုပ်ရတာ လွယ်သလို ဖြစ်နေတယ်။ ဥရောပမှာတော့ ရောမအင်ပါယာခေတ်ကတည်းက ဘာသာရေးနဲ့ အစိုးရ ရောထွေးယှက်တင်ဖြစ်လာတယ်။ ရာစုနှစ်ပေါင်းအတော်ကြာမှ ဘုရားကျောင်းအလုပ်နဲ့ အစိုးရအလုပ်ကို ခွဲခြားသိမြင်လာကြတယ်။ Catholic ဘုရားကျောင်းရဲ့ သြဇာအာဏာကို တွန်းလှန်တဲ့ Protestant ၀ါဒ ခေတ်စားတဲ့ဒေသမှာ ဒီမိုကရေစီ ပထမဆုံးထွန်းကားတာ တွေ့ရတယ်။ Protestant ခရစ်ယာန်တွေများလေလေ ဒီမိုကရေစီ အားကောင်းလေလေဆိုတာကို တွေ့ရတဲ့အတွက် ဘာသာရေးပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီထွန်းကားမှုဟာ ဆက်စပ်နေတာ ထင်ရှားတယ်။ Catholic ဘုရားကျောင်းဟာ နောက်ပိုင်းမှ ပြည်သူ့လွတ်မြောက်ရေးကို အားပေးလာတာ။ အရင်ကတော့ အာဏာရှင်နဲ့ ဝေစားမျှစားပေါ့။
မြန်မာပြည်မှာလည်း မင်းနဲ့သံဃာ လျာနဲ့သွားလိုဖြစ်လာတာ ပုဂံခေတ်ကတည်းကပဲ။ အစိုးရနဲ့ သံဃာ အပေးအယူလုပ်တာတွေ အများကြီးရှိတယ်။ (၁၆) ရာစု အင်းဝမင်း သိုဟန်ဘွားက ဘုရားဌာပနာဖောက်ပြီး ဘုန်းကြီးတွေကို သတ်လို့ ဗမာတွေ ပုန်ကန်တာမျိုး ရှိခဲ့ဖူးပေမယ့် များသောအားဖြင့်ကတော့ ဘုရင်ဟာ ဘုန်းကြီးကို မရိုမသေ မလေးမစား မလုပ်တဲ့အတွက် သံဃာဟာ အထိုက်အလျောက် ပြောရေးဆိုခွင့်ရှိတယ်။ ဘုန်းကြီးက ကြားဝင်ပေးလို့ အသိမ်းခံရတဲ့ လယ်မြေ ပြန်ရတာမျိုး ရှိသလို သေဒဏ်ကျခံပြီးမှ လွတ်မြောက်သွားသူတွေလည်းရှိတယ်။ ဘုန်းကြီးက ပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့ ဘုန်းကြီးကို ၀ါရင့်သံဃာအဖွဲ့က အရင်ဆုံးစစ်ဆေးတယ်။ အပြစ်ရှိကြောင်း တွေ့ရှိရတဲ့အခါမှာ သင်္ကန်းချွတ်ပြီး အစိုးရအာဏာပိုင်လက်ကို လွှဲပေးလိုက်တယ်။
ဘုရားတည်၊ ကျောင်းဆောက်၊ ရေကန်တူး၊ တူးမြောင်းဖောက်၊ မြို့သစ်တည်ဆောက် စတဲ့ ကိစ္စတွေကို ဘာသာရေးအမြင်နဲ့ လုပ်တာဖြစ်တယ်။ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဗမာမင်းက ယူဆတဲ့အတွက် သံဃာတွေကို ဖိနှိပ်တာမျိုး မလုပ်ကြပါဘူး။ ဒါပေမယ့် ‘ရာဇတောဝါ’ မင်းဆိုးမင်းညစ် အန္တရာယ်ကာကွယ်ပေးဖို့ ပရိတ်ကြီးပါဠိတော်မှာ သမ္မာဒေ၀- နတ်ကောင်းနတ်မြတ်ကို ဆုတောင်းတာကိုကြည့်ရင် မင်းဆိုးမင်းညစ်ကို သံဃာက လက်မခံတာ ထင်ရှားတယ်။
၂၀၀၈ နအဖအခြေခံဥပဒေ ပုဒ်မ (၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄) ဟာ ဘာသာရေးနဲ့ဆိုင်တယ်။ ဗုဒ္ဓဘာသာကို ဂုဏ်ထူးဝိသေသနနဲ့ ပြည့်စုံတဲ့ ဘာသာအဖြစ် အစိုးရက အသိအမှတ်ပြုပြီး ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှု အစိုးရက အသိအမှတ်ပြုတယ်လို့ ဆိုတယ်။ အခြားဘာသာတွေကိုတော့ ဂုဏ်ထူးဝိသေသနနဲ့ ပြည့်စုံတယ်လို့ ဖော်ပြမထားပါဘူး။ အခြေခံဥပဒေရေးပုံဟာ ဘက်လိုက်နေမှန်း သိသာတယ်။ အသိအမှတ်ပြုတဲ့ဘာသာတွေကို အစိုးရက တတ်နိုင်သမျှ ကူညီစောင့်ရှောက်မယ်လို့လည်း ရေးထားတာမို့ ဘာသာတိုင်းမှာ အစိုးရ စွက်ဖက်ခွင့်ရှိသလို ဖြစ်နေတယ်။ နိုင်ငံရေးကိစ္စအတွက် ဘာသာသာသနာကို အလွဲသုံးစားမလုပ်ရဘူးလို့လည်း ပုဒ်မ (၃၆၄) က ဆိုတယ်။
မေလ (၈) ရက်နေ့က ကြပ်ပြေးသန်းရွှေရဲ့ တပည့်တွေဖြစ်တဲ့ မောင်အေး၊ သိန်းစိန်၊ တင်အေး၊ မြင့်လှိုင်၊ ဉာဏ်ထွန်း၊ မြတ်ဟိန်း စတဲ့ နအဖစစ်ဗိုလ်တွေက သံဃာတွေကို ဘွဲ့တံဆိပ်ချီးမြှင့်တဲ့ သတင်း နအဖသတင်းစာတွေမှာ ဓာတ်ပုံနဲ့တကွ အကြီးအကျယ်ဖော်ပြတယ်။ မြန်မာပြည်မှာ သံဃာသုံးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းတာကြောင့် အသတ်ခံရသူက အများစု၊ မြှောက်စားခံရသူက အနည်းစုဖြစ်နိုင်တယ်။ ဗမာဘုရင်လက်ထက်ကစပြီး ဒီကနေ့အထိ ဗမာအစိုးရမင်းတွေဟာ နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အသုံးပြုကြတယ်။ ဗုဒ္ဓဘာသာကို တကယ်ယုံကြည်သူဆိုရင် တရားအားထုတ်ပြီး အေးအေးဆေးဆေးနေမှာပေါ့၊ ဘုန်းကြီးကို သတ်လိုက်ဖြတ်လိုက် မြှောက်စားလိုက် လုပ်မှာမဟုတ်ပါဘူး။
ကိုယ်ထူကိုယ်ထ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓ၀ါဒဟာ ဗမာမင်းနဲ့တွေ့တော့မှ ပုံပျက်ပန်းပျက် ဖြစ်ကုန်တယ်။ ကိုယ်လုပ်မှကိုယ်ရတဲ့ ဗုဒ္ဓ၀ါဒအနှစ်သာရကို ပြည်သူတွေနားလည်ရင် အာဏာရှင်စနစ်ကို လက်ခံမှာမဟုတ်ဘူး။ သံဃာဦးဆောင်ပြီး ဗမာဗုဒ္ဓဘာသာ ပြုပြင်ရေးလုပ်ရင် အောင်မြင်ဖွယ်ရှိပါတယ်။ အခြေခံယုံကြည်ချက်ခိုင်မာမှ ဒီမိုကရေစီတည်ဆောက်နိုင်တာကို ဥရောပနဲ့ အမေရိကန်သမိုင်းက သက်သေပြနေပါတယ်။
ခေတ်ပြိုင်သတင်းမှ ပြန်လည်ကူးယူဖေါ်ပြသည်။
No comments:
Post a Comment