Friday, June 3, 2011

ကော့ကရိတ်-မြဝတီလမ်း တရားမျှတစေချင်

မဇ္ဈိမသတင်း/

အယ်ဒီတာခင်ဗျား …

ကျနော့်အနေနဲ့တော့ ဒုတိယပေးစာကို ပြန်ချေပချင်လို့ပါ။

တောင်ဖြို၊ လမ်းပြင်၊ ကွန်ကရစ် ခင်းမခင်းကို မြဝတီသွား ကားသမားတိုင်း၊ ခရီးသွားတိုင်းကို မေးကြည့်ပါ။

တောင်ဖြိုတဲ့ အတွက် သာမညဆရာတော်ကြီး ခင်းခဲ့တဲ့ ကတ္တရာလမ်း သွားမရအောင် ဖြစ်ခဲ့ပါပြီ။ တောင်နံရံကို စက်ကြိုးနဲ့ လိုက်ဖြိုရာမှာ အရင်ကတ္တရာလမ်းပါ ပျက်စီးရတာပါ။ ကွန်ကရစ်ခင်းတာကလည်း အလယ်မှာ တမတ်လုံး ဇကာလေး ချပြီး၊ အပြင်ဘက် ၆ မူးလုံးအစွန်းမှာ အတိုလေးတွေ ဖြတ်ပြတာကြောင့် အမြင်မှာတော့ ၆ မူးလုံးတွေ ထည့်လောင်းထားသလို လုပ်ပါတယ်။ အဲဒီ ကွန်ကရစ်တွေ အခုအခါ ကွဲအက်နေတာကို မြင်နေရပါတယ်။ ဒါက ငြင်းမရတဲ့ အချက်ပါ။

ဗိုလ်မှူးချုပ်၊ ဝန်ကြီး စသူတွေ လာတဲ့အခါမှသာ မြဝတီအဝင်နား လူအင်အားအပြည့်နဲ့ အင်အားပြပြီး လူကြီး ပြန်တာနဲ့ အဲဒီလမ်းပြင်အဖွဲ့လည်း ပျောက်သွားပါရော။

လက်ရှိအခြေအနေမှာ ချောက်ကပါး အဝင်လမ်းနဲ့ အထွက်မှာ ဘာတခုမှ ပြင်ဆင်မှု မရှိပါဘူး။ တခြား ကုမ္ပဏီတွေ လုပ်သွားတဲ့ လမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အသိသာကြီးပါ။ ဘားအံအထွက် ရန်ကုန်ဘက် သွားတဲ့လမ်းနဲ့ အေကေ ကုမ္ပဏီကနေ ခင်းထားတဲ့ ဘားအံ-ကော့ကရိတ် လမ်းတွေနဲ့ ယှဉ်ကြည့်ပါ။

သာမညဆရာတော်ကြီး ခင်းထားခဲ့ပြီး အလကား မောင်းနှင်ခွင့် ရခဲ့တဲ့လမ်းနဲ့ အခုအခါ ငွေပေးမောင်းနေရတဲ့ လမ်းဟာ ဘယ်လောက် ကွာခြားနေသလဲဆိုတာ ကြည့်ကြည့်ပါ။

မမှန်ကန်တာကို မှန်ကန်အောင် တည့်မတ်ပေးနိုင်တဲ့ စာနယ်ဇင်းတွေကို လေးစားလျက်ပါ။


တရားမျှတစေချင်သူ

လေလံလုပ်ငန်းရှင် လမ်းကြေးကောက်တာ
လမ်းမပြင်ဘဲ ငွေကောက်နေပါတယ်
http://www.mizzimaburmese.com/edop/letters-to-editor/7658-2011-06-02-10-11-05.html

လေလံလုပ်ငန်းရှင် လမ်းကြေးကောက်တာ

အယ်ဒီတာခင်ဗျား …

ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းပိုင်းအတွင်း လမ်းပြင်ဆင်ခြင်း၊ လမ်းချဲ့ခြင်း၊ တောင်ပြိုခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်းတွေကို ကုမ္ပဏီမှ လုပ်ဆောင်နေခြင်းမှာ လက်တွေ့မျက်မြင်ပါပဲ။ ရေထဲကို ခဲလုံးချတာမျိုး မဟုတ်ပါဘူး။ လက်တွေ့ကျကျ မြင်နေရတဲ့ ကိစ္စကို လမ်းမပြင်ဘူးဟု ကော့ကရိတ်မြို့မှ မျက်မမြင် ကားသမားက ပြောတာပါ။

ဒါ့အပြင် ကုမ္ပဏီမှ လမ်းကြေးကို လုံးဝ(လုံးဝ) မကောက်ပါ။ လမ်းကြေးလေလံ ရရှိပြီး၊ လေလံလုပ်ငန်းရှင်မှ လမ်းကြေး ကောက်ယူနေခြင်းသာ ဖြစ်ပါတယ်။ ကုမ္ပဏီမှ သုံးနှစ်တာအတွင်း လမ်းပြုပြင်ပြီးမှသာ လမ်းကြေး ကောက်ခံခွင့် ရှိသည်ကို နားမလည်ဘဲ ထင်ရာမြင်ရာ အားတိုင်း ပေးစာရေးသူများ သတိထားသင့်ကြောင်း အဖြစ်မှန်ကို သိရှိလို၍ တာဝန်ခံ အင်ဂျင်နီယာထံမှ သွားရောက်မေးမြန်းကြည့်သောအခါ သိရှိခဲ့ရပါတယ်။

အဖြစ်မှန်ကို သိရှိနိုင်ရန် တင်ပြခြင်းသာ ဖြစ်ပါတယ်။

အမှန်တရား လိုလားသူ (မြဝတီသားတဦး)

လမ်းမပြင်ဘဲ ငွေကောက်နေပါတယ်

အယ်ဒီတာခင်ဗျား ..

ကျနော်ဟာ ကော့ကရိတ်မှာနေပြီး မြဝတီနဲ့ ပုံမှန်သွားလာနေရသူပါ။ မြဝတီနဲ့ ကော့ကရိတ်ကို ကားသေးနဲ့သွားရင် ပုံမှန် ကျပ် ၁၂ဝဝ ကောက်ပါတယ်။ ဒါ … လူစီးကားကို ပြောတာပါ။ တခြား ဂိတ်ကြေးတွေကတော့ ရေသန့်ဘူး
ရောင်းတာမျိုးတွေ ရှိပါတယ်။

ကျနော် အဓိကပြောချင်တာက ဒီလမ်းကို ကုမ္ပဏီက ဘာမှမပြင်မဆင်ဘဲနဲ့ ငွေကောက်စားနေတာ
ကြာလှပါပြီ။ ဒီနှစ်အတွင်းမှာဆိုရင် မြဝတီနဲ့ ကော့ကရိတ် တောင်ပေါ်လမ်းကို လုံးဝ မပြင်သလောက်ပါဘဲ။

ငွေသက်သက်ပဲ ထိုင်ကောက်နေပြီး လမ်းကို မပြင်လို့ နေ့စဉ် ကျနော်တို့ ကားသမားတွေမှာ အသက်ကို ဖက်နဲ့ ထုတ်သွားနေရပါတယ်။

နေ့စဉ် ပေးနေရသူ
http://www.mizzimaburmese.com/edop/letters-to-editor/7585-2011-05-20-07-43-35.html

No comments:

Post a Comment