
_______________________
စစ်တပ်၏ နိုင်ငံရေးမှ အဆုတ်
၁၉၉၈ ခုနှစ်မေလတွင် ဗိုလ်ချုပ်ကြီးဆူဟာတို ခေါင်းဆောင်သည့် New Order အစိုးရ ပြုတ်ကျသွားသည့်နောက်တွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသစ် ပြန်လည်ထူထောင်ရေးမှာ အရေးကြီးသည့် ကိစ္စတရပ် ဖြစ်လာသည်။
နှစ်ပေါင်း ၄၀ ကြာအောင် အာဏာရှင် စနစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်ရေးပြန်လည်ထူထောင်ရန် လမ်းပွင့်ခဲ့သည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ နိုင်ငံရေးတွင် နယ်ကျွံခြယ်လှယ်နေသည့် စစ်တပ်၏ အခန်းကဏ္ဍကို အဆုံးသတ်ပစ်ရန် အကြောင်းဖန်လာသည်။
၁၉၅၇ ခုနှစ်ကတည်းက အင်ဒိုနီးရှား စစ်တပ်က တာဝန်ကြီးနှစ်ရပ် (dwi fungsi/ dual function) ဆိုသည့် ပေါ်လစီဖြင့် နိုင်ငံရေးနှင့် ကာကွယ်ရေးတွင် ထဲထဲဝင်ဝင် တရားဝင် လုပ်ဆောင်ခဲ့သည့်ကိစ္စကိုလည်း မကျေမနပ် မေးခွန်း ထုတ်လာကြသည်။ နိုင်ငံရေးမှ စောနိုင်သမျှ စောစောခွာရန် စစ်တပ်ကို ဝေဖန်ရင်း ဖိအားပေးလာကြသည်။ အဘက်ဘက်မှ ဖိအားကြောင့် စစ်တပ်အနေဖြင့် ရွေးစရာမရှိဘဲ လူထုဆန္ဒနှင့် ကိုက်ညီသည့် တပ်တွင်းပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မည့်အကြောင်း ကြေညာခဲ့ရသည်။
၁၉၉၈ ခုနှစ် အောက်တိုဘာ (ဆူဟာတို၏ အာဏာသစ်အစိုးရ ပြုတ်ကျအပြီး ၄လအကြာမှာ) တွင် စစ်တပ်၏ ပါရာဒိုင်းအသစ် (Paradigma Baru) - တပ်တွင်းပြုပြင်ပြောင်းလဲရေးအစီအစဉ် ထွက်ပေါ် လာသည်။ ယင်းတွင် အချက်သုံးချက်ပါဝင်ခဲ့ပြီး စစ်တပ်ကို ပြန်လည်အဓိပ္ပါယ်ဖွင့်ခြင်း (redifinisi/ redefine) - နေရာပြန်ချခြင်း (reposisi/reposition) – (reactualise/ reaktualisasi) ဟုဆိုသည့် ဒီမိုကရေစီစနစ်သစ်နှင့် သဟဇာတ ဖြစ်သည့် စစ်တပ်အဖြစ် ပြန်လည် တာဝန် ထမ်းဆောင်ရေး ဆိုသည့် အချက် သုံးချက်ပါဝင်သည်။
ထိုထက်အရေးကြီးသည့် ကိစ္စရပ်မှာ အင်ဒိုနီးရှားစစ်တပ်သည် ပြည်သူ့လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်များ ၀င်ရောက်နေရာယူထားသည့် အရေအတွက်ကို လျှော့ချ၊ နောက်ပိုင်းတွင် စစ်တပ်ကိုယ်စားလှယ် တယောက်မကျန် လွှတ်တော်မှ ထွက်သွားရန်ဆိုသည့် ပြည်သူ့အတိုင်ပင်ခံညီလာခံ (People's Consultative Assembly) ၏ အဆုံးအဖြတ်ကို နာခံခဲ့သည်။ (အဆိုပါညီလာခံတွင် ပြည်သူ့ကိုယ်စားလှယ်တော်များကောင်စီနှင့် ဒေသဆိုင်ရာ ကိုယ်စားပြု ကောင်စီတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုစဉ်က အင်ဒိုနီး၏ အခြေခံဥပဒေအရ အမြင့်ဆုံးဥပေဒပြု အဖွဲ့ဖြစ်သည် -စကားချပ်)
ထို့အပြင် စစ်တပ်ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ စစ်တပ်ကိုယ်တိုင်က နိုင်ငံရေးနှင့် ကင်းကင်းနေပြီး တိုင်းပြည်ကာကွယ်ရေး တခုတည်းကို ဇောက်ချလုပ်တော့မည်ဟု ကြေညာသည်။ တချိန်က အာဏာရှင်စနစ်၏ အဓိက ကျောထောက်နောက်ခံဖြစ်ခဲ့သည့် စစ်တပ်သည် ဒီမိုကရေစီ အင်အားစုတို့၏ ဖိအားကို မလွန်ဆန်နိုင်တော့ဘဲ နိုင်ငံရေးနယ်ကျွံနေသည်ကို နောက်ပြန်ဆုတ်ပြန်ဆုတ်ရန် လိုက်လျောလာရသည်။
အဆိုပါကိစ္စများကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရင် အင်ဒိုနီးရှား၏ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး နယ်ပယ်တွင်လည်းသိသိသာသာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
မအောင်မြင်သေးသော စစ်တပ်ပြုပြင်ပြောင်းလဲရေး
သို့သော် အင်ဒိုနီးရှား စစ်တပ်ပြုပြင်ပြောင်းလဲရေးသည် ရည်မှန်းချက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ နိုင်ငံရေးမှ ဆုတ်ခွာသွားသည်မှ မှန်သော်လည်း အရပ်ဘက်က စစ်တပ်အပေါ် ထိန်းချုပ်ရေး (သြဇာလွှမ်းရေး) မှာ ပြဿနာအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။
ဆယ်စုတခုကြာအောင် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခဲ့သည့်တိုင် စစ်တပ်သည် အရပ်သားအစိုးရကို သြဇာမခံဘဲ Autonomy ကိုယ်သဘောကိုယ်ဆောင် ဆက်ရပ်တည်နေဆဲ ဖြစ်သည်။
စစ်တပ်၏ နိုင်ငံရေးနယ်ကျွံမှုကို အဆုံးသတ်ခြင်း ဆိုသည့် ပထမအဆင့်ကို အပြည့်အ၀ (သို့မဟုတ်) တစိတ်တပိုင်းအားဖြင့် ဆောင်ရွက်နိုင်သည့်တိုင် ဒုတိယအဆင့်ဖြစ်သည့် စစ်တပ်အပေါ် အရပ်သားအစိုးရက သြဇာလွှမ်းနိုင်ရေးအထိ တက်လှမ်းနိုင်ရေးမှာ အခက်အခဲနှင့် စိန်ခေါ်မှုများ ပြည့်နှက်နေဆဲဖြစ်သည်။
ပထမအဆင့် ပြုပြင်ပြောင်းလဲရေး
အောင်မြင်မှုနှင့် အခက်အခဲများ
အင်ဒိုနီးရှားမှ ဒီမိုကရေစီအင်အားစုများ၏ အဓိက တောင်းဆိုချက်မှာ စစ်တပ်၏ နိုင်ငံရေးနယ်ကျွံမှုကို အဆုံးသတ်ရေး ဖြစ်သည်။ စစ်တပ်က နိုင်ငံရေးတွင် ၀င်ရောက်ခြယ်လှယ်ခွင့်ကို တရားဝင်သဘောခွင့်ပြုထားသည့် စစ်တပ်က တာဝန်ကြီးနှစ်ရပ် (dwi fungsi/ dual function) ဆိုသည့် ပေါ်လစီကို ဖျက်သိမ်းပစ်ရေးဆိုသည့် ရာဇသံပင် ဖြစ်သည်။
ဆူဟာတိုခေတ် (နှစ်ပေါင်း သုံးဆယ်ကြာအောင်) တွင် စစ်တပ်က အာဏာရှင်စနစ်ကို ကျောထောက်နောက်ခံပေးရင်း အလွန်အကျွံ အာဏာပြခဲ့သဖြင့် ပြည်သူများက နိုင်ငံရေးလုပ်သည့် စစ်တပ်ကို မမြင်ချင်တော့ပေ။ စစ်တပ်၏ အာဏာအလွဲသုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဟိုးလေးတကျော်ဖြစ်လာသဖြင့် လူ့အဖွဲ့အစည်းအတွင်း စစ်တပ်ဆိုတာ အရပ်သားအုပ်ချုပ်ရေးက ထိန်းပေးမှ ဖြစ်မည် ဟု ကောက်ချက်ဆွဲလာကြသည်။
တဆက်တည်းတွင် စစ်တပ်၏နိုင်ငံရေးအခန်းကဏ္ဍဆိုသည်ကိုလည်း ဒီမိုကရေစီ၏ ဆူးငြောင့် ခလုတ်အဖြစ် မြင်လာကြပြီး ဖျက်သိမ်းမှဖြစ်မည်ဟု မြင်လာကြသည်။ သို့သော် ဘယ်လိုလုပ်ကြမည်လဲဆိုသည့် နည်းနာကိုမူ ပြုပြင်ပြောင်းလဲရေးခေတ် အစတွင် စစ်တပ်၏ အပြင်ဘက်မှ ဘယ်သူတဦး တယောက်ကမျှ သိပုံလည်း မပေါ်ခဲ့ပေ။
စစ်တပ်ပြုပြင်ပြောင်းလဲရေးအစ
ဆူဟာတိုကို ဆက်ခံသူ သမ္မတဟာဘီဘီ လက်ထက်တွင်လည်း စစ်တပ်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်လျှင် တပ်ခေါင်းဆောင်းများအပေါ်တွင်ပဲ ပုံအပ်ထားခဲ့ သည်။ ဗိုလ်ချုပ် ၀ရန်တို (ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်) လက်ထက်တွင် စစ်တပ် ပြုပြင်ပြောင်းလဲမှု တော်တော်များများကို အလေးအနက် စတင်လုပ်ဆောင်ရင် သူ၏ ပုံရိပ်ကိုလည်း ပြောင်းလဲပစ်ခဲ့သည်။
(၁) စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို သီးခြားစီ ခွဲထုတ်ခဲ့သည်။
(၂) နိုင်ငံတော်အဆင့်နှင့် ဒေသအဆင့်တွင် နဂိုက စစ်တပ်က ရယူထားသည့် လူမှုရေးနှင့် နိုင်ငံရေးနှင့်ဆိုင်သည့် ရာထူးနေရာများကို ဖျက်သိမ်းပစ်ခဲ့သည်။
(၃) လူမှုရေးနှင့် နိုင်ငံရေးရာ ရုံးကို ဖျက်သိမ်းလိုက်ပြီး နယ်စပ်ရေးရာ ရုံးနှင့် အစားထိုးခဲ့သည်။
(၄) စစ်တပ်တွင် တာဝန်ထမ်းဆောင်နေဆဲ အရာရှိများ အရပ်ဘက် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်သည့် စနစ်ကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။
(၅) စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ တာဝန်ထမ်းနေသူများကြားမှ စစ်ခေါင်းဆောင်ဖြစ်ထိုက်သူ အရည်အချင်းကို သတ်မှတ်ခဲ့ပြီး၊ တချို့ကို တပ်မှ ပင်စင်စောပေးခြင်း၊ တချို့ကို ရှေ့တန်း တာဝန် ထမ်းဆောင်စေခြင်းများပြုလုပ်ခဲ့သည်။
(၆) နိုင်ငံတော်အဆင့်နှင့် ဒေသအဆင့် လွှတ်တော်များတွင် စစ်တပ်ကိုယ်စားလှယ် အရေအတွက်ကို လျှော့ချခဲ့သည်။
(၇) နိုင်ငံရေးတွင် စစ်တပ်က နိစ္စဓူဝ ပါဝင်ပတ်သက်နေမှုကိုလည်း အဆုံးသတ်ခဲ့သည်။
(၈) စစ်တပ်နှင့် ဂိုကာ (Golkar) ပါတီတို့ကြားက ဆက်ဆံရေးကို ကွင်းဆက်ဖြတ်ခဲ့သည့်အပြင် နိုင်ငံရေးပါတီအားလုံးနှင့် ကင်းကင်းနေခဲ့သည်။
(၉) ရွေးကောက်ပွဲများတွင် ကြားနေသည်။
(၁၀) စစ်တပ်နှင့် စစ်တပ်နှီးနွယ်အဖွဲ့အစည်းများအကြားက ဆက်ဆံရေးကိုလည်း ပြောင်းလဲပစ်ခဲ့ သည်။
(၁၁) စစ်တပ်၏ မူဝါဒကိုလည်း ပြုပြင်ပြောင်းလဲရေးကာလနှင့် ကိုက်ညီအောင် ပြုပြင်ခဲ့ပြီး၊ ၂၁ ရာစုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သည်။
(၁၂) နောက်ဆုံး စစ်တပ်ကို မူလအမည်ဖြစ်သည့် အင်ဒိုနီးရှားသမတနိုင်ငံတော် လက်နက်ကိုင်တပ်ဖွဲ့ Angkatan Bersenjata Republik Indonesia /ABRI) မှ အင်ဒိုနိးရှား ကာကွယ်ရေး တပ် - Tentara Nasional Indonesia- TNI ) အဖြစ် အမည်ပြောင်းလဲခဲ့သည်။
အထက်ပါအပြောင်းအလဲများကို ပြုလုပ်ရင်း စစ်တပ်ကိုယ်တိုင်က ဆူဟာတိုအလွန်ခေတ်နှင့် သဟဇာတဖြစ်မှုကို လက်တွေ့ပြခဲ့သလို၊ အပြောင်းအလဲ၏ အကျိုးသက်ရောက်မှုကိုလည်း လျှော့တွက်၍မဖြစ်ပါ။ တချို့အပြောင်းအလဲများကို စစ်တပ်က နှစ်နှစ်အတွင်း လက်တွေ့ပြခဲ့သည်။
၁၉၆၆ ခုနှစ်ကတည်းက တကြိမ်မှ အိပ်မက်မမက်ခဲ့ကြသည့် အရပ်ဘက်မှ ကာကွယ်ရေးဝန်ကြီးနှင့် စစ်အရာမဟုတ်သည့် စစ်ဦးစီးချုပ်တို့ ပေါ်ပေါက်လာသည်။ ပါလီမန်တွင် စစ်တပ်ကိုယ်စားလှယ်များကို နေရာပေးထားသည့်စနစ်ကိုလည်း မူလက ၂၀၀၉ ခုနှစ် နောက်ဆုံးထား ဖျက်သိမ်းပေးရေးမှ ၂၀၀၄ ခုနှစ်မှာပင် အပြီးတိုင် ဖျက်သိမ်းပေးရန် စစ်တပ်က လိုက်လျှောခဲ့သည်။
ပြည်တွင်းလုံခြုံရေးကို ရဲတပ်ဖွဲ့၏လက်ကို အပြီးအပိုင်အပ်ခဲ့ပြီးနောက် စစ်တပ်၏တာဝန်ကိုလည်း ကာကွယ်ရေးတခုတည်းတွင် ဘောင်သတ်ထားလိုက်သည်။ အရေးကြီးသည့် အပြောင်းအလဲ (စစ်တပ်နှင့် ရဲတို့၏တိကျသည့် တာဝန်ခွဲဝေမှု) ကို ပြည်သူ့အတိုင်ပင်ခံညီလာခံ (People's Consultative Assembly) ၏ ဥပဒေ အမိန့်အမှတ် ၇/၂၀၀၀ နှင့် အတည် ဖြစ်စေခဲ့သည်။
ဤအပိုင်းတွင် အရေးတကြီးမှတ်သားစရာကိစ္စတရပ်မှာ စစ်တပ်ပြုပြင်ပြောင်းလဲရေးကို စတင်သူမှာ စစ်တပ်ကိုယ်တိုင်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်း ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကို ဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် ကာကွယ်ရေး ၀န်ကြီးဌာနက ကာကွယ်ရေးနှင့် စစ်တပ်နှင့် နှီးနွယ်သော ဥပဒေများကို ပြန်လည်သုံးသပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်သည် အရပ်ဘက် အဖွဲ့အစည်းများက အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့ခြင်းနှင့် အရပ်သားကာကွယ်ရေးဝန်ကြီးလက်အောက်မှ ပြုပြင်ပြောင်းလဲလို စိတ်ရှိသော ဗိုလ်ချုပ်များကြောင့် အထမြောက်ခဲ့ခြင်းဖြစ်သည်။
နောက်ထပ်အရေးကြီးသည်ကိစ္စမှာ အစပိုင်းတွင် ပြဌာန်းခဲ့သည့် ဥပဒေများသည် မည်၍မည်မျှ အရေးကြီးသည်ဆိုသည်ကို ၂၀၀၄ ခုနှစ်အရောက်တွင် စစ်တပ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် နှေးကွေးလာသည့်အချိန်တွင် တွေ့လာရသည်။ ဆိုလိုသည်မှာ ယခုအခါ စစ်တပ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နှေးကွေးနေသယောင်ရှိနေလင့်ကစား စစ်တပ်အနေဖြင့် နိုင်ငံရေးသို့ တကျော့ပြန်ဝင်ရန်မှာ ယခင်က ရှိနှင့်ခဲ့သည့် ဥပဒေများကြောင့် အလွန့်အလွန် မဖြစ်နိုင်တော့ပေ။
အရေးကြီးသည့် ဥပဒေနှစ်ရပ်
အထက်ပါကိစ္စနှင့် ပတ်သက်လာလျှင် နိုင်ငံတော် ကာကွယ်ရေးဥပဒေတွင်ပြဌာန်းထားသည့် ဥပဒေ ၃/၂၀၀၂ နှင့် အင်ဒိုနီးရှား လက်နက်ကိုင်တပ်များ ဥပဒေတွင် ပြဌာန်းပါရှိသည့် ဥပဒေ ၃၄/၂၀၀၄ တို့သည် အရေးအကြီးဆုံး ပုဒ်မများ ဖြစ်သည်။ အဆိုပါ ဥပဒေနှစ်ရပ်အရ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ တာဝန်များကို ခွဲခြားထားနှင့်ပြီ ဖြစ်သည်။
နိုင်ငံတော် ကာကွယ်ရေးဥပဒေ၊ ၂/၂၀၀၂ အရလည်း စစ်တပ်သည် အင်ဒိုနီးရှားသမတ နိုင်ငံတော်ကို တစည်းတလုံးတည်းရှိနေရန် ကာကွယ်ရမည်ဟု ပြဌာန်းထားသည် (ပုဒ်မ ၁၀)။ အဆိုပါ ဥပဒေအရလည်း စစ်တပ်၏ အဓိက တာဝန်ကြီးလေးရပ်ကို အောက်ပါအတိုင်း အတိအကျ သတ်မှတ်ထားသည်၊
(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် (to uphold) နှင့် နိုင်ငံ၏ နယ်နိမိတ်ကို တည်တံ့ခိုင်မြဲရေးအတွက် စောင့်ရှောက်ရန် (to maintain)
(ခ) နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးရန် (to safeguard)
(ဂ) စစ်တိုက်သည့်ကိစ္စမှလွဲ၍ စစ်တပ်လှုပ်ရှားမှုများကို တာဝန်ယူဆောင်ရွက်ရန်။
(ဃ) နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး။
နိုင်ငံတော် ကာကွယ်ရေးဥပဒေ၊ ၂/၂၀၀၂ တွင်ပင် ရဲတပ်ဖွဲ့၏ တာဝန်နှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့သည် ပြည်သူ့လူထု၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေနှင့်အညီ (uphold the law) ပြည်သူလူထုကို အကာအကွယ်ပေးရေး (protect) ၊ လမ်းညွန်ရန် (guide) နှင့် အလုပ်အကျွေးပြုရန် (serve) တို့အတွက် နိုင်ငံတော်၏ အင်အားစုအဖြစ် ပြဌာန်းထားပါသည်။
၂/၂၀၀၂ တွင် ရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အဓိက တာဝန်ရှိသည့် အရပ်ဘက် အဖွဲ့အစည်းအဖြစ် ရှင်းရှင်းလင်းလင်း ပြဌာန်းထားသည်။
အခက်အခဲများ
အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် အစဉ်ချောမွေ့ခဲ့သည်တော့ မဟုတ်ပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစတွင်ပင် အပြောင်းအလဲကို ဆန့်ကျင်သော တပ်တွင်း အင်အားစုများ အနည်းနှင့်အများရှိခဲ့သည်။ အမျိုးသားလုံခြုံရေးရာ ကိစ္စများတွင် စစ်တပ်၏ နိုင်ငံရေးသြဇာသည် ကျဆင်းမသွားခဲ့ပေ။
စစ်တပ်အတွင်း ရာထူးတိုးသည့်ကိစ္စ၊ တပ်တွင်းမှ ပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုသော စွပ်စွဲချက်များကို စစ်ခုံရုံးများတွင် စစ်ဆေးခြင်းဖြင့် စစ်တပ်သည် သမတ၏ သြဇာကို မနာခံဘဲ သီးသန့် လွတ်လပ်စွာ လုပ်ဆောင်ခဲ့သည်။
အင်ဒိုနီးရှားစစ်တပ်သည် အရန်တပ်ဖွဲ့ဝင်များထားရှိသည့် စနစ် (ကိုတာ-koter) ကို ဖျက်သိမ်းရန် တောင်းဆိုချက် တိုင်းကို ငြင်းဆန်ခဲ့သည်။ ကျေးရွာအဆင့်အထိ သာမန် အရပ်သားများ အကြားတွင် စစ်တပ်၏ အရန်တပ်ဖွဲ့ဝင်များ (သတင်းပေးများ) ထားရှိခြင်းကို စစ်တပ်က နိုင်ငံရေးမှာ အပြည့်အ၀ ထိန်းချုပ်ထားရန် ရည်ရွယ်ချက်နှင့် လုပ်သည့်သဘောဟု ဝေဖန်သူများကဆိုလင့်ကစား စစ်တပ်ကိုယ်တိုင်က ထိုစနစ်သည် နိုင်ငံ၏ နယ်နိမိတ်ကို တည်တံ့ခိုင်မြဲရေးအတွက် စောင့်ရှောက်ရန်ဆိုသည့် အချက်နှင့် အကြုံးဝင်သည်ဟုဆိုကာ ခုခံနေဆဲဖြစ်သည်။
လက်နက်ကိုင်ခွဲထွက်ရေးသမားများအရေးမှ ကာကွယ်ရန်၊ ရဲတပ်ဖွဲ့က မထိန်းနိုင်လောက်သည့် တည်ငြိမ်ရေးကို ထိခိုက်စေသည့်ကိစ္စ၊ ဘာသာရေးနှင့် လူမှု အဓိကရုန်းများ အန္တရာယ်မှ ကာကွယ်ရန် ကိုတာစနစ်လိုအပ်သည်ဟု ဆိုသည်။
စစ်တပ်နှင့် စီးပွားရေး
အင်ဒိုနီးရှားစစ်တပ်သည် စီးပွားရေးလုပ်ငန်းများကို ယခုတိုင် လက်လွှတ်ရန် ဆန္ဒရှိပုံမရပေ။ ပြည်သူလူထုက ဝေဖန်နေလင့်ကစား အစပိုင်းတွင် စစ်တပ်က စီးပွားရေးလုပ်ကိုင်မှုမှာ လိုအပ်ချက်အရဆိုသည့်အကြောင်းပြချက်နှင့် တရားမျှတကြောင်း ခုခံချေပလေ့ရှိသည်။ အစိုးရက ချပေးသည့် ကာကွယ်ရေးအသုံးစရိတ်၏ တစုံလုံး လိုအပ်ချက်ကို မကာမိဟု အကြောင်းပြသည်။ ဗိုလ်ချုပ်ကြီး Endriartono Sutarto ကိုယ်တိုင်က ‘အစိုးရက ချပေးတဲ့ ဘက်ဂျက်က စစ်သားတွေရဲ့ သက်သာချောင်ချိရေးအတွက် မလောက်ငှလို့ မလုပ်ချင်ဘဲ စီးပွားရေး လုပ်နေရတာ” ဟု ဆိုခဲ့သည်။
မည်သို့ဆိုစေကာမူ အင်ဒိုနီးရှားစစ်တပ်အတွက် စီးပွားရေးလုပ်ငန်းများမှ မခွာချင်လည်း ခွာရမည့်ပုံရှိသည်။ ဥပဒေအမှတ် ၂၄/၂၀၀၄ အရ အင်ဒိုနီးရှားစစ်တပ်က လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို ၂၀၀၉ ခုနှစ် အောက်တိုဘာတွင် အပြီးအပိုင် လက်လွှတ်ရန် အတိအကျ ပြဌာန်းထားသည်။
လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများ ရှိနေလင့်ကစား စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ခြင်း၊ အရပ်သား ကုမ္ပဏီများကို လက်လွှဲရောင်းချခြင်းများကို လုပ်ဆောင်နေရာ (စာတမ်းပြုစုသည့် ၂၀၁၀) အထိ အတော်အတန် ခရီးရောက်နေပြီ ဖြစ်သည်။
စစ်တပ်နှင့် တရားစီရင်ရေး
အင်ဒိုနီးရှား၏ စစ်တပ်ပြုပြင်ပြောင်းလဲရေးတွင် နောက်ထပ် ပြသနာတရပ်မှာ စစ်တပ်တရားစီရင်ရေးကိစ္စပင်ဖြစ်သည်။
၁၉၉၉ ခုနှစ်ကတည်းက ပြည်သူ့အတိုင်ပင်ခံညီလာခံ (People's Consultative Assembly) က သာမန်ရာဇ၀တ်မှု ကျူးလွန်သည့် စစ်သားတိုင်းလည်း အရပ်ဘက် တရားရုံးမှာ အမှုရင်ဆိုင်ရန် ဆုံးဖြတ်ထားသည့်တိုင် စစ်ခုံရုံးနှင့် ပတ်သက်သည့် ဥပဒေသစ် ပြဌာန်းရန်မှာ နောက်ထပ် လေးနှစ်အချိန်ယူခဲ့ရသည်။
စစ်သားများကို အရပ်ဘက်က တရားရုံးက တရားစီရင်နိုင်သည့်အချိန်မတန်သေးဟု စစ်တပ်က အကြောက်အကန်ငြင်းဆန်၍ အပြန့်ကျယ်သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် ဆက်လက် ငြင်းဆန်နေဆဲဖြစ်သည်။
စစ်ဘက်အရပ်ဘက် ပူးတွဲ ခုံရုံးမျိုးကို စစ်တပ်က အဆိုပြုထားပြီး စာတမ်းပြုစုသည့်အချိန် (၂၀၁၀) အထိ ယင်းကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအဖြေမရှာနိုင်သည့် အခြေအနေဖြစ်သည်၊ ဖြစ်နိုင်ခြေ တရပ်မှာ စစ်တပ်က အဆိုပြုသည့်အတိုင်း ပူးတွဲ ခုံရုံးနှင့် ကြားကာလတခုကို ဖြတ်သန်းပြီးမှ အရပ်သားခုံရုံးအဆင့်ကို တက်လှမ်းနိုင်မည့်ပုံ ရှိသည်။
(မအောင်မြင်သေးသည့် ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်နှင့် အဆိုပြုချက်ကို ဆက်လက် ဖော်ပြသွားပါမည်)
နေသွင်
(မေလ ၁၃၊ ၂၀၁၂)
http://www.maukkha.org/index.php/book-store/essay-maukkha/2106-maukkha-indonesia-civil-military-relationship
No comments:
Post a Comment