Written by မောင်ရမ္မာ
ပင်လုံစာချုပ်ဆိုတာ အင်္ဂလိပ် လက်အောက်ကနေ တောင်တန်းနှင့်ပြည်မ တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူနိုင်ရေးအလို့ငှာ "တိုင်းရင်းသားများနှင့် အတူလက်တွဲကာ ငြိမ်းချမ်းစွာ နေထိုင်ပါမည်" ဟူသော ကတိက၀တ်ကြောင့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၁) နာရီမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပူးတွဲ လက်မှတ်ရေးထိုးခဲ့ကြတယ်။
ပင်လုံစာချုပ်အကြောင်းကို ကျနော်သင်တဲ့ လူမှုသိပ္ပံဘာသာတွဲ Grade 11 (A) မှာသင်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာရတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို မိတ္တူဆွဲပေးပြီး ကျောင်းသားတွေကို လေ့လာခိုင်းပါတယ်။ သူတို့တွေမှာရှိတဲ့ ပင်လုံနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို လေ့လာထားဖို့ လိုအပ်ကြောင်းကို ကျောင်းသားတွေကို ပြောဖြစ်ပါတယ်။
ကျောင်းသားတွေကို အုပ်စုနှစ်ခုခွဲပြီး တစုက ဗမာကိုယ်စားပြုအဖွဲ့နဲ့ နောက်တစုက တိုင်းရင်းသား ကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးမှုလေး ဖြစ်လာဖို့ ၄၅ မိနစ် စာသင်ချိန် ၄ ချိန်လောက်ကို သုံးခဲ့ရပါတယ်။ ဆွေးနွေးပွဲဖြစ်တော့ ထင်ထားတာထက် အချိန် ပိုကြာတာကို တွေ့ရပါတယ်။ ဆွေးနွေးပွဲကြာချိန် တနာရီ ခွဲ ထိကြာခဲ့ပါတယ်။ အခုတလော ကြားနေရတဲ့ ခေတ်သစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲထက် အချိန် ပိုကြာတယ်လို့ ပြောနိုင်ပါတယ်။
ဗမာတိုင်းရင်းသား ခေါင်းဆောင်အဖြစ် ဆောင်ရွက်တဲ့ ကျောင်းသားပြောဆိုသွားတာ တော်တော်ကောင်းတယ်လို့ ပြောရပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဒို့တိုင်းရင်းသား ညီအကို မောင်နှမတွေ ဥမကွဲ သိုက်မပျက် နေထိုင်ဖို့ ဆွေနွေးဖို့လာတဲ့ အကြောင်းကို စကားဦးချီ ပြောသွားတာ ဒီနေ့ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ မြန်မာပြည်က ခေါင်းဆောင်တွေ လေ့လာသင်တယ်လို့ထင်မိပါတယ်။
ကချင်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား သွားပြောတဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးကြီးထက် ကျနော့် အထက်တန်း ကျောင်းသားတွေက ပိုတော်မယ် ထင်ပါတယ်။
ဗမာခေါင်းဆောင်တွေ ပြောအပြီးမှာ တိုင်းရင်းသားကိုယ်စားပြုအဖွဲ့က အဆို တင်သွင်းပါတယ်။ တိုင်းတပါးနယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းက ကျနော်တို့ ညီအကိုတွေ အချင်းချင်း ချစ်ချစ်ခင်ခင် နေထိုင်ကြဖို့လိုတယ်ဆိုတာ သဘောတူကြောင်း။ ဒါကြောင့် ဒီလိုမျိုး အစည်းအဝေးကို တက်ရောက်လာတာ ဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားဖက်က လိုတာကို အားမနာတမ်း ပြောသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ တင်ပြတိုင်း အားလုံး သဘောတူဖို့ မဟုတ်ဘဲ ညှိနှိုင်းကြဖို့ကို တိုင်းရင်းသား ခေါင်းဆောင်နေရာကနေပြောပြီး၊ ပြည်မနဲ့အတူတူ လွတ်လပ်ရေးယူဖို့ ကျနော်တို့ဖက်က တောင်းဆိုချက် (၆) ချက်ကို တင်သွင်းကြောင်း ပြောဆိုသွားပါတယ်။
အနာဂတ် ပြည်ထောင်စုကို -
၁။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး။
၂။ တိုင်းရင်းသားတို့ ပိုင်ဆိုင်တဲ့ သဘာဝ သယံဇာတ ကိုထုတ်ယူသုံးစွဲရာတွင် အကျိုးအမြတ်၏ (၇၀) ရာခိုင်နှုန်းကို တိုင်းရင်းသားတို့ ပိုင်ဆိုင်ခွင့်ရရှိရေး။
၃။ တိုင်းရင်းသား ဒေသရှိ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ဒေသခံလူထု၏ ၃ ပုံ ၂ ပုံ ထောက်ခံမှု ရရှိမှ စီမံကိန်းများကို အကောင်အထည်ဖေါ်ရန်။
၎။ ပြည်နယ်ကာကွယ်ရေးတပ် တည်ထောင်ခွင့်။
၅။ တိုင်းရင်းသားတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်။
၆။ အသက်မွေးဝမ်းကျောင်း (ဥပမာ-ဆရာဝန်၊ အင်ဂျင်နီယာ) ဘာသာရပ်များကို သင်ယူရာတွင် တိုင်းရင်းသား ဒေသအတွက် လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရေး အထူးအခွင့်အရေးပေးရန်။
ဗမာပြည် ကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်တဲ့ ကျောင်းသားတွေရဲ့ ပြန်လည်ဆွေးနွေးချက်က နံပါတ် (၂) တိုင်းရင်းသားတို့ ပိုင်ဆိုင် တဲ့ သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲရာတွင် အကျိုးအမြတ်၏ (၇၀) ရာခိုင်နှုန်းကို တိုင်းရင်းသားတို့ ပိုင်ဆိုင်ခွင့်ရရှိရေးဆိုတဲ့ ခေါင်းစဉ်က အကျေအလည် ဆွေးနွေးကြတာတွေ့ရပါတယ်။ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အကျိုးအမြတ် ခွဲဝေတာကို ( ၅၀-၅၀) နဲ့ သဘောတူလိုက်ကြပါတယ်။
နောက်ထပ် ဆွေးနွေးချက်ကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ နံပါတ်စဉ် (၃) ဖြစ်ပါတယ်။ လူထုထောက်ခံမှု ၃ ပုံ ၂ ပုံရမှသာ စီမံကိန်း အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့ အဓိက စီမံကိန်းများကို အကောင်အထည်ဖေါ်ရမှာ နှောင့်နှေးနိုင် တဲ့ အတွက် ဒီကိစ္စလည်း ( ၅၀-၅၀) နဲ့ဈေးတည့် လိုက်ကြပါတယ်။ ဒါပေမယ့် လူထုကို စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ဆိုးကျိုး-ကောင်းကျိုးနဲ့ နောက်ခံအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ကြိုတင်အသိပေးထားရမှာဖြစ်တဲ့အပြင် လွတ်လပ်တဲ့ စုံစမ်းလေ့လာမှု တွေလည်း လုပ်ကိုင်ခွင့်ပေးဖို့လိုအပ်တယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ တင်ပြကြတယ်။ အဲဒါကို ဗမာပြည်အစိုးရ ကိုယ်စားလှယ်ကျောင်းသားတွေကလည်း သဘောထားကြီးကြောင်းပြသတဲ့အနေနဲ့ သဘောတူညီကြပါတယ်။
အကြာဆုံး ဆွေးနွေးမှုကတော့ ပြည်နယ်တပ် ထားရှိခွင့်ကိစ္စ ဖြစ်ပါတယ်။ ဗမာကိုယ်စားပြု ကိုယ်စားလှယ်တွေ တင်ပြတာက ဖက်ဒရယ် ပြည်ထောင်စုတပ်မှာ တိုင်းရင်းသားတို့ကို လူမျိုးအလိုက် အချိုးကျ ထည့်ဝင်မှာ ဖြစ်တဲ့အတွက် မလိုအပ်တော့ဘူးလို့ တင်ပြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေဖက်က တင်ပြချက်က ပြည်ထောင်စုတပ်ကိုလည်း အချိုးကျထည့် ၀င်မှာ ဖြစ်သလို၊ ပြည်နယ်တပ် ထားရှိခွင့်သည် ကိုယ်ပိုင်အုပ်ချုပ်ရေးရဲ့ အစိတ်အပိုင်း ဖြစ်တဲ့အတွက် ထားရှိသင့်ကြောင်း ပြန်လည်ချေပပါတယ်။ ဒီနေရာမှာ ကလေးတွေရဲ့ နာကြည်းချက်ကို ကွက်ခနဲ မြင်လိုက်ရတာ တခုက စစ်တပ်ကို များများထားလို့ မကောင်းဘူး။ နည်းနိုင်သမျှ နည်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အဓိက ဆွေးနွေးကြပါတယ်။ နောက်တော့ ဖက်ဒရယ် ပြည်ထောင်စုတပ် ကြည်း၊ ရေ၊ လေ သုံးခုပေါင်း အရေအတွက်ကို တစ်သိန်းနဲ့ ဈေးတည့်သွားပြီး၊ ပြည်နယ် ကာကွယ်ရေးတပ် အရေအတွက်ကို ၁၀၀၀၀ တစ်သောင်းအဖြစ် သဘော တူလိုက်ကြပါတယ်။ စစ်အင်အားများပြားလွန်းတာဟာ တိုင်းပြည်အတွက် နစ်နာချက်သက်သက်သာဖြစ်တယ်လို့ ကျောင်းသားတွေ ခံစားဆွေးနွေးနိုင်တာဟာ ၀မ်းသာစရာပါပဲ။
ပင်လုံ စာချုပ်အကြောင်းကို စသင်ကတည်းက ဆွေးနွေးပွဲ လုပ်ချင်ခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ဆန္ဒကိုမေးတဲ့အခါ တိုင်းရင်းသား လုပ်ချင်တဲ့ ကျောင်းသားတွေက များပြီး၊ ဗမာကိုယ်စားပြု ကျောင်းသား ရှာမရ ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေကို ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို တည်ထောင်ချင်တယ်ဆိုရင် တိုင်းရင်းသား အချင်းချင်း စကားပြောကို ပြောရမယ်။ စကားမပြောရင် ဒီလိုဒုက္ခ ပင်လယ်ဝေနေကြဦးမှာပဲလို့ မကြာမကြာ ပြောပြီး စည်းရုံးခဲ့ကြတာပါ။ နောက်တော့ သဘောတူညီချက်ရပြီး ဒီလို ဆွေးနွေးပွဲလေးဖြစ် မြောက်လာခဲ့တာပါ။
အချက် ၆ ချက်က တူညီတဲ့ အချက်တွေ ရှိနေပေမယ့် ဆွေးနွေးဖြစ်အောင် လွှတ်ပေးလိုက်တဲ့အခါ တော်တော်လေး သဘောကျစရာ ကောင်းတာ တွေ့ရပါတယ်။ သူတို့ကလေးတွေမှာ ငြိမ်းချမ်းရေးကို အမြန်လိုချင်တဲ့ စိတ်ကလည်း ရှိနေသလို မယုံကြည်မှုကလည်း ရှိနေပြန်သေးတယ်။ ပြည်နယ် ကာကွယ်ရေးတပ် တည်ထောင်ခွင့် မရရင် ဆွေးနွေးပွဲ ပျက်နိုင်တဲ့အဆင့်ကို ရောက်တာကို တွေ့ရပါတယ်။ ဆွေးနွေးပွဲ ပျက်မယ်ဆိုရင် ပြည်တွင်းစစ် ဖြစ်မှာကို နှစ်ဘက်လုံးက မလိုလားတာကို မြင်တော့ အနာဂတ်ကို တည်ဆောက်မယ့် ကလေးတွေမှာ လက္ခဏာကောင်းလေးတွေ၊ မေတ္တာစိတ်လေးတွေ ရှိတယ်လို့ မြင်လိုက်တော့ အားရစရာ၊ ကြည်နူးစရာ ဖြစ်ခဲ့ပါတယ်။
ကလေးတွေအများစုက ကရင်ကလေးတွေ ဖြစ်ပေမယ့် ဗမာကိုယ်စားပြုဆိုရင် တကယ့်ဗမာလူမျိုးတွေဖက်က ခံစားပြီး တင်ပြကြ၊ ပြောကြည့်ကြတာပါ။ တိုင်းရင်းသားကလေးတွေဖက်က တင်ပြချက်မှာ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ သဘာဝ သယံဇာတကို ကာကွယ်လိုတဲ့စိတ်၊ ဘယ်အာဏာပိုင်တွေမှ လူထုရဲ့ သဘောတူညီမှု မရှိရင် မလုပ်နိုင်တာကို စာချုပ်ထဲမှာ ထည့်သွင်းသွားတာ ကျနော့်အတွက် သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။
အဲဒီလိုနဲ့ ကျနော်ရဲ့ ဒီမိုကရေစီစာသင်ခန်းဖြစ်ဖို့ ကြိုးစားနေဆဲ ကျောင်းလေးမှာ ပင်လုံစာချုပ်အသစ်ကို တိုင်းရင်းသားစုံညီ ကျောင်းသားတွေနဲ့ ဒီလို ချုပ်ဆိုခဲ့ကြပါတယ်။
တိုင်းရင်းပြည်သူအားလုံး၏ အကျိုးကို မျှော်ကိုးကာ ကျနော်တို့ တိုင်းရင်းသား ညီအကိုများသည် ပင်လုံမြို့တွင် ကျင်းပသော ညီလာခံမှ အောက်ပါ သဘောတူညီချက်များကို တညီတညွတ်တည်း လက်မှတ်ရေးထိုးအပ်ပါသည်။
၁။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး (ကိုယ်ပိုင်အုပ်ချုပ်ရေး)
၂။ တိုင်းရင်းသားတို့ ပိုင်ဆိုင်တဲ့ သဘာဝ သယံဇာတ ကိုထုတ်ယူသုံးစွဲရာတွင် အကျိုးအမြတ်၏ (၅၀) ရာခိုင်နှုန်းကို တိုင်းရင်းသားတို့ ပိုင်ဆိုင်ခွင့်ရရှိရေး။
၃။ တိုင်းရင်းသားဒေသရှိ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ဒေသခံလူထု၏ ၅၀ ရာခိုင်နှုန်း ထောက်ခံမှု ရရှိမှ စီမံကိန်းများကို အကောင်အထည်ဖေါ်ရန်။
၎။ ပြည်နယ် ကာကွယ်ရေးတပ်ကို တပ်သားဦးရေ ၁၀၀၀၀ ဖြင့် တည်ထောင်ခွင့်ရှိသည်။
၅။ တိုင်းရင်းသားတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်။
၆။ အသက်မွေးဝမ်းကျောင်း (ဥပမာ-ဆရာဝန်၊ အင်ဂျင်နီယာ) ဘာသာရပ်များကို သင်ယူရာတွင် တိုင်းရင်းသား ဒေသအတွက် လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရေး အထူးအခွင့်အရေးပေးရန်။
တကယ်တော့လည်း ငယ်စဉ်တောင်ကျေးအရွယ်လေးတွေရဲ့ တိုင်းပြည်ကံကြမ္မာအပေါ်မှာ ခံစားသိမြင်နိုင်မှု၊ စာသင်ခန်းအတွင်း စုပေါင်းလေ့လာနိုင်မှုနဲ့ ပြဿနာတွေကို အမြင်သဘောထားကြီးကြီး လေ့လာဆွေးနွေးတင်ပြခွင့်တွေကသာ အနာဂတ်တိုင်းပြည်ရဲ့ အသေချာဆုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ယုံကြည်မိကြောင်းပါ။
မောင်ရမ္မာ
http://www.maukkha.org/index.php/feature-article/1836-studnets-pinlon-agreement-myanmar
Children Development Center CDC ဆရာတို့ရဲ့ ကျိုးစားမှုတွေကို အရမ်းလေးစားဂုဏ်ယူပြီး အားရကြေနပ်မိပါတယ်။ အနာဂတ်ရဲ့ တရားမျှတပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်သော တန်ဖိုးရှိတဲ့ သူများမလွဲမသွေ ဖြစ်လာနိုင်ပါစေလို့ တပြည့်ငယ်များအတွက်လည်း ဆုတောင်းမေတ္တာပို့သပါတယ်။
ReplyDeleteဝေးတနေရာမှ
ဥယာဉ်မှူးဟောင်း
Hey! mg yote mar and gardener,
ReplyDeleteDon't try to brain wash the new generation this way. What are belong to Ethnic-Nations are 100% owned by them. theinsein and his followers are dictator, not government. Avoid the word Federel, because burma has no central government and won't never be Democracy under the shadow of dictator theinsein.
Everybody have the same opportunity to develop our country as we can. Every politicians came from students, and the best students came from the best teachers.
ReplyDelete