Friday, September 30, 2011
မြစ်ဆုံစီမံကိန်း ဆိုင်းထားရန် သမ္မတ ဆုံးဖြတ်
တတိုင်းပြည်လုံးရဲ့ အကျိုးစီးပွားသာမက ဗမာအမျိုးသား အများစုရဲ့ အကျိုးစီပွားကို ထိခိုက်မှာမို့  ဒီဧရာဝတီ မြစ်ဆုံ စီမံကိန်းကြီးကို ဆိုင်းထားပုံရပါတယ်။ သို့ ပေမယ့်လည်း ရေရှည်ဗမာအမျိုးသားများရဲ့ အကျိုးစီးပွားအတွက် တိုင်းရင်းသားတွေကို ဆက်လက် စစ်ဆင်ဖို့  စစ်ရပ်စဲဖို့ မလို သလို ဆိုင်းထားဖို့ မလိုအပ်ဘူးလို့  ဗမာအစိုးရက တွေးမြင်ထားပုံရနေပါတယ်။
xxxxxxxxxxxxxxxxxxx
ခင်ဦးသာ Friday, 30 September 2011
ဧရာဝတီမြစ်ဆုံ တည်ဆောက်ရေး စီမံကိန်းအား လက်ရှိအစိုးရ သက်တမ်းတွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ယနေ့ သ၀ဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။
မြစ်ဆုံစီမံကိန်းသည် ပြည်သူလူထု၏ ဆန္ဒနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို သွေဖီနေသည်ဟု ဦးသိန်းစိန်က ဆိုသည်။ ဦးသိန်းစိန်၏ ပြောဆိုချက်အား မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေကြသူများက ကြိုဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်သည် ပြည်သူလူထု၏ အသံကို အလေးထားမည်ဟု ပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည့် အပြင် ဤဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံမှု၏ ရလဒ်တခု ဟုလည်း ယူဆနိုင်ကြောင်း ဧရာဝတီရှင်သန်ရေး အဖွဲ့ကို ဦးဆောင်သူတဦး ဖြစ်သော ကိုမြတ်သူက ဧရာဝတီသတင်းဌာနကို ပြောသည်။
စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ ဧရာဝတီမြစ်ကြီး တိမ်ကော ပပျောက်သွားမည်ဟု ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ထောက်ပြ ကန့်ကွက်နေကြပြီး လူထုလှုပ်ရှားမှု တချို့ပင် ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမည့် မြစ်ဆုံစီမံကိန်းအား ၂၀၀၆ ခုနှစ်တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေခြင်းဖြစ်သည်။ စီမံကိန်း ပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။
ဒေသခံ ပြည်သူ ၁၂၀၀၀ ၀န်းကျင်အထိ ပြောင်းရွှေ့ပေးရသည့် စီမံကိန်းများ ရပ်တန့်ရန် တောင်းဆိုခဲ့သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင် ယခုနှစ် ဇွန်လအတွင်းမှ စတင်၍ တိုက်ပွဲများ အဆက်မပြတ်နေသည်။
သမ္မတ ဦးသိန်းစိန်၏ ယနေ့ ပြောဆိုချက်နှင့် ပတ်သက်၍ ကချင်လက်နက်ကိုင်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က “ရပ်ဆိုင်းထားမယ် ဆိုတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် တနှစ် ရပ်တာလား၊ ဘယ်လောက် ရပ်ဆိုင်းတာလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ ကျနော်တို့က အပြီးအပိုင် ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
“အလွှာအသီးသီးက ပြင်းပြင်းထန်ထန် ကန့်ကွက် ဖိအားပေးနေကြတဲ့အတွက် သမ္မတက အလျော့ပေးတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။
မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး ဆောင်ရွက်နေသည့် သူများကလည်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် သမ္မတ၏ ပြောဆိုချက်အား ကြိုဆိုကြောင်း ရေးသားထားကြရာ ထိုအထဲတွင် ကာတွန်းဆရာ အော်ပီကျယ်၊ ကချင် ခေါင်းဆောင်ဟောင်း ဒေါက်တာ မနန်တူးဂျာ၊ စာရေးဆရာ မောင်ဝံသ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။
http://154.35.130.70/index.php/news/7459-2011-09-30-09-51-26

ကရင်ပြည်နယ်ဝန်ကြီး KNU နှင့်တွေ့
ဧရာဝတီ Friday, 30 September 2011
ကရင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည်အဖွဲ့သည် ဗုဒ္ဓဟူးနေ့က ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ပြီး KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် KNU က ပြည်နယ်အစိုးရအဆင့်နှင့် မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း အကြောင်းပြန်လိုက်သည်ဟု သိရသည်။
ယခုလဆန်းပိုင်းတွင် ပြည်နယ်အစိုးရက စေလွှတ်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကိုလည်း KNU ခေါင်းဆောင်များက လက်ခံတွေ့ဆုံခြင်း မပြုခဲ့ပေ။
ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် စောဘိုးနီ၊ သိက္ခာတော်ရဆရာတော် စောရင်မြရွှေ၊ အရှင်ခေမာဝုဓ စသည့် ကရင်ပြည်နယ်ဒေသခံ နိုင်ငံရေး၊ ဘာသာရေးနယ်မှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း ဧရာဝတီက ရရှိသည့် ပြည်နယ်အစိုးရ၏စာတွင် ဖော်ပြထားသည်။
ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် ငြိမ်းချမ်းရေးယူနိုင်ရန် ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီး ဗိုလ်မှူးကြီးအောင်လွင် လက်မှတ်ထိုး ပေးပို့သည့် စာတွင် ရေးထားသည်။
သို့သော်လည်း လက်နက်ကိုင်အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ ဖဲ့ထုတ် စည်းရုံးခြင်းဖြစ်သည်ဟု KNU က ယူဆသည်။
အစိုးရ၏ လက်ရှိ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့များက UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြီးခဲ့သည့်လကုန်ပိုင်းက ပြောသည်။
နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းရှိသည့် လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သော KNU သည် ယခင်စစ်အစိုးရအာဏာပိုင်တို့နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိခဲ့ပေ။
ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေသည်။
http://154.35.130.70/index.php/news/7455--knu-

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အရေး
အောင်လင်းထွဋ် Friday, 30 September 2011 18:01 သူ့အတွေး သူ့အမြင်
လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါး စစ်ပွဲများကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လက်ရှိ အရပ်သား အစိုးရသစ်ဟုခေါ်သော အစိုးရလက်ထက်တွင် စစ်၏ အနိဋ္ဌာရုံ သတင်းများကို ကြားနေရပါသည်။
အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်း ပြည်နယ် ဒေသများတွင် စစ်ပွဲများဖြစ်နေကြပါသည်။ တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုထားသော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့က နယ်ခြားစောင့်တပ်အစီအစဉ်ကိုလက်မခံသဖြင့် ၂၀၀၉ ခုနှစ်တွင် စစ်တပ်က တိုက်ခိုက်ခဲ့သော်လည်း တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားကြောင့် စစ်ပွဲကိုရပ်ဆိုင်းခဲ့ရသည်။ စစ်အစိုးရ ဒုတိယ နှင့် တတိယ ခေါင်းဆောင်များ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ ကိုယ်တိုင် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်၍ မှားပါကြောင်း ဝန်ချတောင်းပန်ခဲ့ရသည်။
လက်ရှိအချိန်တွင်မူ ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေး အဖွဲ့များကို စစ်တပ်က ပြင်းပြင်းထန်ထန် စစ်ပွဲ ဆင်နွဲနေသော်လည်း တရုတ်နိုင်ငံ ထောက်ခံထားသော၊ မူးယစ်ဆေးဝါးနှင့် စစ်အင်အားကြီးထွားလာသော “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ စစ်ဆင်ရေး မလုပ်ရဲခဲ့ပါ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတပည့်များဖြစ်ပြီး လွှတ်တော်ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဝန်ကြီးဟောင်း ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ခေါင်းဆောင်သော သမ္မတ၏ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို “ဝ”နှင့်မိုင်းလားဒေသသို့ စေလွှတ် ဆွေးနွေးခဲ့ရပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ရန် ဆက်လက်ထိန်းသိမ်းရေး၊ အပြန်အလှန်စကားပြောနိုင်ရန် ဆက်ဆံရေး ဌာန စခန်းများ ဖွင့်လှစ်ရေး၊ ယခင် နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့ပြီးဖြစ်သော နယ်မြေမှကျော်လွန်ပြီး လက်နက်ကိုင် သွားလာသည့်အခါ ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဘက် သဘောတူညီသည့် အချိန်နေရာတွင် ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားရေး စသည့် အချက် ၄ ချက် ကို “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များဖြင့် သဘောတူညီခဲ့ကြပါသည်။
အဆိုပါ သဘောတူညီချက်ကို အစိုးရဘက်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ၊ တြိဂံတိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီးဇော်ထွန်းမြင့်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့် တို့က လက်မှတ် ရေးထိုးခဲ့ပြီး “ဝ” ဘက်မှ ဦးကျောက်ကွမ်းအမ်း၊ ဦးပေါက်ယူလျန်၊ ဦးအောင်မြင့်၊ မိုင်းလားအဖွဲ့မှ ဦးစံပေ့၊ ဦးခန်းပောာင်၊ ဦးအိုက်ရှဲန်၊ ဦးဇင်ခမ်းနော် တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ကို လက်မခံလျှင် “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များ စစ်ရေးအရ ဆောင်ရွက်လိမ့်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အခါတွင် ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေးအဖွဲ့များကို စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူခဲ့ပြီး “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့သည်။
“ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပြန်အလှန် အကူညီပေးရေး သဘော တူညီထားခဲ့သော်လည်း ကတိကဝတ်ကို ချိုးဖောက်ပြီး အစိုးရနှင့် ပူးပေါင်းခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဓိက လူမျိုးကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တို့၏ တည်ငြိမ် အေးချမ်းမှုကို လျစ်လျူရှုထားပြီး တရုတ်နိုင်ငံအတွင်း အများစုနေထိုင်သော “ဝ” နှင့် အခါ လူမျိုးများ ငြိမ်းချမ်းရေးဆောင်ရွက် နေသည်မှာ အစိုးရဋ္ဌ ရိုးသားမှု မရှိခြင်းက ထင်ရှားနေသည်။
ယနေ့မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ ဘဝသို့ ရောက်မှန်းမသိ ရောက်နေရပါပြီ။ အစိုးရသစ်က ပြည်တွင်းအရေး ကိစ္စများကိုပင် တရုတ်တို့၏ မျက်နှာ ကြည့်ပြီး အလုပ်လုပ်နေရသည်မှာ ရင်နာစရာကောင်းလှပေသည်။ ယခုအချိန်မှ တရုတ်တို့ကို ချိန်ခွင်လျှာညှိနိုင်အောင် အနောက်နိုင်ငံများနှင့် ပလူးပလဲ လိုက်လုပ်နေရသည်မှာလည်း ရှက်ဖို့ကောင်းပါသည်။
နိုင်ငံ၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူ၍ အကြိမ်ကြိမ်ကြွေးကြော်နေသော စစ်ဗိုလ်ကြီးများ ဘာကြောင့် ကိုယ့် သွေးရင်း သားချင်းတွေကို စစ်ပြန်တိုက်နေကြပါသလဲဟု မေးလိုပါသည်။
အနှစ်၂၀ နီးပါး ငြိမ်းချမ်းခဲ့ပြီးမှ ယခုကဲ့သို့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အများပြည်သူ ဘေးဒုက္ခရောက်အောင် လုပ်နေရပါသနည်း။ ကိုးကန့်၊ ဝ ၊ အခါ လူမျိုးများကိုပင် နားလည်မှုပေးနိုင်လျှင် မူရင်း လူမျိုးများဖြစ်သည့်၊ ပင်လုံစာချုပ်နှင့် လွတ်လပ်ရေးအတူ ရယူခဲ့ကြသည့် တိုင်းရင်းသားများကို အဘယ့်ကြောင့် “ဝ” နှင့် အခါ လူမျိုးများကဲ့သို့ သဘောတူညီချက်မျိုးများ မပေးနိုင်သနည်း ဆိုသည်ကိုလည်း မေးလိုပါသည်။
စာရေးသူသည် စစ်ဝတ်စုံဝတ်၍ နှစ်ပေါင်း၂၅ နှစ်ခန့် ၊ စစ်ဝတ်စုံချွတ်၍ နှစ်ပေါင်း ၅ နှစ်ကျော် မဆလ အစိုးရ နှင့် စစ်အာဏာရှင် အစိုးရ လက်ထက်တွင် အမှုထမ်းခဲ့ရသူ တဦးဖြစ်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအရေးကို နှစ်အတန်ကြာ ကိုင်တွယ်ခဲ့ရပါသည်။
စာရေးသူတို့နားလည်ခဲ့သည်မှာ တပ်မတော်သားတိုင်းသည် စစ်တပ်တွင် စတင် ဝင်ရောက် အမှုထမ်းစဉ် ကတည်းက အလံကိုင်ပြီး သစ္စာပြုခဲ့ကြသူများ ဖြစ်သည်။ အကျဉ်းချုပ်ပြောရလျှင် တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပြီး ကိုယ့်တိုင်းရင်းသားချင်း နှိပ်စက်သတ်ဖြတ်ရန် မဟုတ်သကဲ့သို့ လူတစု တဖွဲ့ အတွက် အသုံးချရန် ဖွဲ့စည်းထားသော အာဏာရှင်၏ တပ်မတော်လည်း မဟုတ်ပါ။
စစ်ပွဲများဖြစ်ပါက နှစ်ဘက်လက်နက်ကိုင်အဖွဲ့ဝင်များ ကျဆုံးရသကဲ့သို့ အပြစ်မဲ့ပြည်သူများလည်း ဒုက္ခရောက် စစ်ဘေး စစ်ဒဏ် ခံရ စမြဲပင်။ စစ်ပွဲများတွင် ကျဆုံးရသည်မှာ တပ်မတော်ဘက်တွင်ဆိုပါက အရာရှိအငယ်များနှင့် အခြားအဆင့်ဟုခေါ်သော အရာခံ၊ အကြပ်၊ တပ်သား အများစု ဖြစ်သည်။ အရာရှိကြီးများ သေသည်မှာ အလွန်နည်းပါသည်။
ထို့အပြင် အာဏာရှင်ကြီးများ၏ ဆွေးမျိုးများ၊ တပည့်သားမြေးများသည်လည်း သေဘေးမှဝေးသည့်အပြင် နေရာကောင်းများ ရရှိပြီး မိသားစုများပါမကျန် တိုက်တာ အိမ်ကား များနှင့် ကြီးပွား ချမ်းသာနေကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အသက်စွန့်ပြီး တိုက်ပွဲဝင် နေကြသည် ဆိုသည့် အရာရှိငယ်နှင့် စစ်သည်များ၏ မိသားစုများက နေ့စဉ် အသက်ဘေးအန္တရာယ် ကင်းဝေးစေကြောင်း ဆုတောင်းနေရမည် ဖြစ်သည်။
ယနေ့ တပ်မတော်အတွင်း စစ်ဘက်ရာထူး ယူထားသော ဗိုလ်ချုပ်ကြီးများကို လေ့လာကြည့်ပါ။ ကာကွယ်ရေးဦးစီးချုပ်က အစ လက်အောက်ဗိုလ်ချုပ်များ၏ စစ်ရေးစွမ်းရည်သည် သုည ဟု ပြောရပါမည်။ ဖြတ်သန်းလာခဲ့သော ငယ်စဉ် စစ်အရာရှိဘဝကို လေ့လာကြည့်မည်ဆိုလျှင် အားလုံးနီးပါးသည် ကိုယ်ရေးအရာရှိ၊ လုံခြုံရေးအရာရှိ၊ ဦးစီးအရာရှိ အစရှိသည့် လူကြီး အနီးကပ်ပြီး နေသူ များပါသည်။
ထူးထူးချွန်ချွန် တိုက်ပွဲဝင်ခဲ့သည့်ပုဂ္ဂိုလ်မျိုး တဦးတယောက်မှ တွေ့ရမည်မဟုတ်ပါ။ ထိုသို့သော စစ်ခေါင်းဆောင်များက အတွေး အခေါ်လည်း မရှိ၊ အမြော်အမြင်လည်း မရှိ အထက်ကခိုင်းတာပဲ ဆိုပြီး စစ်တပ်ကို အသုံးချနေမည်ဆိုလျှင် တပ်မတော်အတွင်း မုဆိုးမ နှင့် ဖခင်မဲ့ သားသမီးများ တနေ့တခြား များလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတများ တပ်မတော် အတွင်း ပိုများလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတ ဖြစ်ပြီးလျှင်လည်း မစို့မပို့ နစ်နာကြေးပေးပြီး တပ်က ထုတ်ခံရ၊ ကူညီမည့်သူ မရှိပါက လမ်းဘေးရောက်ပြီး တောင်းစားရသည့် ဘဝမျိုး ရောက်နေသည်။
ထိုသို့ထောက်ပြနေ၍ စာရေးသူကို တပ်ကိုဖြိုခွဲသူဟု စစ်ခေါင်းဆောင်ကြီးများက စွပ်စွဲပါလိမ့်မည်။ တကယ်တော့ အမှန်တရား ဆိုသည်မှာ ငြင်း၍မရပါ။ စစ်သားဆိုသည် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက် ဒုက္ခိတ ဖြစ်ပါစေ နောက်ဆုံး အသက်စွန့်ရန်အထိ သစ္စာဆိုထားသူများ ဖြစ်သည်။
ယခု တိုက်ခိုက်သတ်ဖြတ်နေရသည်က ကိုယ့်တိုင်းရင်းသားချင်းပါ။ လူမျိုးခြားများ မဟုတ်ပါ။ အဓိပ္ပာယ်မဲ့သည့် စစ်ပွဲများဖြစ်၍ ထောက်ပြနေရခြင်းပါ။ မတရားသည့် စစ်ပွဲများကို စစ်သည်တို့ လက်မခံရန် တိုက်တွန်းနေရခြင်းပါ။
ကချင်ပြည်နယ် ကျောက်စိမ်းတွင်း၊ သစ်တောများ၊ ကရင်ပြည်နယ် ရှမ်းပြည်နယ် သတ္တုမိုင်း သစ်တောများ စသည်တို့ကရသည့် ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ခဲ့သည့် စစ်လက်နက်ကြီးများ၊ အမြောက်ကြီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်နေခြင်းမှာ စစ်အာဏာရှင်များ၏ အပြောတမျိုး အလုပ်တမျိုးနှင့် စစ်တပ်ကို နာမည် ပျက်ရန် အသုံးချနေခြင်းကို တွေ့ရမည်ဖြစ်သည်။
စာရေးသူကိုယ်တိုင် ကရင် ခေါင်းဆောင် စောဘိုမြ ၊ ကချင် ခေါင်းဆောင် ဦးဇော်မိုင်၊ မွန် ခေါင်းဆောင် နိုင်ရွှေကျင် တို့နှင့် ရင်းရင်း နှီးနှီး စကားပြောဆိုခဲ့ဖူးပါသည်။ ပြည်တွင်းစစ်ကြောင့် အဓိပ္ပာယ်မဲ့ သေဆုံးခဲ့ကြရသူတို့၏ အလောင်းများကို ဆက်လိုက်မည် ဆိုပါက မြန်မာနိုင်ငံ တောင်ဘက်ခြမ်းက မြောက်ဘက်ခြမ်း အထိ ဆက်နေလောက်ပြီ၊ ဒီလိုအဓိပ္ပာယ်မဲ့သည့် ကိစ္စများကို ရပ်စဲပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ရန်အတွက် စကားပြောရန် အချိန်ရောက်ပြီဟု သူတို့၏ ခံယူချက်ကို စာရေးသူအား ပြောပြခဲ့ဖူးပါသည်။
တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပင်လုံစာချုပ်မှသည် ခေတ်အဆက်ဆက် မြန်မာအစိုးရများသည် တိုင်းရင်းသားများအပေါ်တွင် လိမ်ညာခဲ့သည်ဟု ခံစားချက် အသီးသီးရှိကြပါသည်။ လက်ရှိအခြေအနေကို ကြည့်မည်ဆိုလျှင်လည်း ၎င်းတို့ပြောသည့်အတိုင်း ဖြစ်နေသည်ကို တွေ့နေရပါသည်။ အစိုးရအသစ်နှင့် နိုင်ငံရေး ကိစ္စ လက်နက်ကိုင်ဆောင်ရေးကိစ္စ ဆွေးနွေး သည်ဟုဆိုသော ကတိကို အစိုးရဘက်က ချိုးဖောက်ပြီး နယ်ခြားစောင့်တပ် လုပ်ရန် အဓမ္မ လုပ်ရာမှ တိုက်ပွဲများ ဖြစ်လာကြတာပါ။ ဒါကြောင့် တရားခံဟာ စစ်အာဏာရှင်များသာ ဖြစ်သည်။
တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များကို တင်ပြချင်တာက နှစ်ဘက် အဖွဲ့ဝင်များသည် တိုင်းတပါးသားများ မဟုတ်ကြပါ။ တမြေတည်းနေ တရေတည်း သောက်နေကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါ။ ဘယ်သူ သေသေ မကောင်းပါ။ စစ်အာဏာရှင်စနစ်၏ အမွေဆိုးကြောင့်သာ တဦး နှင့်တဦး သတ်ဖြတ်နေကြရတာပါ။
တဘက်နှင့်တဘက် နားလည်မှုပေးနိုင်ရန် အဓိက လိုပါသည်။ အောက်ခြေ စစ်သည်ချင်း တဦးနှင့်တဦး ရန်သူကဲ့သို့ မဆက်ဆံကြတော့ဘူးဆိုပါက စစ်ပွဲများ ရပ်စဲသွားပါလိမ့်မည်။
လွန်ခဲ့သောလပိုင်းလောက်က တပ်မတော် တပ်ရင်းတရင်းလုံး KIA နှင့် နားလည်မှု ရသွားသည့်အခါ စစ်ခေါင်းဆောင်ကြီးများက တပ်ရင်းမှူးများမှလွဲ၍ မည်သူကိုမျှ အရေးမယူဝံ့သည့် ဖြစ်စဉ် ရှိခဲ့ပါသည်။
ကချင်၊ ကရင်၊ ရှမ်း လက်နက်ကိုင်များကို မေတ္တာရပ်ခံချင်သည်မှာ - တပ်မတော်ထဲတွင်လည်း တိုင်းရင်းသား အများကြီးရှိပါသည်၊ လူမျိုးရေးကို ရှေ့တန်းမတင်ဘဲ စဉ်းစားဆုံးဖြတ်စေချင်ပါသည်၊ မလွှဲသာ၍ တဦးနှင့်တဦး ပစ်ကြခတ်ကြသည်မှလွဲပြီး နားလည် မှုပေးကြရန် လိုပါသည်။
ပြဿနာအားလုံး၏ အဓိကတရားခံ အာဏာရှင်ကြီးများကို မေတ္တာရပ်ခံချင်သည်မှာ - တိုင်းပြည်ကို ပြန်ကြည့်ပါ၊ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဘေးစစ်ဒဏ် သင့်ပြီး ပြည်သူပြည်သားများသည် ဆင်းရဲဒုက္ခ ဒဏ်ရာများနှင့် ပြည့်နေပါပြီ။ ရှိနေသည့် မာန် မာနများကို ခဝါချသင့်နေပါပြီ။
ရရှိခဲ့ပြီးသား တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိုလည်း “ ဝ” ၊ အခါ တို့ကဲ့သို့ ပြန်လည် သဘောတူသင့်ပါသည်။ မိမိစစ်သည်များ ကိုလည်း ပြန်ကြည့်ပါ၊ တော်တော်လေး ခါးချိနေကြပြီ။ ပြည်ပနိုင်ငံကို ထိုသို့သော စစ်ရေးစွမ်းရည်နှင့် ယှဉ်နိုင်ပါ့မလား၊ တရုတ်နိုင်ငံကို တကယ့် မိတ်အစစ်နိုင်ငံဟု ဗိုလ်ချုပ်ကြီးတို့ မသတ်မှတ်နိုင်ဘူး ဆိုသည်ကို နားလည်ပါသည်။
ယခု နိုင်ငံရေးကစားကွက်များ သစ်ဆန်းလာခြင်းမှာ ကောင်းပါသည်။ သို့သော် ကိုယ့်တိုင်းရင်းသားများကိုတော့ ထိုသို့မလုပ်ပါနှင့်၊ စကားပြောကြည့်ပါ။ တဖက်သတ်မဆက်ဆံပါနှင့်၊ ယုံကြည်မှုရရှိရန် လိုပါသည်။
သိက္ခာရှိသည့် အစိုးရဟု နိုင်ငံတကာတွင် လူရာဝင်ချင်ပါက ပြည်တွင်းပြည်ပ၏ ယုံကြည်မှု ရရန်လည်း လိုပါသည်။ အဘယ်ကြောင့် ဆိုပါက ယခင် စစ်အစိုးရခေတ်က လိမ်ညာမှု များခဲ့၍ ဖြစ်သည်။ ယခုလည်း လိမ်ညာနေတုန်း။ နိုင်ငံရေးအကျဉ်းသားမရှိ၊ ကလေး စစ်သားမရှိ ဟူ၍ ဖြစ်သည်။
သမ္မတကြီး ပြောသည့်အတိုင်း လုပ်နိုင်ပါစေဟု ဆန္ဒပြုပါသည်။
မူရင်း -ဧရာဝတီသတင်း

KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုးရေးစီမံကိန်းအပေါ် တားမြစ်နေမှုများကို LDB မှ ထောက်ခံ
စက်တင်ဘာလ ၂၉ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထားဝယ်-ကန်ချနဘူရီ အဝေးပြေး လမ်းမ ဆောက်လုပ်ရေး ရပ်ဆိုင်းရန် တားမြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ခဲ့သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့၏ ဆောင်ရွက်မှုများကို ထောက်ခံကြောင်း ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB)မှ ယမန်နေ့က ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။
LDB ၏ ထုတ်ပြန်ကြေညာချက်များသည် မှန်ကန်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်အကျိုးထိခိုက်စေမည့် လုပ်ဆောင်ချက်များကို ၀ိုင်းဝန်းတားမြစ် ပိတ်ပင်သွားရခြင်းမှာ ပြည်သူအကျိုးအတွက်သာဖြစ်ကြောင်း KNU ၏ တွဲဖက်အ တွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။
ဗိုလ်မှူးစောလှငွေက “ဒီဆောက်လုပ်ရေးတွေက ဘယ်နေရာ ဘယ်ဒေသမှာပဲလုပ်လုပ် အဓိကတော့ ပြည်သူလူထုအကျိုးကို ကြည့်ပြီး ပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ဆောင်ချက်တွေဆိုရင် ကျနော်တို့အနေနဲ့လည်း မတားဆီးပါဘူး။ အခုလည်း ကျနော်တို့အနေနဲ့ ပြည်သူလူထုအတွက် စဉ်းစားပြီး လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော်တို့ဆန္ဒ နဲ့ ထပ်တူဖြစ်ပြီး ထောက်ခံအားပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။”ဟု ပြောသည်။
အီတာလျံထိုင်းကုမ္ပဏီမှ အကောင်အထည်ဖော်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သော ၁၆၀ ကီလိုမီတာရှိသော ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်းမသည် မြန်မာပြည်အတွင်းပိုင်းတွင် ကီလိုမီတာ ၁၃၀ရှည်လျားပြီး လမ်းမတောက်လျှောက်တွင် ဒေသခံ ကရင်တိုင်းရင်းသားပြည်သူများ မှီတင်းနေထိုင်သော ကျေးရွာ ၁၃ရွာ၊ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသည့် ဥယျာဉ်ခြံမြေနှင့် တောင်ယာမြေများ ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည်ဟု LDB က ထောက်ပြထားသည်။
ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးသည် ကချင်အကျိုးအတွက်သာမက မြန်မာတပြည်လုံး၏ အကျိုးအတွက် အရေးပါလှပြီး တစ်ဦး၏ပြဿနာအား တစ်ဦးက နားလည်ပေးနေသည့် LDB ၏ ကြေညာချက်မှာ တပြည်လုံး၏ ငြိမ်းချမ်းရေး အသွင်ဆောင်နေသည့်အတွက် အလွန်ဝမ်းမြောက်လှကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဒု နိုင်ငံခြားရေးတာဝန် ခံ ဗိုလ်မှူးကြီးဂျိမ်း(စ်)လွန်းဒေါင်က ကေအိုင်စီကို ပြောသည်။
“မြစ်ဆုံရေကာတာ တည်ဆောက်မှုဟာ တစ်ပြည်လုံးအရေးဖြစ်ပါတယ်။ ကချင်ပြည်ထဲမှာဆိုရင် ရွာပေါင်း ၆၀နဲ့ လူပေါင်း ၂သောင်းလောက် ဒုက္ခရောက်ကြရမှာပါ။ ကချင်ပြည်တခုထဲ မဟုတ်ဘဲ မြစ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ လူမျိုးစုတိုင်း ဒုက္ခ ရောက်ရမဲ့အရေးပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း ဒီစီမံကိန်းကြီး ဆက်ပြီး မသွားအောင် ရပ်ထားတယ်။ ရှေ့ဆက်ပြီး တော့လည်း လူမျိုးစုအားလုံးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ။”ဟု ဆိုသည်။
ထို့အပြင် ပြည်သူလူထုနှင့် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို လျစ်လျူရှုပြီး အတုအယောင်လွှတ်တော်တွင် ဆုံးဖြတ်ချက် ရယူမှုကို ကန့်ကွက်ကာ ရေကာတာ ဆောက်လုပ်ခြင်း စီမံကိန်းရပ်တန့်သွားစေမည့် KIO ၏ လိုအပ်သော လုပ် ဆောင်မှုများကို ထောက်ခံကြောင်းလည်း LDB က ဆိုသည်။
ဘိုးဘွားစဉ်ဆက် မြန်မာတိုင်းရင်းသားပြည်သူအားလုံး မှီတင်းနေထိုင်ခဲ့သည့် ဧရာဝတီမြစ်ကြီးမှာ မြစ်ဆုံရေကာတာကြောင့် ပျက်စီးပျောက်ကွယ်သွားမည့် အန္တရာယ်ရှိသည့်အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ ပြည် သူအားလုံးနှင့် အဖွဲ့အစည်းများက ရေကာတာဆောက်လုပ်ခြင်းကို အမြန်ဆုံး ရပ်ဆိုင်းရန် တင်ပြ တောင်းဆိုခဲ့ကြသည်။
LDB ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကေအိုင်စီက ဂျပန်ရှိ LDB အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားမည့်သူ မရှိပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့် အရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကာ မြန်မာလူထုကြား၌ အခိုင် အမာ တည်ရှိနေသည့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ် လေးစားကြောင်းကိုလည်း LDB က ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့ကလည်း LDB အနေဖြင့် မြန်မာအစိုးရစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)ကို လေးစားထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
http://www.kicnews.org/?p=7529

Thursday, September 29, 2011
တနင်္သာရီတိုင်းမှ အရပ်သား၂ ဦး ပစ်သတ်ခံရ
ဧရာဝတီ Thursday, 29 September 2011
တနင်္သာရီတိုင်းအတွင်း မွန်လက်နက်ကိုင်အဖွဲ့တခုနောက်သို့ လိုက်နေသည့် အစိုးရစစ်တပ်က အရပ်သား ၂ ဦးကို တနင်္ဂနွေနေ့က ပစ်သတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
ထိုနေ့ ည ၇ နာရီခန့်တွင် ခြေလျင်တပ်ရင်း အမှတ် ၂၈၂ မှ တပ်သားများက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ လော့သိုင်းရွာတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောပြသည်။
ရေဖြူမြို့အ၀င် (ဓာတ်ပုံ - KKM/panorami)
“၂ ယောက် သေသွားတယ်။ တယောက်က ကရင်၊ နောက်တယောက်က မွန်” ဟု ထိုဒေသခံက ဧရာဝတီကို ပြောသည်။
နောက်တနေ့တွင် ပစ်သတ်ခံရသူတို့ကို သဂြိုင်္ဟ်လိုက်ကြောင်း၊ စစ်တပ်က ကျန်ရစ်သူမိသားစုများကို လျော်ကြေးပေးခြင်းမရှိကြောင်း၊ သူက ဖြည့်စွက်ပြောပြသည်။
သေဆုံးသူ မွန်အမျိုးသားမှာ အသက် ၅၀ ကျော်အရွယ်ရှိ နိုင်ဝမ် ဆိုသူဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်သို့ မကြာသေးမီက ရောက်လာသည့် ဒေသခံရွာသားတဦးက ဆိုသည်။
“အဲဒီတုန်းက နိုင်ဝမ်က ရေနွေးကြမ်းသောက်နေတာ၊ ဗီဒီယိုကြည့်နေကြတာ” ဟု သူက ရှင်းပြသည်။
နောက်တဦးအကြောင်းကို မသိရသေးပေ။
စစ်သားများက ထိုနေ့ညနေပိုင်းတွင် ရွာအတွင်းသို့ ၀င်လာသည့် မွန်လက်နက်ကိုင်အဖွဲ့ဝင်များကို ဖမ်းဆီးရန် ကြိုးပမ်းပြီး ဒေသခံတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။
စစ်တပ်က လိုက်လံချေမှုန်းနေသည့် ထိုဒေသမှ မွန်လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်သူများမှာ နိုင်ချမ်းဒိန်း၊ နိုင်ပင် တို့ ဖြစ်သည်။
ရွာသားများ၏ အဆိုအရ မွန်အဖွဲ့ဝင်တဦးကို စစ်သားများက ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လော့သိုင်းရွာသည် ကရင်တိုင်းရင်းသားများ နှင့် မွန်တိုင်းရင်းသားတချို့ နေထိုင်သည့်ရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ခန့် ရှိသည်။
ဤအတောအတွင်း ခလရ ၂၈၂ က လော့သိုင်းရွာဒေသခံများကို ရွာပြင်သို့ ထွက်ခွင့် ပိတ်ပင်ထားသည်။ လယ်ယာလုပ်ငန်းခွင်သို့လည်း သွားခွင့် မပြုကြောင်း ထိုဒေသမှလာသော သတင်းများက ဆိုသည်။
အစိုးရတပ်က လော့သိုင်းရွာကို အမည်းရောင်ဒေသအဖြစ် သတ်မှတ်ထားသည်။
ဒေသခံရွာသူရွာသားများကို ထိုဒေသတွင် လှုပ်ရှားနေသော အစိုးရတပ်သားများ၊ မွန်လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီး နှိပ်စက်ခဲ့ဖူးသည်ဟု သိရသည်။
http://www.irrawaddy.org/bur/index.php/news/7444-2011-09-29-05-58-57

မုန်ဘော် ကချင်ခရစ်ယာန် ဘုရားကျောင်းမှ ဒုက္ခသည် ၁၀၉ ဦး လက်ခံထား
ရှမ်းပြည်မြောက်ပိုင်း မုန်ဘော်မြို့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုက နေရပ်စွန့်ခွာထွက်ပြေးလာသူ ၁၀၉ ဦး ကို လက်ခံထားသည်ဟု ယင်းဘုရားကျောင်းက ဆိုသည်။
ရက်သားအရွယ် ကလေးငယ်နှင့် မိခင်လည်း ရွှေ့ပြောင်းလာသူများထဲတွင် ပါဝင်သည်ဟု ဆိုသည်။
ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ဒုက္ခသည်များသည် အင်္ဂါနေ့က ရောက်ရှိလာကြခြင်းဖြစ်သည် ဟု သိရသည်။
KIA တပ်မဟာ ၄ လွယ်ကန်ဒေသမှ တောတောင်ထဲ တစ်ညအိပ်ကာ မုန်ဘော်ရောက်ရန် တစ်ရက်ကြာ ခြေကျင်ခရီးနင်ရသည်ဟု စစ်ပြေးဒုက္ခသည် အမျိုးသမီးတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။
“အမျိုးသမီးနဲ့ ကလေးငယ်တွေအများစုပဲ။ သူတို့လမ်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ ကျနော်တို့ မုန်ဘော်ကနေ ၅ မိုင်လောက်သွားပြီး ကားနဲ့ကြိုလာတာ” ဟု ဘုရားကျောင်းမှ ဒုက္ခသည်များအား ကူညီနေသူ တစ်ဦးပြောသည်။
စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအစိုးရတပ်က ပစ်သည့် ၁၂၀ မမ အမြောက်ဆံတစ်ခု ရွာထဲ ကျရောက်ပေါက်ကွဲသည့်အတွက် ၁၀-နှစ်ကျော် ပလောင်ကလေး တစ်ယောက် ဒဏ်ရာရရှိသွားသည်ဟု ဒီမားကျေးရွာမှ ရောက်ရှိလာသည့် ဒုက္ခသည်အမျိုးသမီးတစ်ဦးက ထပ်ပြောသည်။
နောက်ထပ် မုန်ဘော်သို့ စစ်ပြေးဒုက္ခသည်များရောက်လာရန် ရှိသည့်အတွက် ကြိုနိုင်ရန် ကားများ အဆင်သင့် ပြုလုပ်ထားသည်ဟု မုန်ဘော်ဘုရားကျောင်းမှ လူငယ်ဆရာတစ်ယောက်ပြောသည်။
စက်တင်ဘာ ၂၄ ရက်စကာ မြန်မာအစိုးရတပ်က KIA တပ်မဟာ ၄ လွယ်ကန်ဒေသကို ထိုးစစ်ဆင်လာသည့်အတွက် စစ်ပြေးဒုက္ခသည် ရာချီထွက်ပြေးလာကြကာ လာရှိုး၊ ကွတ်ခိုင်၊ နမ်အွမ်၊ နမ်ဖတ်ကာ၊ မူဆယ်၊ ပန်ဆိုင်း(ကြူကုတ်)၊ မုန်ဘော်၊ နမ်တောင်၊ မုန်ကိုး ဒေသသို့ ရောက်ရှိလာကြသည်ဟု ၎င်းဒေသမှ ဒုက္ခသည်လေ့လာသူများက ဆိုသည်။
ယခုချိန်အထိ ဒုက္ခသည်များ စားဝတ်နေရေးအတွက် ကချင်ခရစ်ယာန်ဘုရားကျောင်းများက အဓိက ပံ့ပိုးနေသည်ဟု ဒုက္ခသည်များ ပြောသည်။
စစ်ပွဲကြီးစတင်လာပြီး စစ်ပြေး ၂၀၀၀၀ ကျော်သည် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်သည်ဟု KIA တပ်မဟာ ၄ အရာရှိများပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာပဲ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် (SSA/SSPP)နှင့် မြန်မာအစိုးရတပ်ကြား မတ်လကစတင်သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၃၀၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းကို ရှမ်းဒုက္ခသည်ကူညီရေးအဖွဲ့များက လည်း ဆိုသည်။
ကချင်ပြည်နယ်တွင် ဇွန်လကစတင်သည့် တိုက်ပွဲများကြောင့် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် KIO ထိန်းချုပ်သည့် တရုတ်နယ်စပ်ဒေသများတွင် စုစုပေါင်းဒုက္ခသည် ၃၀၀၀၀ ကျော်နေပြီဖြစ်သည်။
http://kachinnews.com/burmese

Wednesday, September 28, 2011
ရှမ်းမြောက် KIA-မြန်မာစစ်တပ် တိုက်ပွဲကြောင့် ဒုက္ခသည် ၂၀၀၀၀ ကျော် ထွက်လာ
ဒီသတင်းလေးမဖတ်ခင် ဆုတောင်းမပြည့်ခဲ့တဲ့ နာမည်ရအဆိုတော် နောနော်(ကချင်အမျိုးသား)၏ "လူသားတိုင်း" သီချင်းလေးကို နားဆင်လိုက်ပါအုံး....
Written by KNG
ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာစစ်အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား (၅) ရက်ကြာ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် ကချင် စစ်ပြေးဒုက္ခသည် ၂၀၀၀၀ ကျော် ထွက်လာသည်ဟု KIA က ဆိုသည်။
အများစုမှာ ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကာ ၎င်းတို့၏ အိုးအိမ်၊ မွေးမြူရေးတိရိစ္ဆာန်များ၊ စပါးခင်းနှင့် သီးနှံစိုက်ခင်းများကို စွန့်ထားကာ နီးစပ်ရာ ဒေသများနှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးလာကြခြင်း ဖြစ်သည်။
နေရပ်စွန့်ခွာလာသူအများစုမှာ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်အတွင်းမှ KIA တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ စစ်ဖြစ်ပွားရာဒေသထဲရှိ ကျေးရွာများမှ ဖြစ်သည်ဟု KIA အရာရှိများပြောသည်။
တပ်မဟာ ၄ နယ်မြေတွင် အနည်းဆုံးအိမ်ခြေပေါင်း ၅၀၀၀ ကျော်ကာ လူဦးရေ ၂၅၀၀၀ ကျော် ရှိသည်။ ဒေသခံများမှာ အဓိက ကချင်နှင့် ပလောင်၊ ရှမ်းလူမျိုးများဖြစ်ကြသည်။
စစ်ပွဲကြီးစတင်လာသည့် စက်တင်ဘာ ၂၄ ရက်ကတည်းက စာသင်ကျောင်းများလည်း ပိတ်ထားကြောင်း စစ်ပြေးဒုက္ခသည်များ ပြောသည်။
ကွတ်ခိုင်မြို့၊ နမ်ဖတ်ကာမြို့၊ နမ်အွမ်မြို့၊ မုန်းပေါမြို့၊ မုန်းကိုမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မူဆယ်မြို့များတွင် နေရပ်စွန့်ခွာလာသူ လူဦးရေ ၁၀၀၀ အောက်ရှိကာ ၎င်းတို့ အသိမိတ်ဆွေအိမ်များနှင့် ခရစ်ယာန် ဘုရားကျောင်းဝင်းများတွင် နေထိုင်ကြသည်ဟု အသင်းတော်များဆိုသည်။
ယခုအချိန်ထိ စစ်ပြေးဒုက္ခသည် အများစုမှာ ထွက်ပြေးရာလမ်းကြောင်းပေါ်တွင် ရှိနေဆဲ ဖြစ်သကဲ့သို့ နီးစပ်ရာတောတောင်များထဲတွင်လည်း ပုန်းအောင်းနေကြဆဲ ဖြစ်သည်ဟု စစ်ပြေးများ ပြောသည်။
ကြူကုတ် (ပန်ဆိုင်း)နှင့် မုန်းကို နယ်စပ်မြို့သို့ ရောက်လာသူများက တရုတ်နိုင်ငံထဲ ၀င်ရောက်ခိုလှုံရန် ကြိုးပမ်းသော်လည်း ၎င်းဒေသရှိမြန်မာပြည်သူ့ရဲတပ်ဖွဲ့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLA နှင့် နယ်ခြားစောင့်တပ်ဖွဲ့က တားမြစ်ထားသည်ဟု ၎င်းမြို့ ၂ ခုမှ ဒေသခံများ ပြောသည်။
စစ်ပွဲကြီးစတင်ချိန်မှ မြန်မာစစ်တပ်က ၁၂၀ မမ အမြောက်ကို အဓိကထားကာ KIA ပစ်မှတ်များအပြင် ရွာများကိုပါ ပစ်ခတ်သောကြောင့် စစ်ပြေးဒုက္ခသည်များ ထွက်လာခြင်းဖြစ်သည်ဟု ကြူကုန်သို့ ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည်တစ်ဦးပြောသည်။
လားရှိုး၊ ကွတ်ခိုင်၊ နမ်အွမ်၊ နမ်ဖတ်ကာ၊ ကြူကုတ် (ပန်ဆိုင်း) မြို့တို့တွင် ဒုက္ခသည်များအား ကချင် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဒေသခံများက အခြေခံလိုအပ်မှုများကို အကူညီပေးနေသည်ဟု အသင်းတော်များ ဆိုပါသည်။
လတ်တလော စစ်ပြေးဒုက္ခသည် ၁၀၀ ခန့် နမ်အွမ် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းတွင် နေထိုင်နေကြသည်။ သို့သော် မြန်မာအစိုးရအာဏာပိုင်များက နိုင်ငံရေးစီစစ်ရေးလက်မှတ်(မှတ်ပုံတင်) လာရောက်စစ်ဆေးသဖြင့် အချို့ ဒုက္ခသည်များ ကြောက်ရွံ့ကာ ဘုရားကျောင်းမှ ထွက်ခွာကာ မြို့ထဲရှိ အသိမိတ်ဆွေအိမ်သို့ ရွှေ့ပြောင်းသွားကြသည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ဇွန်လကတည်းက တိုက်ပွဲများဖြစ်ပွားနေရာ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ်ဒေသနှင့် မြန်မာအစိုးရထိန်းချုပ်ရာ မြို့ပေါ်သို့ စစ်ပြေးဒုက္ခသည် ပေါင်း ၃၀၀၀၀ ကျော်ပြီဖြစ်သည်။
၎င်းတို့အတွက် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ပြည်ပ ကချင်အဖွဲ့အစည်းများက ထောက်ပံ့နေပါသည်။
သို့သော် ရှမ်းပြည်မြောက်ပိုင်းမှ ကချင် ဒုက္ခသည်များကို အစိုးရနှင့် NGO မည်သည့်အဖွဲ့အစည်းမှ ယခုတိုင် အကူညီပေးခြင်း မရှိသေးဟု ၎င်းဒေသရှိ ခရစ်ယာန်ဘုရားကျောင်းမှ ဆရာများပြောသည်။
ယခု မြန်မာစစ်တပ်နှင့် KIA ကြား ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်နေသောတိုက်များ အချိန်တိုအတွင်း ပြီးဆုံးသွားမည့် အရိပ်လက္ခဏာ မရှိသေးသဖြင့် စစ်ပြေးဒုက္ခသည်များ ပိုများလာလိမ့်မည်ဟု KIA တပ်မဟာ ၄ အရာရှိများ ပြောသည်။
http://burmese.kachinnews.com/news

ပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေး အဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Burmese + Burmese (အချင်းချင်းအဆင်ပြေကြဒါ ကောင်းပါတယ်)။ ပြီးရင်တိုင်းရင်းသားတွေပေါ်မှာ ပြတ်သားတဲ့ မူဝါဒတွေ မင်းတို့ ချမှတ်ကွာ.. ပြီးရင် တိုက်စရာရှိရင်တိုက်ကွာ.. ဟုတ်ပြီလား... ဗမာနိုင်ငံရေးဟာ ပျော့ပျော့နဲ့ ကြောင်ချီးလိုနံ့ နေဒါက သမိုင်းနဲ့ ချီနေပြီ။
ဧရာဝတီ Tuesday, 27 September 2011
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တွေ့ဆုံဆွေးနွေးရေး မူဝါဒအပေါ် အခြေခံသည့် ပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ပြီး NLD က လုပ်ဆောင်မည့် နိုင်ငံရေးလမ်းစဉ်များကို ပြည်သူလူထုထံ အသိပေး သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
NLD သည် ၂၃ နှစ်တာ ကာလအထိတိုင်အောင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် ညီညွတ်ရေး၊ စည်းကမ်းရှိရေး၊ သတ္တိတို့အရေးကြီးကြောင်း၊ စည်းကမ်းမရှိဘဲ ညီညွတ်ရေး မရနိုင်ကြောင်း၊ သတ္တိဟုဆိုရာတွင်လည်း အဖွဲ့ဝင်များသည် ၂၃ နှစ်တာ ကာလအတွင်း ခံရဲသည့်သတ္တိ၊ လုပ်ရဲသည့် သတ္တိ၊ အနာဂတ်ကို ရင်ဆိုင်ရဲသည့် သတ္တိ စသည့် သတ္တိအမျိုးမျိုးနှင့် ၂၃ နှစ်ကြာသည်အထိ ကြံ့ကြံ့ခံ ရပ်တည်ခဲ့ရကြောင်း၊ အတိတ်ကာလကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ အကျိုးရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အနာဂတ်ကို ရင်ဆိုင်ရတဲ့ သတ္တိဆိုတာက အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ ကြည့်နိုင်မှဖြစ်နိုင်မှာပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ မကြည့်နိုင်တဲ့သူတွေက အနာဂတ်ကို သတ္တိနဲ့ ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ရာတွင် မကျေနပ်စိတ်၊ ကလဲ့စားချေစိတ်များ မထားသင့်ကြောင်း၊ မိမိ လုပ်ဆောင် နေသော အလုပ်ကို အနစ်နာခံ လုပ်ဆောင်နေသည်ဟု မမြင်ဘဲ မိမိယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု စိတ်ထား တတ်ရန် လိုကြောင်း သူက ဆက်ပြောသည်။
“ကျမတို့ အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် လုပ်နေတယ်ဆိုရင် အနစ်နာခံရတယ်ဆိုတဲ့ စိတ်မျိုးကို မထားစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနစ်နာခံရတယ်လို့ စိတ်ထဲမှာ ထားရင် ဒီစိတ်နဲ့ဒွန်တွဲပြီး ကလဲ့စား ချေချင်စိတ်တွေ၊ မကျေနပ်တဲ့ စိတ်တွေပေါ်လာတယ်။ ကျမကတော့ ကျမရွေးတဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကျေနပ်တယ်။ ကိုယ်က လိုလိုလားလား ပေးဆပ်ရမယ်။ ငါလုပ်ရချည်ရဲ့၊ အနစ်နာခံရချည်ရဲ့ဆိုတဲ့ စိတ်တွေပေါ်လာရင် အကြွေးယူချင်တဲ့စိတ်၊ အကြွေးတောင်းချင်တဲ့စိတ်ကလေးတွေ ပါလာတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
NLD သည် ဒီမိုကရေစီလမ်းစဉ်အတိုင်း အရေးကြီးခြေလှမ်းများ လှမ်းတိုင်း ပြည်သူကို အသိပေးသွားမည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေး မူပေါ်တွင် အခြေခံကာ ပျော့ပျော့ပြောင်းပြောင်း အကြမ်းမဖက်သော လမ်းစဉ်ဖြင့် နိုင်ငံရေး ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း သူက ပြောသည်။
“ဒီမိုကရေစီ ရရှိရေးအတွက် ကိုင်ဆုပ်ထားတဲ့ တွေ့ဆုံဆွေးနွေးရေး မူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ပြီး လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ညီညွတ်ရေး လမ်းစဉ်အတိုင်းပင် ဆက်လက်ထောက်ခံ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယနေ့အချိန်သည် NLD အတွက် အထိအခိုက် မခံနိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြောင်း ပြောဆိုကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြီး ဖြစ်သည့်အတွက် NLD အတွက် အရေးကြီးသော အချိန်ရောက်ရှိနေကြောင်း၊ ထို့ကြောင့် NLD ခေါင်းဆောင်များနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များအကြားတွင် လည်းကောင်း၊ စည်ရုံးရေး အဖွဲ့အစည်းများ အကြားတွင်လည်းကောင်း အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေးမူတို့ဖြင့် NLD ၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒ လမ်းညွှန်ချက်များကို လုပ်ကိုင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဦးတင်ဦးက ပြောသည်။
“အခုအချိန်ကာလမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် အဖွဲ့ချုပ် အဖွဲ့ဝင်များက ဘယ်လိုနည်းနှင့်မှ စုစည်း ညီညွတ်မှု၊ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှုတွေကို လျော့ပါးစေမယ့်၊ ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူတွေကို မပြုလုပ်မိကြဖို့ အထူး လိုအပ်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲ များနှင့်ပတ်သက်သည့်အမြင်ကို ပြည်တွင်း သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းခြင်း ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း ပြောသည်။
“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယနေ့ နံနက် ၁၁ နာရီက စတင်ကျင်းပသော အခမ်းအနားကို NLD အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ အပါအ၀င် ပြည်သူပေါင်း ၆၀၀ ကျော် တက်ရောက် ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ခဲ့ရသော်လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မပြုဘဲ ဖမ်းဆီးအကျဉ်းချထားမှုများ အပါအ၀င် ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နိုင်ငံရေး ပါတီအဖြစ် ၂၃ နှစ်တိုင်တိုင် ရပ်တည်လျက်ရှိသည်။
http://www.irrawaddy.org/bur/index.php/news/7433-2011-09-27-10-35-19

ဖရူဆိုရှိ စိုက်ပျိုးမြေ ဧက ၂၇၀၀ ခန့် စစ်တပ်သိမ်းဆည်း
Written by သတင်းနှင့်မီဒီယာ ကွန်ယက်။
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံများ၏ စိုက်ပျိုးမြေဧက၂၇၀၀ ခန့်ကို စစ်တပ်က သိမ်းဆည်းလိုက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်လိုက်ရပြီး အလုပ်အကိုင်အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
“အခုဆို ဘာလုပ်စားမလဲလို့မေးရင် ဘယ်လိုဖြေရမလဲ မသိဘူး အဲ့ဒီလိုဖြစ်နေတယ်။” ဟု ဖရူဆိုမြို့နယ်၊ ကေးလျား အုပ်စုမှ ဒေသခံတစ်ဦးကပြောသည်။
ဖရူဆိုမြို့နယ်၊ အရှေ့တောင်ဘက်(၅) မိုင်အကွာ မြို့မအုပ်စု၊ ကေးလျားအုပ်စု၊ မာခရော် ရှေ့အုပ်စု အပြင် အနီးဝန်းကျင်ရှိ ကျေးရွာ(၉)ရွာမှ အိမ်ခြေ ၅၀၀ ခန့်၏ စိုက်ပျိုးမြေများကို အမှတ်(၁၄) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန် အတွက် သိမ်းဆည်းခြင်း ဖြစ်သည်ဟု သိရသည်။
စိုက်ပျိုးမြေများ သိမ်းဆည်းလိုက်၍ ယခုအခါ လယ်မြေသစ်များ ထပ်မံရှာဖွေပြီး ပြောင်းရွှေ့စိုက်ပျိုး နေကြရသည်ဟု ကေးလျား ဒေသခံက ဆက်ပြောသည်။
“တောင်ကြို၊ တောင်ကြားတွေ၊ တောင်ပေါ်တွေမှာ နေရာအသစ်ရှာပြီး လုပ်ရတာလေ၊ ဒီမှာက အလုပ်ဆိုတာက တောင်ယာ စိုက်တာတို့ပဲ ရှိတာကိုး၊ လုပ်နေကျ နေရာမှာ မလုပ်ရဘူးဆိုတော့ ရရာနေရာ ရှာရတာ။”
စစ်တပ်က စိုက်ပျိုးမြေများ သိမ်းဆည်းမှုကို သက်ဆိုင်ရာ ဒေသအာဏာပိုင်ထံ တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း ထိုမြေများသည် နိုင်ငံပိုင် မြေလွတ်မြေရိုင်းဆိုသည့် အကြောင်းပြချက်နှင့် ထိရောက်စွာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းတွင် လယ်ယာမြေများအား အဓမ္မသိမ်းယူခွင့် မရှိသလို နိုင်ငံတော် စီမံကိန်းများအတွက် သိမ်းယူရာတွင် သမ္မတ၏ အမိန့်ဖြင့်သာ သိမ်းယူခွင့်ရှိကြောင်း ထည့်သွင်းထားသည်။ ထို့အပြင် သိမ်းဆည်းခံရသည့် လယ်ယာမြေများအား ထိုက်သင့်သည့် နစ်နာကြေး ပေးရန် လွှတ်တော်အမတ်များက အဆိုပြုထားသည်။
အစိုးရတပ်မှ သိမ်းဆည်းမြေများကို ကာလတန်ဖိုးအတိုင်း လျော်ကြေး ပေးခြင်းမရှိဘဲ မြေ တစ်ဧကလျှင် ကျပ် ငါးသောင်းနှုန်း သတ်မှတ်ပြီး မေလ (၂) ရက်နေ့က ထုတ်ပေးသော်လည်း “ဒီငွေ ငါးသောင်းဆိုတာက ဘာမှလုပ်မရဘူး၊ အခုက အရမ်းနစ်နာတယ်၊ အရင်ကဆို ဒီမှာက တစ်ဧကကို တစ်သိန်း၊ နှစ်သိန်း အဲ့ဒီလိုရနေကြ၊ နောက်နှစ်တွေကျရင်လည်း ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။” ဟု မာခရော်ရှေ့ ကျေးရွာအုပ်စုမှ ဒေသခံ ခူးကူးရယ် က ပြောသည်။
စိုက်ပျိုးမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံ တောင်သူများ စုပေါင်းလက်မှတ်ရေးထိုးကာ ကယားပြည်နယ်၊ ဝန်ကြီးချုပ်ထံ လိပ်မူပြီး လွန်ခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့သည်။ ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်အား မိတ္တူ ပေးပို့ထားသည်ဟု ၎င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် ဇူလိုင်လကတည်းက တပ်မတော် တန်းမြင့် လေ့ကျင်ရေးကျောင်း တည်ဆောက်ရန် ဆောက်လုပ်ရေးပစ္စည်းများ ရောက်ရှိနေပြီး မြေညှိခြင်း၊ လမ်းဖောက်ခြင်းများ စတင် လုပ်ကိုင်နေသည့်အပြင် လုံခြုံရေးများ ထပ်မံတိုးချဲ့ထားသည်ဟုလည်း သိရသည်။
ယင်းဒေသတွင် ယခင်က အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၅ နှင့် ခမရ ၅၇၆ တပ်များ လှုပ်ရှားနေပြီး ယခုအခါတွင် ခမရ ၄၂၈ တပ်ရင်း တရင်း ထပ်တိုးလာသည်ဟု ကရင်နီ လူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာန(KFWTC)မှ တာဝန်ခံ ဘားမားနိုင်က ပြောသည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=329&catid=5&Itemid=12

Tuesday, September 27, 2011
မဟာလူမျိုးကြီးဝါဒကို ချဉ်းကပ်ကြည့်ခြင်း
ခိုင်လင်း (မေဃ၀တီ)
မဟာလူမျိုးကြီးဝါဒဆိုတာ မြန်မာတွေဟာ မြင့်မြတ်တယ်လို့ ကျနော့်ရဲ့ ဆောင်းပါးမှာ လုံးဝ (လုံးဝ) မသုံးပါ ။ တချို့ကလည်း မြင့်မြတ်ခြင်းလို့  နားလည်သွား တတ်သလို ရှမ်း နဲ့  မြန်မာ တွေ့ တဲ့အခါ မြန်မာက ရှမ်းကို ငါက နံပါတ်တစ်ဖြစ်တယ် မြင့်မြတ်တယ် မဟာ လူမျိုးကြီး ဖြစ်တယ်ဆိုတဲ့ ပုံစံ မျိုးကို မဆိုလိုဘူး။ လူထုထဲမှာ ရှမ်း၊ ရခိုင်၊ မြန်မာ တခရီးထဲ သွားနိုင်ခြင်းတွေကို ထောက်ပြကြသလို အဲဒီလူတွေနဲ့  တန်းတူ ပူးပေါင်း နေထိုင်ခြင်းတွေ ကိုလည်း ထောက်ပြ ကြပါတယ် ။ အဲဒီလို နိုင်ငံရေးနယ်နဲ့  ကင်းကွာတဲ့ အမြင်တွေ ရှိခြင်းဟာ မဟာ လူမျိုးကြီးဝါဒရဲ့ အောင်မြင်မှု တရပ်လည်း ဖြစ်တယ်။ ဒီဆောင်းပါးဟာလည်း အခန်းဆက်ရေးရန် မရည်ရွယ်သော်လည်း မဟာ လူမျိုးကြီးဝါဒ အပေါ် ထိတွေ့  ဖူးသလောက် ပြောကြ ဆိုကြ ရေးကြ ဆွေးနွေးကြ တာတွေကို ကြားသိ လာရတဲ့အခါ မဟာ လူမျိုးကြီးဝါဒရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းပြရန် လိုအပ်လာတယ် ။ တချို့ကလည်း မဟာ လူမျိုးကြီးဝါဒ ဆိုတာနဲ့  ဆောင်းပါးကို မဖတ်တော့ဘူး တခါတည်း ကုန်းဆဲတာကို တွေ့ ရတယ်။ ဒါကလည်း ဖြစ်တတ်ပါတယ်။ နောက်တချက်က တန်းတူရေးအပေါ် နားမလည်တာတွေလည်း ရှိကြတာ တွေ့ တယ် ။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးနဲ့ တန်းတူရေးဟာ ဆန့် ကျင်ဘက် ဖြစ်သလို အဲဒီ နှစ်ခုဟာ အမြဲတမ်း ပဋိပက္ခအသွင်ကို ဆောင်နေတာ ဖြစ်တယ်။ မဟာ လူမျိုးကြီးဝါဒနဲ့ တန်းတူရေးကို တပြိုင်နက်တည်း ဖော်ဆောင်လို့ မရတဲ့ သဘောပါ။ မဟာ လူမျိုးကြီးဝါဒကို ကျင့်သုံးရင် တန်းတူရေးဆိုတာ မရှိတော့ဘူး။ ထို့ အတူ နိုင်ငံရေးအရ တန်းတူရေးကို ကျင့်သုံးရင် မဟာ လူမျိုးကြီးဝါဒဆိုတာ မရှိတော့ပြန်ဘူး။ တန်းတူရေးကို စာဖတ်သူတွေ ပိုမိုရှင်းလင်းအောင် (နိုင်ငံရေးအရ တန်းတူရေး) လို့  အများအားဖြင့် သုံးစွဲဖြစ်တယ်။ နိုင်ငံရေးအရ တန်းတူရေးဟာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရဲ့ ဆန့်ကျင်ဘက်ပါ။ နိုင်ငံရေးအရ တန်းတူရေးကို အချို့က အလွယ်တကူ သုံးစွဲကြသလို တန်းတူရေးကို လက်ခံ ယုံကြည်ကြောင်း ဗမာ ခေါင်းဆောင်အချို့ သုံးစွဲတာကို တွေ့သလို တန်းတူရေးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုနဲ့ လက်ခံ ယုံကြည်မှုတွေဟာလည်း ရှမ်း၊ ကချင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေပြောတဲ့ တန်းတူရေး တထပ်တည်း ကျရဲ့လားဆိုတာ ဆန်းစစ်စရာ လိုပါလိမ့်မယ်။ အရှင်းဆုံးပြောရရင် မဟာ လူမျိုးကြီးဝါဒကို ပစ်ပယ်လိုက်ရင် နိုင်ငံရေးအရ တန်းတူရေးလို့ ပြောနိုင်တယ်။
ဗမာပြည်နယ်ဟာ အခြား ပြည်နယ်တွေလို ပြည်နယ်တခု အဖြစ်ဖွဲ့စည်းပြီး ညီမျှတဲ့ ကိုယ်စားလှယ် အရေအတွက် စေလွှတ်ပြီး အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းမျိုးဟာ နိုင်ငံရေးအရ တန်းတူရေးဖြစ်ပါတယ်။ အစွန်းရောက် ဗမာအမျိုးသားရေး ၀ါဒီအချို့ကတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ငြင်းဆို ကြပါတယ်။ တဖန် ပြည်သူ့လွှတ်တော်နဲ့  အထက်က ပုံစံမျိုးဖြစ်တဲ့ အမျိုးသား လွှတ်တော်မျိုးကို အာဏာတူ ပေးထားခြင်းမျိုးဟာလည်း နိုင်ငံရေးအရ တန်းတူရေး ဖြစ်ပါတယ်။ အဲဒီ အခြေခံ နှစ်ချက်ဟာ မဟာ လူမျိုးကြီးဝါဒရဲ့ ဆန့်ကျင်ဘက်ပါ။ မဟာလူမျိုးကြီးဝါဒကို ဗမာ အမျိုးသားတိုင်း လက်ခံ ယုံကြည်တာမျိုးတော့ မဟုတ်ပါဘူး။
ဆိုတော့ မဟာ လူမျိုးကြီးဝါဒလွှမ်းမိုးရေး အယူရှိသူတွေလို့ သုံးနှုန်းခြင်းဟာ မြန်မာတွေ အားလုံးကို မုန်းတီးခြင်း၊ ဆန့်ကျင်ခြင်းလို့  မယူဆစေလိုဘူး။ ခေတ်သစ် မြန်မာနိုင်ငံမှာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့ ဗမာအမျိုးသားတွေ ရှိကြပါတယ်။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ဆန့်ကျင်သူတွေကတော့ ဦးအောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေဟာ ထင်ရှားတဲ့ ခေါင်းဆောင်တွေအဖြစ် ညွှန်းဆို ရမှာဖြစ်တယ် ။
ဒါကြောင့် ဗမာ အမျိုးသားတွေထဲမှာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးအုပ်စုနဲ့ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လက်မခံဘဲ ငြင်းပယ်လေ့ရှိတဲ့ အုပ်စုတွေဟာ ခေတ်သစ် မြန်မာနိုင်ငံတည်ဆောက်ကတည်းက တည်ရှိလာခဲ့တာ ယနေ့အချိန်ထိ တည်ရှိနေဆဲ ရှင်သန်နေဆဲ ဖြစ်တယ်။ နိုင်ငံရေးအရ တန်းတူရေးရဲ့ ဆန့်ကျင်ဘက်ဟာ မဟာ လူမျိုးကြီးဝါဒ ဖြစ်သလို မဟာ လူမျိုးကြီးဝါဒရဲ့ ဆန့်ကျင်ဘက်ဟာလည်း နိုင်ငံရေးအရ တန်းတူရေး ဖြစ်ပြန်တယ်။
မဟာလူမျိုးကြီးဝါဒကို အကျဉ်းချုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် မြန်မာနိုင်ငံမှာ အစိုးရလုပ်ပြီး အုပ်ချုပ်သူများဟာ ဗမာတွေ ဖြစ်ရမယ် ဆိုတာပါပဲ ။ ဆိုလိုတာက တကယ့် အဆုံးအဖြတ်တွေကို ဆုံးဖြတ်ပေးမယ့်သူတွေဟာ ဗမာ အမျိုးသားတွေ ဖြစ်နေသလို လူကြား ကောင်းအောင် ဒီမိုကရေစီစနစ်အရ အဆုံးအဖြတ်တွေ ပေးရတဲ့ကာလမျိုးမှာလည်း ဗမာအမျိုးသားတွေက မဲဖြင့် အနိုင်ယူနိုင်အောင် ဖွဲ့စည်းပုံမှာ ရေးဆွဲထားပြီး ဖြစ်တယ်။ ဒီလို အခြေအနေမျိုးတွေကို ကျန် အမျိုးသားတွေ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒီလို နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အုပ်ချုပ်သူ လူတန်းစားဟာ ဗမာ အမျိုးသားတွေ ဖြစ်နေခြင်းကို မဟာ လူမျိုးကြီးဝါဒလို့ ပြောဆိုကြတာ ဖြစ်တယ်။ အဲဒီအခြေအနေမျိုးကို မျှတတဲ့၊ သဟဇာတဖြစ်တဲ့ ငြိမ်းချမ်းလိုတဲ့ ဗမာ အမျိုးသားတွေကတော့ လက်မခံပါဘူး။ ခေတ်သစ် မြန်မာနိုင်ငံမှာ တည်ငြိမ် အေးချမ်းတဲ့ (ငြိမ်းချမ်းတဲ့) နိုင်ငံ တည်ဆောက်မယ် ဆိုရင် အဲဒီလို မညီမမျှတဲ့ ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းခြင်းကို ရှောင်ရှား သင့်တယ်လို့  ထောက်ပြ လာကြတယ်။ ဆိုတော့ ကရင်၊ မွန်၊ ရှမ်းစတဲ့ အမျိုးသားတွေဟာ နိုင်ငံရေးတိုက်ပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ တိုက်ရခြင်း အကြောင်းရင်း (ရင်းမြစ်) ဟာ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဗမာ အမျိုးသားလွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားခြင်းကြောင့် ဖြစ်တယ်ဆိုတာကို ရဲရဲကြီး ပြောရဲတယ်။ ဒီနေရာမှာ အရည်အချင်း အလိုက် သမ္မတဖြစ်ခြင်း၊ ၀န်ကြီးချုပ် ဖြစ်ခြင်းတွေကို မညွှန်းလိုပါဘူး။
ခေတ်သစ် မြန်မာနိုင်ငံမှာ တည်ရှိခဲ့ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု စလုံးကို ယေဘုယျ အားဖြင့် လေ့လာကြည့်ရင် လွှတ်တော် ဖွဲ့စည်းပုံတွေမှာ ဗမာ အမျိုးသားတွေနဲ့ ကျန်အမျိုးသားတွေ အချိုးအစား မညီမျှအောင် ဖွဲ့စည်းထားတာကို တွေ့ရမယ်။ (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံမှာ ပြည်နယ် ကိုယ်စားပြုတဲ့ အမျိုးသား လွှတ်တော်ဟာလည်း ပြည်သူ့လွှတ်တော်လောက် အာဏာ မရှိပါဘူး။ ဒါ့အပြင် ပြည်နယ်တွေက အချိုးညီစွာ ကိုယ်စားပြုခွင့် မပေးခြင်းကိုလည်း (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ အထိ သယ်ယူလာတာကို တွေ့ရမှာ ဖြစ်တယ်။ ထို့ အတူ ကရင်၊ ကချင်၊ ရှမ်း၊ မွန် စတဲ့ အမျိုးသားတွေကို ပြည်နယ်တခုစီ ဖွဲ့စည်းထားပြီး ဗမာ အမျိုးသားပြည်နယ် မဖွဲ့စည်းဘဲ ဗဟိုအစိုးရနဲ့ တွဲဘက်ထားခြင်းဟာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ပုံဖော်ထားခြင်းသာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ အခြားပြည်နယ်တွေ တကျပ်ရတဲ့အခါ ဗမာအမျိုးသားတွေက တိုင်း (၇) ခုအတွက် (၇) ကျပ်ရမှာဖြစ်တယ်။ တကယ်လို့များ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုလည်း အာဏာတူ ပေးထားပြီး ပြည်ထောင်စု အစိုးရက လွှတ်တော်နှစ်ရပ်စလုံးကို အာမခံသည့် တိုင်အောင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို ဒီမိုကရေစီစနစ်အရ မဲခွဲဆုံးဖြတ်ရင်လည်း အမျိုးသားလွှတ်တော်မှာ ရှမ်းအမျိုးသားတွေရဲ့ ထောက်ခံမဲကို တိုင်း (၇) တိုင်း မဲ (၇) ခုပိုင်ဆိုင်ထားတဲ့ ဗမာ အမျိုးသားတွေက အနိုင် ရနိုင်သလို မွန်၊ ကရင်၊ ကချင် စတဲ့ အမျိုးသားတွေကလည်း ရှမ်းအမျိုးသားတွေရဲ့ အဆိုကို ထောက်ခံသည့် တိုင်အောင် မဲအရေအတွက် ညီမျှနေမှာ ဖြစ်တယ်။ အဲဒီလို ရေးဆွဲထားတဲ့ ပြဌာန်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မဟာ လူမျိုးကြီးဝါဒကို ပုံဖော် ထားတာဖြစ်တယ်လို့  ထောက်ပြ ကြတာဖြစ်တယ်။
ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ထွန်းကားရုံနဲ့  မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်မှာ မဟုတ်သလို အာဏာရှင် မရှိခြင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အဖြေမဟုတ်ဘူးလို့  ပြောချင်တယ်။ ဆိုတော့ ရှမ်း၊ မွန်၊ ကရင်၊ ကချင်၊ ရခိုင်စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးကို ထည့်စဉ်းစားရမှာ ဖြစ်တယ်။ ဒါက ပကတိ တည်ရှိနေတဲ့ အနေအထားတွေပါ။ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ခေတ်သစ် မြန်မာနိုင်ငံအတွက် အဖြေကောင်းတခုပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ နိုင်ငံရေးအ ရတန်းတူရေးတွေကို ပြောကြ ဆိုကြ တိုက်ပွဲဝင်ကြရင် မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး (သို့မဟုတ်) ပဉ္စမ မြန်မာနိုင်ငံတော် ထူထောင်ချင်တဲ့ ဗမာအမျိုးသားတွေက ခါးခါးသီးသီး ငြင်းဆိုကြပြီး ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီတွေ၊ လူမျိုးစွဲ ရှိသူတွေအဖြစ် ပြန်လည် ထိုးနှက်ကြတာတွေကို တွေ့ရပါတယ်။ တကယ်တမ်း နက်နက်နဲနဲ စဉ်းစားကြည့်ရင် ခေတ်သစ် မြန်မာနိုင်ငံမှာ ဗမာပြည်ကို ပြည်နယ် တခုအဖြစ် ဖွဲ့စည်းပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ အဖြစ် ဖန်တီးပြီး နိုင်ငံရေးအရ တန်းတူခွင့် အခြေခံတွေနဲ့ နိုင်ငံတော်ကို တည်ဆောက်ခြင်းဟာ ကျဉ်းမြောင်းတဲ့ အမြင်လား (သို့မဟုတ်) ပြည်နယ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ နိုင်ငံရေးအရ တန်းတူခွင့်တွေ မပေးဘဲ ဗမာ အမျိုးသားတွေက အုပ်ချုပ်ရေးပိုင်းမှာ လွှမ်းမိုး နေရာ ယူထားခြင်းမျိုးဟာ ကျဉ်းမြောင်းတဲ့ အမြင်လားဆိုတာ သဘာဝ ကျကျ စဉ်းစားဖို့ လိုအပ်ပါတယ်။
ရှမ်း၊ ကချင်၊ မွန်၊ ရခိုင်၊ ကရင် စတဲ့ အမျိုးသားတွေကို ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေး ကင်းမဲ့တဲ့ ပြည်နယ်တွေ ဖန်တီးပြီး အုပ်ချုပ်ရေးပိုင်းမှာ ဗမာအမျိုးသားတွေ လွှမ်းမိုးရမယ်ဆိုတဲ့ အယူအဆရှိတဲ့ ဗမာအမျိုးသားတွေနဲ့ အဲဒီ အယူအဆကို လုံးဝ လက်မခံတဲ့ ဗမာ အမျိုးသားတွေ ဆိုပြီး တည်ရှိလာခဲ့တာ လွတ်လပ်ရေး အကြိုကာလကပင် ကနေ့အချိန်ထိပဲ ဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဗမာ အမျိုးသား ကြီးစိုးရေးမူကို တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေက တစိုက် မတ်မတ် လုပ်လာခဲ့ခြင်း အပေါ်မှာ တပ်မတော် ကြီးစိုးရေးတို့၊ အာဏာရှင်စနစ်တို့ စသည်ဖြင့် လွှဲမှားတဲ့ အမြင်တွေ ထင်ကျန် ရစ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် အရင်ရော အခုရော ပြောချင်တာက တပ်မတော် ကြီးစိုးရေးတို့၊ အာဏာရှင်စနစ် တည်တံ့ရေးတို့ရဲ့ နောက်ကွယ်မှာ ပြင်းထန်တဲ့ ဗမာ အမျိုးသားရေးဝါဒ ရှိနေတယ်ဆိုတာ ပြောချင်တယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဗမာ အမျိုးသားများ လွှမ်းမိုးရေး အယူအဆကို သာမန်လူတွေ နားလည်အောင် ကြံစည် ပြောဆိုရာက မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး ဆိုတဲ့ ဝေါဟာရ ပေါ်လာတာ ဖြစ်တယ်။ အာဏာရှင်စနစ်လို့ မြင်လာတဲ့အခါ ရွေးကောက်ပွဲတွေ ကျင်းပပေးရင်း အာဏာရှင်စနစ် မဟုတ်ကြောင်း သက်သေပြကာ ရွေးကောက်ပွဲတွေနဲ့ အသွင် ပြောင်းပေးခဲ့ပေမယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာတော့ ဗမာ အမျိုးသားလွှမ်းမိုးရေးကိုပဲ ဦးတည် ရေးဆွဲခဲ့တာ ဖြစ်တယ်။ (၁၉၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ) ဆိုတော့ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဗမာ အမျိုးသားတွေကတော့ လွတ်လပ်ရေး အကြိုကာလကပင် ယနေ့အချိန်ထိ အဲဒီအယူအဆကို ငြင်းပယ် ခဲ့ကြပါတယ်။
(၁၉၇၄) ရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံဟာ ပြည်တွင်းစစ်ကို ပိုမို တောက်လောင်အောင် လုပ်ပေးခဲ့သလို ယခု (၂၀၀၈) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာလည်း ပြည်တွင်းစစ် အရှိန်မြှင့်တင်ရေးကို တွန်းပို့သလို ဖြစ်နေပြန်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မွန်၊ ကရင်၊ ကချင်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေကို လူမျိုးစွဲတွေ၊ အမြင် ကျဉ်းမြောင်းမှုတွေ အဖြစ် ပြောဆိုချက်တွေဟာ ဘယ်အခြေခံပေါ်မှာ ပြောဆို ကြသလဲ။ အဲဒီ အခြေခံပေါ်မှာ ပြောဆိုကြတာရော တရားမျှတရဲ့လား စသည်ဖြင့် ပြန်လည် သုံးသပ်သင့်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ ပင်လုံမူ စတဲ့ အသုံးအနှုန်းတွေ ကြားရင်ပဲ လူမျိုးစွဲတွေ၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေလို့ မြင်တဲ့ ပြောတဲ့ သူကိုယ်တိုင်က ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ တဦးဆိုတာ ထင်ရှားပါတယ်။ ဆိုတော့ ငါတို့ အမျိုးသားတွေသာ အုပ်ချုပ်ရေးပိုင်းမှာ လွှမ်းမိုးရမယ် (မဟာလူမျိုးကြီးဝါဒ) အယူအဆရှိခြင်း သည်ပင်လျှင် ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ၀ါဒီ ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရ တန်းတူရေး လိုချင်ကြတဲ့ အမျိုးသားတွေဟာ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီအဖြစ် မြင်တဲ့အမြင်တွေကို ခ၀ါ ချသင့်ပါပြီ။ ရှမ်း၊ မွန်၊ ကရင်၊ ဗမာ၊ ချင်း၊ ကရင်နီ၊ ကချင်၊ ရခိုင် စတဲ့ အမျိုးသားတွေရဲ့ ပြည်နယ်တွေကို ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေအဖြစ် ဘာကြောင့် မတည်ဆောက် ချင်ရသလဲ။ နိုင်ငံရေးအရ တန်းတူခွင့်ကိုရော ဘာကြောင့် ငြင်းပယ် ချင်ကြသလဲ ဆိုတဲ့ မွေးခွန်းတွေဟာ ကျဉ်းမြောင်းတဲ့ ဗမာ အမျိုးသားရေးဝါဒီတွေအတွက် ဒေါသ ဖြစ်စရာတွေနဲ့အတူ စိန်ခေါ်မှုတရပ် အဖြစ် သမိုင်းမှာ ထင်ကျန်ရစ်ခဲ့တာလည်း အထင်အရှား ဖြစ်တယ်။
ဆိုတော့ အစွန်းရောက် ဗမာ အမျိုးသားတွေနဲ့ တရားမျှတတဲ့၊ ငြိမ်းချမ်းရေးကို လိုလားပြီး လွတ်လပ်ရေး အကြိုကာလမှသည် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေတဲ့ ဗမာ အမျိုးသားတွေကို ကွဲပြားစွာ မြင်ဖို့ အထူး လိုအပ်ပါတယ်။ ကိုယ့်ကို ပြောရဲတာက ဗမာမုန်းတီးရေးသမား မဟုတ်ဆိုတာကို ရဲရဲကြီး ပြောရဲပါတယ်။ ဒါကြောင့် မဟာ လူမျိုးကြီးဝါဒ အခြေခံရှိတဲ့၊ ပဉ္စမ မြန်မာနိုင်ငံတော်ကို ယုံကြည်ကြတဲ့ ဗမာ အမျိုးသားတွေနဲ့ ဆွေးနွေးခြင်း ဆိုင်ရာ ဆောင်းပါးတွေကို ရေးရင်း အတွေးခြင်း အမြင်ခြင်း ဖလှယ်တဲ့ သဘောပါ။ သေချာတာ တခုကတော့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ငြိမ်းချမ်းရေး အပေါ်မှာ အခြေခံသလို ငြိမ်းချမ်းရေး ဆိုတာကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူမှုအပေါ်မှာ အခြေခံရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးဆိုတာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်။ ဒီ အုတ်မြစ် အပေါ်မှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်း ကျင့်သုံးရေးဟာလည်း ခေတ်သစ် မြန်မာနိုင်ငံရဲ့ အဖြေတခု ဖြစ်တယ်။ ဒါပေမယ့် မဟာ လူမျိုးကြီးဝါဒီ အတွက်ကတော့ ခါးသီးတဲ့ စိန်ခေါ်မှုတရပ် ဖြစ်မယ်ထင်ပါတယ်။ ။
ခိုင်လင်း (မေဃ၀တီ)
စက်တင်ဘာလ (၂၁) ရက် ၊ (၂၀၁၁)၊ ညနေ (၈း၃၄) နာရီ
http://arakanreview.net/?p=3352

ကရင်တပ်ဖွဲ့လက်ချက်ဖြင့် အစိုးရစစ်သည် ၄ဦးကျဆုံးသလို မှန်လုံကားတစီး မီးလောင်
စက်တင်ဘာလ ၂၆ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယမန်နေ့က ကရင်တပ်ပူးပေါင်းတပ်ဖွဲ့များသည် ကြောင်လျှာကုန်းရှိ အစိုးရ စစ်တပ်များ အား ၀င်ရောက်ပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က ၄ဦးသေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
စက်တင်ဘာလ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ကရင်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဝါးဗျူဟာနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ် အေ)တို့ပူးပေါင်းပြီး ကြောင်လျှာကုန်းစခန်းရှိ အစိုးရစစ်တပ် ခလရ(၉၇)နှင့် ခမရ(၃၅၇)တပ်ရင်းအား တစ်နာရီဝန်းကျင်ခန့် ၀င် ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေ၏ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ပြောသည်။
“မနေ့က ၁နာရီအချိန်မှာ ကြောင်လျှာကုန်းမှာရှိတဲ့ ရန်သူ့တပ် ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ) ခလရ ၉၇နဲ့ တပ်မ(၂၂)က ခမရ(၃၅၇)တပ်ရင်းတွေကို ကျနော်တို့ ကလိုထူးဝါးဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးစီးပြီး ၀င်ရောက်ပစ် ခတ်တယ်။ ရန်သူ့ဘက်က ၄ဦး သေတယ်။ ကျနော်တို့ဘက်ကတော့ တယောက်မှ မထိဘူး။”ဟု ပြောသည်။
ထို့အပြင် ထိုနေ့မွန်းလွဲ ၃နာရီအချိန်တွင် ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း (၂၅)ကီလိုမီတာ အကွာအဝေးရှိ အောက်ဘိုတဲနေရာတွင် အဆိုပါပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်-မြ၀တီကားလမ်းတွင် ပြေးဆွဲနေသော မှန်လုံကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီမှ ဗိုလ်မှူးစောဆန်းအောင်အား မေးမြန်းရာ “ကြံ့ဖွံ့အစိုးရနဲ့ ကိုယ်ကျိုးကြည့်နေတဲ့ လက် နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး စီးပွားရှာနေတဲ့ ကားမှန်သမျှကို လုပ်နိုင်သလောက် လုပ်ပါလို့ ကျနော်တို့ ဗိုလ်ချုပ်စောလား ပွယ်က ညွှန်ကြားထားပါတယ်။ သာမန်အရပ်သားဥစ္စာက လွဲရင်ပေါ့။ ဒါကြောင့် ကျနော်တို့လုပ်တာဖြစ်တယ်။”ဟု ပြန်လည် ဖြေကြားသည်။
ကားသမားများနှင့် ရင်းနှီးသူတစ်ဦးက “အခုမီးရှို့ခံလိုက်ရတဲ့ ကားသမားက အပြောမတတ်တာလည်း ပါတယ်။ ဟိုက တောင်း တာက ၂သိန်း။ အဲဒါကို ကားသမားက ၆သောင်းပဲပါတယ်။ ယူချင်ယူ မယူချင်နေဆိုတော့ လူတွေကို ဆင်းခိုင်းပြီး ကားကို မီး ရှို့ပစ်လိုက်တာပေါ့။ ကားပိုင်ရှင်က ဖြေရှင်းဖို့လိုက်ပါသေးတယ်။ ဒါပေမဲ့ မမှီတော့ဘူးလေ။ ကားမောင်းသူက ဘယ်ရှုံးမလဲ။ ကားအုံနာပဲ နစ်နာတာပေါ့။”ဟု ဆိုသည်။
အဆိုပါ မှန်လုံကားကြီး မီးရှို့သည့်အချိန်တွင် ကော့ကရိတ်မြို့ နေပူခံကုန်းရှိ အစိုးရစစ်တပ်၏ လက်နက်ကြီးတပ်ဖွဲ့မှ လက် နက်ကြီးများဖြင့် လှမ်း၍ပစ်ခတ်မှုများ အချိန်အတော်ကြာ လုပ်ခဲ့သေးသည်ဟု ဗိုလ်မှူးစောဆန်းအောင်က ဆက်ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ လက်မှတ်ပါသည့် ဟိုင်းလက်ကားတစ်စီးကိုလည်း ဒီကေ ဘီအေ အဖွဲ့မှ မီးရှို့ခဲ့သေးသည်ဟုလည်း ကုန်သည်များနှင့် ကားသမားများက ပြောဆိုနေကြသည်။
ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် ဒီကေဘီအေ အဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီလက မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကား လမ်းတွင် သွားလာနေသည့် ကားကြီးကားငယ်များကို တနှစ်စာ အခွန်ပေးဆောင်ရန် စာထုတ်ထားပြီးနောက် ကားသမားများ ထံမှ ငွေကောက်ခံနေခြင်းဖြစ်သည်။
အလားတူ စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၆နာရီကျော်အချိန်တွင် ဒီကေဘီအေ ကလို့ထူးဘောဌာနချုပ်စစ်ကြောင်းနှင့် ကေအဲန်အယ်လ်အေ(၂၀၁)တပ်ရင်းတို့ပူးပေါင်း၍ မြ၀တီမြို့၏ တောင်ဘက်ခြမ်း ဝေါ်လေဒေသ၊ ဗျူဟာကုန်းရှိ ဗိုလ်မှူးကြီး ရဲမင်း ဦးစီးသည့် နည်းဗျူဟာ(၂)ကို ဆယ်မိနစ်ကျော် ၀င်ရောက်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုကို မသိရှိရကြောင်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။

မြို့သစ် ဆက်သွယ်ရေး မျှော်စင်ရုံးကို KIA ၀င်သိမ်းထား
by KNG
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ်တွင် စိုက်ထူထားသော ဆက်သွယ်ရေးမျှော်စင်ရုံး အား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှ ၀င်သိမ်းထားဆဲ ဖြစ်သည်။
ထိုသို့ဝင်စီးရာတွင် တိုက်ခိုက်မှုမရှိဘဲ KIA လာရောက်သိမ်းပိုက်ချိန်တွင် အစောင့် ရဲတပ်သား ၅ ယောက်သာ ရှိသည်ဟု သိရသည်။
KIA တို့သိမ်းပိုက်လိုက်ပြီးနောက် မြန်မာအစိုးရတပ်များ ထိုဒေသအနီးတ၀ိုက်တွင် နေရာယူလာကြောင်း ဒေသခံများပြောသည်။
http://burmese.kachinnews.com
Type the rest of your post here.

ပထမဆုံး KIA တပ်ရင်းတစ်ခုအား မြန်မာအစိုးရတပ်က သိမ်းပိုက်
by KNG
ရှမ်းပြည်မြောက်ပိုင်းမှ ပထမဆုံး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်ရင်းတစ်ခုအား မြန်မာစစ်တပ်မှ စက်တင်ဘာ (၂၅)၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် သိမ်းပိုက်လိုက်သည်။
ကွတ်ခိုင်အနီး လွယ်ကန်ဌာနချုပ် KIA တပ်မဟာ (၄) အောက် ဗိုလ်မှူး မခေါလရိန် ဦးစီးသည့် ဒတ်နိုင်း အခြေစိုက် KIA တပ်ရင်း (၉) အား မကွေး တပ်မ(၈၈)နှင့် မိတ္ထီလာ တပ်မ(၉၉)မှ နှစ်ရက်ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး သိမ်းယူလိုက်သည်ဟု တပ်မဟာ (၄) KIA အရာရှိများပြောသည်။
နှစ်ရက်ကြာတိုက်ပွဲတွင် KIA မှ ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦးတို့ အစိုးရတပ် အမြောက်ဆံထိမှန် ကျဆုံးခဲ့ကြောင်း KIA အရာရှိများ ဆိုသည်။
အစိုးရစစ်တပ်ဘက်မှ ဒါဇင်နှင့်ချီ ကျဆုံးပြီး (၁၀၀) ခန့် ဒဏ်ရာရရှိကြသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။
မြန်မာစစ်တပ်က ၁၂၀ မမ အမြောက်ကျည်များ ဆက်တိုက်ပစ်ခတ်မှုကို မခံနိုင်သောကြောင့် ဒတ်နိုင်း (KIA တပ်ရင်း (၉) အခြေစိုက်စခန်း)မှ KIA တပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။
ထို့အပြင် တနင်္ဂနွေနေ့ မှာပဲ နမ္မတူအနီး အခြေစိုက် KIA တပ်ရင်း (၈) နှင့် အစိုးရစစ်ကြောင်းများ မံတုံမြို့နယ်ခွဲ နမ်ဟိုင်းအနီးတွင်လည်း ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် KIA တပ်သား ၅ ဦးကျဆုံးပြီး အစိုးရဘက်တွင် အများအပြား ကျဆုံး ထိခိုက် ဒဏ်ရာရရှိမှုရှိသည်ဟု တပ်ရင်း (၈) သတင်းရပ်ကွက်က ဆိုသည်။ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။။
စက်တင်ဘာ ၂၄၊ စနေနေ့ကစပြီး အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မြန်မာစစ်တပ် တပ်မနှစ်ခုနှင့် KIA ကြား KIA တပ်မဟာ (၄) ပတ်ဝန်းကျင် တပ်ရင်း၂၊ တပ်ရင်း ၈ နှင့်တပ်ရင်း ၉ နေရာများတွင် ဖြစ်ပွားခြင်းဖြစ်သည်။
KIA တပ်ရင်း (၉) ကျရှုံးသွားပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ကျယ်ပြန့် ပြင်းထန်လာမည်ဟု KIA အရာရှိများပြောသည်။
ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် တရုတ်နယ်စပ် မုန်းကို သို့ တိမ်းရှောင်လာကြသည့် ကချင်၊ ရှမ်းနှင့် အခြား စစ်ပြေးဒုက္ခသည်များကို တရုတ်နိုင်ငံဘက် မ၀င်လာရန် တရုတ်စစ်သားနှင့် နယ်ခြားစောင့်တပ်များက တားမြစ် စောင့်ကြပ်နေကြောင်း မုန်းကို ဒေသခံများပြောသည်။

Monday, September 26, 2011
KIA တပ်မဟာ(၄) နယ်မြေရှိ ကျေးရွ၆ခုမှ ပြည်သူများ ထွက်ပြေးနေ
ဗမာအစိုးရက UWSA ၀ အဖွဲ့ နှင့် မိုင်းလားအဖွဲ့ ကိုမကြာသေးခင်ကပဲ ငြိမ်းချမ်းရေးအရယူခဲ့တာ အားလုံးအသိပါ။ ၀နဲ့ မိုင်းလားကို ငြိမ်းချမ်းရေးစကားလုံးဖြင့် ခဏထိန်းထားနိုင်ခဲ့ပြီမို့  ကချင်ကို တိုက်ဖို့  အခုစနေပါပြီ။ ဒီနေရာမှာ ၀နဲ့ မိုင်းလားအဖွဲ့ လည်း ကြံ့ဖွံ့ စစ်တပ်က ကချင်ကို ထိုးစစ်ဆင်တဲ့အချိန်မှာ လက်ပိုက်ကြည့်နေရင်တော့ သမိုင်းတကွေ့ မှာ ခင်ဗျားတို့ အလည့်ပြန်ရောက်လာမယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။ ဘ၀တူ ညီကိုတွေတိုက်ပွဲဝင်နေချိန်မှာ ကိုယ်နဲ့ မဆိုင်သလိုလုပ်နေရင် အသင်တို့ သည်လည်း နောင်တချိန်မှာ တိုင်းပြည်အတွက် နေရင်းထိုင်ရင်း ဆူးငြောင့်ခလုတ်တွေဖြစ်သွားမှာပါ။ ကျနုပ်တို့ သည် ဗမာစစ်အာဏာရှင်တွေကိုတိုက်နေပေမယ့် တိုင်းပြည်ကြီးကို တစိတ်လောက်ခွဲပြီး တရုတ်တွေကို မထိုးပေးနိုင်ပါ။ တရုတ်အားကိုးနဲ့  ခင်ဗျားတို့ က ဒီအတိုင်းဆက်သွားနေရင်တော့ နောင်တချိန်မှာ ပြောင်းပြန်စစ်ပွဲတွေ ဖြစ်သွားနိုင်ကြောင်း......
xxxxxxxxxxxxxxxxxx
ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ(၄) ဌာနချုပ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲကြောင့် အနည်းဆုံးကျေးရွာ ၆ ခုမှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးလာကြသည်။
“ရွာထဲမှာ နေလို့မရတော့ဘူး။ မြန်မာစစ်တပ်က ပစ်လိုက်တဲ့ ကျည်၊ အမြောက်ဆံတွေရွာထဲ ကျလာတယ်။ တချို့ ဒဏ်ရာရကြတယ်။ မြန်မာတပ်တွေ ရွာထဲဝင်လာပြီး နှိပ်စက်မှာကို အရမ်းစိုးရိမ်တယ်။ ဒါကြောင့် လုံခြုံတဲ့နေရာကို တိမ်းရှောင်လာတာဖြစ်တယ်” ဟု နေရပ်စွန့်ခွာလာသူ တစ်ဦးပြောသည်။
စစ်တပ်မှ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၉)၊တပ်ရင်း(၃)နှင့် တပ်ရင်း(၈) များတွင် စစ်မျက်နှာ ၃ မျက်နှာဖြင့် ချဉ်းကပ်လာ၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံရွာသားများနေအိမ်တွင် ထိခိုက်၍ ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့သည်။
မြန်မာစစ်တပ်များ အင်အားဖြည့်ချဉ်းကပ်တိုက်ခဲ့ခြင်းဖြစ်၍ KIA တပ်ရင်း (၉) အနီး ဒတ်နိုင်း(Daknai)၊ ဒီမာ(Dima)၊ နောင်အိန် (Nawng Ing)၊ မုန်လီ(Mungli)၊ ထန်ဖာဘွမ်(Htanhpa bum)နှင့် ဘန်ဂိုင်ဘွမ်(Banggai bum) ကျေးရွာသားများသည် မန္တလေး-မူဆယ်လမ်းပေါ်ရှိ နမ်အွမ်(Nam-um)၊ နမ်ဖတ်ကာ(Namhpakka)နှင့် မူဆယ်(Muse)သို့ ထွက်ပြေးကြခြင်းဖြစ်သည်။
မြန်မာအစိုးရတပ်က စက်တင်ဘာလ (၂၄) ရက် မှစတင်ကာ KIA တပ်မဟာ (၄) ဒေသ (တပ်ရင်း ၂၊ တပ်ရင်း ၈၊ တပ်ရင်း ၉)သို့ အင်းတိုက်အားတိုက် ထိုးစစ် ဆင်နွှဲလာသည်။
KIA တပ်ရင်း (၂) အနီးရှိ ကျေးရွာသားများသည် တာမိုးနဲ(Tamunye)နှင့် ကွတ်ခိုင် (Kutkai) သို့ ထွက်ပြေးကြသည်ဟု သိရသည်။
ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ ၀င်ရန် နယ်စပ် ပန်ဆိုင်း (ကြူကုတ်)သို့ ရောက်ရှိလာကြသည့် ဒီမာနှင့် နောက်အိန် ကျေးရွာသား (၄၀)ခန့်အား ပန်ဆိုင်းရှိ မြန်မာရဲတပ်ဖွဲ့ဝင်များက ပန်ဆိုင်း ကချင်နှစ်ခြင်းခရစ်ယာန် ကျောင်းဝင်းတွင်သာ နေထိုင်ရန် ညွှန်ကြားလာသည်ဟု သိရသည်။
ယခုအခါ KIA တပ်ရင်း ၉ အခြေစိုက်စခန်း ဒတ်လက်ဘွမ်(Dak-let Bum)သိမ်းပိုက်ထားသည့် မြန်မာစစ်တပ်၏ တပ်မဟာ ၄ အပေါ်ထိုးစစ်ဆင်မှုပိုမိုကျယ်ပြန့်လာသဖြင့် ဒေသခံများ နေရပ်စွန့်ခွာမှု ပိုမိုများပြားလာမည်ဟု သိရသည်။
by KNG
http://kachinnews.com/burmese/new

နယ်ခြားစောင့်တပ် စီးပွားရေးလုပ်ငန်းပိုင် ကားတစီး မီးရှို့ခံရ
ကရင်ပြည်နယ် ကော့ကရိတ်မြို့အထွက် ကြောင်ရှာကုန်းမှာ ကြံ့ဖွံ့စစ်အစိုးရ စစ်တပ် ခလရ ၉၇ တပ်ရင်းကို ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေဟာ ဒီကနေ့ ၁ နာရီခွဲလောက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်။ ကြံ့ဖွံ့အ စိုးရဘက်မှ တပ်သားတဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
တဆက်တည်းမှာပဲ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်းပေါ်က အောက်ဗိုလ်တဲနေရာမှာ ညနေ ၃ နာရီလောက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ ဦးစီးလုပ်ကိုင်နေတဲ့ မြဝတီ ဘားအံ သယ်ယူပို့ဆောင်းရေးလုပ်ငန်းမှ မှန်လုံကားကြီးတစီးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက မီးရှို့ပစ်ခဲ့တယ်လို့ သိရှိရပါတယ်။
အောက်ဗိုလ်တဲ့မှာ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် က ခုလို့ ရှင်းပြပါတယ်..
“ဟုတ်တယ် ဒီကနေ့ ကျနော်တို့ တပ်ဖွဲ့တွေ ကုန်းသည်ကားလမ်းပေါ်မှာပဲ လှုပ်ရှားမှု ၂ ခု လုပ်ခဲ့တယ်။ ကြောင်ရှာကုန်း မှာ တပွဲ၊ အောက်ဗိုလ်တဲ့မှာကတော့ ကြံ့ဖွံ့စစ်စိုးရနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်နေတဲ့ မှန်လုံကားကြီးတစီးကို မီးရှို့လိုက် တယ်။ ကျနော်တို့ ခေါင်းဆောင်း ဗိုလ်စောလားပွယ်က ကျနော်တို့ အားလုံးကို ညွှန်ကြားထားပါတယ်။ ရိုးရိုးသားသား စီးပွားရှာနေတဲ့ ပြည်သူတွေကို စောင့်ရှောက်ရမယ်။ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း၊ နယ်ခြားစောင့်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေမှုန်းပစ်ရမယ်လို့ ညွှန်ကြားထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လဲ ဒေသခံ ပြည်သူတွေကို အသိပေးထားပြီးဖြစ်တယ်။” လို့ ပြောပြသွားပါတယ်။
http://www.naytthit.net/?p=20084
Saturday, September 24, 2011
ဗိုလ်ချုပ်မှူးကြီးစောမောင်ကို န၀တဥက္ကဌ ရာထူးကနေ ဖယ်ရှားခဲ့ကြစဉ်က
တပ်မှူးတပ်သား ပြောစကား (၀၇၉)
၁၉၆၂ ခုနှစ်ကကော၊ ၁၉၈၈ ခုနှစ်ကကော၊ စိတ်တူသဘောတူအာဏာသိမ်းခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဘက်မြန်မာ့ တပ်မတော်စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာတောင်၊ တဦးးနဲ့တဦး သစ္စာမဲ့ခဲ့ကြတဲ့ သမိုင်းအထောက် အထားတွေ အများအပြားရှိနေတာကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေအပေါ် ဘယ်လောက်ယုံ ကြည်ရမလဲဆိုတာ၊ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သမိုင်းထဲကနေ သင်ခန်းစာယူစရာ ဖြစ်တဲ့၊ ၁၉၈၈ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို စစ်ကောင်စီဝင် ကျန်စစ်ခေါင်းဆောင်တွေ သစ္စာ ဖေါက်ပြီး၊ ၁၉၉၂ ဧပြီလ (၂၇) ရက်နေ့မှာ စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်အကြောင်း၊ မနှစ်က ၂၀၁၀ ခုနှစ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်း တို့ ဆွေးနွေးတင်ပြထားတာကို၊ ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ ပြန်ပြီး တင်ဆက်လိုက်ပါ တယ်။
ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ် ကြီးစောမောင် လူလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ)ဗိုလ်မှူးကြီးခင်မောင်သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင် အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင် သန်း ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေ ဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစော မောင်က “တင်ဦးကို ငါ စစ်ရုံး မှာ မမြင်ချင်ဘူး” ဆို တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူး မပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ထိုအချိန်က တဦးတည်းသော ကစထမှူး) ဆိုပြီးတော့မှ ကရင်ပြည်နယ် ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင်မောင် သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း)၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင် ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)အဖြစ် ရာထူးတက်ခဲ့ပြီးနောက်) ကနေ၊ “မင်းသွား ခင်မောင် သန်း၊ တပ်မ(၅၅) ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်းထုတ် လိုက်ပါတယ်။ အဲဒီ အချိန်အခါတုန်းကတော့ ဗိုလ် ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့ အထက်က ဦးစီးချုပ်က လုပ်တယ်ဆိုတော့ သူက မကျေနပ်ပေမယ့် ငြိမ်ခံနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသလဲ ဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြ အရာရှိပေါ့လေ၊ ဒီ ကကလှမ်း (ကာကွယ်ရေး ၀န်ကြီးဌာန တပ်မ တော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး) နဲ့တော့ အမြဲ သွားဟယ်လာဟယ် အဆက်အသွယ်ရှိတယ်။ ဗိုလ် ချုပ်ကြီး စောမောင်အနားမှာ နေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူး ခင်မောင်စိုး (ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကိုယ် ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေပါ။ ကျနော်တို့ က အမြဲတမ်း ထိတွေ့၊ဆက်ဆံ၊ ပြော ဆိုနေကြတဲ့ အနေအထား မျိုး ရှိပါ တယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့ အခါကျတော့ ပိုသိရပါတယ်။
(ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း = “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ”အဖွဲ့ဝင် အဖြစ်၊ အဆို ပါ စစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉၇ ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါ ၀င်လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်း၊ ပဲခုးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေး ကို ကွပ်ကဲရသော ကစထ(၃) ၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၆ တွင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရပြီး “နိုင်ငံ တော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ”၀င် အဖြစ်မှပါ ၂၀၀၉ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနားပေး ဖယ်ရှား ခြင်းခံခဲ့ရသူ)
ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအ၀င် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဟာ၊ (၈၃) ရာခိုင် နှုန်းလောက်နဲ့ အပြတ်အသတ်အနိုင်ရသွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ် ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူ တကယ်ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ကလိမ်ကကျစ် လုပ် ပြီးတော့မှ ပြောတဲ့ အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်းနေတဲ့ အေဒီလမ်းအရှေ့က အင်းလျား လေးစခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗမာ့သေနတ်ကိုင်တပ်ရင်း - ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင် ရဲ့သားအငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင်ပေါ့၊ ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ ကျနော် အဲဒီမှာ နှစ်လ လောက်ကြာအောင် လုံခြုံရေး လုပ်ရပါတယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအရ လုံ ခြုံရေး) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့အချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင် ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်ကို မကြာမကြာ အ၀င်အထွက်ရှိခဲ့ပါတယ်။ နောက် တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golf ရိုက်တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ ၊ ဗိုလ်ချုပ်မောင်မောင်ခင် နဲ့ ဗိုလ်ချုပ်ဘုန်းမြင့် တို့ လေးယောက် ချက်ချင်းပဲ သူတို့ golf ရိုက်တာကို ရပ်ပြီးတော့၊ သူတို့ golf club ကိုပြန်ပါတယ်။ golf club ရောက် ပြီးတော့မှ ဦးနေ၀င်းရဲ့ကား ယာဉ်တန်း ၀င်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေ၀င်းကို ရန်ကုန်မြို့ မှာ လမ်းမကြီး လေးသွယ် ဖောက်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးသန်းရွှေက ရှင်းပြ ခဲ့ရ ပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အဲဒီ အချိန် အခါထိ နောက်ကွယ်မှာ ရှိပါတယ်။
(အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် - ၁၃) = ယခု ပြည်ထောင်စုဝန်ကြီးနှင့် အဆင့် တူ၊ လက်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ယခင် ၀န်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် နိုင်ငံ ခြားရေး ဒု-၀န်ကြီး ဖြစ်ခဲ့သူ၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင်မောင် ၏ သားကြီး)
(ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆) = ဒေါက်တာမောင်မောင်၏ သားငယ်)
(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့”၀င်၊ ကစထ နှစ်ခုထဲ ရှိစဉ်က၊ အောက်မြန်မာနိုင်ငံ တခုလုံး၏ စစ်ဆင်ရေးများကို ကွပ်ကဲရသူ၊ ကာကွယ် ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂)၏ ကစထမှူး နှင့် ၁၉၉၇ တွင် သစ်တောရေးရာဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)
(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့”၀င်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ၂၀၀၁ တွင် ဒုတိယ၀န်ကြီးချုပ် အဖြစ်မှ အနားပေး ဖယ် ရှားခံရသူ)
(ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” ၀င်၊ စစ်ထောက်ချုပ် နှင့် ၁၉၉၇ တွင် ပြည်ထဲရေးနှင့်သာသနာရေး ၀န်ကြီး အဖြစ်မှ အနားပေး ဖယ်ရှား ခံရသူ)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့ လေ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထားပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက် တွေရဲ့ pressure လည်း များပါ တယ်။ အထူးသဖြင့်တော့ န၀တအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲလေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွှဲပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော် တော်များများမှာ ၀င်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲ။
(ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းကြည် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့” အဖွဲ့ဝင်၊ အနောက်မြောက်တိုင်း (ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်တိုင်းမှူးနှင့် ၁၉၉၇ တွင် ကုန် သွယ်ရေးဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ။ ၂၀၁၀ ဇွန်လတွင် ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နှင့် "နှစ် (၅၀) ကျော် ကိုယ်တွေ့များ" ပထမတွဲကို ရေးသားထုတ်ဝေခဲ့သူ)
(ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင် (ကွယ်လွန်) = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” ၀င်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ၁၉၉၇ တွင် လယ်ယာစိုက်ပျိုး ရေး နှင့် ဆည်မြောင်းဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့၊ ဒီ န၀တ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLD ကို အာဏာလွှဲမပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက်တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ်ဆိုတာ ဗိုလ်ချုပ်ကြီးစော မောင်တစ်ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျ တော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံဘက်ကို ခုန်လိုက်သလဲ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒီ ခြံထဲဝင် သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီ သတိထားမိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန် သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နျုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရ သေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။
(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )မှ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်၊ ထိုစဉ်က NLD ပါတီဥက္ကဌ တာဝန်ယူထားသည့် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူး ကြီးကြည်မောင်အား၊ Asiaweek မဂ္ဂဇင်း သတင်းထောက် Dominique Faulder က၊ “ရွေး ကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦး ဆောင်၍ အစိုးရသစ်ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မတော် မှ စစ်ခေါင်းဆောင်တချို့အား၊ တရားရုံးတင်ပြီး စစ်ဆေးအပြစ်ပေးဖို့ အစီအစဉ်ရှိပါသလား” ဟု မေးမြန်းခဲ့ရာ၊ ဦးကြည်မောင်မှ “မြန်မာနိုင်ငံမှာ နုရင်ဘတ် ခုံရုံးလို၊ ရုံးတင်စစ်ဆေးဖို့ အစီအစဉ် မရှိပါဘူး” ဟု ပြန်လည် ဖြေ ကြားခဲ့သော်လည်း၊ ထိုစဉ်က စစ်ခေါင်းဆောင်များမှ၊ NLD မှ သူတို့အား နုရင်ဘတ်ခုံရုံး ကဲ့သို့ ရုံးတင်စစ် ဆေးဖို့ အစီအစဉ်ရှိသည်ဟု၊ တထစ်ချ မှတ်ယူခဲ့ကြသည်။)
(နုရင်ဘတ်ခုံရုံး (Nuremberg Tribunal) = ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ စစ်ရှုံး နာဇီ ဂျာမန်ခေါင်းဆောင်များ အား စစ်နိုင် မဟာမိတ်နိုင်ငံများက၊ တရားရုံးတင်ပြီး စစ်ဆေး အပြစ်ပေးခဲ့ရာ၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့မှ စစ်တရားခုံရုံး)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ န၀တထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှ တပါး ကျန်တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီး စောမောင် ရဲ့ သြဇာအာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှ မရှိဘူး။ ဗိုလ်ချုပ်ကြီး စောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည် ဆောက်နိုင်တဲ့ အချိန်ကို မရဘူး။ တကယ်တော့ လက်ရှိ ရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာ ဏာတည်ဆောက်လို့ ရမယ်။ ဖြုတ် နိုင်တဲ့ အနေအထား သူ့မှာ မရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ် လို ဖြစ်လာတာလဲခင်ဗျ၊ အားလုံး အတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့အကြံအစည် နဲ့ ဘယ်လိုပါလဲ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီ အပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တဘက်မှာ လည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက် ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါ တယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီးစောမောင် မသိအောင်၊ အရင်က အင်္ဂလန်သံအမတ်ကြီး လုပ်သွားတဲ့ ဗိုလ်မှူးချုပ်ကျော်ဝင်း (ကွယ်လွန်) အဲဒီ အချိန်တုန်းက တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး briefing လုပ်ပေးရ တယ်လို့ သိရပါတယ်။ တကယ့်အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်း ပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင် စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့ စစ်ထောက်ချုပ်တို့ အဲဒီ“ချုပ်” တွေ နဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ ယုံကြည်တဲ့လူ လက်တစ်ဆုပ်စာလောက်နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘော လား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီး သန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင်ပေး မယ်ဆိုတာ သူကလည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ်သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ်လိုဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခုပြန်စဉ်းစားကြည့်တဲ့ အခါမှာ။ ဗိုလ်မှူး ကြားသိသလောက်ပေါ့ အဲဒီအချိန်က။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ)လေယာဉ် လေးတွေ PC လေးတွေ နဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီစာအိပ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့ မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀)တိုင်းရှိတယ်နော်၊ မန္တလေး(နမခ)ကို အဲဒီအချိန်တုန်း က နှစ်ပိုင်းခွဲ ပြီးသွားပြီ။
(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း(၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက် ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် (လပခ - မန္တ လေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - တောင်ငူ) မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ - တောင်ငူ) ဟု ဖြစ်လာခဲ့သည်။ ယခုအခါ ကာ ကွယ်ရေးဝန်ကြီးဌာနအောက်တွင်၊ ၂၀၁၁ နှစ်ဆန်းတွင် အသစ်ဖွင့်ခဲ့သည့် ရှမ်းပြည်နယ် ခိုလမ်တွင် ဌာနချုပ်ထားရှိသော အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) အပါအ၀င်၊ စုစုပေါင်း စစ်တိုင်း (၁၄) တိုင်း ရှိသည်။)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။
ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက န၀တ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေ လား။ နောက် တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက် စိန်တို့ အသုတ်လား ခင်ဗျ။
(ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = န၀တအဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီး နောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ် လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ်ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် အကျဉ်းချခံထားရသူ)
(ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = ဒို့ဗမာအစည်းအရုံးဝင် သခင်ဗဟုန်၏ သား။ န၀တအဖွဲ့ဝင် စစ်တိုင်းမှူး များ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲ တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစားယူခွင့် တောင်းခံပြီး၊ အနားယူသွားခဲ့သူ)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ န၀တအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ်သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေး တယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ် ဆိုရင်၊ ဟိုတခါ“ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ”တုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလိုဖြစ် နေတော့၊ ကိုယ့်ကို လာပြီးစည်းရုံးတဲ့အခါ ၀င်ပါရမလိုလို၊ ၀င်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ် လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီလိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံးအစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း(၁၀) တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှဖြစ်မယ် ဆိုတဲ့ သဘောထား ပေးခဲ့ပါသလား၊ ဒါမှမဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလိုတော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။
(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေး လုံခြုံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် (OTS 29) ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန် ကြံစည်မှုတွင်၊ ပါဝင်ရန် စည်ရုံးခံရသူ စစ်အရာရှိကြီးတချို့က ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် နှင့် တခြား စစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာ မသိရသဖြင့်၊ မိမိတို့ကိုယ် တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘော ပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။
ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာလိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ် တိုင်းမှူးတွေ ကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော် တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ ရသလား” ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကို ပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြောပြီးမှ လုပ်လည်း ဘာမှ လက်မခံစရာ အကြောင်းမှ မရှိတာ၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာ တော့မှ သူတို့က သိရတာကိုး။
ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာမှာ ထား လိုက်တာလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ၀င်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ်ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်း က အဲဒီမှာ ပြောင်းပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေး ပေါ့ဗျာ၊ ဂိတ်ထဲ ၀င်လာရုံပဲလေ၊ အဲဒီနေ့က သတင်းလည်း ကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက် စရာ ရုံးမရှိတော့ဘူး။ အဲဒီလို ဖြစ်တာ။
ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေများလွန်းတဲ့အတွက် ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ်လေ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က ကျနော် တို့ စစ်ရုံးဝင်းထဲမှာ ရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီ ၀င်းထဲမှာ ထိန်းထား လိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ ပြီးတော့မှ အကျယ်ချုပ်သဘော မျိုး ချထားတယ်လို့ ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြောတဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “One” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေး လိုက်ရင် သူလည်း နံပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။
ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေနဲ့ ဘယ်လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက န၀တ ဒုတိယ ဥက္ကဌ နေရာကို သူဘယ်လို များ သဘောထားပါသလဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေ နေရာကို ဘယ် သူများ ရမလဲ ဆိုတဲ့ ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန်တွေ ကြားထဲမှာ ကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ဌာနနဲ့ ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း (DSA 11) (တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲထောက် လှမ်းရေး’ ဌာနမှူး) တို့ ခရီးသွားတဲ့ အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန်တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေး ပေါ့၊ နိုင်ငံခြားသံရုံးတွေ ကလာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တခါ ၀င် သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်” ဆိုတဲ့ ကြောက်ကြောက်နဲ့ ပါပဲ။ ကျနော်တို့က အဆင့် အများကြီး ကွာတဲ့အခါကျတော့။ ၀င် သတင်းပို့တယ်။ ပို့တဲ့ အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လိုထင် လဲ” ဆိုပြီးမေးတော့၊ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရတယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ် ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့အခါကျ တော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ်နဲ့ ၁၉၉၂ ဧပြီလမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီ အချိန်က “နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” တစ်ဖွဲ့လုံး စိတ်တူ သဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေ အကြောင်း ဗိုလ်မှူးအောင်လင်းထွဋ် ရဲ့ ပြောစကားတွေကို နှစ်ပိုင်းခွဲပြီး တင်ဆက်ခဲ့တာပါ ခင်ဗျာ၊ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese/news/soldier-talk/09_24_11_soldiers_talk079-130479973.html

လက်ဝါးကြီးအုပ် နိုင်ငံရေးစနစ်
By Moe Zaw Aung
စက်တင်ဘာ (၁၅) ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဒီမိုကရေစီစနစ်ကောင်းကြောင်းတွေကို ပြောဆိုကြပါတယ်။ ဒီဖြစ်ရပ်မျိုးကို မကြုံစဘူး လွတ်လွတ်လပ်လပ် သတင်းယူနိုင်ကြတာ တွေ့ရပါတယ်။ စစ်အစိုးရ တည်ထောင်တဲ့ ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွံ့ပါတီ ပြည်သူ့ဆက်ဆံရေး မျက်နှာပန်းလှနေပုံကို လွှတ်တော်မှာ တွေ့နိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၈၀) ရာခိုင်နှုန်း နီးပါးရှိတဲ့ ကြံ့ဖွံ့ပါတီဟာ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
စစ်တပ်တည်ထောင်တဲ့ နိုင်ငံရေးပါတီက အရပ်သားအစိုးရဖွဲ့တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ် ၁၉၇၄ ခုနှစ်မှာ စစ်တပ်တည်ထောင်တဲ့ မဆလ - ဆိုရှယ်လစ်ပါတီက အရပ်သားအစိုးရအဖွဲ့ ဖွဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ မဆလ အရပ်သားအစိုးရနိဂုံးချုပ်ပြီး စစ်အစိုးရ တက်လာပြန်ပါတယ်။ အဲဒီစစ်အစိုးရက ကြံ့ဖွံ့ပါတီတည်ထောင်ပြီး အရပ်သားအစိုးရ ဖွဲ့စည်းတာပါ။ ၁၉၇၄ ခုနှစ်မှာ တပါတီ အရပ်သားအစိုးရကို စစ်တပ်က တည်ထောင်ပြီး အခုတခါ ဒီမိုကရေစီအမည်ခံ အရပ်သားအစိုးရကို တည်ထောင်ပါတယ်။ ဒီနည်းနဲ့ စစ်ဗိုလ် လူတန်းစား အာဏာယူထားတာ အနှစ် (၅၀) နီးပါး ရှိနေပါပြီ။
ဗမာအစိုးရ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေဟာ စစ်ဗိုလ်ကို တရားဝင်နိုင်ငံရေး လုပ်ပိုင်ခွင့်ပေးတဲ့ အင်ဒိုနီးရှား အာဏာရှင် ဆူဟာတိုရဲ့  ဒွိဖန်စီ (Dwifungsi) သဘောတရား ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ စစ်တပ်ဟာ ကာကွယ်ရေးမှာ လုပ်ပိုင်ခွင့်ရှိသလို နိုင်ငံရေး၊ စီးပွားရေးမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ဆိုတဲ့ လုပ်ပိုင်ခွင့် နှစ်ရပ်ကို ဥပဒေပြုပြီး ပြဋ္ဌာန်းတာဟာ ဆူဟာတို လမ်းစဉ် ဖြစ်ပါတယ်။ စစ်ဝတ်စုံချွတ်ပြီး သမ္မတအဖြစ် နှစ်ပေါင်းများစွာ အာဏာရှင်လုပ်ခဲ့တဲ့ ဆူဟာတိုဟာ ဗမာဗိုလ်ချုပ်တွေရဲ့  စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇွန်လမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆူဟာတို အား သွားရောက်ဂါရဝပြုပြီး ဆူဟာတို ကိုယ်တိုင် ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလမှာ မြန်မာပြည်ကို လာလည်တဲ့အတွက် မြန်မာနဲ့ အင်ဒိုနီးရှားကို အသွင်တူတဲ့ နိုင်ငံတွေအဖြစ် ဗမာအစိုးရ စာနယ်ဇင်းတွေက အမွှမ်းတင် ရေးသားခဲ့ကြပါတယ်။
ဒွိဖန်စီ သဘောတရားကို အမျိုးသားရေးဝါဒအဖြစ် အသုံးပြုပြီး တိုင်းပြည်နေရာ အနှံအပြားမှာ စစ်မှုထမ်းတွေ စွက်ဖက်လာကြပါတယ်။ စစ်တပ်ရဲ့  လက်ဝါးကြီးအုပ်ချုပ်မှုကြောင့် တပြည်လုံး ချွတ်ခြုံကျလာရတယ်လို့ အင်ဒိုနီးရှား ဗိုလ်ချုပ်တွေက ယုံကြည်လာတဲ့အခါမှာ ဒွိဖန်စီ စနစ် နိဂုံးချုပ်သွားပါတယ်။ ဒွိဖန်စီ စနစ် ကျင့်သုံးလာတဲ့ အနှစ် (၃၀) ကျော်မှာ အင်ဒိုနီးရှား လွှတ်တော်မှာ စစ်ဗိုလ်ပါဝင်တဲ့ အချိုးအစား နည်းလာပါတယ်။ ဆူဟာတို စနစ်နိဂုံးချုပ်တဲ့ ၁၉၉၈ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ် (၅၀၀) မှာ စစ်ဗိုလ် (၇၅) ဦးပဲ ရှိပါတော့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၉၉၉ ခုနှစ်မှာ စစ်ဗိုလ် (၃၈) ဦးအထိ လျော့နည်းလာပြီး နောက်ပိုင်း ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ စစ်ဗိုလ်ကိုယ်စားလှယ် မပါတော့ပါဘူး။ စစ်တပ်အားကိုးပြီး တိုင်းသူပြည်သားများကို ဖိနှိပ်နေလို့ စီးပွားရေး၊ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာတာဟာ အာဏာရှင်စနစ်ရဲ့  နိဂုံး ဖြစ်ပါတယ်။
တချို့ ကလည်း ပျက်စီးသွားတဲ့ အင်ဒိုနီးရှား အာဏာရှင်စနစ်ကို ဗမာက အတုမခိုးတော့ဘူးလို့ ဆိုပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် အရင်ကတည်းက အသိအမှတ်ပြုသူဟာ တရုတ်ကွန်မြူနစ် ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ဘေဂျင်းမှာ ကျင်းပတဲ့ အာရှနိုင်ငံရေးပါတီ ညီလာခံကို ကြံ့ခိုင်အသင်း တက်ရောက်ခဲ့ချိန်ကစပြီး အာဏာမြဲတဲ့ တရုတ်နိုင်ငံရေးစနစ်ကို ဗမာစစ်ဗိုလ်တွေ မျက်စိကျလာတယ်လို့ သုံးသပ်တာမျိုး ရှိလာပါတယ်။ တရုတ်ပြည်မှာ တပါတီ အာဏာရှင်စနစ် ကျင့်သုံးတယ်လို့ လူသိများပေမယ့် တရုတ်ကတော့ ပါတီစုံ ဒီမိုကရေစီစနစ်သာ ဖြစ်ကြောင်း စောဒက တက်ထားပါတယ်။ ပါတီဝင်သန်း (၉၀) ရှိတဲ့ ကွန်မြူနစ်ပါတီအပြင် အခြား နိုင်ငံရေးပါတီ (၈) ပါတီရှိတာကို ထောက်ပြပါတယ်။ ကွန်မြူနစ် မဟုတ်တဲ့ (၈) ပါတီမှာ ပါတီဝင် (၁) သန်းလောက်ရှိပြီး အသိပညာရှင် အတက်ပညာရှင်တွေ အများဆုံး ပါဝင်ကြတယ်လို့ သိရပါတယ်။
၂၀၀၇ မှာ နိုင်ငံတော်ကောင်စီကထုတ်တဲ့ တရုတ်နိုင်ငံရေးပါတီစနစ် ဆိုတဲ့ စာတမ်းမှာ ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တိုင်ပင်ဆွေးနွေးရေးဟာ တိုင်းပြည်ရဲ့  နိုင်ငံရေးဘဝ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးပါတီ (၈) ပါတီကို အတိုက်အခံအဖြစ် မသတ်မှတ်ဘဲ အေးအတူပူအမျှ ကွန်မြူနစ်ပါတီနဲ့ လက်တွဲ လုပ်ကိုင်သူအဖြစ် သတ်မှတ်ထားပါတယ်။ (၈) ပါတီက ပုဂ္ဂိုလ်တွေဟာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှာရော အစိုးရဌာနတွေမှာရော ပါဝင်ကြပါတယ်။ တိုင်ပင်ဆွေးနွေး ပူးပေါင်းလုပ်ကိုင်ရေး စနစ်ကြောင့် ပြိုင်ဆိုင်ရမှုနဲ့ ထိပ်တိုက်တွေ့မှုကင်းပြီး နိုင်ငံရေး တည်ငြိမ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တိုင်ပင်ဆွေးနွေးရမယ်ကိစ္စနဲ့ ဘယ်သူတွေ ပါဝင်ရမယ်ဆိုတာကို အာဏာရပါတီကသာ ဆုံးဖြတ်ပါတယ်။ ၁၉၉၀ က ၂၀၀၆ အထိ (၁၆) နှစ်အတွင်း တိုင်ပင်ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲပေါင်း (၂၃၀) ကျော် ကျင်းပခဲ့ပြီး အယူအဆအမျိုးမျိုးကို ကွန်မြူနစ်ပါတီက ကြားနာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် ဒီမိုကရေစီ အနှစ်သာရဟာ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ နေပြည်တော်မှာ ကျင့်သုံးတဲ့ ဒီမိုကရေစီဆိုတာဟာလည်း ကြံ့ဖွံ့ပါတီ ကြီးကြပ်မှုအောက်မှာ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ကြတာကို ဆိုလိုတာဖြစ်ပုံ ရပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_09-24-2011-130472798.html

ဦးသိန်းစိန်အစိုးရ = နအဖစစ်အုပ်စုရဲ့ ရုပ်သေး
ခုတလော ဦးသိန်းစိန် ရုပ်သေးအစိုးရသစ်နဲ့ ပတ်သက်ပြီး အကောင်း အမြင်နဲ့ သုံးသပ်ကြိုဆိုနေကြတာကို ဆူဆူညံညံ ကြားနေရတယ်။ ဒီလိုသုံးသပ်ပြောဆိုနေကြသူတွေထဲက အများစုဟာ လွှတ်တော်ကိုယ် စားလှယ် ဆိုသူတွေ၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး ၂၀၁၀ ရွေး ကောက်ပွဲမှာ ပါဝင်ခြင်းဖြင့် လွှတ်တော်တွင်းကနေ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေကို လုပ်လို့ရလိမ့်မယ်လို့ မျှော်လင့်နေကြတဲ့ နိုင်ငံ ရေးသမားတွေပဲ ဖြစ်တယ်။
အဆိုပါပုဂ္ဂိုလ်များရဲ့ ဦးသိန်းစိန် ရုပ်သေးအစိုးရနဲ့ပတ်သက်လို့ အ ကောင်းမြင်ဘက်က ကြိုဆိုထောက်ပြတဲ့ အချက်အလက်အချို့က တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမတဦးသိန်းစိန်က တွေ့ဆုံစကား ပြောတာ (NLD ခေါင်း ဆောင်အ ဖြစ် အသိအမှတ်ပြု တွေ့ဆုံခြင်းမ ဟုတ်)၊ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် စီးပွားရေးဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်လေ့လာတာ၊ ၀န်ကြီးတချို့နဲ့ တွေ့ဆုံ စကားပြောတာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကို ပြည်ဝင်ခွင့်ပေးပြီး အစိုးရတာဝန်ရှိပုဂ္ဂိုလ်တချို့ လက်ခံ တွေ့ဆုံတာ၊ မစ္စတာ ကင်တားနားကို ဒေါ်အောင်ဆန်းစုကြည် အပါအ ၀င် နိုင်ငံရေးအကျဉ်းသားအချို့နဲ့ တွေခွင့်ပြုတာ၊ အင်းစိန်ထောင် တွင်းရှိ နိုင်ငံရေးအ ကျဉ်းသားအချို့နဲ့ တွေ့ခွင့်ပြုတာ အပါအ၀င် ဒီအရင်က သမတရဲ့ လွှတ်တော်တွင်းမိန့်ခွန်းနဲ့ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေ တိုင်းပြည်ကိုပြန်လာပြီး အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်ကြဖို့၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ကြ သေးတဲ့ နိုင်ငံရေးအင်အားစုများအနေနဲ့လဲ မတူတာတွေ ကိုဘေးဖယ်ပြီး တူ ညီတဲ့အချက်တွေပေါ်မှာ ဘုံလုပ်ငန်းအဖြစ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ လူမျိုးစုအင်အားစုတွေနဲ့လဲ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်သွားဖို့ ရှိကြောင်း စတဲ့ သမတ ဦးသိန်းစိန်ရဲ့ တိုင်းသိပြည်သိ၊ ကမ္ဘာသိထုတ်ဖော် ပြောကြားချက်တွေ အကြုံးဝင်ပါတယ်။
ဖော်ပြပါ ဦးသိန်းစိန်ရဲ့ မစားရ၀ခမန်းပြောဆိုချက်တွေ၊ လှုပ်ရှားမှုတွေဟာ အမှတ်ပေးရလောက်အောင် ဘယ်လောက် များ အာမခံချက်ရှိပြီး ခိုင်မာနေလို့လဲ။ အမှတ်ပေးနေကြတဲ့ ပုဂ္ဂိုလ်များပြောနေသလို ဦးသိန်းစိန်ရုပ်သေး အစိုးရဟာ တကယ်ပဲ တိုင်းပြည်ငြိမ်းချမ်းရေးရအောင်၊ အမျိုးသားပြန်လည်သွေးစည်းရေးရအောင် လုပ်ပေးနိုင်မလား၊ ဒါကို အ လေးအနက် ဆန်းစစ်ကြည့်သင့်တယ်လို့ ယူဆပါတယ်။
လက်ရှိ ဦးသိန်းစိန်အစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲ။ တကယ်က ဦးသိန်းစိန်အစိုးရဟာ နအဖ ဗိုလ်သန်းရွှေ စစ်အစိုးရ ရဲ့ အဆက်ဖြစ်တယ်။
နအဖ စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို စစ်အစိုးရသဏ္ဌာန်နဲ့ ဆက်လက်ကျင့်သုံး ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး လို့ ယူဆတဲ့အခါ စစ်အုပ်စုအကျိုးစီးပွားကို အကာအကွယ်ပြုတဲ့ ၂၀၀၈ အခြေခံဥပဒေကို အဓမ္မ အတည်ပြုပြီး ဘက်စုံ ညစ်ပတ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်ဗိုလ်လူထွက် ဦးသိန်းစိန် ရုပ်သေးအစိုးရကို စင်တင်ပေး လိုက်တာဖြစ်တယ်။ အပေါ်ယံသဏ္ဌာန်က အရပ်ဝတ်အစိုးရ အတွင်းအနှစ်သာရက စစ်အာဏာရှင်စနစ် ဆက်လက် ထိန်းသိမ်းရေးသာ ဖြစ် တယ်။
ဦးသိန်းစိန် ရုပ်သေးအစိုးရရဲ့ မဟာတာဝန်က စစ်အုပ်စုရဲ အရင်းခံအကျိုးစီးပွားမှန်သမျှကို အကြွင်းမဲ့ အကာအကွယ် ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်အုပ်စုအလိုကျ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ဖို့ပဲ။
၂၀၀၈ အခြေခံဥပဒေက နအဖ စစ်အုပ်စု အကျိုးစီးပွားကို ဘယ်အထိ အာမခံထားသလဲဆိုရင် အတိတ်က စစ်အုပ်စု ၀င် ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးငယ်မှန်သမျှကို လွတ်ငြိမ်းချမ်းသာခွင့်ပြုထားပြီး နောင်အနာဂတ်မှာလဲ အ မြင့်ဆုံးပြစ်မှုကြီး (နိုင်ငံတော်အာဏာကို သိမ်းယူခွင့်) ကိုတောင် အခြေခံဥပဒေနဲ့ အခိုင်အမာ ကျူးလွန်ခွင့် ပြုထား တယ်။
လက်ရှိ ဦးသိန်းစိန် ရုပ်သေးအစိုးရရဲ့ နောက်ကွယ်မှာလဲ အလက (အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီ) ဆို တဲ့အဖွဲ့နဲ့ ကျားကန်ပေးထားတယ်။ အလက ရဲ့ ရည်ရွယ်ချက်က စစ်အုပ်စု အကျိုးစီးပွားကို အာမခံတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ရုပ်သေးအစိုးရက အကောင်အထည်ဖော်ရာမှာ နောက်ကွယ်ကနေ လိုသလို ကြိုးဆွဲရေးပဲ။ ဒီအချက်ကို ကြည့်ရင် ဗိုလ်သန်းရွေ နအဖ စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဘယ်လောက်အထိ အ ကွက်စေ့အောင်ပြင်ထားသလဲဆိုတာ မြင်နိုင်တယ်။ ဒီနေရာမှာ ဗိုလ်နေ၀င်းထက်တောင်သာတယ်လို့ ပြောရမယ်။
နိုင်းယှဉ်ပြရရင် ဒီမိုကရေစီ အရပ်သားအစိုးရတရပ်မှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အစိုးရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနအောက်မှာ တာဝန်ယူရတဲ့ တပ်မတော်အကြီးအကဲ ၀န်ထမ်းတဦးသာဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထက်မှာရှိပြီး လိုအပ်လာရင် ကာကွယ်ရေးဦးစီးချုပ်ကို အရေးယူအပြစ်ပေးတာ၊ တာဝန်က ချထားတာ၊ ထုတ်ပယ်ပစ်တာတွေ လုပ်နိုင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်ရေးရာလုပ်ငန်းတွေကို ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မူပေါ်လစီတွေ အရသာ လုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ်ထင်ရာ ကိုယ်စိုင်းခွင့်မရှိဘူး။
လက်ရှိ ဦးသိန်းစိန် ရုပ်သေးအစိုးရမှာ နိုင်ငံတော်သမတနဲ့ ကာကွယ်ရေးဦးစီးချုပ် နှစ်ဦးအနက် ဘယ်သူက ပိုပြီး အာ ဏာရှိသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ပုံမှန်အားဖြင့်ဆိုရင် သမတ(သို့)ကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်ကို ကာကွယ်ရေးဦးစီးချုပ်က နာခံရမှာဖြစ်ပေမဲ့ ဦးသိန်းစိန်အစိုးရရဲ့အမိန့်ကို အစိုးရရဲ့လက်အောက်ခံ အဖွဲ့ အစည်းဖြစ်တဲ့ စစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ဟာ နာခံပါ့မလား၊ မနာခံတဲ့အပြင် အစိုးရကိုပြန်ပြီး အမိန့်ပေး အကြပ်ကိုင်တာတွေရော မဖြစ်နိုင်ဘူးလား၊ သံသယဖြစ်စရာတွေ အများကြီးရှိတယ်။
ဒီလိုမေးခွန်းထုတ်ရ၊ သံသယရှိရတဲ့အကြောင်းက ၂၀၀၈ အခြေခံဥပဒေက လိုအပ်လာရင် တပ်မတော် (ကာကွယ်ရေး ဦးစီးချုပ်)ကို နိုင်ငံတော်အာဏာ သိမ်းယူနိုင်တယ်ဆိုပြီး ခွင့်ပြုထားလို့ပဲ။ နအဖ စစ်အုပ်စုဟာ (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ဆိုတဲ့) စစ်သုံးစစ်ကို ကိုယ်ရောင်ဖျောက်နိုင်အောင် အရပ်သားအစိုးရကို အာဏာလွှဲပေးပြီးပြီလို့ အကြောင်းပြဖို့ အရပ်ဝတ် သမတ-၀န်ကြီး-လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်စတဲ့ အဆောင်အယောင်တွေကို ခင်းကျင်းထားပေမဲ့ နောက်ဆုံး အဆုံးအဖြတ်အာဏာဟာ ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာ ရှိနေတယ် ဆိုတာမြင် နေရလို့ပဲ။ လက်ရှိကာကွယ်ရေးဦးစီးချုပ်ကိုလဲ နအဖ နံပါတ် ၁ ဗိုလ်သန်းရွှေ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ် ခန့်ထားခဲ့ တာဖြစ်ပြီး လက်ရှိမှာလဲ “အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ”ကတဆင့် ကာကွယ်ရေးဦးစီးချုပ်ကို ကျားကန် ပေးထားတယ်ဆိုတာ တွေ့နေရလို့ပဲ။ ဒါကြောင့် ဦးသိန်းစိန် ရုပ်သေးအစိုးရဟာ ကာကွယ်ရေးဦးစီးချုပ်ကို အမိန့်ပေး ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို နာခံနေရတယ် (ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်ရဲ့မျက်နှာကိုကြည့်ပြီး လှုပ်ရှားနေရတယ်ဆိုရင် အဲဒါဟာ ဒီမိုကရေစီအရပ်သားအစိုးရ ဟန်ဆောင်ထားတဲ့ စစ်အာဏာရှင်ကိုယ်စားပြု ရုပ် သေးအစိုးရလို့ ပြောရမှာ ဖြစ်တယ်။
စစ်အစိုးရအဆက်ဆက်နဲ့ လူမျိုးစုံပြည်သူတွေအကြား နှစ်ရှည်လများဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဘ၀အရရော အခြေခံ အကျိုးစီးပွားအရပါ လုံးဝဆန့်ကျင်ခြားနားနေတဲ့ ပဋိပက္ခဖြစ်တယ်။ စစ်အုပ်စုအကျိုးစီးပွားကို အကာအကွယ် ပေးထား တဲ့ ၂၀၀၈ အခြေခံဥပဒေ တည်ရှိနေသရွေ့ ပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားဖြစ်တဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေး ဆိုတာတွေ အကောင်အထည်ပေါ်လာနိုင်စရာ လမ်းမမြင်ဘူး။
၂၀၀၈ အခြေခံဥပဒေကို အာမခံအကောင် အထည်ဖော်ရတဲ့၊ ဖော်ရမယ့် ဘယ်အစိုးရမျိုးမဆို ၂၀၀၈ အခြေခံ ဥပဒေ ကို မထိပါးတဲ့ အတိုင်းအတာအထိသာ အပေါ်ယံကျတဲ့ (လိမ်ညာမှိုင်းတိုက်ရာမှာ တစုံတရာအသုံးဝင်တဲ့) ပြုပြင် ပြောင်းလဲမှုမျိုးကိုပဲ လုပ်နိုင်မှာဖြစ်တယ်။ ဒီကိစ္စမှာ ဦးသိန်းစိန်ရုပ်သေးအစိုးရဟာ ချွင်းချက်မဟုတ်ဘူး။ ဦးသိန်းစိန် ဟာ ပုဂ္ဂိုလ်တဦးချင်းအရ ရိုးသားသူ စိတ်ကောင်းနှလုံးကောင်းရှိသူ ဖြစ်တယ်ဆိုရင်တောင်မှ ၂၀၀၈ အခြေခံဥပဒေကို စိတ်နဲ့တောင် ပြစ်မှားရဲဖို့ မလွယ်ဘူး။ တကယ်လို့ ဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေကို ထိပါးတာမျိုးလုပ်မိရင်လဲ သမတနန်းတော်ပေါ်က ခေါင်းနဲ့ဆင်းပြေးရဖို့ သေချာတယ်။
နောက်တချက်ထည့်တွက်ရမှာက စစ်အုပ်စုဝင်ဗိုလ်ချုပ်တွေဟာ သူတို့စစ်အုပ်စုအကျိုးစီးပွားနဲ့ ပတ်သက်လာရင် တဦး ချင်းဂုဏ်သိက္ခာ၊ တပ်မတော်ဂုဏ်သိက္ခာ ဆိုတာတွေကို ဘယ်တော့မှ ထည့်တွက်လေ့ မရှိဘူးဆိုတာဘဲ။ သူတို့ကိုယ် တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့တာ၊ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲ ပေးပြီး စစ်တန်းလျားပြန်မယ်ဆိုတဲ့ ဂတိကိုဖျက်ခဲ့တာ၊ လူထုကအသိအမှတ်ြပု ရွေးချယ်ခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကိုသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ ဒီပဲရင်းလူသတ်ပွဲကြီးကို ကျူးလွန်ခဲ့တာ စတာတွေဟာ ဘာ ကိုပြနေလဲ။ စစ်အုပ်စုဝင်ဗိုလ်ချုပ်တွေဟာ သူတို့အကျိုးစီးပွားအတွက်ဆိုရင် ဘယ်လောက်သိက္ခာမဲ့တဲ့ အလုပ်မျိုးကို မဆို လုပ်ဖို့ဝန်မလေးဘူး ဆိုတာကိုပြနေတာဘဲ။
လက်ရှိ ဦးသိန်းစိန်ရုပ်သေးအစိုးရဟာလဲ ၂၀၀၈ အခြေခံဥပဒေကိုမထိပါးရင် စစ်အုပ်စုအတွက် အကျိုးရှိမယ်ဆိုရင် ဘာမဆိုလုပ်မှာသာဖြစ်တယ်။ လိမ်ညာမှိုင်းတိုက်တဲ့နည်း၊ အင်အားသုံး အကြမ်းဖက်တဲ့နည်း၊ ဒီနှစ်နည်းကို အဆင်ပြေ သလို အသုံးချမှာပဲ။
ဒီကနေ့ သမတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတယ်ဆိုတာဟာ ဘာအာမခံချက်မှ အခိုင်အမာရှိတာ မဟုတ်ဘူး။ ပြည်တွင်းပြည်သူတွေနဲ့ နိုင်ငံတကာကို နိုင်ငံရေးအရ လိမ်ညာမှိုင်းတိုက်ဖို့ လိုအပ်လာရင် ဒီထက်မက အ ပြုသဘောလို့ထင်ရတဲ့ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” တွေ့ဆုံဆွေးနွေးပွဲ၊ ပြည်တွင်း စစ်ရပ်စဲရေး “ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” ဆိုတာတွေကိုလဲ လုပ်လာနိုင်သေးတာဘဲ။ ဒီနည်းနဲ့ နိုင်ငံတကာက အကောင်းမြင်လာ အောင် ဒီမိုကရေစီအင်အားစုတွေအတွင်း သွေးကွဲအောင် လုပ်လာနိုင်သေးတာဘဲ။ ဒီလို နိုင်ငံရေးအရ လိမ်ညာမှိုင်း တိုက်မှုတွေ မလိုအပ်တော့ဘူးလို့ ယူဆလာတဲ့အခါ၊ ဒါမှမဟုတ် ဒီလိုနိုင်ငံရေးကစားကွက်တွေက ကိုယ့်ရှူးကိုယ်ပတ် ဖြစ်ပြီး သူ့အတွက် အန္တရာယ်တောင်ရှိလာပြီလို့ ယူဆလာတဲ့အခါ အဲဒီဟန်ပြဆွေးနွေးပွဲတွေကို တဖတ်သတ်ဖျက်ပစ် မှာပဲ။ အတိုက်အခံတွေကိုအပြစ်ဖို့ပြီး ဖမ်းဆီးထောင်ချတာ၊ လူမျိုးစုလက်နက်ကိုင်တော်လှန် ရေးနယ်မြေတွေမှာ စစ် ဆင်ရေးတွေ တဆင့်တိုးလုပ်တာတွေ လုပ်လာမှာဘဲ။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာတာနဲ့ ပျက်သွားတာမျိုး တွေဟာ သာဓကတွေပဲ။
အတိုက်အခံနဲ့အစိုးရ တွေ့ဆုံစကားပြောတယ်ဆိုတာ မတူတဲ့ရပ်တည်ချက် အကျိုးစီးပွားတွေနဲ့ တွေ့ဆုံစကားပြော တာဖြစ်တယ်။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောတယ်ဆိုတာလဲ ဒီလိုပဲဖြစ်ရမှာပဲ။ ဦးသိန်းစိန်က၂၀၀၈ အခြေခံဥပဒေ (စစ်အုပ်စုအကျိုးစီးပွား) အခြေခံပေါ်က ရပ်တည်ပြောမှာပဲ။ အပေါ်ယံအရ အမျိုးသားပြန်လည်သင့် မြတ်ရေးလို့ ဘယ်လိုပဲအော်အော်၊ ၂၀၀၈ အခြေခံဥပဒေဟာ အမျိုးသားအကျိုးစီးပွားကို ကိုယ်စားမပြု၊ စစ်အုပ်စုအ ကျိုးစီးပွားကိုသာ ကိုယ်စားပြုတာဖြစ်လို့ ဦးသိန်းစိန်အစိုးရပြောတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ခေါင်းငုံ့ဝင်ရမယ့် သင့်မြတ်ရေးပဲ ဖြစ်လိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည် ဘက်ကပြောရင် NLD ရဲ့မူဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့ အခြေခံပေါ်က လှုပ်ရှားတာသာဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး။ အခြေအနေက ခွင့်ပြု သလောက် လုပ်လို့ရတာက စလုပ်ရင်း တွေ့ဆုံဆွေးနွေးရေးတံခါးကို တွန်းဖွင့်နိုင်အောင်လုပ်မယ်ဆိုတဲ့ ခြေလှမ်း မျိုး ဖြစ်မယ်ဆိုတာလဲ ယုံမှားစရာမရှိဘူး။
ဒီလိုတွေ့ဆုံစကားပြောပွဲမျိုးမှာ ဒီမိုကရေစီအင်အားစုများအနေနဲ့က ဦးသိန်းစိန်ရုပ်သေးအစိုးရရဲ့ နိုင်ငံရေး အရလိမ် ညာမှိုင်းတိုက်မှုကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့နည်းနာကို နားလည်အောင် ကြိုးစားပြီး ဘယ်လိုဝန်းရံရမယ် ဆိုတာကို လက်တွေ့ကျကျ အဖြေရှာကြဖို့ လိုပါတယ်။
သေချာတာကတော့ စစ်အုပ်စုအကျိုးစီးပွားကို ကိုယ်စားပြုတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ဘယ်လိုခေါင်းဆောင် မှုမျိုးကမှ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေးဆိုတဲ့ ပြည်သူ့အကျိုးစီးပွားကို အကောင်အ ထည်ဖေါ်နိုင်မှာ မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေနေရာမှာ ဒီမိုကရေစီနည်းကျရေးဆွဲထားတဲ့ အခြေခံ ဥပဒေနဲ့ အ စားထိုးနိုင်မှသာ အကောင်အထည်ဖေါ်နိုင်မှာ ဖြစ်တယ်။
နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ထက်မြတ်ပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှန်ပေမဲ့ ဒီလောက်ကြီး ကျယ်တဲ့ သမိုင်းဆိုင်ရာပြဿနာကြီးတွေ (ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူ သွေးစည်း ရေး) ကို သူ တဦးတည်းအောင်မြင်အောင် စွမ်းဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ NLD တပါတီတည်းနဲ့ မဖြစ်နိုင်ဘူး။
မျိုးချစ်ပြည်ချစ် တပ်မတော်တွင်းအင်အားစုများ အပါအ၀င် လက်နက်ကိုင်၊ လက်နက်မကိုင်၊ ဥပဒေတွင်း၊ ဥပဒေပ၊ လက်ဝဲ၊ လက်ျာ နိုင်ငံရေးအင်အားစုမှန်သမျှ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်ပေါ်မှာ စုစည်းညီညွှတ်ကြပြီး တပြည် လုံးလက္ခ ဏာဆောင်တဲ့ ပြည်သူ့အင်အားနဲ့သာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေး ရည်မှန်းချက် တွေကို အကောင်အထည်ဖေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မြတ်နိုး
၂၇-၈-၂၀၁၁
http://www.naytthit.net/?p=20017