၂၀၅၀ တွင် အိန္ဒိယ ကမ္ဘာ့အကြီးဆုံး စီးပွားရေး ဖြစ်လာမည်
၂၀၅၀ ခုနှစ်ရောက်ရင် အိန္ဒိယ က တရုတ်ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာမယ်လို့ 2012 Wealth Report က ဖော်ပြလိုက်ပါတယ်။
ဒီအစီရင်ခံစာရဲ့ ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်ကျရင် တရုတ်က အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်ဆုံး စီးပွားရေး ဖြစ်လာမှာဖြစ်ပြီး၊ ၂၀၅၀ မှာ အိန္ဒိယက တရုတ်ကို ဖြတ်တက်ပြီး ထိပ်ဆုံးရောက်လာမှာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စီးပွားရေးတိုးတက်စ နိုင်ငံတွေရဲ့ BRICS ထိပ်သီး အစည်းအဝေးမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
 ငွေကြေး ၀ယ်ယူနိုင်မှုစွမ်းရည် (purchasing power parity-PPP) အရ ၂၀၅၀ ခုနှစ်မှာ အိန္ဒိယရဲ့ ဂျီဒီပီ ၀င်ငွေက ဒေါ်လာ ၈၅.၉၇ ထရီလီယံ ထိ ရှိလာမှာ ဖြစ်ပြီး၊ အဲဒီနှစ် တရုတ်ရဲ့ ဂျီဒီပီက ဒေါ်လာ ၈၀.၀၂ ထရီလီယံ ရှိမယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်လာ ၃၀.၀၇ ထရီလီယံနဲ့ တတိယနေရာကို ညှိုးငယ်စွာ ရောက်ရှိသွားပြီး၊ ဘရာဇီးနဲ့ ရုရှား တို့က ဒေါ်လာ ၁၀ ထရီလီယံ စီ အသီးသီး ရှိလာကြမှာ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်း IMF အဖွဲ့ကြီးရဲ့ အစီရင်ခံစာ ကလည်း အိန္ဒိယဟာ ၂၀၁၁ ခုနှစ်မှာ စီးပွားရေး တိုးတက်မှု အရှိန်အဟုန်မြှင့်ဖို့ တိုးချဲ့ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်၊ အထူးသဖြင့် အရန်အဆောက်အအုံတွေအတွက် ပုံအော ရင်းနှီးမြှုပ်နှံပြီး ထုတ်ကုန်တွေ တိုးတက်လာမှုကြောင့် လမ်းကြောင်းသစ်ပေါ်လာတယ်လို့ ဖော်ပြထားပါတယ်။ 
 နောက်ထပ် စိတ်ဝင်စားစရာက အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယား၊ မက္ကစီကိုနဲ့ အီဂျစ် တို့ရဲ့ ဖွံ့ဖြိုးဆဲ စီးပွားရေးတွေကလည်း ထိပ်ဆုံး စာရင်းထဲ တဖြည်းဖြည်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန် စီးပွားရေးပညာရှင် Willem Buiter က “ဆင်းရဲတဲ့ နိုင်ငံတွေဟာ တံခါးတွေ ဖွင့်လာတယ်၊ စီးပွားရေး တိုးတက်မှုအတွက် လိုအပ်တဲ့ အင်စတီကျူးရှင်း အရည်အသွေးတွေ၊ နိုင်ငံရေးတည်ငြိမ်မှုတွေကိုပါ တည်ဆောက်လာကြတယ်၊ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေကို အမှီလိုက်လာနိုင်တာ” လို့ ပြောပါတယ်။ 
ယခု အစီရင်ခံစာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ထုတ်ကုန် တိုးတက်လာမှုကြောင့် ကုန်သွယ်မှုမှာ အနောက်နိုင်ငံတွေ ဆုံးရှုံးရဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
မြောက်အမေရိကနဲ့ အနောက်ဥရောပတို့ဟာ ကမ္ဘာ့ real GDP အချိုးအစားအရ ၂၀၁၀ ခုနှစ်မှာ ၄၁ ရာခိုင်နှုန်းရှိရာက ၂၀၅၀ မှာ ၁၈ ရာခိုင်နှုန်းထိ ထိုးကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ 
အာရှ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကမ္ဘာ့ real GDP အချိုးအစားက ၂၀၁၀ ခုနှစ်မှာ ၂၇ ရာခိုင်နှုန်း ရှိရာက၊ ၂၀၅၀ ခုနှစ်ကျရင် ၄၉ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ 
၂၀၅၀ ခုနှစ်ကျရင် အနောက်ဥရောပထက်ပိုပြီး၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ အခြား အရှေ့အာရှနိုင်ငံတို့ဟာ မီလျံနာ ဘီလျံနာတွေ စုဆုံရာရပ်ဝန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ရည်ညွှန်း CNN & Reuters 
http://www.maukkha.org/index.php/news-menu/international-news-maukkha/1990-maukkha-india-the-worlds-biggest-economy-in-2050
No comments:
Post a Comment