February 24, 2012 by ကိုထွေး
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက အုန်းဖျန် ဒုက္ခသည်စခန်းမှာ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် နေအိမ်တွေ မီးထဲပါသွားတဲ့ ဒုက္ခသည်တွေဟာ နေရေး၊ ထိုင်ရေးနဲ့တခြားအခက်အခဲ အများအပြားနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
အုန်းဖျန် ဒုက္ခသည်စခန်း မီးလောင်စဉ်
မနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးကြောင့် အိမ် ၅၀၀ ကျော် ဆုံးရှုံးသွားခဲ့ပြီး အိမ်ထောင်စု ၇၀၀ ခန့်က လူဦးရေ ၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
မီးလောင်မှုကြောင့် မီးဘေးသင့် ဒုက္ခသည်တွေမှာ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့သလို၊ လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ အုန်းဖျန် ဒုက္ခသည်စခန်း ကော်မတီ ဥက္ကဋ္ဌ စောဝါးထီးက ပြောပါတယ်။
“မီးဘေးသင့်တဲ့သူတွေကတော့ ကျနော်ကြည့်ရတာ တချို့ဆိုရင် ဝေဒနာရှင်အဆင့်တောင် ဖြစ်သွားမလား မသိဘူး။ ဆိုလိုချင်တာက ဘာမှ မရှိတော့ဘူးလေ။ အဝတ်တထည် ကိုယ်တခုပဲ ရှိတော့တယ်။ အစစအရာရာ အားလုံး လိုအပ်တာပေါ့။ ပရိဘောဂ၊ အိမ်သုံးပစ္စည်း၊ အိမ်ဆောက်ဖို့ ပစ္စည်းရော ဘာမှ မရှိတော့ဘူးလေ။”
လတ်တလော အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေဟာ ဗလီ၊ ရုံးနဲ့ကျောင်းတွေမှာ နေထိုင်လျက်ရှိပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ စားနပ်ရိက္ခာ ကူညီထောက်ပံ့တဲ့ (တီဘီဘီစီ)၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တဦးချင်း အလှူရှင်တွေက အကူအညီ ပေးနေပါတယ်။
မီးဘေးသင့်ဒုက္ခသည် တဦးကတော့ နေစရာမရှိလို့ အခက်ကြုံနေရပုံကို ခုလို ပြောပါတယ်။
“ကျနော်တို့ စာသင်ကျောင်းမှာ အယောက် ၂၀၀ လောက်ရှိပါတယ်။ ၁၃ ရပ်ကွက်မှာ ရိက္ခာဂိုဒေါင်ရှိတယ်။ တချို့လည်း အဲ့ဒီမှာ သွားနေကြတယ်။ နောက် ၆ ရပ်ကွက် ဘက်က ဗလီ။ ဗလီမှာတော့ မီးမလောင်ဘူးပေါ့။ ဗလီနဲ့ ဘော်ဒါဆောင်ဘက်မှာ လူတွေ နေနေရတယ်။ နေရေး၊ ထိုင်ရေးကတော့ အဆင်ပြေတယ်တော့ မဟုတ်ဘူးပေါ့နော်။ ရာသီဥတုကအေးတော့ တညလုံး အိပ်လို့မရဘူး။ ကလေးတွေလည်း ဝမ်းသွားပြီး အန်နေတော့ သူတို့ကိုလည်း ဂရုတစိုက် ပြုစုနေရပါတယ်။”
မီးဟာ ဒုက္ခသည်စခန်း ၉ ရပ်ကွက် အိမ်တအိမ်မှာ ထမင်းဟင်းချက်ရာကနေ စတင် လောင်ကျွမ်းခဲ့တာပါ။ ထိုင်းမီးသတ်ကား တွေကလည်း ခရီးအကွာအဝေးကြောင့် နောက်ကျပြီးမှ ရောက်လာတဲ့အတွက် မီးကို အချိန်မီ မတားဆီးနိုင်ဘဲ ဒုက္ခသည် နေအိမ်တွေ အများအပြား မီးထဲပါသွားခဲ့ရတာလည်း ဖြစ်ပါတယ်။
ရပ်ကွက် ၅ ခုလောက် မီးလောင်ကျွမ်းခဲ့ပြီး အများစုဟာ အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ ရပ်ကွက်တွေလည်း ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် လူသေဆုံးမှု ရှိတယ်လို့ မကြားသိရသေးဘဲ ကလေးတဦး ပျောက်ဆုံးနေသလို ဒဏ်ရာရသူ တချို့ ရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တီဘီဘီစီက အဖွဲ့က ပြောပြပါတယ်။
http://burmese.dvb.no/archives/21685
No comments:
Post a Comment