စစ်အစိုးရ အာဘော်တွေအမြဲတမ်းပို့ စ်တင်နေတဲ့ ပိတောက်မြေဘလော့မှ ပြန်လည်ကူးယူဖေါ်ထားပါသည်။
(ဗိုလ်မှူးချုပ် အောင်ကြီးဟာ မြန်မာ့ တပ်မတော်မှာ ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ လက်ရုံးလို့ လူသိများသူ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းတော့ တော်လှန်ရေး ကောင်စီမှာ ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ပါခဲ့ပြီး ၁၉၆၃ ခုနှစ် ဆန်းမှာတော့ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့ သဘောထား ကွဲပြီး နှုတ်ထွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကျတော့ ဦးအောင်ကြီးရဲ့ ပေးစာများဟာ ဦးနေ၀င်းက တစ်ပါတီစနစ် လုပ်မလား၊ ပါတီစုံစနစ် လုပ်မလား ဆိုပြီး ပါတီညီလာခံမှာ ပြောရတဲ့ အဆင့်ကို ရောက်စေခဲ့ပါတယ်။ အခုတော့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြက Nothern Star ဂျာနယ်မှာ “ဘုံ” ဘဝကိုဖြင့် မျှော်တိုင်းဝေး ခေါင်းစဉ်နဲ့ လမ်းစဉ်ပါတီခေတ် အတွေ့အကြုံတွေကို ရေးတဲ့အခါ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်အောင်ကြီး တော်လှန်ရေး ကောင်စီမှာ သဘောထား ကွဲရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ပြောပြချက်တွေကို ပြန်ရေးပြခဲ့ပါ တယ်။ အဲဒီဆောင်းပါးများထဲက သူတို့နှစ်ဦးနဲ့ ပတ်သက်တဲ့ အချက်များကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အရေးကြီးတဲ့ အခန်းက ပါခဲ့သူ နှစ်ဦးအကြောင်း သိထားဖို့ လိုတယ်လို့ ထင်ပါတယ်။ )
၁၉၆၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အေဒီလမ်းရှိ ဗိုလ်ချုပ်ကြီး နေဝင်း၏အိမ်သို့ ဦးသိန်းဖေမြင့်၊ ကိုချစ်လှိုင်၊ ဗိုလ်သိန်းတန်နှင့် ကျွန်တော် ရောက်သွားကြသည်။ ရောက်သည်နှင့် ဗိုလ်ချုပ်ကြီးနေဝင်း က ကျွန်တော်တို့ကို နံနက်စာ ကျွေးသည်။ နံနက်စာ စားပြီးသည်နှင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် သူ့ရုံးခန်းတွင် ကျွန်တော်တို့ လေးယောက်ကို စကားပြောသည်။
ဗိုလ်ချုပ်ကြီးက ကျွန်တော်တို့ လေးယောက်ကို ဤသို့ သီးခြား ခေါ်တွေ့ရခြင်းမှာ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးရန်နှင့် အထူးသဖြင့် ဗိုလ်အောင်ကြီးနှင့် သူ ဘာကြောင့် လမ်းခွဲရခြင်း အကြောင်းကို ရှင်းပြလို၍ ဖြစ်ကြောင်း ပြောပြပါသည်။
ဗိုလ်အောင်ကြီး ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နှုတ်ထွက်သွားသည့် ကိစ္စ၊ အတွင်းရေး အကြောင်းတို့ကို ကျွန်တော်တို့ အားလုံး မသိခဲ့ကြပါ။ ထို့ကြောင့် အချင်းချင်း မရှင်းလင်းပုံ၊ မကျေနပ်ကြပုံ တို့ကို ပြောခဲ့ကြပါသည်။ ဤသို့ ဖြစ်နေသည်ကို ဗိုလ်ချုပ်ကြီးနေဝင်း ကြားသဖြင့် ကျွန်တော်တို့ လေးယောက်ကို တစ်ပြိုင်တည်း ခေါ်ယူ ရှင်းပြခြင်း ဖြစ် ပါသည်။
“၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က အာဏာသိမ်းဖို့ ကျုပ်က သက်ဆိုင်သူ နှစ်ဦးကိုပဲ တိုင်ပင်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သတင်း ပေါက်ကြားပြီး တစ်ဖက်က သိသွားမှာ စိုးလို့ပဲ။ ဒီကိစ္စမှာ လူကိုယုံတာ၊ မယုံတာနဲ့ ဘာမှ မဆိုင်ဘူး။ ကျုပ် တိုင်ပင်တဲ့ နှစ်ယောက်ကတော့ ဗိုလ်ကျော်စိုးနဲ့ ဗိုလ်သန်းစိန်ပဲ။ အာဏာသိမ်းတဲ့ နေ့က မူလ စီစဉ်ထားတဲ့ တပ်ရင်း အချိန်မှီ ရောက်မလာနိုင်တာနဲ့ ရန်ကုန် အနီးအနားမှာ ရှိတဲ့ မအူပင်က ဗိုလ်စိန်လွင်တပ်နဲ့ လုပ်ခဲ့ရတယ်။ (မအူပင်မှ ဒုဗိုလ်မှူးကြီး စိန်လွင်၏ တပ်ရင်း (၄)ကိုခေါ်ပြီး အာဏာ သိမ်းရေးတွင် အသုံးပြုခဲ့ ရပုံကို ကျွန်တော့်အား ကိုချစ်လှိုင်က ပြောပြဖူး ပါသည်။ ဒုဗိုလ်မှူးကြီးစိန်လွင်၏ တပ်ရင်း(၄) ရောက်လာပြီး ရွှေတိဂုံဘုရား အနောက်ဘက်မုခ် အနီးရှိ ယူအမ်ပီ လိုင်းဟောင်းတွင် တည်းကြသည်။ ဤလိုင်းဟောင်းသည် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးပိုင် ဖြစ်သည်။ ထိုအချိန်က တာဝန်ကျ အရာရှိမှာ ဗိုလ်ကြီးခင်မောင်အေး ဖြစ်သည်။ ဒုဗိုလ်မှူးကြီးစိန်လွင်သည် စစ်မျက်နှာသို့ ထွက်ရမည် ပြောသော်လည်း သူ့ရှေ့တွင် ချထားသည့် မြေပုံက ရန်ကုန်မြေပုံ ဖြစ်နေသည်။)
“ဗိုလ်အောင်ကြီးက အာဏာသိမ်းတဲ့ ကိစ္စ သူ့ကို မတိုင်ပင်ရ ကောင်းလားလို့ မကျေနပ်ဘူး။ ဖွင့်တော့ မပြောဘူး။ ကျုပ်သိ တာပေါ့။ နောက်တစ်နေ့ မနက် ဒဂုံရိပ်သာမှာ သူ့ကို ခေါ်ပြော တိုင်ပင်ပြီး အားလုံးပေါင်းလုပ် ကြတာပဲ။ တိုင်းပြည်ကို ထုတ်ပြန် ကြေညာရမယ့် ကြေညာချက်ကိုလည်း ကျုပ် အိုင်ဒီယာ (Idea) ပေးပြီး ဗိုလ်အောင်ကြီး ရေးခဲ့တာ။
“ဖဆပလနဲ့ ဆိုရှယ်လစ် ပါတီခေါင်းဆောင်တွေ မဟန်တော့ဘူး၊ တို့တပ်က ဝင်လုပ်သင့်တဲ့ အချိန် ရောက်လာမယ်။ အဲဒီ အချိန်ကျရင် တို့လုပ်ရမယ်လို့ ဗိုလ်အောင်ကြီးကို ၁၉၆၁ ခုနှစ် ကတည်းက ကြိုတင် ဆွေးနွေးထားပြီး ဖြစ်တယ်။ တို့တော့ ခု စလုပ်လိုက်ကြပြီး အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်သွားနိုင်မှ အောင်မြင်မယ်။ တိုင်းပြည်အတွက် စေတနာ ရှေ့တန်း ထားပြီး လုပ်ကြမယ်။ အောင်မြင်ရင်တော့ ခေါင်းမော့နိုင်မှာပေါ့။ မအောင်မြင်ရင် တို့အားလုံး ပြည်သူ့ တရားခံတွေ ဖြစ်မှာ ပဲ။ခုကိစ္စ သဘောမတူရင်၊စိတ်မနိုင်ရင်ခုကတည်းကပွင့်ပွင့်လင်းလင်းပြောပြီးထွက်သွားနိုင်တယ်။ကျန်တဲ့လူတွေနဲ့ တို့ဆက် လုပ်သွားမယ်။ နောက်မှ မအောင်မြင်မှ ကျုပ်မပါချင်ဘဲ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ပါရတာပါ ဆိုတာမျိုး မဖြစ်စေချင် ဘူးလို့ ပြောခဲ့တယ်။
“အဲဒီတော့ တပ်မှူး အားလုံးက ‘ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ခေါင်းဆောင်ပဲ။ ကျွန်တော်တို့ ယုံပါတယ်။ အောင်မြင်မယ် လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ ခေါင်းမရှောင်ပါဘူး။ ဗိုလ်ချုပ်နောက်က တစ်သွေမတိမ်း လိုက်ပါ့မယ်’ လို့ ပြောကြတယ်။
“ဒါပေမယ့် ဗိုလ်အောင်ကြီးဟာ အာဏာ သိမ်းစမှာတော့ သူလုပ်တာတွေကို ကျုပ်ကို အသိပေး တိုင်ပင်ပြီးမှ လုပ်တယ်။ ပေါ်လစီ (Policy) ကိစ္စဆိုရင် ကျုပ်ကို ပထမ တင်ပြပြီး ကျုပ်က ဒါကို ဒီလိုပြော၊ ဒီလိုလုပ်ဆိုမှ သူလုပ်တယ်။ နောက် လုပ်ရင်း လုပ်ရင်းနဲ့ ကြာတော့ သူ့သဘော သူ့အမြင်နဲ့ လုပ်တာတွေ ရှိလာတယ်။ ကျုပ်က သတိပေးပေမယ့် ခဏပဲ။ သူ့သဘောနဲ့ သူ ဆက်လုပ်တယ်။ ပိုဆိုးတာက ကျုပ် နိုင်ငံခြား ဆေးသွားကုတုန်းက အချိန်ကြာသွားတော့ နိုင်ငံခြားကို သဝဏ်လွှာတွေ ပို့တဲ့အခါ သူ့ကို ခေတ္တတာဝန် လွဲခဲ့တာကို တော်လှန်ရေး ကောင်စီ၏ ခေတ္တ ဥက္ကဋ္ဌလို့ အမည်တပ်ရမည့် အစား တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌလို့ အမည်တပ်ခဲ့တယ်။ ဒါ့ကြောင့် နိုင်ငံခြားမှာ ကျုပ်ကို တွေ့တဲ့လူတွေက ခင်ဗျား အတွက် နေရာမရှိတော့ဘူး (No where)လို့ အပြောခံခဲ့ရတယ်။ သူဟာ မြန်မာပြည်မှာ အကြီးဆုံးဖြစ်နေတော့ ဗိုလ်အောင်ကြီး ပိုလွတ်သွားတာပေါ့။
“သူဟာ မပြတ်သားမှုတွေ ဖြစ်လာတယ်။ တပ်ကနေ အပြစ်ရှိလို့ အရေးယူဖို့ ခွင့်ပေးတဲ့သူတွေကို အစိုးရ ဌာနနဲ့ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်ပြန်ခန့်ပြီး လူမွေးတယ်။ သူ့ဆွေမျိုးတွေကို အခွင့်အရေး ပိုပေးတယ်။ ဥပမာ - သူ့ညီ အောင်လေး ကို စပါးဝယ်ဖို့ မြဝတီဘဏ်က ငွေအများအပြား ထုတ်ပြီး ချေးခဲ့တယ်။
“မပျက်စီးသေးတဲ့ နိုင်ငံရေး သမားတွေနဲ့ ပူးပေါင်း လုပ်ရမယ်ဆိုတာ အားလုံး သဘောတူထားတဲ့ ကိစ္စပဲ။ သူဆိုရင် ၁၉၆၀ ပြည့်နှစ်ဧပြီလကဦးနု ရွေးကောက်ပွဲ နိုင်တဲ့အတွက် အာဏာပြန်မအပ်ဖို့ လာ အကြံ ပေးခဲ့တယ်။ ‘နိုင်ငံရေး အဖွဲ့တွေထဲမှာ မပျက်စီးသေးတာ ပမညတပဲ ရှိတော့တယ် ဗိုလ်ချုပ်။ ကျွန်တော်တို့ တပ်ကထွက်ပြီး ပမညတနဲ့ ပေါင်းလုပ်ကြရအောင်’ လို့ တစ်ခါက ကျုပ်ကို လာပြောဖူးတယ်။ ကျုပ်က ‘အေးပါ၊ ပမညတကတော့ ရေးတေးတေး ရှိသေးတယ်။ မလောပါနဲ့ကွာ၊ စောင့်ကြည့် သေးတာပေါ့’ လို့ ပြောခဲ့ရတယ်။
“ကျုပ်ကို ယုံကြည်တဲ့ ကွန်မြူနစ်ဟောင်းတွေ ဖြစ်တဲ့ ဖိုးချစ်လှိုင်၊ ဗိုလ်သိန်းတန်၊ သခင်တင်မြ စတဲ့သူတွေကို လက်ခံဖို့ သူလည်း သဘောတူခဲ့တာပဲ။ ခုတော့ အပြင်က ဖဆပလ ခေါင်းဆောင်တွေ၊ သူ့ဆရာတွေ ပြောနေတဲ့ ‘ကွန်မြူနစ်တွေကို အိမ်ဦးခန်းတင်ပြီး ဆရာတင် လုပ်နေကြတာ၊ ကြည့်နေ ပျက်ကုန်မှာပဲ’ ဆိုတာကို သူနဲ့ သူ့တပည့်တွေက အထဲမှာ သံယောင်လိုက်ပြီး ပြောလာကြတယ်။ ပြီးခဲ့တဲ့ တပ်မှူး ကွန်ဖရင့် တုန်းကလည်း သူ့တပည့်တွေက ‘ကွန်မြူနစ်တွေ ယုံရပါ့ မလား ဗိုလ်ချုပ်’လို့ ပြောင်ပြောင် မေးလာကြတယ်။ ကျုပ် တစ်ဦးတည်းက ခုခံ ဖြေရှင်းခဲ့ရတယ်။ သူကတော့ မသိသလို၊ မဆိုင်သလိုပဲ လုပ်နေတယ်။ ခုလာမယ့် တပ်မှူး ညီလာခံမှာလည်း အပြင်က လာတဲ့ ဂယက်နဲ့ တပ်တွင်းမှာ ရှိနေတဲ့ အဲဒီ သံသယတွေကို ရှင်းရဦးမှာပဲ။ စိုးရိမ်စရာတော့ မရှိပါဘူး။ တဖြည်းဖြည်း ကောင်းလာမှာပါ။
“ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဆူပူတဲ့ ကိစ္စမှာလည်း ကျုပ်ကို လွှဲချခဲ့တယ်။ ပြောင်ဗြောင် ပြောတာတော့ မဟုတ်ဘူးပေါ့။ တိုးတိုးတိတ်တိတ် ပြောတာပဲ။ သူက ဘာမှ မသိသလို ကျုပ် လုပ်လိုက် တာပေါ့။ ကျောင်းမှာ ပါမောက္ခ ဦးကာက ရှေးရိုးကျပြီး အဆောင်စည်းကမ်းကို တင်းတင်း ကျပ်ကျပ် လုပ်လိုက်ရတယ်။ အဆောင်တွေမှာ ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ ဘယ်လောက် ဆိုးသလဲဆိုရင် အဆောင်တွေမှာ အပြင်က --- တွေကို ခေါ်အိပ်ကြတယ်။ ကွန်မြူနစ် ကျောင်းသားတွေကလည်း တောထဲက လူတွေကို ခိုအောင်းခွင့် ပေးလိုပေး၊ နိုင်ငံရေး သင်တန်းပေးနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ ဒါတွေကို ပပျောက်သွားအောင် အဆောင်စည်းကမ်းကို တင်းကြပ်ခိုင်း လိုက်ရ တယ်။ အဲဒီကိစ္စကို ချက်ယူပြီး ကွန်မြူနစ် ကျောင်းသားတွေက ဆူပူမှုကို စတင်လိုက်တာပဲ။ ဗိုလ်အောင်ကြီးကို ကျုပ်က ကျောင်းသားဆူပူမှု ကိုင်တွယ်ဖို့ ခင်ဗျားရဲ့ ကြီးကြပ်မှုအောက်မှာ သက်ဆိုင်ရာဌာန တာဝန်ခံ (ဝန်ကြီး) တွေပါတဲ့ ကော်မတီ ဖွဲ့လုပ်ပါလို့ ပြောလိုက်ရတယ်။ ပြည်ထဲရေးဌာနကို ကိုင်တဲ့ ဗိုလ်ကျော်စိုး ခေါင်းဆောင်တဲ့ အဖွဲ့ဖွဲ့ပြီး ပြည်လမ်း က အသံလွှင့်ရုံမှာ ရုံးထိုင်ပြီး သူတို့အလုပ် လုပ်ကြတယ်။ အရေးကြုံ လာတော့ အဲဒီအဖွဲ့က ကျုပ်ကို လှမ်းတိုင်ပင်တယ်။ ကျုပ်က ဗိုလ်အောင်ကြီးကို အဲဒီတာဝန် ပေးထားတယ်လို့ ပြန်ပြောရတယ်။ ဒါပေမယ့် ဗိုလ်အောင်ကြီးက ဘယ်ရောက် နေလဲ မသိဘူး။ ကျုပ်ဆီပဲ လှမ်းမေးနေတယ်။ ကျောင်းသားတွေက ပိုသောင်းကျန်းလာလို့ ရဲတွေ မနိုင်တော့ဘူး။
“ဒါကြောင့် အရပ်ဘက် အုပ်ချုပ်ရေးက တပ်ကို အကူအညီ (Aid to Civil Power) တောင်းရတော့တယ်။ ကျုပ်ဆီကို အဲဒီလို လုပ်ရပြီး လှမ်းအကြောင်းကြား ခဲ့တယ်။ ဦးကာရဲ့ အိမ်ကို ဝိုင်းပြီး ဦးကာရဲ့ကားကို ကျောင်းသားတွေ မှောက်ပစ်ပြီး ပိုသောင်းကျန်း လာကြတယ်။ ဒါကြောင့် ဦးကာကို ထမ်းထုတ်ပြီးနောက် ကျောင်းသားခေါင်းဆောင် အချို့ ဖမ်းမိတယ်။ ကျောင်းသားခေါင်းဆောင် အချို့က သမဂ္ဂ အဆောက်အအုံပေါ် တက်ပုန်းနေကြတယ် ဆိုပြီး ဘာလုပ်ရမလဲလို့ ကျုပ်ကိုပဲ လှမ်းမေးတယ်။ ကျုပ်ကလည်း စိတ်မရှည်တော့ဘူး။ ဗိုလ်အောင်ကြီး ဘယ်ရောက်နေလဲလို့ မေးတော့ ‘ဗိုလ်မြဝင်းရဲ့ အသုဘ သွားနေတယ်။ ပြန်မရောက်သေးဘူး ဗိုလ်ချုပ်’ လို့ ဖြေတယ်။ ‘ဒါနဲ့ မင်းတို့ သူတို့ကို သမဂ္ဂ အဆောက်အအုံထဲက ကြောက်လန့်ပြီး ထွက်သွားအောင် လောင်ချာနဲ့ ပစ်ကွာ’ လို့ ပြောလိုက်ရတယ်။ ကျုပ် အသေအချာ မှတ်မိတာက သမဂ္ဂ အဆောက်အအုံကို ဖြိုပစ်ကွာလို့ မပြောခဲ့ဘူး။ မိုးချုပ်ကာနီးတော့ ဗိုလ်အောင်ကြီးရယ်၊ ကိုလှဟန်ရယ် ကျုပ်ဆီကို ရောက်လာတယ်။ ကျုပ်က မကျေမနပ်နဲ့ ‘ဗိုလ်အောင်ကြီး ဘယ်လျှောက်သွားနေလဲ’ လို့ မေးလိုက်တယ်။ သူက ‘ဗိုလ်မြဝင်း အသုဘ သွားနေတာပါ။ အပြန်မှာ အင်းလျားလိတ် လမ်းဘေးက ဗိုလ်မောင်မောင်ခ အိမ်မှာပဲ ဆရာကာတို့ မိသားစု ရောက်နေတယ် ကြားတာနဲ့ ဝင်မေးတော့ ဗိုလ်ချုပ်က မေးနေတယ် ဆိုတာနဲ့ ကျွန်တော် လာခဲ့တာပါ။’ လို့ ပြောတယ်။
ကျုပ်က ‘အခြေအနေ ဘယ်လိုလဲ’ လို့ မေးတော့ ဗိုလ်အောင်ကြီးက‘အားလုံး ထိန်းချုပ်နိုင်ပါပြီ ဗိုလ်ချုပ်’လို့ ပြန်ဖြေတယ်။ နောက်ထပ် ဘာမှ မပြောဘူး။ တော်တော်ကြာမှာ မင်းတို့ပြန်ကြတော့လို့ သတိပေးလိုက်မှ သူတို့နှစ်ယောက် ပြန်သွား ကြတယ်။
“နောက်ထပ်သတင်း ဘာမှ မရတော့ဘူး။ အေးဆေးသွားပြီ ဆိုပြီး ကျုပ်လည်း စိတ်အေးသွားတာနဲ့ အိပ်လိုက်တယ်။ နောက်နေ့မနက် ငါးနာရီခွဲလောက်မှာ ‘အုန်း’ ကနဲ ပြင်းထန်တဲ့ အသံကြောင့် ကျုပ် အိပ်ရာက လန့်နိုးသွားတယ်။ ကစ်တီကို ခေါ်ပြီး ‘အသံလွှင့်ရုံကို ဖုန်းဆက်စမ်း’လို့ ခိုင်းလိုက်ရတယ်။ ကစ်တီ၁ က ‘အသံလွှင့်ရုံမှာ ရဲမင်းကြီး ဦးဘအေးတစ်ယောက်ပဲ ရှိတယ်။’ ဆိုတာနဲ့ ကျုပ်ဖုန်းယူပြီး မေးလိုက်တယ်။ ဦးဘအေးက ‘သူတစ်ယောက်ပဲ ရှိတယ်။ အားလုံး တက္ကသိုလ်ဘက် သွားနေကြတယ်။’ လို့ ပြောတာနဲ့ ကျုပ်က ‘ဘာသံကြီးလဲ’ လို့ မေးတော့ ဦးဘအေးက တော်တော်နဲ့ မပြောနိုင်ဘူး။ ‘ဗိုလ်ချုပ် ကျွန်တော်လည်း မသိဘူး’လို့ ဖြေတယ်။ အဲဒီနောက် ဗိုလ်စောမြင့်က ဖုန်းနဲ့ ဆက်ပြောတော့မှ တက္ကသိုလ် အဆောက်အအုံကို မိုင်းနဲ့ ခွဲလိုက်ကြောင်း ကျုပ်သိရတယ်။ ကျုပ်ဆီကို မနေ့ညက ဗိုလ်အောင်ကြီးနဲ့ ကိုလှဟန်တို့ ရောက်လာကြပြီး တက္ကသိုလ် အဆောက်အအုံ အကြောင်း ဘာမှ ပြောမသွားဘဲ အခု မိုင်းနဲ့ ခွဲလိုက်တယ် ဆိုတော့ ကျုပ် သူတို့အပေါ် အတော် မကျေမနပ် ဖြစ်မိတယ်။ ဒါပေမယ့် ထုတ်တော့ မပြောခဲ့ဘူး။ အားလုံး အတူတူ လုပ်ခဲ့ပြီးမှ ‘တစ်ယောက်အပေါ် တစ်ယောက် အပြစ် ပုံမချကြေး’ လို့ အာဏာသိမ်းစက ကျုပ်က ပြောထားမိတော့ မပြောတော့ဘူး။ ကျုပ် အားလုံး တာဝန်ယူတဲ့ အနေနဲ့ ရေဒီယိုက အသံလွှင့်တော့ ‘ဓားဓားချင်း ရင်ဆိုင်မယ်’လို့ ပြောမိတယ်။ ကျုပ် တရားခံ ဖြစ်သွားတာပေါ့။
၁။ သူ့ဇနီး ဒေါ်ခင်မေသန်း (ကွယ်လွန်)
ဆက်ရန်
http://padaukmyay.blogspot.com/
မဟာဗမာတွေ အချင်းချင်း ဝေမတဲ့ အာဏာလု ပြီးတော့သမိုင်းတရားခံ ဖြစ်လာတော့မယ်ဆိုရင် သူမဟုတ်ဘူး ငါမဟုတ်ဘူး အချင်းချင်းပြောင်ငြင်း မျက်နှာပြောင်တိုက်ကြတယ်။ ပြောင်လိမ်ပြောင်စားအမျိုးတွေ တော်တော်စောက်ကျင့်မကောင်းတဲ့အမျိုးတွေ...
ReplyDeleteဆလိုင်းလျန်
shit!!!!!
ReplyDeleteကိုယ်ကိုယ်တိုင်လည်း စောက်ကျင့်ကောင်းတဲ့အမျိုးတွေဖြစ်အောင်နေပေါ့ဗျာ။စောက်ကျင့်မကောင်းတာကတော့ နေရာတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်းမှာ ရှိနေတာမဆန်းပါဘူး။
ReplyDeleteeven that isn't strange for you "it not better than a kick in a teeth"
ReplyDelete