Sunday, October 10, 2010

တော်လှန်ရေးနယ်မြေမှ နုလုံးသားများ

(၁)

တက္ကသိုလ်ပြီးခါစ ၈၈ အရေးခင်းဖြစ်တော့ အင်တိုက်အားတိုက် အချိန်ပြည့်ပါဝင် ပြီး တိုင်းပြည်တိုးတက်ပြောင်းလဲရန် ဒီမိုကရေစီ တိုက်ပွဲတွင် လူရောစိတ်ပါ နှစ်မြုပ်ခဲ့ပါသည်။ ၈၈ အရေးခင်း တောက်ရှောက် မောပန်းရမှန်း သတိမရ၊ ဒိထက်မက တော်ရုံလူမလုပ်နိုင်သော အရာများကို ရဲရင့်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် အတိုင်းတာတစ်ခုထိ ကျေနပ်ခဲ့ရပါသည်။ သို့သော်လည်း အားမတန်ကာမာန်လျော့ မပြီးသေးသော တိုက်ပွဲကို နည်းဗျုဟာပြောင်းလျက် ဆက်လက်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ရပါသည်။ စစ်အာဏာရှင်များ အာဏာသိမ်းပြီး တစ်လကျော်အကြာ အောက်တိုဘာ (၂၀) ရက်တွင်ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ရန်ကုန်မှ ရထားစီးလျှက် တောင်ငူ သို့ခရီးစတင် ထွက်ခဲ့ရပါသည်။ တောင်ငူမှာ တစ်ထောက်နားပြီး သင့်တော်သော် လမ်းကြောင်းအတွက် ရှာဖွေစဉ်းစားရပါသည်။

လမ်းကြောင်းက ရွေးစရာ အလွန်နည်းနေပါသည်။ ပြီးခဲ့သော် ရက်ပိုင်းတွင်း တပ်ရင်းမှုး နှင့် ဗျုဟာမှုး တို့ အိမ်ကို ချောင်းမြှောင်း ပစ်ခတ်ခံရသဖြင့် အာဏာရှင်စစ်တပ်မှာ အလုပ်များသလို စစ်ရေးလှုပ်ရှားမှု့များ ခါတိုင်းထက်ပိုလာ၏။ ကင်းလှည့်စစ်ကြောင်း၊ စစ်ဆေးရေးအဖွဲ့ပိုများလာ၏။ တိုင်းပြည်ကို ကာကွယ်ဖို့ထက် မိမိအကျိုးစီးပွား နှင့် မိသားစုကို ကာကွယ်ရန်ဗျုဟာမှုးသည် အပြင်မထွက်အားဘဲ အလုပ်များနေ၏။ ဖြစ်နိုင်ခြေက ဗျုဟာမှုး အလုပ်များတာထက် ကြောင်စိတ်က ပိုများခြင်းပေ။

ပြည်သူလူထု၏ သဘောထားကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီလေ။

ဆုံးဖြတ်ခဲ့သည့်အတိုင်း တော်လှန်ရေးနယ်မြေသို့ ခရီးဆက်ခဲ့ပါသည်။ လမ်းကြောင်းအဆင်ပြေပါက ၄ရက် ၅ရက် ဖြင့်ရောက်ရှိနိုင်ပါသည်။ ကျွန်တော်အပါအ၀င် တက္ကသိုလ်မှ ကျောင်းသား (၆) ရောက်သည် တောင်ငူမြို့မှထွက်ပြီး ခြေကျင် ဖြင့် တောလမ်းခရီးစတင်ခဲ့ပါသည်။ ခရီးဆောင်အဖြင့် အ၀တ်အစားအပို၊ အနွေးထည် နှင့် စားစရာအဖြင့် မုန့်အနည်းငယ် နှင့် သခွါးသီးများ ကိုယ်စီ သယ်ဆောင်ခဲ့ပါသည်။ ကြမ်းတမ်းသော တောခရီးတွင် မောပန်းမှု များ၊ ဆာလောင်မှု့များဖြင့်ပြည့်နှက်နေပါသည်။ လမ်းမှာတွေ့သော တောသူ တောင်သားများကို မိမိ၏ အ၀တ်အစား အပို များကို ပေးကမ်းခြင်းဖြင့် ခရီးဆောင်အိတ် ပေါ့ပါးလာအောင် လုပ်ဆောင်လာပါသည်။ အချို့လည်း မသယ်နိုင်တော့သဖြင့် အ၀တ်အစား များကို လွှတ်ပစ်ခဲ့ကြပါသည်။ အစားစာနှင့်ရေ ကိုမူ ကြိုးစားသယ်ယူရပါသည်။

(၃)ညရက်မြှောက်နေ့တွင် နွမ်းနယ်မူများ ပိုပြီးသိသာလာပါသည်။ စကားများတတ်သော သူငယ်ချင်းများလည်း စကားနည်းလာ၏။ မိမိခွန်အား ကိုချွေတာရမည် ကို သိလာကြ၏။ (၃) ရက်ဆက်တိုက်ထမင်းမစားရဘဲ သခွားသီး နှင့် လွေးခဲ့ရသည့်တွက် ဆာလာမွတ်သိပ်မှု့ ကို အကြီးအကျယ်ခံစားရပါသည်။


(၄) ရက်မြှောက်...
ခြေလှမ်းများ လေးလံလာပါသည်။ ပစ္စည်းအဖြင့် သခွားသီးအနည်းငယ်သာ သယ်ဆောင်နိုင်၏။ အခြားပစ္စည်းများ မ သယ်နိုင်တော့ပြီ။ မျှဝေသယ်ဆောင်လာသော မီးခြစ်၊ ဓါတ်မီး နှင့် ဓါးမတစ်ခုကို မလွတ်ပစ်မိအောင် အချင်းချင်း သတိပေးရ၏။ ဓါတ်မီးကို ထားခဲ့ရန် ဈေးဆစ်သူကလည်းရှိခဲ့ပါသေးသည်။ တနေကုန်လျှောက်ပြီး နေ့ခင်းချိန်တွင်.....

“ ဟေ့ရပ်...... တစ်ယောက်မှမလှုပ်နှင့်”
ရုတ်တရက် ထွက်လာသောစကားသံကြောင့် အားလုံး ထိတ်လန့်ကုန်ပါသည်။ ကြည့်လိုက်သော် လက်နက်ကိုင်ရဲဘော်များနေရာယူထားသည်တွေ့သဖြင့် သေချာကြည့်လိုက်တော့..... အာဏာရှင်စစ်တပ်မဟုတ်သည့်အတွက် အားလုံးသက်ပြင်းပြိုင်တူ ချလိုက်ပါသည်။ ကိုင်ထားသော လက်နက်နှင့် ၀တ်စုံကို ကြည့်ပြီး ကရင်ရဲဘော်များဖြစ်ကြောင်း သိလိုက်တော့ ကရင်လို လှမ်းပြောလိုက်ပါသည်။ ရဲဘော် အားလုံး ၇ယောက် ၈ ယောက်ခန့် ထွက်လာပြီး ခေါင်းဆောင်ဖြစ်သူမှ ကျွန်
တော် တို့၏ ခရီး ကို လာရောက်မေးမြန်းပါသည်။ မောပန်းနေသော ကျွန်တော်တို့ အုပ်စု သည် အရိပ်အောက်တွင်ထိုင်ချလိုက်ပြီး သူတို့မေးသည်များကို ဖြေ ကာ စကားပြောဖြစ်ပါသည်။ ရဲဘော်များမှာ KNLA တပ်မဟာ (၂) တပ်ခွဲ (၃) မှဖြစ်ပြီး အဖွဲ့ခေါင်းဆောင်မှာ စောခရစ်ဘို ခေါ် ဗိုလ်ခရစ် ဟုအမည်ရပါသည်။ ၄င်းတို့အဖွဲ့မှ နယ်မြေလုံခြုံရေးတွက် တိုက်ကင်း ထွက်လာခြင်းဖြစ်သည်။

ဗိုလ်ခရစ်- “ ဒါနဲ့မင်းတို့ထမင်းစားပြီးပြီလား”ကျွန်တော်- “ မစားရသေးဘူး။ ထမင်းမစားရတာ ၃ ရက်ရှိပြီ။”
ဗိုလ်ခရစ် မှ သူ၏ရဲဘော်များကို လှမ်းပြောသည်မှာ- “ ထမင်းချက်မယ်ဟေ့၊ ဆန်တွေယူလာကြ

ဗိုလ်ခရစ်အပါအ၀င် ရဲဘော်များ ပုဆိုးဆလွယ်သိုင်းကိုယ်စီ ဖြင့် ထည့်လာသောဆန်များကို တစ်ယောက်တစ်ဆုပ်ဆီထုတ်ပြီး ဟန်းကောဂျိုင့် ၃ လုံးဖြင့်ထမင်းချက်ပါတော့သည်။ ထမင်းကျက်ပြီး ကျွန်တောတို့ အဖွဲ့ ကို ထမင်းပွဲပြင်ပေးပါသည်။ ဟင်းကတော့မရှိ။ နေလှန်းဆားခဲ နှင့် ငရုတ်သီးတောင့်စိမ်းများဖြင့်ထမင်းပူပူနွေးနွေး ကို ကျွန်တော်တို့ အဖွဲ့သားများအားရပါးရ စားကြပါတော့သည်။ နတ်ဘုံတမျှ မြိန်လှသော ဤ ထမင်းပွဲ ကို ကျွန်တော်ဘယ်တော့ မှ မမေ့တော့ပါ။ ထမင်းစားနေစဉ် ဗိုလ်ခရစ် နှင့် ရဲဘော် တစ်ချို့မှ ထိုင်ကြည့်နေပြီး အချို့မှာ လုံခြုံရေး ယူထားပေးပါသည်။

ထမင်းစားပြီးသောအခါ ဟန်းကောဂျိုင့်ထဲမှ ထမင်းဂျိုး များကို ရဲဘော်များမှ ခွာချပြီး ရေ ထည့်ကာထပ်ပြုတ်ပါတော့သည်။ ထမင်းဂျိုးများကိုပြုတ် ပြီးသောအခါ ဗိုလ်ခရစ်နှင့်ရဲဘော်များသည် ဟန်းကောဂျိုင့် ၃ လုံးထဲမှ ထမင်းဂျိုးပြုတ်ရည်များကို ခွဲဝေသောက်သုံးကြပါသည်။
ကျွန်တော်နှင့် အဖွဲ့သားများ အံအားသင့်လျှက်ကြည့်နေမိပါသည်။


ကျွန်တော်- “ ဆရာတို့.. အဲဒါဘာလုပ်တာလဲ ”
ဗိုလ်ခရစ် - “ ငါတို့လည်းထမင်းမစားရသေးဘူးကွ”
ကျွန်တော်- “ ဒါဆို ထမင်းထပ်ချက်လေ”
ဗိုလ်ခရစ် - “ ငါတို့သွားရမည့်ခရီးတွက် ရှိတဲ့ ဆန်က ကွက်တိဘဲ၊ အပိုမရှိဘူး”

ဗိုလ်ခရစ် ၏ စကားလုံးနှင့် ၄င်းတို့အဖွဲ့သားများ၏ စေတနာများသည် ကျွန်တော်၏ရင်ထဲသို့ အရှိန်ပြင်းစွာ ၀င်ရောက်ရိုက်ခတ်ပါတော့သည်။ အံသြခြင်းနှင့်အတူ ပြောခြင်သောကျေးဇူးတင်စကားများ လည်းဆွံ့အသွားပါတော့သည်။ ဘာမှမပြောနိုင်တော့သောကျွန်တော်သည် ရဲဘော်များ၏ မျက်နှာကိုကြည့်လိုက်တော့

"ရပါတယ်..ကိစ္စ မရှိပါဘူး" ဆိုသော စေတနာအပြုံးကိုတွေ့လိုက်ရတော့ မျက်လုံးထဲမှ မျက်ရည်များ မသိမသာ စုဝေးလာပါတော့သည်။

(၂)

KNU လက်အောက်ခံ KNLA တပ်သို့ ၀င်ရောက်ခဲ့ပြီး သင်တန်းများတက်ရောက်ခဲ့ရပါ သည်။ သင်တန်းဆင်းပြီး တော် လှန်ရေးတာဝန်ကို တက်ကြွစွာ အားကျိုးမာန်တက် စတင်ဆောင်ရွက်ပါတော့သည်။ ရန်ကုန်တွင် ရှိစဉ် ထိုင်းနိုင်ငံအပါအ ၀င် အခြားပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ဘူးသဖြင့် ဘန်ကောက် သို့တာဝန်ဖြင့်သွားရောက်ရန် အထက်လူကြီးမှ စေ ခိုင်းတတ်ပါသည်။


၁၉၈၉ နိုဝင်ဘာလ....နံနက်ခင်းတစ်ရက်....


တာဝန်ခရီးမှပြန်လာပြီး KNLA တပ်မဟာ (၆) ဝေါလေခီးသို့ပြန်လာပါသည်။ ချမ်းအေးသော ဆောင်းရာသီတွင် အနွေးထည်ကို ၀တ်လျှက် ဘန်ကောက်မှ ပြန်လာခါစ ဖြစ်သည့်အားလျှော်စွာ စီးကရက်တစ်ဗူး ကို အနွေးထည် အိတ်သို့ထည့်ပြီး ဝေါလေခီး ဆေးရုံရှေ့ရှိ ကွင်းပြင်သို့ သူနာပြုဆရာမများကို ပိုပန်းရန် ထွက်ခဲ့ပါသည်။ ဆေးရုံမှာ မဲသဝေါ တိုက်ပွဲ မှ ဒဏ်ရာ ရရဲဘော် များနှင့် ပြည့်နေပါသည်။ နံနက်နေရောင်ြ
ခည်အောက် တွင် လူနာများကို နေပူစာလုံရန် သူနာပြု ဆရာ
များအလုပ်များနေပါသည်။ လူနာများကို သယ်သူများကသယ်၊ လမ်းလျှောက် နိုင်သော လူနာများကို တွဲသူကတွဲ နှင့် ဆေးရုံရှေ့ကွင်းထဲတွင် စည်ကားနေပါသည်။ မြင်ကွင်းကောင်းသော တောင့်တစ်နေရာကို ရွေးပြီး စီးကရက်ကိုသောက်လျှက် နေပူစာ ၀င်လှုံလိုက်ပါသည်။ သူနာပြုဆရာမများကို ငေးကြည့်နေစဉ် ကျွန်တော်၏အနောက်ဖက်မှ အသံကြားလိုက်ရသဖြင့် ....

“ အားပါးပါး မင်းဆေးလိပ် ကတော်တော်မွှေးတာဘဲ၊ သောက်လို့ကောင်းမှာဘဲနော်”
လှည့်ကြည့်လိုက်သော အခါ......
ဗုံးဒဏ်ရာဖြင့် လက်မောင်းတစ်ဝက်မှလက်ပြတ်နေပြီး မျက်လုံးပါကွယ်နေသော ရဲဘောာ် ကို စွတ်ကျယ်လက်ပြတ်ဖြင့် တွေ့လိုက်ရပါသည်။

ကျွန်တော်- “ အကိုကြီးဆေးလိပ်သောက်တတ်လား”

ဒဏ်ရာရရဲဘော်- “ အေး သောက်တတ်ပါတယ်”
မဆိုင်းမတွဖြင့် စီးကရက်ကို သူ၏နှုတ်ခမ်းထဲသို့ထည့်ပေးလိုက်ပါသဖြင့် ကျွန်တော်၏ထူထဲသော အနွေးထည်သည် သူ၏ လက်မောင်းသားဖြင့် ထိတွေ့သွားပါသည်။ သူသည် စီးကရက်ကို အားပါးတရ တစ်ချက် ရှိုတ်လိုက်ပြီး မမြင်ရသောလည်း ကျွန်တော့် ဆီကို မျက်နှာမူလျှက်...


“ ကျေးဇူးတင်လိုက်တာကွာ၊ ဒီလိုဆေးလိပ် တစ်ခါမှမသောက်ဖူးဘူး။ ဒါနဲ့မင်းရဲ့ အနွေးထည်က တော်တော်နွေး မှာဘဲ”
သူသည်ပြောပြောဆိုဆို ထိုင်လျှက် အခြားဖက်ကို လှည့်ကာ နေပူစာလှုံနေသော ဒုက္ခိတ အခြားရဲဘော်များကို ကိုယ်နှင့်တိုက်ပြီး...
“ ဟေ့... ငါ့မှာ ဆေးလိပ် တစ်လိပ်ရှိတယ်ကွ။ ဒီမှာယူသောက်” ဟုပြောလျက် မေးထိုးပေးနေပါသည်။
အခြားရဲဘော်မှ မျက်လုံးမမြင်ရသော်လည်း လက်တစ်ဖက်ဖြင့်စမ်းလျှက် စီးကရက်ကို ယူပြီးသောက်လိုက်ပါသည်။


“ အားပါးပါးတယ်ကောင်းပါလား၊ ဒါဟာဘာဆေးလိပ်လဲ”
၎င်းစကားသံများကို ကြားသော အခြား မျက်မမြင် ဒုက္ခိတလူနာရဲဘော်များ နှင့် မျက်မြင်သောအခြား ဒုက္ခိတလူနာရဲ ဘော်များ လှမ်းကြည့်နေပါသည်။ တစ်ခဏခြင်းတွင် သူနာပြုဆရာမ များကို သာ မြင်ပြီး လူနာများကို မမြင်တတ်သော ကျွန်တော်သည် ရှက်စိတ်များဝင်လာပြီး စီးကရက်ဗူးထုတ်ကာ ဒုက္ခိတ ရဲဘော်များကို တစ်ယောက်တစ်လိပ်ဆီ လိုက် လံဝေငှလိုက်ပါသည်။ ပြီးနောက် င်္အကျီအနွေးထည် ကို ချွတ်ပြီး ပထမလူနာ လက်မရှိ မျက်မမြင်ရဲဘော် ကို ပေးဝတ် လိုက်သောအခါ....


မျက်မမြင်ရဲဘော်- “ဟေ့..ဟေ့.... ဒါဘာလုပ်တာလဲ”
ကျွန်တော်- “ အစ်ကို့ ကို အနွေးထည်ပေးတာပါ”
မျက်မမြင်ရဲဘော်- “ ဟာ..မလုပ်ပါနဲ့ကွာ ဒီလောက်ကောင်းတဲ့ အနွေးထည် ငါနဲ့မတန်ပါဘူး။ ဆရာဆေးလိပ်တိုက်တာဘဲ
ကျေးဇူးကြီးလှပါပြီကွာ”

၎င်း လက်မရှိသော မျက်မမြင်ရဲဘော် ၏စကားသည် ကျွန်တော်၏ ရင်တွင်းသို့နက်ရှိုင်းစွာစူးဝင်သွားပါသည်။
တိုင်းပြည် နှင့် လူမျိုးတွက် အနစ်နာခံပြီးတော်လှန်ရေးတွင်ပါဝင်သော ရဲဘော်များ..
ခန္ဓာကိုယ် ပေးလှုခဲ့သည့်တိုင် ခံစားခွင့်မရှိသော်လည်း ရောင့်ရဲတတ်သည့်ရဲဘော်များ..
တော်လှန်ရေးတာဝန်ကို ဆင်းရဲကြပ်တည်းစွာ ထမ်းဆောင်နေသည့်ရဲဘော်များ....
လစာ၊ ခံစားခွင့်မရှိသော်လည်း စေတနာအပြည့် ထားရှိသည့် ရဲဘော်များ....
ကျွန်တော်သည် စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ဘဲ တိတ်ဆိတ်စွာဖြင့် ထိုနေရာမှ ထွက်ခွါသွားပါတော့သည်။

ဖူးဒို
အောက်တိုဘာ ၁၀၊ ၂၀၁၀

မှတ်ချက်။ တော်လှန်ရေးရဲဘော်တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်နှင့် ခံစားချက်ကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

အတွေ့အကြုံဖလှယ်ပေးပြီး ဆောင်းပါးရေးသားခွင့်ပြုသော တော်လှန်ရေး ရဲဘော်အား ကျေးဇူးတင်ဂုဏ်ပြုကြောင်းမှတ်တမ်းတင်အပ်ပါတယ်။

No comments:

Post a Comment