စိတ်ဝင်စားစရာ ကောင်းတဲ့ဆောင်းပါးတပုဒ်ကို ဒေါက်တာလွဏ်းဆွေဘလော့မှ ပြန်လည်ကူးယူ ဖေါ်ပြပေးလိုက်ပါသည်။
ထွန်းအောင်ကျော်
မီဒီယာသမားတွေကို ရဲဘော်ကျော်သန်း ဝေဖန်လိုက်လို့ မီဒီယာသမားဖြစ်တဲ့ ကိုမောင်မောင်မြင့်က တုံ့ပြန်ဝေ ဖန်တာတွေ ဖတ်လိုက်ရပါတယ်။ ကျနော်ကတော့ ဟိုလူတော် ဒီလူတော်ပြောပြီး ကြားက မင်္ဂလာယူတတ်သူ မဟုတ်တဲ့အတွက် ကျနော့်အတွေ့အကြုံကို တင်ပြမယ်။ ကျနော်ကတော့ လူမိုက်လို့ပဲ ပြောရမလား ကိုယ်က မှားနေတယ်ထင်တာကို အားမနာတမ်းပြောတတ်လို့လားတော့မသိ၊ သူငယ်ချင်းတွေက ကျောင်းနေစဉ်က “တစောက်ကမ်း” ဆိုတဲ့ ဘွဲ့ကို ပေးခဲ့ကြပါတယ်။
အဓိကတော့ ကိုယ်တင်ပြချက်တွေဟာ ကိုယ်ကျိုးမဖက်ဖို့လိုပါတယ်။ မီဒီယာဆိုတာ သုံးတတ်ရင်ဆေး၊ မသုံး တတ်ရင်ဘေးလို့ နိုင်ငံရေးသမားတွေက ယုံကြည်ကြပါတယ်။ မီဒီယာကို သုံးတတ်ရင် မီဒီယာရဲ့ပံ့ပိုးမှုနဲ့ ရွေး ကောက်ပွဲတွေမှာ ပြိုင်ဘက်ကို အနိုင်ရတတ်သလို မီဒီယာကို မသုံးတတ်ရင် ချီးသေးကအစ မကောင်းတာမှန် သမျှ အငြှိုးနဲ့ အပုပ်ချတာကိုခံရပြီး ကိုယ်ကျိုးနည်းတတ်ပါတယ်။
မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာရောက်နေတဲ့ ပြည်သူတွေဟာ မဆလ၊ နဝတ၊ နအဖအစဉ်အဆက် ပြည်သူပိုင် (၎င်းတို့ပိုင်) လုပ်ထားတဲ့ မီဒီယာရဲ့ နားမုဒိမ်းကျင့်နေတာကို နေ့စဉ်နဲ့အမျှ ခံ နေကြရပါတယ်။ ငါတို့အစိုးရလုပ်တာ အကုန်မှန်တယ်၊ ဒါတို့ ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို စည်းကမ်းရှိ စွာ ပြုပြင်နေတယ်။ တံတားတွေ ဆောက်နေတယ်၊ လမ်တွေခင်းနေတယ်၊ အနှစ်သာရရှိသော ခေါင်းဆောင် ကြီး၏ မိန့်ခွန်း၊ အတိုက်အခံ ပြည်ပပုဆိန်ရိုးများ ကျဆုံးရမည် ... စသည်ဖြင့် တွင်တွင်ကြီး မျက်စိမုဒိမ်း၊ နားမု ဒိမ်း နေ့စဉ်ကျင့်နေသည့် အသုံးတော်ခံ မီဒီယာများကို တန်ပြန်နိုင်ရန် ပြည်သူ့အကျိုးပြု မီဒီယာများလိုအပ်ပါ သည်။ ၈၈ နောက်ပိုင်း RFA နှင့် DVB တို့သည် ဒီမိုကရေစီအရေးကိုဇောင်းပေးမည့် သတင်းမီဒီယာများအဖြစ် ထွက်ပေါ်လာသည်မှာ ကျနော်တို့အားလုံးအတွက် အားတက်စရာပါ။
“ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများကလည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူမည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်းတူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့်ပွဲဖြစ်သည်။ စစ်ပွဲ မပြီးသေး။ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေး ပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်”
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သည် NCGUB နှင့် နော်ဝေးနိုင်ငံတို့ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှုဖြင့် ပေါ် ပေါက်လာသော အသံလွှင့်ဌာနဖြစ်သလို Radio Free Asia လွတ်လပ်သောအာရှအသံ သည်လည်း အမေရိ ကန်အစိုးရ ကွန်ဂရက်ထောက်ပံ့မှုဖြင့် အာရှတိုက် ဒီမိုကရေစီထွန်းကားလာရေးအတွက် ရည်မှန်းချက်ဖြင့် ပေါ် ပေါက်လာသော ဌာနများဖြစ်ပါသည်။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း NCGUB အစိုးရကို ဝေဖန်ခဲ့ပြီး နောက် ဆရာကြီး၏သတင်းဆောင်းပါးများ၊ တွေ့ဆုံဆွေးနွေးခန်းများကို DVB မှ ရပ်ဆိုင်းလိုက်ပါသည်။ ဆရာ ကြီးမသေမီ ကျနော့်ကို ရင်ဖွင့်သွားခဲ့သဖြင့် သိရှိရပါသည်။ ဆရာကတော် အသက်ရှင်နေပါသေးသည်၊ မေး ကြည့်နိုင်ပါသည်။
DVB တွင် ခင်မောင်ဝင်းကို NCGUB မှ ထောက်ခံမှုဖြင့် ခန့်အပ်လိုက်ပြီးနောက် DVB သည် ခင်မောင်ဝင်း ပိတ်ပင်ထားသောသူများကို တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်တော့ဘဲ ပိတ်ပင်ထားခဲ့သည်ကို ထင်ရှားစွာတွေ့ရ သည်။ နောက်ဆုံး DVB သည် ဘက်မလိုက် အသံလွှင့်ဌာနဖြစ်သည်ဟု ဗြောင်ကြေညာလာပြီး NCGUB နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း၊ ဘက်မလိုက်ရပ်တည်မည်ဖြစ်ကြောင်း တရားဝင် ပြောကြားသည်အထိ ဖြစ် လာခဲ့သည်။ ကျနော့်အမြင်မှာ DVB သည် ဒီမိုကရေစီဘက်မှ ထုတ်လွှင့်သော အသံလွှင့်ဌာနဖြစ်သည်။ ကြား နေမဟုတ်၊ ဒီမိုကရေစီအင်အားစုတို့ဘက်မှလိုက်၍ အသံလွှင်ရမည့် တာဝန်ရှိသည်။
ဘက်မလိုက်မီဒီယာဟု အစကဆိုလျှင် ၎င်းတို့ကို မည်သူမျှ အလုပ်ခန့်မည်မဟုတ်ချေ။ ကျနော့်အမြင် ခင် မောင်ဝင်းသည် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်တယောက် ဖြစ်သည်။ တော်လှန်ရေးသမားဟု အမည်ခံယူခဲ့သူဖြစ်သည်။ DVB တွင် သူ့လက်သူ့ခြေ ဖြစ်လာသည့်အခါမှ ဘက်မလိုက်သတင်းသမားဟု ဟစ်ကြွေးသည်မှာ သူ့သရုပ်ကို ဖော်ပြခြင်းပင်ဖြစ်သည်။ အစကတည်းက စစ် အစိုးရကို ဆန့်ကျင်လာသူဟု ဆိုသူက မီဒီယာသမားအဖြစ် ကောင်းစားလာသောအခါ ယခင်တော်လှန်ရေး သမားဘဝကို မေ့ပြီး ကြားနေမီဒီယာလုပ်ခြင်းသည် တော်လှန်ရေးကို သစ္စာဖောက်၍ ကိုယ်ကျိုးရှာခြင်းပင်ဖြစ် သည်။
ABSDF ဗဟိုကော်မီတီတွင် ပြန်ကြားရေးတာဝန်ခံလုပ်ပြီး ညီလာခံတွင် မည်သည့် အလုပ်ကိုမှ တင်ပြနိုင်ခြင်း မရှိဘဲနှင့် ကျနော်ရေးသားပြီး နှုတ်ခမ်းမွှေး အောင်သန်းမှ ရိုက်နှိပ်ဖြန့်ချိသည့် “နီကာရာဂွာ ရွေးကောက်ပွဲ” “ဖိ လစ်ပိုင်ရွေးကောက်ပွဲ” စသည့် ဆောင်းပါးများကို ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီပုံနှိပ်၍ ပြည်တွင်းသို့ ABSDF ပြန်ကြားရေးဌာန အမည်ခံပြီး ဖြန့်ချိပေးခဲ့ခြင်းကို ၎င်းဌာနမှ လုပ်ပါသည်ဟု ဗြောင်လိမ်ခဲ့သူဖြစ်သည်။ တဖန် တတိယအကြိမ်ညီလာခံမှ မှတ်တမ်းများ၊ တိတ်ခွေများကို ပြန်ကြားရေးတာဝန်ခံအဖြစ် သိမ်းဆည်းသည့်အခါ “ဒါတွေက တနေ့ ရွှေတွေဗျ” ဟု ပြောသူမှာလည်း ခင်မောင်ဝင်းပင်ဖြစ်သည်။
ကျနော့်အနေနှင့် မီဒီယာသမားအားလုံးကိုမဆိုလိုပါ။ မီဒီယာသမားများထဲတွင် အခွင့်အရေးသမားများ၊ ရန်သူ့ ပုဆိန်ရိုးများကို သတိထားရမည်။ သူ့လူကိုယ့်ဘက်သမားများကို ပညာမျက်စိဖြင့် ကြည့်တတ်ရမည်ဟု သတိ ပေးလိုပါသည်။
ကျနော်တို့ ပြင်ပရှိမီဒီယာများတွင် လွတ်လပ်မှုအပြည့်ရှိပါသည်၊ မည်သူ့ကိုမျှ ကြောက်လန့်နေစရာမရှိ၊ အစိုးရ မှ ပြည်တွင်းမီဒီယာများကို ထိန်းချုပ်၍ မလွယ်။ ထိုကြောင့် BBC, VOA, RFA ညာနေသည်၊ မိုးလုံးပြည့် မုသာ ဝါဒီများ ... စသည်ဖြင့် နအဖက တိုက်ခိုက်လာပါသည်။ ကျနော့်အနေနှင့် နအဖနေရာမှနေ၍ စဉ်းစားလျှင် ၎င်း ပြည်ပမီဒီယာများကို ဘယ်လိုနှုတ်ပိတ်အောင်လုပ်မည်လဲဆိုလျှင် ပြည်တွင်းကဲ့သို့ အာဏာသုံး၍မရဖြင့် ဥ ပါယ်တံမျဉ်ဖြင့် မိမိလူများကို မီဒီယာထဲသို့ သွတ်သွင်းပေးရမည်ဟု ဆုံးဖြတ်ရမည်ဖြစ်သည်။
ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်လောက်က ကျနော့်သူငယ်ချင်းအိမ်တွင် အင်္ဂလိပ်စာကျူ ရှင်ပေးသည့် ကရင်ကျောင်းဆရာတယောက်ရှိပါသည်။ တနေ့တွင် ၎င်းက ဝမ်းသာအားရနှင့် သူ့ကို BBC တွင် တာဝန်ထမ်းဆောင်ရန် အရွေးခံရကြောင်း ပြောသဖြင့် ဝမ်းသာမိကြပါသည်။ ထိုသူသည် ရိုးသား၍ ကြိုးစား သော မြန်မာ-အင်္ဂလိပ်နှစ်ဘာသာကို ကြေညက်သောသူဖြစ်သည်။ အသံလွှင့်သမားကောင်း တယောက်ဖြစ် နိုင်သည့် အသံသြဇာနှင့်လည်းပြည့်စုံပါသည်။ သို့ရာတွင် နောင်သုံးလအကြာ ၎င်းအတွက် ပတ်စပို့ဗီဇာစောင့် နေစဉ် Reject လုပ်ခံရပါသည်။ အကြောင်းမှာ မြန်မာအစိုးရက ၎င်းသည် ကွန်မြူနစ်စနစ် ယုံကြည်သူတဦးဖြစ် သည်ဟုဆိုကာ သတင်းပေးသောကြောင့်ဟု သိရပါသည်။ BBC မှ အစိုးရ ထောက်ခံသူတယောက်ကို ရွေးယူ သွားခဲ့ပါသည်။
နောက်တချက်မှာ VOA တွင် အလုပ်လုပ်ခဲ့သူ ဝန်ထမ်းတဦးမှ ကျနော့်အား သူ့အမည်ကို မပြောရန် ဂတိခံ၍ ပြောကြာခဲ့မှုဖြစ်ပါသည်။ ၎င်းအား တနေ့တွင် VOA မှ တာဝန်ရှိသူက နေ့လည်ထမင်းစားခေါ်ယူခဲ့ပြီး အမေရိ ကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတဦးနှင့် ပေးတွေခဲ့သည်ဟုဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးက ၎င်းအား “အေး ... မင်း ရေးချင်တာရေး၊ အသံလွှင့်ချင်တာ လွှင့်ပေါ့ကွာ၊ ဒါပေမယ့် ငါတို့ထိခိုက် မယ်ဆိုတဲ့ဟာမျိုးကို ပေါ့ပြီးလွှင့်၊ အရေးကြီးတာကို အရေးမကြီးသလိုမျိုးပေါ့ကွာ၊ နားလည်တယ်မဟုတ်လား ဟု ပြောခဲ့ကြောင်း၊ နောက် မင်းလည်း တနေ့ မြန်မာပြည်ကို ပြန်မှာပဲ၊ လိမ်လိမ်မာမာ လုပ်ပေါ့ကွာ” ဟု ဆုံးမ သွားသေးကြောင်း ရင်ဖွင့်ခဲ့ပါသည်။ သူ့အနေနှင့် ဌာနမှုး (ယခုဌာနမှူးမဟုတ်) က ယခုလို သံအမတ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ကြောင်း တွေ့ရသဖြင့် Shock ရှော့ဖြစ်သွားသည်ဟု ဆိုပါသည်။
ထို့ကြောင့် သတင်းဌာန အထူးသဖြင့် မြန်မာပြည်သူ သန်း (၅၀) ကျော်ကို တချိန်တည်း သတင်းပေးနိုင်သော ရေဒီယိုအသံလွှင့်ဌာနများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အနေအထားတွင် ရှိပါသည်။ BBC, VOA တို့သည် အစ ကနဦးတည်းက ဘက်မလိုက်သတင်းဌာနများဖြစ်သည်။ VOA သည် အမေရိကန် အစိုးရ ပေါ်လစီဘက်သို့ ယိမ်းရသည်ကို မငြင်းနိုင်ချေ။ RFA, DVB တို့သည် ဘက်လိုက်ကိုလိုက်ရမည်ဟု မြင်သည်။ ဘက်မလိုက်လိုလျှင် RFA, DVB မှ ထွက်ပြီး BBC, VOA သို့ ဝင်ကြပါဟု တိုက်တွန်းလိုသည်။ ဘက်မလိုက် ကိုယ်ပိုင်ထောင်လိုက ထောင်ကြပါ။ DVB, RFA နာမည်ခံပြီးတော့ စစ်အာဏာရှင်များကို တန်းတူအားပေးမှု မပြုသင့်ဟု ယုံကြည်သည်။ ရန်သူသည် ပြင်ပသတင်းဌာနများကို အင်အားသုံး၍ မထိန်းချုပ်နိုင်လျှင် အနုနည်း ဖြင့် အတွင်းလူများထည့်ပြီး လှိုက်စားနိုင်သည်၊ လှိုက်စားနေသည်ကို မျက်စိဒေါက်ထောက်ကြည့်ဖို့လိုသည်ဟု သတိပေးလိုက်ချင်ပါသည်။
နိဂုံအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများက လည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူ မည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်း တူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့် ပွဲဖြစ်သည်။ စစ်ပွဲမပြီးသေး၊ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေးပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်။ ဒီမိုကရေစီရရှိရေးကို လိုလားသူများပီပီ အတိုက်အခံနိုင်ငံရေးသမားများကို ဇောင်းပေး၍ ၎င်း တို့အသံကို ဖော်ထုတ်ပေးနိုင်ဖို့လိုသည်။ ပုဂ္ဂိုလ်ရေးများဖြင့် ဆင်ဆာလုပ် ပိတ်ပင်နေခြင်းမျိုးကို ခွင့်မလွှတ်သင့် ဟု ယုံကြည်ပါသည်။ ဒါကြောင့် “ကြားနေရမယ့် အချိန်ရောက်ပြီလား မောင်တို့” ဟု မေးလိုက်ရပါကြောင်း ...။
ထွန်းအောင်ကျော်
No comments:
Post a Comment