မြတ်ခိုင်ဦး / ၂၀ စက်တင်ဘာ ၂၀၁၀
ထိုင်းနိုင်ငံသို့ ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်က အဓမ္မစေခိုင်းခံရမှုများ၊ အဓမ္မနေရာပြောင်းရွှေ့မှုများကြောင့် နစ်နာခဲ့ရသည့် မြန်မာပြည်သားများအား ပြင်သစ်တိုတယ် ရေနံကုမ္ပဏီမှ တရားရုံးပြင်ပ အမှုကျေအေးမှု လျော်ကြေးငွေ ပေးအပ်ရာတွင် အမှတ်တကယ်နစ်နာပြီး လျော်ကြေးမရသေးသူများ ရှိနေကာ နစ်နာကြေးရရှိရေးအတွက် လိမ်ညာမှုများလည်း ဖြစ်ပွားနေသည်။
(၁၉၉၄-၉၇) ကာလများက ပြင်သစ်ရေနံကုမ္ပဏီမှ အကောင်အထည်ဖော်သော ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုတွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်းအတွင်းမှ ကျေးရွာသားများ ထောင်သောင်းချီ၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် လူ့အခွင့်အရေးအဖွဲ့များမှ တရားစွဲဆို၍ တိုတယ်ကုမ္ပဏီမှ တရားရုံးပြင်ပ လျော်ကြေးပေး ကျေအေးရန် ကမ်းလှမ်းခဲ့သည်။
သို့အတွက် အဆိုပါတိုတယ်ကုမ္ပဏီမှ လျော်ကြေးငွေပေးအပ်ရန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့၌ ရုံးခန်းဖွင့်လှစ်၍ နစ်နာခဲ့ရသော ကျေးရွာသားများအား ရှာဖွေမေးမြန်းပြီး လျော်ကြေးငွေ ပေးအပ်မှုအချို့ကို (၂၀၀၅-၂၀၀၆) ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည်။ ထို့နောက် ဖွင့်လှစ်ထားသော ရုံခန်းကို တနှစ်ခန့်အကြာတွင် ပိတ်သွားခဲ့သည်။
ထိုသို့ ရုံးပိတ်သွားသည်ကို မသိကြသေးသည့် နစ်နာခဲ့သူများအား တိုတယ်ကုမ္ပဏီမှ လျော်ကြေးရရန် ထပ်မံတောင်းခံပေးမည်ဟုဆိုကာ ကျေးရွာသားများထံမှ တဦးလျှင် ဝန်ဆောင်ခ ဘတ် (၂၀၀) စီ တောင်းခံ လိမ်လည်ထားသည့် ကိစ္စအား အလိမ်ခံရသူတဦးက ခေတ်ပြိုင်သို့ ဖွင့်ဟပြောဆိုသည်။
လိုအပ်သောငွေကြေးများကို စုကောက်၍ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးခဲ့ရသည့် ဒေါ်မြက “ကျမ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း (၁၃) ရက်နေ့က ဟွေ့မလိုင်၊ စံခ၊ ဘမိုင်၊ မွန်ကျထေနဲ့ ဘန့်ဒုံယမ်း ဒုက္ခသည်စခန်းက လူပေါင်း (၄၀၂) ယောက်အတွက် ဘတ်ငွေပေါင်း (၈၀,၄၀၀) ကို မင်းနိုင်ဦး ဘဏ်အကောင့်ထဲကို လွှဲထည့်ပေးလိုက်ပါတယ်။ ကျမမှာ ငွေလွှဲပြေစာတွေ အကုန်သိမ်းထားပါတယ်” ဟု ဆိုသည်။
ထိုသို့ ငွေကြေး ယူဆောင်သွားသူမှာ ယခင်က အဆိုပါလျော်ကြေးငွေ ပေးအပ်မှုကိစ္စတွင် ပါဝင်လုပ်ကိုင်ခဲ့ဖူးသူ မြန်မာပြည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကန်ပေါက်ဒေသမှ အသက် (၃၅) နှစ်အရွယ် မင်းနိုင်ဦးဆိုသူဖြစ်ပြီး ၎င်းသည် စံခရဘူရီမြို့နယ် ထပ်ခနွန်တွင် နေထိုင်ကြောင်း၊ သို့သော် ၎င်းအား ဆက်သွယ်၍ ရသည်မှာ လွန်ခဲ့သည့် တလက နောက်ဆုံးဖြစ်ကြောင်း ဒေါ်မြက ပြောကြားသည်။
အဆိုပါငွေကြေးမှာ လိုအပ်သောစာရွက်စာတမ်းကြေးနှင့် ဝန်ဆောင်ခများအတွက် တဦးလျှင် ဘတ်ငွေ (၂၀၀) စီ နစ်နာကြေးတောင်းခံသူများထံမှ ကောက်ယူခြင်းဖြစ်သည်။
တိုတယ်ပိုက်လိုင်းဖောက်စဉ်က သူမတို့ကိုယ်တိုင်နစ်နာခဲ့ရမှုများနှင့်ပတ်သက်၍လည်း “သူတို့ ကတိုက်မှာ သင်္ဘောဆိပ်ဆောက်တော့ ကျမတို့ ဝပြဲချောင်းမှာ လှိုင်းပုတ်လို့ တမံတွေကျိုးပြီး ရေချိုလယ်၊ ရေငန်လယ်တွေ အကုန်ပျက် ကုန်ရော။ အဲဒီအချိန်က စပါးကလည်းပွင့်တော့ ရေတင်တာနဲ့ အကုန်ဆုံးကုန်တာ ဘာမှကို မကျန်ခဲ့ဘူး” ဟု ဒေါ်မြက ပြောဆိုသည်။
ထို့နောက် မင်းနိုင်ဦးမှ ကော်မတီဖွဲ့ကာ တောင်းဆိုမှ အဆင်ပြေမည်ဟုဆိုကာ အဖွဲ့ဝင် (၁၃) ဦးပါ ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် ဒေါ်မြနှင့်ခင်ပွန်း ဦးဝင်းမြင့်၊ ဒေါ်မြ၏ သမီးတဦး၊ ဦးမင်းနိုင်၊ ဦးကြင်လေး စသည့်သူများပါဝင်ကြကြောင်း၊ ထို့နောက် လျော်ကြေးငွေ သွားယူရန် ပြင်သစ်နိုင်ငံသို့ ၂၀၀၉ ခုနှစ် မေလ (၂၃) ရက်တွင် သွားရောက်ရမည်ဖြစ်သည့်အတွက် ပတ်စပို့စ်လုပ်ရန်ဟု ဆိုကာ တယောက်လျှင် ဘတ်ငွေ (၃၇,၀၀၀) ကို ကော်မတီဝင် (၁၃) ဦးစာအတွက် ထပ်မံတောင်းယူ၍ အကြိမ်ခွဲကာ ငွေထပ်ပေးခဲ့ရကြောင်း ဒေါ်မြက ဆက်လက် ပြောပြသည်။
၎င်းတို့အားလုံးမှာ ခြံပေါင်၊ အိမ်ရောင်း၊ ဆိုင်ကယ်များ ရောင်းချ၍ ထိုငွေကို ပေးအပ်ခဲ့ရကြောင်း ဒေါ်မြက ပြောသည်။
“ကျမအိမ် (၂) လုံးကိုပေါင်၊ ခြံ (၃) ကွက်ကိုရောင်း၊ ဆိုင်ကယ် (၃) စီးကိုလည်း ရောင်းပြီးပေးခဲ့ရတာပါ။ အခုတော့ အိမ်လည်း ဆုံးသွားပါပြီ” ဟု ၎င်းက ပြောသည်။
၂၀၀၅-၀၆ ကာလက လျော်ကြေးငွေ ပေးအပ်ရာတွင် လုပ်အားပေးအဖြစ် လူရှာပေးခဲ့သူ ထားဝယ်လူငယ်အစည်းအရုံးမှ ကိုထွန်းလွင်က “ပေးတာက NCCM နဲ့ တိုတယ် ဘုတ်အဖွဲ့ကနေပေးတာပါ။ ကျနော်တို့ မွန်၊ ထားဝယ်၊ ကရင် စုစုပေါင်း လူ (၂၀၀) ကျော်ကို တရက် ကျပ် (၅၀၀) နှုန်းနဲ့ ပေးခဲ့ပါတယ်။ တချို့က ဘတ်ငွေ (၃-၄) သောင်းလောက် ရမယ့်သူတွေပါပါတယ်။ ဒါပေမယ့် အပြည့်မရကြပါဘူး။ လူတွေကတော့ ဘန်ကောက်၊ မဟာချိုင်၊ စံခ၊ ထပ်ခနွန် စတဲ့ နေရာတွေမှာရောက်နေတဲ့ အမှန်နစ်နာခဲ့ရတဲ့ သူတွေပါ” ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။
သို့ရာတွင် လျော်ကြေးငွေ မရရှိသေးသည့်သူများလည်း ရှိနေကြသေးသည့်အပြင် စုစုပေါင်းငွေကြေးမည်မျှကို လျော်ကြေးပေးခဲ့သည်၊ လျော်ကြေးပေးရန် ကျန်ရှိသည့်ငွေမှာ မည်မျှကျန်ရှိနေသေးသည်ကို မိမိတို့မသိရှရကြောင်း ၎င်းက ဆက်ပြောသည်။ “ကျနော်ထင်တာကတော့ ဘတ်သန်း (၃၀၀) လောက် လျော်ကြေးပေးဖို့ ရှိတယ်။ ဒါပေမယ့် ပေးသွားတာက ဘတ်သန်း (၁၀၀) တောင် မရှိပါဘူး” ဟု ဆိုသည်။
တိုတယ်မှ လျော်ကြေးကိစ္စတွင် လိုအပ်သည့်အကူအညီများ ပေးခဲ့သည့် National Catholic Council of Migration (NCCM) မှ အဆင့်မြင့်တာဝန်ရှိသူတဦးက “၂၀၀၅-၂၀၀၆ ခုလောက်မှာ ကျနော်တို့နဲ့တိုတယ်နဲ့ သီးခြားကော်မတီတခုဖွဲ့ပြီး လုပ်ခဲ့ပါတယ်။ တနှစ်လောက်နေတော့ ရပ်သွားပါတယ်။ ကျနော်တို့ကတော့ မရတာထက် ရတာကောင်းတယ်ဆိုပြီး သက်သက်ကူညီပေးခဲ့ရုံပါ၊ အမည်ခံပေးရုံပါ။ သူတို့ပြန်သွားတော့ ဘာမှတ်တမ်းမှတ်ရာတခုမှ ဓာတ်ပုံတပုံတောင် ချန်မထားခဲ့ပါဘူး” ဟု ဆိုသည်။
ထို့နောက်ပိုင်း ၂၀၀၈ ခုနှစ်တွင် NCCM ထံသို့ စာတစောင်ရောက်လာကာ ထိုစာတွင် နစ်နာသူများကို စုထားကြောင်း၊ အဆက်အသွယ်လိုကြောင်း ပါရှိခဲ့သော်လည်း တိုတယ်အုပ်စုမှ မည်သည့်အဆက်အသွယ်မှ ချန်ထားခဲ့ခြင်းမရှိ၍ မိမိတို့အနေဖြင့် မည်သို့မှ အကြောင်းမပြန်နိုင်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။
ထို့နောက် ၂၀၀၉ ခုနှစ်တွင် ကော်မတီတခုက လူများလိုက်စုနေသည်ကို ကြားသိရ၍ မိမိတို့နှင့်မဆိုင်ကြောင်း နီးစပ်ရာသို့ အသိပေးခဲ့သေးသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“သူတို့လက်ရေးနဲ့ ရေးထားတဲ့ကြေညာစာမှာ ကျနော်တို့တွေ့ပါတယ်။ စာလုံးပေါင်း သတ်ပုံတောင်မမှန်ဘူး။ ကျနော်တို့ NCCM နာမည်ကိုလည်း သုံးထားသေးတယ်” ဟု ဆိုသည်။ အဆိုပါစာမှာ မင်းနိုင်ဦးရေးသား၍ ဖြန့်ဝေသော စာများကို ဆိုလိုခြင်း ဖြစ်သည်။
အဆိုပါတိုတယ်ကုမ္ပဏီ၏ လျော်ကြေးငွေ ပေးအပ်မှုသည် တရားရုံးပြင်ပတွင် နှစ်ဘက်သဘောတူခဲ့ကာ ပေးအပ်ခြင်းဖြစ်၍ မည်မျှပေးအပ်မည်၊ မည်သို့ပေးအပ်မည်ကို မြန်မာပြည်သားများ တိတိကျကျ မသိရှိခဲ့ကြချေ။
http://www.khitpyaing.org/index.php?route=detail&id=4674
No comments:
Post a Comment