Tuesday, August 24, 2010

သမိုင်းဝင် “ပင်လုံ စာချုပ်”

နအဖ စစ်အစိုးရရဲ့ အာဘော်တွေကို အမြဲတမ်းလိုလိုတင်ဆက်နေတဲ့ ပိတောက်မြေ ဘလော့မှ ဒီဆောင်းပါးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ ဆောင်းပါးရှင်က ဘက်နှစ်ဖက်ကို ချိန်ဆပြီး အတတ်နိုင်ဆုံး မျှမျှတတ ရေးထားသည့်အတွက် ကြိုဆိုပါတယ်။

ကိုဂျူး

မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခု ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေ၊ ဗိုလ်ချုပ်နေ၀င်း ရေးဆွဲခဲ့သော ၁၉၇၄ အခြေခံဥပဒေနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ယခုရေးဆွဲ လိုက်သော ၂၀၀၈ အခြေခံဥပဒေ ဟု၍ သုံးခုရှိရာ၌ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ခုနှစ် အခြေခံ ဥပဒေသည် လူကြိုက်အများဆုံး၊ အမျှတဆုံးနှင့် အကောင်းဆုံး အခြေခံဥပဒေ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ခုတလော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဗမာပြည်မနဲ့ တောင်တန်း ဒေသနေ လူမျိုးစုတွေကြား ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်နဲ့ ယင်းစာချုပ်ကို အခြေခံပြီးရေးဆွဲတဲ့ ၁၉၄၇ အခြေခံ ဥပဒေကို နအဖစစ်အစိုးရက ထိပါးပုတ်ခတ် ပြောဆို တာတွေ ဖတ်ရတာ များလာလို့ နဲနဲဇာတ်ကြောင်း လှန်စရာ ရှိလာပါတယ်။

“ပင်လုံစာချုပ်” ဟာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ ဗမာပြည်မ နဲ့ တောင်တန်း ဒေသနေ လူမျိုးစုတွေကြား ပေါင်းစည်း ညီညွတ်ရေး သဘောတူညီ စာချုပ်အဖြစ် ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီ “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ ဗြိတိသျှတွေဆီက မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခဲ့တယ်။ “ပင်လုံစာချုပ်” ချုပ်ဆိုတဲ့နေ့ကို ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ သွေးစည်း ညီညွတ်မှုရတဲ့ နေ့ကြီး ရက်မြတ်အဖြစ် “ပြည်ထောင်စုနေ့” လို့ ခေါ်ဝေါ်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးရဲ့ အဓိက သော့ချက်ဟာ “ပင်လုံစာချုပ်” ပဲ ဖြစ်တယ်လို့ ဆိုရမယ်။

မှတ်မိသလောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံမှာ “တောင်တန်း ဒေသ တိုင်းရင်းသား လူမျိုးစု ငယ်တွေကို ဗမာပြည်မ ကနေ ခွဲမထွက်ချင်အောင် ထားဘို့က ကျွန်တော်တို့ ဗမာ လူမျိုးကြီးတွေရဲ့ တာဝန်သာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးနောက် ဆယ်နှစ်ကြာလို့မှ တိုင်းရင်းသားတွေက ပြည်မက ခွဲထွက်မယ် စကားပြောလာရင် ကျွန်တော်တို့ ဗမာတွေ ညံ့လို့ပဲ မှတ်” တဲ့။ သိပ်ကောင်းတဲ့ စကား။ အစ်ကိုကြီး တစ်ယောက်က ညီငယ်တွေကို ပြောသလို၊ ခေါင်းဆောင်ကောင်း တစ်ယောက်လို အာမခံ တာဝန်ယူတဲ့စကား ပြောခဲ့တာ။ တောင်တန်းသားတွေ ဘက်ကလဲ ပြည်မနဲ့ အင်အားချင်း ဘယ်လိုမှမယှဉ်နိုင်ဘူး၊ ကိုယ့်ဖာကိုယ် ရပ်တည်ဘို့လဲ မလွယ်ဘူး ဆိုတော့ ဗမာပြည်မကသာ ညှာညှာ တာတာ ဆက်ဆံရင် တောင်တန်း ဒေသတွေက ခွဲထွက်ခွင့် တောင်းစရာ အကြောင်း မရှိသလို ပြည်မနဲ့ မပေါင်းချင်စရာ အကြောင်း ဘာမှမရှိဘူး၊ တိုင်းရင်းသား လူမျိုးစု ငယ်တွေကို ဗမာပြည်မကနေ ခွဲမထွက်ချင်အောင် ထားဘို့ ဘာမှ မခက်ဘူး ဆိုတာ ဗိုလ်ချုပ်လဲ သိတယ်။

၁၈၈၅မှာ ဗြိတိသျှတွေက မြန်မာနိုင်ငံကို သိမ်းတော့ သီပေါဘုရင်ပိုင်နက် (Upper Burma) ကို သိမ်းပိုက် လိုက်ပြီလို့ ကမ္ဘာကို ကြေညာခဲ့တယ်။ တောင်တန်း နယ်မြေတွေမပါဘူး၊ တောင်တန်းဒေသလို့ သတ်မှတ်ခဲ့တဲ့ ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ရှမ်းကုန်းမြေမြင့်၊ ကရင် တောင်တန်းနယ်တွေဟာ သူတို့လူမျိုးစု ခေါင်းဆောင် (စော်ဘွား) တွေနဲ့ သူတို့အုပ်ချုပ်နေကြတဲ့ လူဦးရေနဲပြီး မဖွံ့ဖြိုးတဲ့ နယ်မြေလေးတွေ။ လူဦးရေများပြီး စစ်အင်အား ကောင်းတဲ့ ဗမာဘုရင်တွေရဲ့ အာဏာစက် အောက်မှာ နေရပေမဲ့ အမြဲတန်း ဗမာ ပိုင်နက်ထဲမှာ မဟုတ်ခဲ့ဘူး။ ဗမာနဲ့သူတို့တွေနဲ့ စာပေ၊ ယဉ်ကျေးမှု နဲ့ ဘာသာစကားလဲ မတူ ကြဘူး၊ တခြားစီ။ တရုပ်နဲ့ ဗမာလိုဘဲ။ မိတ်ကောင်း ဆွေကောင်းတွေလို အရိုအသေပေး၊ လက်ဆောင် ပဏ္ဍာပို့ သမီးကညာ ဆက်တဲ့ အနေအထား။ ဗမာရှင်ဘုရင်က တရုတ် ဧကရာဇ်တွေကို လက်ဆောင် ဆက်ရသလို တောင်တန်းသားတွေလဲ ဗမာ ရှင်ဘုရင် တွေကို လက်ဆောင် ဆက်ခဲ့ပေမဲ့ သူတို့လူမျိုးစု တွေဟာ ဘယ်တုန်းကမှ ဗမာရှင်ဘုရင်ရဲ့ လက်အောက်ခံတွေ မဟုတ်ဘူးလို့ ဆိုကြတယ်။ သူတို့တွေမှာလဲ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေ ရှိနေတယ်။ လေ့လာကြည့်ပါ။

ဗြိတိသျှတွေကလဲ ဒါကို အသိအမှတ် ပြုခဲ့လို့ တောင်တန်း ဒေသ အုပ်ချုပ်ရေးကို ဒီအတိုင်းထားတယ်။ ၀င်မစွက်ဘူး။ သူတို့ဟာ သူတို့ စေ့စပ်ပြီး သူတို့ အုပ်ချုပ်ရေးနဲ့ သူတို့ လွတ်လွတ် လပ်လပ် တလျှောက်လုံး နေခဲ့ရတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး မပေးချင်လို့ စော်ဘွားတွေကို မြှောက်ပေးခဲ့တယ် ဆိုတာလဲ မဟုတ်ဘူး၊ သူတို့ကို ဗမာပြည်မနဲ့ ပေါင်းဘို့/မပေါင်းဘို့ လွတ်လွတ် လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ပေးခဲ့တယ်။

ဒုတိယ ကမ္ဘာစစ် ပြီးတော့ စစ်ဒါဏ်ကြောင့် အတော်လေး မွဲသွားတဲ့ ဗြိတိသျှတွေဟာ မြန်မာအပါအ၀င် သူတို့ လက်အောက်ခံ ကိုလိုနီနိုင်ငံတွေ အားလုံးကို ဆက်မထိမ်းနိုင်တော့ဘူး အုပ်ချုပ်ရေး စားရိတ် အကုန် မခံနိုင်တော့လို့ လွတ်လပ်ရေး ပေးဘို့ ဗြိတိသျှ ပါလီမန်မှာ ပြောဆိုလာခဲ့ ကြတယ်။ သူတို့ ကိုယ်တိုင်တောင် အမေရိကန် ကောင်းမှုကြောင့် ဟစ်တလာရဲ့ နာဇီဂျာမဏီ လက်အောက် မရောက်ခဲ့ ရတာဆိုတော့ ကိုယ်ချင်းစာတတ် သွားတာလဲ ပါမှာပါ။ လွတ်လပ်ရေး လိုချင်လဲယူ၊ အစောင့်အရှောက်ခံ ဓနသဟာရနိုင်ငံထဲ နေချင်လဲနေဆိုတာ မြန်မာက လုံးဝလွတ်လပ်ရေးပဲ လိုချင်တယ်ဆိုတော့ ပေးမယ်လို့ မူအားဖြင့် သဘောတူ လိုက်တယ်၊ ဗိုလ်ချုပ်တို့က တောင်တန်းဒေသတွေ ဗမာပြည်မနဲ့အတူ လွတ်လပ်ရေး လိုချင်တယ် ဆိုတော့ ဗြိတိသျှအစိုးရက ဒါဖြင့် ပြည်မနဲ့ တောင်တန်းသားတွေနဲ့ သဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဆိုတော့ ဗိုလ်ချုပ်တို့ပြန်လာပြီး ပင်လုံမှာ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ကြတယ်။

အဲဒီမှာ တောင်တန်းသား လူမျိုးစုငယ်တွေက ပြည်မနဲ့ပေါင်းပြီး လွတ်လပ်ရေးလဲ လိုချင်တယ် လူမျိုးကြီး ဗမာကိုလဲ မယုံဘူး၊ ကြောက်နေတယ်၊ ချီတုံချတုံ ဖြစ်နေတာ ဗိုလ်ချုပ်ကသိတော့ ခုနကပြောတဲ့ “Federal ပြည်ထောင်စု စနစ်နဲ့သွားမယ်၊ တန်းတူ ညီတူ ပြည်နယ်အဆင့် ဆက်ဆံမယ်၊ ဆယ်နှစ် ပေါင်းကြည့် မကြိုက်ရင် ဆက်မပေါင်းနဲ့” လို့ ရဲရဲအာမခံ လိုက်တယ်။ မှတ်သား လောက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စကားဘဲ၊ တောင်တန်းသားတွေ ရှေ့ရေးအတွက် မပူရအောင် သူတာဝန် ယူလိုက်တာပဲ။ ဒီစကားကို အားလုံး သဘောတူလို့ လက်မှတ်ထိုးတယ်၊ ပင်လုံ စာချုပ်ချုပ်တယ်။ ဒီပင်လုံ စိတ်ဓါတ်ကို အခြေခံပြီး ၁၉၄၇ အခြေခံ ဥပဒေဆွဲခဲ့တယ်။ ဒီအခြေခံ ဥပဒေကို တင်ပြပြီး ဗြိတိသျှထံက လွတ်လပ်ရေး ရယူခဲ့တယ်၊ ပြောချင်တာက ၁၉၄၇ အခြေခံ ဥပဒေရဲ့ အသက် သွေးကြောဟာ “ပင်လုံစာချုပ်” သာဖြစ်တယ်။ ဖက်ဒရယ်မူဟာ တိုင်းရင်းသား လူမျိုးစုတွေ အတွက် အသက်တမျှ အရေးကြီးတဲ့ ကိုယ်ပိုင် အခွင့်အရေး ဖြစ်တယ်။ ဗမာတွေက ပေးမှ ရမဲ့ အခွင့်အရေး မဟုတ်ဘူးလို့ ဆိုတယ်။

တစ်ခု ပြောစရာ ရှိတာက ဒုတိယ ကမ္ဘာစစ် အပြီး ဗြိတိသျှ စစ်တပ်ထဲမှာလဲ မြန်မာနိုင်ငံကို လွတ်လပ်ရေး မပေးချင် သူတွေ ရှိတယ်။ ဂဠုန်ဦးစောတို့ သခင်ဗစိန်တို့ ဒေါက်တာ ဘမော်တို့နဲ့ နီးစပ်သူ နိုင်ငံရေး သမားတွေလဲရှိတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ့ တပ်မတော်ဟာ ငါတို့ကို တိုက်ဖို့ ဖက်ဆစ်ဂျပန်နဲ့ ပေါင်းပြီး ဖွဲ့စည်းခဲ့တယ်၊ ခုဂျပန် စစ်ရှုံးတော့မှ ငါတို့ကိုလာပြီး မျက်နှာချိုသွေး နေတဲ့ နှစ်ထပ်ကွမ်း သစ္စာဖောက်တွေ၊ ဥပဒေအရ ခုံရုံးတင် အရေးယူရမယ်လို့ ခါးခါးသီးသီး သဘောထားတဲ့ စစ်ဗိုလ်တွေလဲ ရှိတယ်။ ဒါကြောင့် ဦးစောကို သေနတ်တွေ ခိုးပေးတာမျိုး ဖြစ်ခဲ့တာ။ ဗြိတိသျှစစ်တပ် ဘက်က ကြည့်တော့လဲ သူတို့ စစ်သားတွေက ဗမာပြည်ကို ဂျပန်တွေ လက်အောက်က ပြန်ရအောင် အသေခံတိုက် ယူထားရတာ။ ဒီလိုလွတ်လပ်ရေး ပေးလိုက်တာ ငါတို့ဘိုးဘွားတွေ တည်ထောင်ခဲ့တဲ့ နေမ၀င် အင်ပါယာကြီး ပြိုကွဲသွားမယ်၊ နိုင်ငံရေး သမားတွေက နာမည်ကောင်း ယူချင်လို့ နိုင်ငံရေး အကွက်ထွင်တာ၊ ခုခေတ် နအဖစကားနဲ့ ပြောရရင် ဗြိတိသျှ ပြည်ထောင်စု မပြိုကွဲရေးပေါ့၊ ဒီလို စစ်ဘက်က ဗြိတိသျှ နေမ၀င်အင်ပါယာကြီး မပြိုကွဲရေး အတွက် အကြီးအကျယ် ကန့်ကွက်ကြတဲ့ ကြားက မောင့်ဘက်တန်တို့ အက်တလီတို့ ဒေါ်မန်စမစ်တို့လို ပါလီမန်အထိ ပေါက်ရောက်တဲ့ လူကြီးတွေက ဗမာတွေဘက်က စာနာပြီး လွတ်လပ်ရေးပေးဘို့ သဘောတူ ရပ်တည်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ မြန်မာ တစ်မျိုးသားလုံး ရှိနေတယ် ဆိုတာ လက်ခံတယ်။ ဗိုလ်ချုပ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ တိုင်းရင်းသားတွေ အပေါ် ထားတဲ့ ရိုးသားဖြူစင်တဲ့ စိတ်ရင်း စေတနာကို သဘောပေါက် နားလည်တယ်၊ ဒါကြောင့် ၁၉၄၇မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပေမဲ့ သူတောင်းဆိုခဲ့တဲ့ အတိုင်း မြန်မာပြည်မနဲ့ တောင်တန်း ဒေသတွေ မကျန် ၁၉၄၈ ဇန္န၀ါရီလ (၄)ရက်နေ့ မှာ ချောချော မောမော လွတ်လပ်ရေး ရခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး နောက်ပိုင်း ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခေတ်လုံး သူ့အကြိုက် ဖြစ်အောင် ဒေါက်တာ မောင်မောင်တို့လို အုပ်စုတွေက ၁၉၆၂ခုနှစ်မှာ ရှမ်းစော်ဘွားတွေက ၁၉၄၇အခြေခံဥပဒေနဲ့ ဖယ်ဒရယ်မူအရ ခွဲထွက်ဘို့လုပ်လာလို့ အချိန်မှီ အာဏာသိမ်း လိုက်ရတာ။ ပြည်ထောင်စု မပြိုကွဲအောင် ဗိုလ်ချုပ်နေ၀င်းက ကယ်တင်ရှင် သူရဲကောင်းဆိုပြီး သမိုင်းရေး ကြရာက တဖြေးဖြေး ပုံကြီးချဲ့လာပြီး ဒါဟာ တပ်မတော်ရဲ့ သမိုင်းပေးတာဝန်ဘဲ တွေဘာတွေ လုပ်ပြီး မြန်မာ့ တပ်မတော် သူခိုးသေဖေါ်ညှိ ခံလိုက်ရ တော့တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတာ မှန်တယ်ဖြစ်အောင် နောင်မှ လူထုနားထဲ ရိုက်သွင်းတဲ့ ဆင်ခြေ စကားသာဖြစ်တယ်၊ အဲဒီ အချိန်တုန်းက ခွဲထွက်မယ်ဆိုတဲ့ စကားကို သူတိှု့မပြောဘူး စိတ်ထဲမှာလဲ မရှိဘူးလို့ စော်ဘွားတွေက ပြန်ချေပကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်အာဏာ ပိုင်တွေရဲ့ ရန်ကို ကြောက်ရလို့ နှစ်ပေါင်းများစွာ ဒီလို မဟုတ်ခဲ့ဘူးလို့ ဘယ်သူမှ ပြန်မပြောရဲ မရေးရဲ တော့ဘူး။

တိုင်းရင်းသားတွေ ဘက်က ပြန်ကြည့်တော့လဲ ပြည်မက ဗမာတွေက သူတို့ကို မတရား အနိုင်ကျင့်တာ ခံနေရတာဘဲ၊ ဒါကြောင့် သူတို့ထက် အဆပေါင်းများစွာ အင်အားကြီးမားတဲ့ ဗမာ စစ်တပ်တွေကို နှစ်ပေါင်း လေးဆယ်ကျော် ယနေ့ထိ ခုခံ တိုက်ခိုက် နေတာ၊ အလကား မမှတ်နဲ့၊ ပြည်မကြီးက ဗမာ့တပ်မတော်လို လေယဉ်ပျံတေ၊ွ သင်္ဘောတွေ၊ သံချပ်ကားတွေ၊ ခေတ်မှီအမြှောက် လက်နက်တွေ သူတို့မှာ မရှိဘူး၊ သူတို့လဲ မနိုင်နိုင်မှန်း၊ သေမယ်မှန်း သိတာပေါ့။ သူတို့မှာလဲ ဆီလျှော်ခိုင်လုံတဲ့ အကြောင်း ပြချက်တွေနဲ့ တရားသောစစ်ကို ဆင်နွဲနေသူတွေ။ သူတို့မြေ သူတို့လူမျိုးအတွက် အသက်ပေး ကာကွယ်နေကြတဲ့ မျိုးချစ် အာဇာနည် သူရဲကောင်း တွေဘဲ။

တိုင်းရင်းသားတွေက ဗမာ ဗိုလ်ချုပ်ကိုယုံလို့ ပြည်မနဲ့ ပေါင်းတာ။ တနေ့သောအခါမှာ ဗမာကဒီလို စကားဖျက်မယ် ဆိုတာသိရင် စကထဲက ဗမာနဲ့ မပေါင်းဘူး ငြင်းလို့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒီအခွင့်အရေး ပေးမယ်၊ ပြည်မနဲ့ပေါင်းလို့ ကမ်းလှမ်းလို့ သူတို့ ပြည်မနဲ့ လက်တွဲခဲ့တယ်။ ဒီအခွင့်အရေး ဆက်ပေးရင် ဆက်လက်တွဲမယ်၊ ဒီအခွင့်အရေး ပေးတဲ့ ပင်လုံစာချုပ်ကို သွားဖျက်ရင် မြန်မာ့သမိုင်းမှာ ကျွန်တော်တို့ မဟာဗမာတွေ စကား မတည်ဘူး ဆိုပြီး သိက္ခာကျမယ်၊ သူတို့ကလဲ ရှိတဲ့အင်အားနဲ့ ရအောင်ပြန်တောင်း နေမှာဘဲ။ လူမျိုးစုငယ်တွေ ဘက်က ကိုယ်ချင်း စာကြည့်ကြပါ။

ပြည်မက ဗမာစစ်ဗိုလ်ကြီးတွေ ပြောနေတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတာ သူတို့ လူမျိုးစုတွေ ပိုင်ဆိုင်တဲ့ နယ်မြေ၊ သံယံဇာတတွေကို လိုချင်တဲ့ လောဘကြောင့် အကြောင်းပြ ကောင်းယုံ လာပြောနေတယ်။ တကယ်တန်း ဒီအသီး အပွင့်တွေကို ပြည်မက ဗမာတွေ အတွက် ယူသွားနေကြပြီး သူတို့မှာ ကားပေါ်တင်ပေးရတဲ့ အလုပ်ကြမ်း သမား သာဖြစ်နေကြ ရတယ်လို့ သူတို့ကမြင်တယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ၊ ကွန်းသစ်တောကြီးတွေ၊ ငါးပုဇွန်တွေ၊ ကျောက်မျက် ရတနာတွေ၊ ဓါတ်သတ္တုတွေ၊ ရေအား လျှပ်စစ်တွေ၊ သူတို့မြေကထွက်တဲ့ အဖိုးတန် သယံဇာတတွေ ဘယ်ရောက် ကုန်လဲ သူတို့နယ်မြေ ဖွံ့ဖြိုးရေးမှာ မသုံးဘူးဆိုတဲ့ သဘော။ အစပိုင်းကတော့ စစ်ဗိုလ်ကြီးတွေရဲ့ လွဲမှားတဲ့ စီးပွားရေး စီမံကိန်းတွေကြောင့် သူတို့ပိုင်တဲ့ ဒီသံယံဇာတတွေ အလကားဖြစ် ပျောက်ပျက် ကုန်ရတာ။ ပြည်မကလဲ ကောင်းကောင်း မသုံးရဘူး။ ခုခေတ်တော့ စီးပွားရေး စီမံကိန်းတင် မကတော့ဘဲ စစ်ဗိုလ်တွေရဲ့ အိတ်ကပ်ထဲ ထည့်တဲ့ စီမံကိန်းတွေကြောင့် ပိုဆိုးကုန် တော့တယ်။ တိုင်းရင်းသားတွေက ကျွန်အောက်က သားပေါက်ဘ၀ ရောက်ကုန်တယ်လို့ ခံစားလာရတယ်။

ဒီကိစ္စ တပ်မတော် ခေါင်းဆောင် အဆက်ဆက် ချာလပတ် ရမ်းနေတာ ကြာလှပြီ၊ ဘာမှ မလုပ်တတ် တော့ဘူး။ ညှိညှိ နှိုင်းနှိုင်း မလုပ်ဘဲ စစ်သားပီပီ စစ်အင်အား ကြီးတယ်ဆိုပြီး လက်ရုံးရည် အားကိုးနဲ့ နှစ်ပေါင်း လေး-ငါးဆယ် စစ်ဖိတိုက်လာတာ လူမျိုးစု တိုင်းရင်းသား ငယ်တွေလဲ သေလိုက်တာ သောက်သောက်လဲ၊ တိုင်းပြည် ဘဏ္ဍာ ငွေတွေလဲ ကုန်လိုက်တာ နိုင်ငံလဲမွဲ၊ တပ်မတော် အစိုးရ အနေနဲ့ ပင်လုံစာချုပ်နဲ့ Federal မူကို လာမပြောနဲ့ မရဘူး၊ မဆွေးနွေးဘူးလို့ လူဆိုးကြီးလို မလုပ်သင့်ဘူး။ ကိုယ်မလုပ်တတ်တာနဲ့ သမိုင်းဝင် ပင်လုံ စာချုပ်ကို သွားမဖျက် သင့်ဘူး။ တပ်မတော် သမိုင်း တရားခံ ဖြစ်လိမ့်မယ်။

ကိုယ်နဲ့ ကိုယ့်အဖွဲ့အစည်း အရာမရောက် နေရာပျောက် သွားမှာစိုးပြီး တိုင်းပြည်ကို မလိုအပ်ဘဲ ချည်တုပ် ထားရာက တိုင်းပြည်လဲ ဘယ်မှ မရောက် တိုးတက်မှု နှေးကွေး သူများနောက်က လိုက်နေရတာ ကြည့်ရင် မြင်နိုင်တယ်။ သေနတ် ခါးကြားထိုး ထစ်ကနဲဆို ပစ်မယ် ခတ်မယ် လုပ်နေတဲ့ ခေါင်းဆောင်တွေကြောင့် လူမျိုးစုတွေကလဲ ဗမာဆို ရွံကြောက်ကြီး ဖြစ်သွားပြီ။ အနာနဲ့ ဆေးမတည့်လို့ တိုင်းပြည်နာတာဘဲ အဖတ်တင်ပြီး အောင်မြင်မှု မရခဲ့ဘူး။ ဒီထက် ကြာလာရင် တကယ်ခွဲထွက်ကုန် ကြလိမ့်မယ်။

ပင်လုံစာချုပ်က သိပ်ကြာသွားပြီ၊ ခေါတ်နဲ့ လျှော်ညီအောင် ပြင်ချင်တယ်ဆိုရင် ပြည်ထောင်စုလဲ မပြိုကွဲအောင် တိုင်းရင်းသား တွေလဲ မနစ်နာရအောင် နှလုံးရည်သုံး ညှိနှိုင်း တိုင်ပင်ပြီး ပြင်သင့်တယ်။ စစ်ရေး စွမ်းရည် သက်သက် နဲ့တော့ မရတော့ဘူး၊ ကျွန်တော်တို့ ပြည်မသားဗမာတွေ တောင်ပေါ် တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုတွေ အပေါ် အနစ်နာခံရ လိမ့်မယ်။ တိုင်းပြည် ခေါင်းဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေ အတူတကွ တွေ့ဆုံ ဆွေးနွေးပြီး နှစ်ဦး နှစ်ဘက် အနာခံပြီး ကျိုးစားကြမှ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြန်ရမယ်။ တိုင်းရင်းသားအားလုံး ပျော်ပျော် ရွှင်ရွှင် ဥမကွဲ သိုက်မပျက် နိုင်ငံ တိုးတက်အောင် လုပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတယ်။ နို့မို့တော့ ပြည်သူတွေ မျက်ရည် ပေါက်ကြီးငယ် ကျနေရဦးမှာဘဲ။ မြန်မာ့ တပ်မတော်မှာ တွေ့ဆုံ ဆွေးနွေးရေး လုပ်ရဲတဲ့ နှလုံးရည် သမားတွေ များများလို နေတယ်။

စေတနာဖြင့်၊

ကိုဂျူး
http://padaukmyay.blogspot.com/

No comments:

Post a Comment