Tuesday, September 27, 2011

မဟာလူမျိုးကြီးဝါဒကို ချဉ်းကပ်ကြည့်ခြင်း

ခိုင်လင်း (မေဃ၀တီ)

မဟာလူမျိုးကြီးဝါဒဆိုတာ မြန်မာတွေဟာ မြင့်မြတ်တယ်လို့ ကျနော့်ရဲ့ ဆောင်းပါးမှာ လုံးဝ (လုံးဝ) မသုံးပါ ။ တချို့ကလည်း မြင့်မြတ်ခြင်းလို့  နားလည်သွား တတ်သလို ရှမ်း နဲ့  မြန်မာ တွေ့ တဲ့အခါ မြန်မာက ရှမ်းကို ငါက နံပါတ်တစ်ဖြစ်တယ် မြင့်မြတ်တယ် မဟာ လူမျိုးကြီး ဖြစ်တယ်ဆိုတဲ့ ပုံစံ မျိုးကို မဆိုလိုဘူး။ လူထုထဲမှာ ရှမ်း၊ ရခိုင်၊ မြန်မာ တခရီးထဲ သွားနိုင်ခြင်းတွေကို ထောက်ပြကြသလို အဲဒီလူတွေနဲ့  တန်းတူ ပူးပေါင်း နေထိုင်ခြင်းတွေ ကိုလည်း ထောက်ပြ ကြပါတယ် ။ အဲဒီလို နိုင်ငံရေးနယ်နဲ့  ကင်းကွာတဲ့ အမြင်တွေ ရှိခြင်းဟာ မဟာ လူမျိုးကြီးဝါဒရဲ့ အောင်မြင်မှု တရပ်လည်း ဖြစ်တယ်။ ဒီဆောင်းပါးဟာလည်း အခန်းဆက်ရေးရန် မရည်ရွယ်သော်လည်း မဟာ လူမျိုးကြီးဝါဒ အပေါ် ထိတွေ့  ဖူးသလောက် ပြောကြ ဆိုကြ ရေးကြ ဆွေးနွေးကြ တာတွေကို ကြားသိ လာရတဲ့အခါ မဟာ လူမျိုးကြီးဝါဒရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းပြရန် လိုအပ်လာတယ် ။ တချို့ကလည်း မဟာ လူမျိုးကြီးဝါဒ ဆိုတာနဲ့  ဆောင်းပါးကို မဖတ်တော့ဘူး တခါတည်း ကုန်းဆဲတာကို တွေ့ ရတယ်။ ဒါကလည်း ဖြစ်တတ်ပါတယ်။ နောက်တချက်က တန်းတူရေးအပေါ် နားမလည်တာတွေလည်း ရှိကြတာ တွေ့ တယ် ။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးနဲ့ တန်းတူရေးဟာ ဆန့် ကျင်ဘက် ဖြစ်သလို အဲဒီ နှစ်ခုဟာ အမြဲတမ်း ပဋိပက္ခအသွင်ကို ဆောင်နေတာ ဖြစ်တယ်။ မဟာ လူမျိုးကြီးဝါဒနဲ့ တန်းတူရေးကို တပြိုင်နက်တည်း ဖော်ဆောင်လို့ မရတဲ့ သဘောပါ။ မဟာ လူမျိုးကြီးဝါဒကို ကျင့်သုံးရင် တန်းတူရေးဆိုတာ မရှိတော့ဘူး။ ထို့ အတူ နိုင်ငံရေးအရ တန်းတူရေးကို ကျင့်သုံးရင် မဟာ လူမျိုးကြီးဝါဒဆိုတာ မရှိတော့ပြန်ဘူး။ တန်းတူရေးကို စာဖတ်သူတွေ ပိုမိုရှင်းလင်းအောင် (နိုင်ငံရေးအရ တန်းတူရေး) လို့  အများအားဖြင့် သုံးစွဲဖြစ်တယ်။ နိုင်ငံရေးအရ တန်းတူရေးဟာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရဲ့ ဆန့်ကျင်ဘက်ပါ။ နိုင်ငံရေးအရ တန်းတူရေးကို အချို့က အလွယ်တကူ သုံးစွဲကြသလို တန်းတူရေးကို လက်ခံ ယုံကြည်ကြောင်း ဗမာ ခေါင်းဆောင်အချို့ သုံးစွဲတာကို တွေ့သလို တန်းတူရေးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုနဲ့ လက်ခံ ယုံကြည်မှုတွေဟာလည်း ရှမ်း၊ ကချင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေပြောတဲ့ တန်းတူရေး တထပ်တည်း ကျရဲ့လားဆိုတာ ဆန်းစစ်စရာ လိုပါလိမ့်မယ်။ အရှင်းဆုံးပြောရရင် မဟာ လူမျိုးကြီးဝါဒကို ပစ်ပယ်လိုက်ရင် နိုင်ငံရေးအရ တန်းတူရေးလို့ ပြောနိုင်တယ်။

ဗမာပြည်နယ်ဟာ အခြား ပြည်နယ်တွေလို ပြည်နယ်တခု အဖြစ်ဖွဲ့စည်းပြီး ညီမျှတဲ့ ကိုယ်စားလှယ် အရေအတွက် စေလွှတ်ပြီး အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းမျိုးဟာ နိုင်ငံရေးအရ တန်းတူရေးဖြစ်ပါတယ်။ အစွန်းရောက် ဗမာအမျိုးသားရေး ၀ါဒီအချို့ကတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ငြင်းဆို ကြပါတယ်။ တဖန် ပြည်သူ့လွှတ်တော်နဲ့  အထက်က ပုံစံမျိုးဖြစ်တဲ့ အမျိုးသား လွှတ်တော်မျိုးကို အာဏာတူ ပေးထားခြင်းမျိုးဟာလည်း နိုင်ငံရေးအရ တန်းတူရေး ဖြစ်ပါတယ်။ အဲဒီ အခြေခံ နှစ်ချက်ဟာ မဟာ လူမျိုးကြီးဝါဒရဲ့ ဆန့်ကျင်ဘက်ပါ။ မဟာလူမျိုးကြီးဝါဒကို ဗမာ အမျိုးသားတိုင်း လက်ခံ ယုံကြည်တာမျိုးတော့ မဟုတ်ပါဘူး။

ဆိုတော့ မဟာ လူမျိုးကြီးဝါဒလွှမ်းမိုးရေး အယူရှိသူတွေလို့ သုံးနှုန်းခြင်းဟာ မြန်မာတွေ အားလုံးကို မုန်းတီးခြင်း၊ ဆန့်ကျင်ခြင်းလို့  မယူဆစေလိုဘူး။ ခေတ်သစ် မြန်မာနိုင်ငံမှာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့ ဗမာအမျိုးသားတွေ ရှိကြပါတယ်။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ဆန့်ကျင်သူတွေကတော့ ဦးအောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေဟာ ထင်ရှားတဲ့ ခေါင်းဆောင်တွေအဖြစ် ညွှန်းဆို ရမှာဖြစ်တယ် ။
ဒါကြောင့် ဗမာ အမျိုးသားတွေထဲမှာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးအုပ်စုနဲ့ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လက်မခံဘဲ ငြင်းပယ်လေ့ရှိတဲ့ အုပ်စုတွေဟာ ခေတ်သစ် မြန်မာနိုင်ငံတည်ဆောက်ကတည်းက တည်ရှိလာခဲ့တာ ယနေ့အချိန်ထိ တည်ရှိနေဆဲ ရှင်သန်နေဆဲ ဖြစ်တယ်။ နိုင်ငံရေးအရ တန်းတူရေးရဲ့ ဆန့်ကျင်ဘက်ဟာ မဟာ လူမျိုးကြီးဝါဒ ဖြစ်သလို မဟာ လူမျိုးကြီးဝါဒရဲ့ ဆန့်ကျင်ဘက်ဟာလည်း နိုင်ငံရေးအရ တန်းတူရေး ဖြစ်ပြန်တယ်။

မဟာလူမျိုးကြီးဝါဒကို အကျဉ်းချုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် မြန်မာနိုင်ငံမှာ အစိုးရလုပ်ပြီး အုပ်ချုပ်သူများဟာ ဗမာတွေ ဖြစ်ရမယ် ဆိုတာပါပဲ ။ ဆိုလိုတာက တကယ့် အဆုံးအဖြတ်တွေကို ဆုံးဖြတ်ပေးမယ့်သူတွေဟာ ဗမာ အမျိုးသားတွေ ဖြစ်နေသလို လူကြား ကောင်းအောင် ဒီမိုကရေစီစနစ်အရ အဆုံးအဖြတ်တွေ ပေးရတဲ့ကာလမျိုးမှာလည်း ဗမာအမျိုးသားတွေက မဲဖြင့် အနိုင်ယူနိုင်အောင် ဖွဲ့စည်းပုံမှာ ရေးဆွဲထားပြီး ဖြစ်တယ်။ ဒီလို အခြေအနေမျိုးတွေကို ကျန် အမျိုးသားတွေ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒီလို နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အုပ်ချုပ်သူ လူတန်းစားဟာ ဗမာ အမျိုးသားတွေ ဖြစ်နေခြင်းကို မဟာ လူမျိုးကြီးဝါဒလို့ ပြောဆိုကြတာ ဖြစ်တယ်။ အဲဒီအခြေအနေမျိုးကို မျှတတဲ့၊ သဟဇာတဖြစ်တဲ့ ငြိမ်းချမ်းလိုတဲ့ ဗမာ အမျိုးသားတွေကတော့ လက်မခံပါဘူး။ ခေတ်သစ် မြန်မာနိုင်ငံမှာ တည်ငြိမ် အေးချမ်းတဲ့ (ငြိမ်းချမ်းတဲ့) နိုင်ငံ တည်ဆောက်မယ် ဆိုရင် အဲဒီလို မညီမမျှတဲ့ ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းခြင်းကို ရှောင်ရှား သင့်တယ်လို့  ထောက်ပြ လာကြတယ်။ ဆိုတော့ ကရင်၊ မွန်၊ ရှမ်းစတဲ့ အမျိုးသားတွေဟာ နိုင်ငံရေးတိုက်ပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ တိုက်ရခြင်း အကြောင်းရင်း (ရင်းမြစ်) ဟာ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဗမာ အမျိုးသားလွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားခြင်းကြောင့် ဖြစ်တယ်ဆိုတာကို ရဲရဲကြီး ပြောရဲတယ်။ ဒီနေရာမှာ အရည်အချင်း အလိုက် သမ္မတဖြစ်ခြင်း၊ ၀န်ကြီးချုပ် ဖြစ်ခြင်းတွေကို မညွှန်းလိုပါဘူး။

ခေတ်သစ် မြန်မာနိုင်ငံမှာ တည်ရှိခဲ့ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု စလုံးကို ယေဘုယျ အားဖြင့် လေ့လာကြည့်ရင် လွှတ်တော် ဖွဲ့စည်းပုံတွေမှာ ဗမာ အမျိုးသားတွေနဲ့ ကျန်အမျိုးသားတွေ အချိုးအစား မညီမျှအောင် ဖွဲ့စည်းထားတာကို တွေ့ရမယ်။ (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံမှာ ပြည်နယ် ကိုယ်စားပြုတဲ့ အမျိုးသား လွှတ်တော်ဟာလည်း ပြည်သူ့လွှတ်တော်လောက် အာဏာ မရှိပါဘူး။ ဒါ့အပြင် ပြည်နယ်တွေက အချိုးညီစွာ ကိုယ်စားပြုခွင့် မပေးခြင်းကိုလည်း (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ အထိ သယ်ယူလာတာကို တွေ့ရမှာ ဖြစ်တယ်။ ထို့ အတူ ကရင်၊ ကချင်၊ ရှမ်း၊ မွန် စတဲ့ အမျိုးသားတွေကို ပြည်နယ်တခုစီ ဖွဲ့စည်းထားပြီး ဗမာ အမျိုးသားပြည်နယ် မဖွဲ့စည်းဘဲ ဗဟိုအစိုးရနဲ့ တွဲဘက်ထားခြင်းဟာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ပုံဖော်ထားခြင်းသာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ အခြားပြည်နယ်တွေ တကျပ်ရတဲ့အခါ ဗမာအမျိုးသားတွေက တိုင်း (၇) ခုအတွက် (၇) ကျပ်ရမှာဖြစ်တယ်။ တကယ်လို့များ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုလည်း အာဏာတူ ပေးထားပြီး ပြည်ထောင်စု အစိုးရက လွှတ်တော်နှစ်ရပ်စလုံးကို အာမခံသည့် တိုင်အောင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို ဒီမိုကရေစီစနစ်အရ မဲခွဲဆုံးဖြတ်ရင်လည်း အမျိုးသားလွှတ်တော်မှာ ရှမ်းအမျိုးသားတွေရဲ့ ထောက်ခံမဲကို တိုင်း (၇) တိုင်း မဲ (၇) ခုပိုင်ဆိုင်ထားတဲ့ ဗမာ အမျိုးသားတွေက အနိုင် ရနိုင်သလို မွန်၊ ကရင်၊ ကချင် စတဲ့ အမျိုးသားတွေကလည်း ရှမ်းအမျိုးသားတွေရဲ့ အဆိုကို ထောက်ခံသည့် တိုင်အောင် မဲအရေအတွက် ညီမျှနေမှာ ဖြစ်တယ်။ အဲဒီလို ရေးဆွဲထားတဲ့ ပြဌာန်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မဟာ လူမျိုးကြီးဝါဒကို ပုံဖော် ထားတာဖြစ်တယ်လို့  ထောက်ပြ ကြတာဖြစ်တယ်။

ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ထွန်းကားရုံနဲ့  မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်မှာ မဟုတ်သလို အာဏာရှင် မရှိခြင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အဖြေမဟုတ်ဘူးလို့  ပြောချင်တယ်။ ဆိုတော့ ရှမ်း၊ မွန်၊ ကရင်၊ ကချင်၊ ရခိုင်စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးကို ထည့်စဉ်းစားရမှာ ဖြစ်တယ်။ ဒါက ပကတိ တည်ရှိနေတဲ့ အနေအထားတွေပါ။ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ခေတ်သစ် မြန်မာနိုင်ငံအတွက် အဖြေကောင်းတခုပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ နိုင်ငံရေးအ ရတန်းတူရေးတွေကို ပြောကြ ဆိုကြ တိုက်ပွဲဝင်ကြရင် မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး (သို့မဟုတ်) ပဉ္စမ မြန်မာနိုင်ငံတော် ထူထောင်ချင်တဲ့ ဗမာအမျိုးသားတွေက ခါးခါးသီးသီး ငြင်းဆိုကြပြီး ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီတွေ၊ လူမျိုးစွဲ ရှိသူတွေအဖြစ် ပြန်လည် ထိုးနှက်ကြတာတွေကို တွေ့ရပါတယ်။ တကယ်တမ်း နက်နက်နဲနဲ စဉ်းစားကြည့်ရင် ခေတ်သစ် မြန်မာနိုင်ငံမှာ ဗမာပြည်ကို ပြည်နယ် တခုအဖြစ် ဖွဲ့စည်းပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ အဖြစ် ဖန်တီးပြီး နိုင်ငံရေးအရ တန်းတူခွင့် အခြေခံတွေနဲ့ နိုင်ငံတော်ကို တည်ဆောက်ခြင်းဟာ ကျဉ်းမြောင်းတဲ့ အမြင်လား (သို့မဟုတ်) ပြည်နယ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ နိုင်ငံရေးအရ တန်းတူခွင့်တွေ မပေးဘဲ ဗမာ အမျိုးသားတွေက အုပ်ချုပ်ရေးပိုင်းမှာ လွှမ်းမိုး နေရာ ယူထားခြင်းမျိုးဟာ ကျဉ်းမြောင်းတဲ့ အမြင်လားဆိုတာ သဘာဝ ကျကျ စဉ်းစားဖို့ လိုအပ်ပါတယ်။

ရှမ်း၊ ကချင်၊ မွန်၊ ရခိုင်၊ ကရင် စတဲ့ အမျိုးသားတွေကို ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေး ကင်းမဲ့တဲ့ ပြည်နယ်တွေ ဖန်တီးပြီး အုပ်ချုပ်ရေးပိုင်းမှာ ဗမာအမျိုးသားတွေ လွှမ်းမိုးရမယ်ဆိုတဲ့ အယူအဆရှိတဲ့ ဗမာအမျိုးသားတွေနဲ့ အဲဒီ အယူအဆကို လုံးဝ လက်မခံတဲ့ ဗမာ အမျိုးသားတွေ ဆိုပြီး တည်ရှိလာခဲ့တာ လွတ်လပ်ရေး အကြိုကာလကပင် ကနေ့အချိန်ထိပဲ ဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဗမာ အမျိုးသား ကြီးစိုးရေးမူကို တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေက တစိုက် မတ်မတ် လုပ်လာခဲ့ခြင်း အပေါ်မှာ တပ်မတော် ကြီးစိုးရေးတို့၊ အာဏာရှင်စနစ်တို့ စသည်ဖြင့် လွှဲမှားတဲ့ အမြင်တွေ ထင်ကျန် ရစ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် အရင်ရော အခုရော ပြောချင်တာက တပ်မတော် ကြီးစိုးရေးတို့၊ အာဏာရှင်စနစ် တည်တံ့ရေးတို့ရဲ့ နောက်ကွယ်မှာ ပြင်းထန်တဲ့ ဗမာ အမျိုးသားရေးဝါဒ ရှိနေတယ်ဆိုတာ ပြောချင်တယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဗမာ အမျိုးသားများ လွှမ်းမိုးရေး အယူအဆကို သာမန်လူတွေ နားလည်အောင် ကြံစည် ပြောဆိုရာက မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး ဆိုတဲ့ ဝေါဟာရ ပေါ်လာတာ ဖြစ်တယ်။ အာဏာရှင်စနစ်လို့ မြင်လာတဲ့အခါ ရွေးကောက်ပွဲတွေ ကျင်းပပေးရင်း အာဏာရှင်စနစ် မဟုတ်ကြောင်း သက်သေပြကာ ရွေးကောက်ပွဲတွေနဲ့ အသွင် ပြောင်းပေးခဲ့ပေမယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာတော့ ဗမာ အမျိုးသားလွှမ်းမိုးရေးကိုပဲ ဦးတည် ရေးဆွဲခဲ့တာ ဖြစ်တယ်။ (၁၉၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ) ဆိုတော့ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဗမာ အမျိုးသားတွေကတော့ လွတ်လပ်ရေး အကြိုကာလကပင် ယနေ့အချိန်ထိ အဲဒီအယူအဆကို ငြင်းပယ် ခဲ့ကြပါတယ်။

(၁၉၇၄) ရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံဟာ ပြည်တွင်းစစ်ကို ပိုမို တောက်လောင်အောင် လုပ်ပေးခဲ့သလို ယခု (၂၀၀၈) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာလည်း ပြည်တွင်းစစ် အရှိန်မြှင့်တင်ရေးကို တွန်းပို့သလို ဖြစ်နေပြန်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မွန်၊ ကရင်၊ ကချင်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေကို လူမျိုးစွဲတွေ၊ အမြင် ကျဉ်းမြောင်းမှုတွေ အဖြစ် ပြောဆိုချက်တွေဟာ ဘယ်အခြေခံပေါ်မှာ ပြောဆို ကြသလဲ။ အဲဒီ အခြေခံပေါ်မှာ ပြောဆိုကြတာရော တရားမျှတရဲ့လား စသည်ဖြင့် ပြန်လည် သုံးသပ်သင့်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ ပင်လုံမူ စတဲ့ အသုံးအနှုန်းတွေ ကြားရင်ပဲ လူမျိုးစွဲတွေ၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေလို့ မြင်တဲ့ ပြောတဲ့ သူကိုယ်တိုင်က ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ တဦးဆိုတာ ထင်ရှားပါတယ်။ ဆိုတော့ ငါတို့ အမျိုးသားတွေသာ အုပ်ချုပ်ရေးပိုင်းမှာ လွှမ်းမိုးရမယ် (မဟာလူမျိုးကြီးဝါဒ) အယူအဆရှိခြင်း သည်ပင်လျှင် ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ၀ါဒီ ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရ တန်းတူရေး လိုချင်ကြတဲ့ အမျိုးသားတွေဟာ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီအဖြစ် မြင်တဲ့အမြင်တွေကို ခ၀ါ ချသင့်ပါပြီ။ ရှမ်း၊ မွန်၊ ကရင်၊ ဗမာ၊ ချင်း၊ ကရင်နီ၊ ကချင်၊ ရခိုင် စတဲ့ အမျိုးသားတွေရဲ့ ပြည်နယ်တွေကို ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေအဖြစ် ဘာကြောင့် မတည်ဆောက် ချင်ရသလဲ။ နိုင်ငံရေးအရ တန်းတူခွင့်ကိုရော ဘာကြောင့် ငြင်းပယ် ချင်ကြသလဲ ဆိုတဲ့ မွေးခွန်းတွေဟာ ကျဉ်းမြောင်းတဲ့ ဗမာ အမျိုးသားရေးဝါဒီတွေအတွက် ဒေါသ ဖြစ်စရာတွေနဲ့အတူ စိန်ခေါ်မှုတရပ် အဖြစ် သမိုင်းမှာ ထင်ကျန်ရစ်ခဲ့တာလည်း အထင်အရှား ဖြစ်တယ်။

ဆိုတော့ အစွန်းရောက် ဗမာ အမျိုးသားတွေနဲ့ တရားမျှတတဲ့၊ ငြိမ်းချမ်းရေးကို လိုလားပြီး လွတ်လပ်ရေး အကြိုကာလမှသည် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေတဲ့ ဗမာ အမျိုးသားတွေကို ကွဲပြားစွာ မြင်ဖို့ အထူး လိုအပ်ပါတယ်။ ကိုယ့်ကို ပြောရဲတာက ဗမာမုန်းတီးရေးသမား မဟုတ်ဆိုတာကို ရဲရဲကြီး ပြောရဲပါတယ်။ ဒါကြောင့် မဟာ လူမျိုးကြီးဝါဒ အခြေခံရှိတဲ့၊ ပဉ္စမ မြန်မာနိုင်ငံတော်ကို ယုံကြည်ကြတဲ့ ဗမာ အမျိုးသားတွေနဲ့ ဆွေးနွေးခြင်း ဆိုင်ရာ ဆောင်းပါးတွေကို ရေးရင်း အတွေးခြင်း အမြင်ခြင်း ဖလှယ်တဲ့ သဘောပါ။ သေချာတာ တခုကတော့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ငြိမ်းချမ်းရေး အပေါ်မှာ အခြေခံသလို ငြိမ်းချမ်းရေး ဆိုတာကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူမှုအပေါ်မှာ အခြေခံရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးဆိုတာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်။ ဒီ အုတ်မြစ် အပေါ်မှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်း ကျင့်သုံးရေးဟာလည်း ခေတ်သစ် မြန်မာနိုင်ငံရဲ့ အဖြေတခု ဖြစ်တယ်။ ဒါပေမယ့် မဟာ လူမျိုးကြီးဝါဒီ အတွက်ကတော့ ခါးသီးတဲ့ စိန်ခေါ်မှုတရပ် ဖြစ်မယ်ထင်ပါတယ်။ ။

ခိုင်လင်း (မေဃ၀တီ)
စက်တင်ဘာလ (၂၁) ရက် ၊ (၂၀၁၁)၊ ညနေ (၈း၃၄) နာရီ
http://arakanreview.net/?p=3352

No comments:

Post a Comment