ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ အခုနေပြည်တော် မြို့တော်သစ် တည်နေရာ၊ တည်ဆောက်ထားပုံ၊ တည်ဆောက်နေပုံ အကြောင်းတွေကို ဆက်လက်တင်ပြပါမယ်။
သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က အခုနောက်အခန်းမှာတော့ နေပြည်တော် မြို့သစ်တည်တဲ့ တည်နေရာ၊ တည်ဆောက်နေပုံ၊ တည်ဆောက်ထားပုံ အကြောင်းတွေကို ဆက်လက်တင်ပြပါတယ်။ နေပြည်တော် မြို့သစ် တည် ဆောက်တဲ့နေရာက မြန်မာနိုင်ငံ ခြောက်သွေ့ဇုန်ရဲ့ တောင်ဖက်အစပ်မှာ တည်ရှိပြီး၊ စစ်တောင်းမြစ်ဝှမ်း အထက်ပိုင်းမှာ တည်ရှိပါတယ်။ အနောက်ဖက်မှာ ပဲခူးရိုးမနဲ့ အရှေ့ဖက်မှာ ရှမ်းကုန်းပြင်မြင့်တို့က ဝိုင်းရံထား ပါတယ်။ ဒီဒေသမှာ မြစ်ဝှမ်းလွင်ပြင်၊ တောင်စောင်းဆင်ခြေလျောတွေ၊ တောင်တန်းဒေသတွေ ပါဝင်လို့ မြို့သစ် ဒီဇိုင်းဖော်တဲ့သူတွေ စိတ်ကြိုက်တွေ့စေမယ့် မြေမျက်နှာသွင်ပြင်ရှိတယ်လို့ ဆိုရမယ်လို့ စာရေးသူက ဆိုပါ တယ်။ အဲဒါအပြင် ရမည်းသင်းဒေသတောင်ဖက်က မြစ်ဖျားခံလာတဲ့ စစ်တောင်းမြစ်အဖျား မြေနိမ့်ဒေသမှာ ရှိနေလို့ ရေပေါများမယ်၊ မြေဆီသြဇာကောင်းပြီး စိုက်ပျိုးရေး ဖြစ်ထွန်းမယ်၊ ရေအားလျှပ်စစ် စွမ်းအင်ဖွံ့ဖြိုး ထုတ်လုပ်မှုတွေနဲ့ ဓာတ်သတ္တုသယံဇာတတွေ၊ သစ်တောတွေကလည်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ် စေနိုင်တယ်လို့ စာရေးသူက သုံးသပ်ပါတယ်။ အဲဒါအပြင် တောင်တန်းတွေ ဝန်းရံနေလို့ သေနင်္ဂဗျူဟာစစ်ရေး အရ အရေးပါတဲ့ ခံစစ်နယ်မြေ ဖြစ်တယ်လို့လည်း သူက ဆိုထားပါတယ်။
စာရေးသူ ဒူယာပက်က နေပြည်တော်တည်ဆောက်ရာ ပျဉ်းမနားရဲ့ သမိုင်းကိုလည်း ရှေးဟောင်းကျောက်ဖြစ် ရုပ်ºကွင်းတွေ တူးဖော်ထုတ်တဲ့ ပညာအရ လေ့လာဆန်းစစ်ချက်တွေကို နောက်ကြောင်းလိုက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုန် တောင်ဖက် ဒီဒေသတွေမှာ ကျောက်ခေတ်နှောင်းကတည်းက လူတွေ အခြေချနေ ထိုင်ကြတယ် ဆိုပါတယ်။ ပျဉ်းမနားနဲ့ ရမည်းသင်းဒေသတွေမှာ လူတွေ နေထိုင်ဖွံ့ဖြိုးမှုက အတူတူနီးပါး လောက် ဖြစ်ခဲ့တယ် ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း၊ လက်နက်၊ လက်ဝတ်တန်ဆာတွေ ကြည့်ပြီး ဆိုခဲ့ကြတာပါ။ ပုဂံ မင်းဆက်ပျက်ပြီးနောက်မှာ တရုတ်ရန်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေက တောင်ငူဒေသကို ထွက်ပြေး လာရာမှာ ပျဉ်းမနားလွင်ပြင်ကို ဖြတ်ပြီးဆင်းခဲ့ကြရပါတယ်။ တောင်ငူမင်းဆက်ထူထောင်တဲ့ ကာလ တလျောက်လုံးမှာလည်း ဒီဒေသလူတွေကို စည်းရုံးခဲ့ကြရတာပါ။ ကုန်းဘောင်မင်းဆက်ကာလမှာတော့ ပျဉ်းမနားကို "နယ်ကျန်"လို့ ခေါ်တယ်ဆိုပါတယ်။ ကျွင်းကျန်ရစ်တဲ့နယ်မြေ သဘောပါ။ ကာလရွေ့လျောလာ တော့ "နင်းကျန်း" အမည်ဖြစ်လာပါတယ်။ သဘောကတော့ ပေါင်းကူးတံတားဖြစ်ပါတယ်။ ငလိုက်ချောင်းကို ဖြတ်လို့ ကုန်ကူးရာ ရွာကောက်ရပ်ကိုဖြတ်တဲ့တံတားကို အမှီပြုခေါ်တာပါ။ မင်းတုန်းမင်းလက်ထက် ၁၈၇၆ ခု နှစ်မှာတော့ ပျဉ်းမနားမှာ လောကမာရဇိန်ဘုရားတဆူ တည်ထားခဲ့ပါသေးတယ်။ နောက်ပိုင်း ဗြိတိသျှကိုလိုနီ လက်ထက်မှာတော့ ဗြိတိသျှအုပ်ချုပ်သူတွေက ပျဉ်းမနား၊ ရမည်းသင်းလွင်ပြင်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ ဒီဒေသမှာ ရေချိုပေါလို့ စိုက်ပျိုးရေးဖြစ်ထွန်းမယ်လို့ ယူဆ ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒုတိယကမ္ဘာစစ်မတိုင်မီ ကတည်းက စိုက်ပျိုးရေးကျောင်းတခုကို အမေရိကန် သာသနာပြု မစ်ရှင်အဖွဲ့တခုက တည်ဆောက်ခဲ့တာပါ။ နောက်ပိုင်းတော့ ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ဖြစ်လာပါတယ်။ တခါ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဖက်ဆစ်ဂျပန်တွေကို တော်လှန်ဖို့ ဘီအိုင်အေက အခြေချရာ ရွေးချယ်ခဲ့တဲ့နေရာအဖြစ် သမိုင်းရှိထားတဲ့နေရာလည်း ဖြစ်ပါတယ်။
အခု မြို့တော်သစ်တည်ဆောက်မှုနဲ့ ပတ်သက်လို့ စာရေးသူ ဒူယာပက်က သုံးသပ်ဖော်ပြခဲ့ရာမှာ ဒီလိုပြင်ဆင်မှု တွေက ၇-နှစ်၊ ဆယ်နှစ် ပတ်ဝန်းကျင်လောက် အချိန်ယူပြီး ရှိနေခဲ့တယ်လို့ သုံးသပ်ပါတယ်။ သူက ဒီလို သုံးသပ် ရာမှာ စစ်ခေါင်းဆောင်တွေက တည်ဆောက်ပြုပြင်ရေး လိုက်ကြည့်တဲ့ ခရီးစဉ်အပေါ် သုံးသပ်တာပါ။ ဒီလို နဲ့ ၂ဝဝ၅ ခုနှစ် ပတ်ဝန်းကျင်လောက်မှာမှ နေပြည်တော်မြို့သစ်ပေါ်ပေါက်လာပါတယ်။ ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်ကဝန်ထမ်းတွေ၊ ဝန်ကြီးဌာနတွေကို တက်သုတ်ရိုက်ပြောင်းစေပြီး၊ ၂ဝဝ၆ ခုနှစ်၊ မတ် လမှာတော့ တပ်မတော်နေ့ အခမ်းအနားချီတက်ပွဲကို သူတို့နေပြည်တော်မြို့သစ်မှာ ထုတ်ပြပါတော့တယ်။ နေပြည်တော်မြို့သစ်ဆိုတာက ကျပ်ပြေး၊ ကျွတ်ပြေး၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ အေလာ၊ ရွာတော်ဒေသ တွေကို ပေါင်းထားတာပါ။ အဲဒီနေရာမှာ နေပြည်တော် စည်ပင်သာယာရေးကော်မီတီဆိုတာ ဖွဲ့စည်းပြီး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဗိုလ်ချုပ်သိန်းညွန့်ကို မြို့တော်ဝန်ခန့်ထားခဲ့ပါတယ်။ အဲဒါအပြင် နေပြည်တော် စစ်တိုင်းဌာနချုပ်ဆိုပြီး စစ်ရေးအရလည်း ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။
နိုင်ငံမှာ ဆင်းရဲမွဲတေမှု ထူပြောနေစဉ်မှာ နေပြည်တော်မှာ ဆောက်လုပ်ရေးတွေက အပြီးမသတ်နိုင်သေးပါဘူး။ ၄ဝဝ စတုရန်းမိုင် အကျယ်အဝန်းပေါ်မှာ စိတ်ရှိတိုင်းဆောက်နေလိုက်တာ ဒေါ်လာငွေတွေလည်း သန်း အမြောက်အများ ကုန်ကျနေပြီ ဖြစ်ပါတယ်။ စာရေးသူက အစီရင်ခံစာတခုကို အခြေခံပြီးတွက်ပြတဲ့နေရာမှာ နေပြည်တော်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သား ၈ဝ,ဝဝဝ ရှိတယ် ဆိုပါစို့။ တယောက်ကို လုပ်ခတနေ့ ၁၅ဝဝ ကျပ်ပဲ ပေးတယ်ထား၊ တနှစ်လုံး လုပ်အားခချည်းပဲသက်သက် ၄၃. ၈ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာနဲ့ ၃၂ သန်းကျော်) ကျတယ်ဆိုပါတယ်။ ဒါဟာ ကျန်တဲ့ဆောက်လုပ်ရေး စက်ကိရိယာ၊ ပစ္စည်းတန်ဖိုးတွေ မပါသေးပါဘူး။ ဒီငွေတွေက ငွေကြေးရိုက်နှိပ်ထုတ်ဝေဖို့ ဖြစ်လာပြီး ဗဟိုဘဏ်ကချေးခဲ့ရပါ တယ်။ ၂ဝဝ၃ ခုနှစ်မှာ အစိုးရက ဗဟိုဘဏ်က ချေးငွေ ဒေါ်လာ ၉၆ဝ သန်းပဲ ရှိနေရာက၊ (Economic Intelligence Unit) ရဲ့ အဆိုအရ ၂ဝဝ၅-ဝ၆ မှာ ဒေါ်လာသန်း ၁၇ဝဝ (နှစ်ဆကျော်) တိုးများလာတယ်လို့ ဖော် ပြပါတယ်။ အခုတည်ဆောက်မှုတွေက ပြီးဆုံးဖို့လမ်းလည်း မမြင်သေးပါဘူး။ မြို့တော်တွေ ပြောင်းရွှေ့တဲ့ကိစ္စ ကို အထူးပြုလေ့လာထားသူ ကနေဒါ တိုရွန်တို တက္ကသိုလ်က ပညာရှင် အက်ဒ် ရှော့ဇ် (Ed Schatz) ရဲ့ လေ့လာ ချက်ကို သူက ကိုးကားဖော်ပြရာမှာတော့ ဘရာဇီးနိုင်ငံမှာ မြို့တော်ကို ရိုင်ယိုဒီ ဂျနီးရိုးကနေ ဘရာ ဆီးလီးယားကို ပြောင်းတာ ၄၁ လကြာခဲ့တယ်။ အစီအစဉ်တွေ သေချာချတာတောင် ကုန်တိုက်တွေက နောင် ၁၁-နှစ်အကြာမှ ဖွင့်နိုင်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း ကရာချိကနေ အစ္စလမ်မာဘတ်ကို မြို့တော် ပြောင်းရာမှာ ၁၉၆၇ ခုကနေ၊ ၁၉၈ဝ ခုနှစ်တွေအထိ ကြာခဲ့တယ်လို့ ဖော်ပြပါတယ်။ ကာဇက်စတန် နိုင်ငံမှာလည်း မြို့တော်ကို အယ်လ်မာတီကနေ၊ အက်စ်တာနာကို ပြောင်းရာမှာ ကုန်ကျငွေ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ လျာထားခဲ့ပေမယ့်၊ ကုန်ကျငွေက ပိုများခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရငွေသုံးစွဲမှုက ပွင့်လင်း မြင်သာမှု မရှိတော့ ဘယ်လောက်ကုန်ကျတယ်ဆိုတာ သေချာ မသိနိုင်ကြပါဘူး။
အခု ဆောက်လုပ်ရေး လုပ်ငန်းတွေက အကျိုးအမြတ်ဖြစ်နေကြတာကတော့ ဆောက်လုပ်ရေးကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အေးရှားဝေါ၊ ထူးထရေးဒင်း၊ အေဒင် ဂရုပ်၊ မက်စ် မြန်မာနဲ့ ရွှေသံလွင်အုပ်စုတွေက ကန်ထရိုက် ရကြပါတယ်။ အစိုးရက ကုမ္ပဏီတွေကို ပိုက်ဆံမရှင်းနိုင်ဘူးဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာ ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့က လုပ်ပိုင်ခွင့်ပါမစ်တခုခုကို ချပေးပြီး ချေလိုက်တာမျိုးလည်း ရှိခဲ့ပါတယ်။ အခု လို ဆောက်လုပ်ရေးတွေ၊ လုပ်ငန်းကြီးတွေ ရောက်လာတော့ ဒေသခံမြို့လူထုတချို့ လုပ်ငန်းကိုင်ငန်းကောင်း လာတာတော့ အကောင်းပြောစရာ ရှိပါတယ်။ ဒါပေမယ့် မြို့တော်သစ်အတွက် ကုန်ကျစရိတ်တွေကို တနိုင်ငံ လုံးက ကျောကုန်းခံနေကြရတာပါ။ နောက်တပတ်မှာတော့ မြို့ပြဒီဇိုင်းဆင်ထားပုံ၊ မြို့တော်သစ်ရဲ့ လက္ခဏာ ချင်းရာတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
No comments:
Post a Comment