by မန်းစိုင်းမွန်
မြန်မာအစိုးရနဲ့ ကေအန်ယူတို့အပစ်ရပ်ရေး ဆွေးနွေးနေပေမယ့် ထားဝယ်ခရိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အစိုးရတပ် စစ်ကွပ်ကဲရေးဋ္ဌာနချုပ် စကခ ၈ လက်အောက်ခံ ခမရ ၄၀၉ နဲ့ ထားဝယ်ခရိုင် ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) တပ်မဟာ ၄ နယ်မြေမှာ ဒီဇင်ဘာ ၆ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ကေအန်ယူ တပ်မဟာ ၄ ပြောခွင့်ရသူတဦးက “တိုက်ပွဲဖြစ်တာက ကျနော်တို့ထားဝယ်ခရိုင် မေတ္တာမြို့နယ်တွင်းမှာ။ ဖြစ်တာက ၁၀ မိနစ်လောက်ပဲကြာတယ်။ မိုင်းခွဲပြီး ၁၀ မိနစ်လောက် ပစ်ကြတာပေါ့။ ရန်သူကတော့ တပ်သား ၁ ဦးရယ်၊ တပ်ကြပ် ၂ ဦး ဒဏ်ရာရတယ်။ သေတာတော့ ကျနော်တို့မသိရဘူး”လို့ ပြောပါတယ်။
ခမရ ၄၀၉ တပ်ရင်းက တိုက်ပွဲမှာ ဒဏ်ရာရစစ်သားတွေကို ထီးထာစခန်းကို ပို့ဖို့ ဒေသခံရွာသားတွေကို ပေါ်တာဆွဲတဲ့အပြင် ရွာအပြင်မှာရှိတဲ့ တောင်ယာတွေကို မသွားဖို့ အမိန့်ထုတ်ထားတယ်လို့ ကေအန်ယူက ပြောပါတယ်။
အစိုးရက ငြိမ်းချမ်းရေးစကားကမ်းလှမ်းနေတဲ့ တချိန်တည်းမှာ စစ်တပ်တွေကို အင်အားတိုးချဲ့နေတာဖြစ်ကြောင်း တပ်မဟာ ၄ ပြောခွင့်ရသူက ဆိုပါတယ်။
“အပေါ်က ငြိမ်းချမ်းရေးဆိုပြီး အောက်မှာ တပ်တွေတအားတိုးနေတယ်။ အစတုန်းက ဒီနယ်မြေမှာ တပ်ရင်း ၂ ရင်းတည်းရှိတာ၊ အခု ၃ ရင်းထပ်တိုးလာတော့ ၅ ရင်း ဖြစ်သွားတာပေါ့။ အောက်မှာ တပ်တွေက တအားတိုးတော့ ကျနော်တို့ဘက်ကလည်း ကိုယ့်နယ်မြေထဲဝင်လာတော့ ကိုယ်ကချရမှာပေါ့။”
နိုဝင်ဘာ ၂၀ ရက်နေ့က ကေအန်ယူနဲ့ မြန်မာအစိုးရ အထူးကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဂရိုင်းခရိုင်မှာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက်ပိုင်း နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရား ၃ ဆူမြို့နယ်ခွဲမှာ ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း ၁၆ နဲ့ဘုရားသုံးဆူမြို့အခြေစိုက် ခမရ ၅၄၃ တပ်ရင်း တိုက်ပွဲဖြစ်ပြီး အစိုးရစစ်သား ၆ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/18729
No comments:
Post a Comment