ဒေါက်တာလွဏ်းဆွေဘလော့မှ
ပင်လုံထက်ကျယ်ပြန့်သော ညီလာခံကို သုံးသပ်ကြည့်ခြင်း
Ven Ravika
ဤဆောင်းပါးတွင် တိုင်းရင်းသားရေးရာကို ဦးစားပေးတင်ပြရန် ရှိသည်။ မြန်မာ့နိုင်ငံရေးပြဿနာတွင် တိုင်းရင်းသားအရေးသည် အရေးပါလှသော်လည်း ပြည်သူတို့၏ စိတ်ဝင်စားမှုကား အထိုက်အလျောက်သာ ရှိသည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်မည် မဟုတ်ပေ။ ပြည်တွင်းစစ်ကို ငြိမ်းအေးစေလိုရင်း ရှိမရှိအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကို အကဲဖြတ်နိုင်သည်။
စစ်အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ တိုင်းရင်းသားအရေးကို ဖြေရှင်းလိုရင်းမရှိသဖြင့်လည်း ဖြတ်နည်းပေါင်းများစွာ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အစိုးရအင်အားကြီးသလို တိုင်းရင်းသားတို့၏ စစ်ရေးစွမ်းရည်လည်း မြင့်မားလာကြသည်ပင်။
သိန်းစိန်အစိုးရသည် အဆင့် ၃ ဆင့်ဖြင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ကြေညာသည်။ ပထမအဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တတိယအဆင့်မှာ လွှတ်တော်ကို တင်ပြရေးတို့ ဖြစ်သည်။ အပစ်ရပ်ရေးအတွက် တနှစ်ကျော်ကြာ လုံ့လစိုက်ထုတ်ခဲ့သော်လည်း တနိုင်ငံလုံး အပစ်မရပ်နိုင်သေးချေ။ သမ္မတအမိန့်ကို မနာခံဘဲ တပ်က ကချင်ကို ထိုးစစ်ဆင်တုန်းဖြစ်သည်။ ထို့ပြင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ကွက်ကြားတိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသည်။ ပထမအဆင့်မှာပင် သိန်းစိန်အစိုးရ၏ မပြတ်သားမှုများ၊ မပွင့်လင်းမှုများ၊ ကတိမတည်မှုများ၊ လုပ်ငန်းပိုင်း မနိုင်နင်းမှုများကို တွေ့မြင်ရသည်။
ပထမအဆင့်လုပ်ငန်း မပြီးခင်မှာပင် ဒုတိယအဆင့်ကို ၂၀၁၅ ခု မတိုင်မီ ၂၀၁၄ ခုလောက်မှာ အကောင်အထည်ဖော်မည်ဟု မကြာသေးခင်က သိန်းစိန်အစိုးရ ကြေညာသည်။ ကြေညာသည့်အတိုင်းလည်း လုပ်ပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် လုပ်ထုံးလုပ်နည်းကို ဝေဖန်စရာရှိသည်။ ဒုတိယအဆင့်ဖြစ်သည့် ဤနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက်ကျယ်ပြန့်သော ညီလာခံတခုဟူ၍ အစိုးရက အစဉ်တစိုက် သုံးနှုန်းခဲ့သည်။ ပင်လုံထက်ကျယ်ပြန့်သော ဟူသည့် အသုံးအနှုန်းကို သံသယဝင်မိသည်။
ပင်လုံထက်ကျယ်ပြန့်သော ညီလာခံသို့ တက်ရောက်ရန် အလွှာပေါင်းစုံကို ဖိတ်ကြားမည်ဟု ဆိုသည်။ အလွှာပေါင်းစုံဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း (ပြည်ပ) အတိုက်အခံပါတီများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များ၊ တိုင်းရင်းသားအဖွဲ့အစည်များကို ပါဝင်စေမည်ဟု သိရသည်။ ပုံစံအားဖြင့် ၁၉၉၃ ခု အမျိုးသားညီလာခံနှင့် ခပ်ဆင်ဆင်တူသည်။
ပင်လုံထက်ကျယ်ပြန့်သော ဤညီလာခံသည် အမျိုးသားညီလာခံကဲ့သို့ ဥပဒေပြုရန် အခြေခံမူများ ရေးဆွဲရန် မဟုတ်ပါ။ ထိုသို့ဆိုသော် မည်ကဲ့သို့သော ညီလာခံမျိုး ဖြစ်သနည်း။ ဤညီလာခံမှာ ဆွေးနွေးမည့် အကြောင်းအရာများကို အဆင်သင့် ပြင်ဆင်ထားပြီလား။ ဤညီလာခံ၏ သဘောသဘာဝကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြား အသိပေးခဲ့ပြီလား။ ဤညီလာခံကို ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများ၊ ပြည်ပသံတမန်များ၊ အာဆီယံအသင်းဝင်အရာရှိများ၊ ကုလသမဂ္ဂအရာရှိများ တက်ရောက်လေ့လာခွင့်ရှိသလား။ ဂဃဏန မသိကြသေးဟု ထင်ပါသည်။
ပင်လုံထက်ကျယ်ပြန့်သော ညီလာခံ ဖြစ်စေရန် လူများအောင် ဖိတ်ရုံဖြင့် အရာမရောက်ပါ။ ရှမ်းပြည် ပင်လုံညီလာခံတုန်းက ပေးထားသော ကတိကဝတ်များကို ချိုးဖောက်မည့် ညီလာခံတခုလည်း မဖြစ်သင့်ပါ။ ရှမ်းပြည်ပင်လုံညီလာခံမှ ကတိကဝတ်များကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့ကြ၍ လူများစု ဗမာနှင့် အခြားလူမျိုးများကြားတွင် သံသယပွားမှုများ ရှိခဲ့သည်။ ဤညီလာခံသည် ထိုသံသယများကို ပွားစေမည့် ညီလာခံတခု မဖြစ်သင့်၊ ထိုသံသယများကို ဖြေဖျောက်စေမည့် ညီလာခံတခုသာ ဖြစ်သင့်သည်။
ထိုသို့ဖြစ်လျှင် ဤညီလာခံတွင် အစိုးရအရာရှိများက ၅၀ ရာခိုင်နှုန်း၊ အတိုက်အခံများက ၂၀ ရာခိုင်နှုန်း၊ အသိပညာရှည် အတတ်ပညာရှင်၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၂၀ ရာခိုင်နှုန်း၊ တိုင်းရင်းသားများက ၁၀ ရာခိုင်နှုန်း တက်ရောက်စေမည်ဟု ဆိုလျှင် ပင်လုံထက်ရှုပ်သော ညီလာခံဖြစ်မည်မှာ သေချာလှသည်။ အကြောင်းမှာ ဗမာနှင့် အခြားလူမျိုးများကြား၌ ကာလရှည်ကြာ တည်ရှိနေသော အမြင်မကြည်မှုများကို ပိုမိုဆိုးရွားစေ၍ ဖြစ်သည်။
ဗမာမှအပ အခြားလူမျိုးများသည် ဗမာကဲ့သို့ တန်းတူနေလို၍ လက်နက်ကိုင် တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုတွင် ကျင့်သုံးသော Majority Rule ကို ပြည်နယ်တွင်လည်း တသမတ်တည်း ကျင့်သုံးစေလျှင် Equality မဖြစ်နိုင်ပါ။ ဤညီလာခံမျိုးတွင် Majority Rule အရ ခေါ်ယူလျှင် ဗမာမှအပ အခြားလူမျိုးများ မျှော်လင့်ထားသည့် ညီလာခံမျိုး မဖြစ်နိုင်တော့ပါ။ Equality အရ ခေါ်ယူမှသာ သံသယများ ကင်းစင်ကာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
တန်းတူရေးဖြစ်အောင် ပြည်နယ်ကို အခြေခံ၍ ဤညီလာခံကို ခေါ်ယူကျင်းပရပါမည်။ တိုင်း ၇ တိုင်းကို စုပေါင်း၍ ပြည်နယ်တခုနှင့် ဦးရေတူသော ကိုယ်စားလှယ်များကို စေလွှတ်ရပါမည်။ ဤညီလာခံကို အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ မူဝါဒများကို ခြယ်လှယ်ခြင်း လုံးဝမပြုသင့်ပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်စေသင့်သည်ဟု ဆိုလျှင် ယင်းအသိပညာရှင်၊ အတတ်ပညာရှင်များသည် ပြည်နယ် ၇ နှင့် တိုင်းပေါင်းစုံ ၁ ခုကို အခြေခံ၍ ဖိတ်ကြားသင့်သည်။ သို့မှသာ တန်းတူရေးမူနှင့် ကိုက်ပါမည်။
ဒုတိယအဆင့်မှာ တန်းတူရေးအတွက် သဘောတူညီချက်တခု ရရှိခဲ့လျှင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေအဖြစ် ပြုစေလျှင် လျော်ကန်သင့်မြတ်သည်ဟု ယူဆသည်။ သို့သော် တိုင်းရင်းသားကိုယ်စားလှယ်များကို လွှတ်တော်သို့ အလျဉ်စလို ဝင်စေရန် မလိုပါ။ သိန်းစိန်အစိုးရ၏ ဦးတည်ချက်များအနက် တခုမှာ အတိုက်အခံများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ၂၀၀၈ ဥပဒေကို လက်ခံပြီး လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်စေရေး ဖြစ်သည်။ တတိယအဆင့်တွင် အဆိုပါရည်မှန်းချက် အထမြောက်အောင်မြင်ဖို့ အားထုတ်ရန် အစီအစဉ်ရှိပုံရသည်။
လွှတ်တော်ကို ဝင်မဝင်ကိစ္စမှာ လွှတ်တော်မှာ တန်းတူရေး ရှိမရှိအပေါ်မှာ အခြေခံရမည် ဖြစ်သည်။ လက်ရှိ လွှတ်တော်မှာ ဒီမိုကရေစီနည်းကျခြင်း မရှိသေးပါ။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ရှိနေသရွေ့ ဒီမိုကရေစီနည်းကျမည်မဟုတ်။ ဒီမိုကရေစီနည်းကျခြင်းမရှိသည့် လွှတ်တော်မှာ တန်းတူရေးရှိဖို့ မလွယ်ကူပါ။ တခါတရံမှာ ဒီမိုကရေစီရေးနှင့် တန်းတူရေးသည်ပင် ပဋိပက္ခအသွင် ဆောင်နေသေးသည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးရဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါ။ ထိုသို့ဆိုလျှင် တိုင်းရင်းသားများသည် မိမိလည်ပင်း ကြိုးကွင်းစွပ်စေမည့်အလုပ် လုပ်မည်မဟုတ်ဟု ယူဆရသည်။
ထို့ကြောင့် ဒုတိယအဆင့်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် လွန်စွာအရေးကြီးသည်။ စကတည်းက တန်းတူရေးမဖြစ်လျှင် ဝင်မပါသည်က ကောင်းသည်။ တန်းတူရေးဖြစ်ခဲ့လျှင် အားတက်သရော ပူးပေါင်းပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားများ တိုက်နေသည့် တိုက်ပွဲသည် လူမျိုးတန်းတူရေးအတွက် ဖြစ်သည်။ ဒီမိုကရေစီရေးအတွက် မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအတိုက်အခံအင်အားစုများသည် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ကြ။ ဒီမိုကရေစီရေး (majority rule) အတွက် တိုက်ပွဲဝင်နေသူများ ဖြစ်ကြသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများမှာ လွှတ်တော်သို့ ဝင်၍ ဒီမိုကရေစီရအောင် လုပ်နိုင်ခြေရှိနိုင်သည်။ သို့သော် လူမျိုးတန်းတူရေးအတွက်ကား လွှတ်တော်နိုင်ငံရေးက ဘူမိနက်သန် နေရာမှန် မဟုတ်ပါ။ တိုင်းရင်းသားများက တခြမ်းပဲ့လွှတ်တော်ကို ဝင်နိုင်ဖို့ တိုက်နေသည်မဟုတ်။ မိမိပြည်နယ်လွှတ်တော်ကို မိမိတို့ စိတ်တိုင်းကျ ခေါ်နိုင်ဖို့ ဖြစ်သည်။ ယင်းပြည်နယ်လွှတ်တော်မှာသာ Majority Rule ကျင့်သုံးသင့်သည်။ ဒါမှသာ ပြည်ထောင်စုအင်္ဂါရပ်နှင့် လျော်ညီပါမည်။
(Majority Rule နဲ့ Equality မျှတအောင် ကျင့်ကြံပုံကို အကြောင်းသင့်က ဆက်လက် တင်ပြပေးပါဦးမည်။)
ထူးမခြားနား
Ven Ravika
ရေနောက်အောင် လုပ်နေတယ်
- လယ်သမားတွေရဲ့ဘဝကို ကရုဏာမသက်ဘဲ လယ်မြေများကို သိမ်းယူခဲ့၊ သိမ်းယူနေဆဲ အစိုးရ။
- အဓိကရုဏ်း (အထိကရုန်းမဟုတ်) ဖြစ်ဖို့ ကိုယ်တိုင်လုပ်သလို သူ့ဟာသူ ဖြစ်လာခဲ့ရင်လည်း အမြတ်ထုတ်တတ်တဲ့ အစိုးရ။
- တိုင်းရင်းသားမဟုတ်သူများကို မျက်နှာသာပေးခဲ့သူ၊ ပေးနေဆဲ အစိုးရ။
- မိမိတိုင်းရင်းသားများကို အခွင့်အရေးမပေးဘဲ နှိပ်စက်ခဲ့၊ နှိပ်စက်နေဆဲ အစိုးရ။
- မိမိကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများကို ဥပဒေနဲ့ အကာအကွယ်ယူပြီး စာနယ်ဇင်းလောကကို တရားစွဲမယ် တကဲကဲ ဖြစ်နေတဲ့ အစိုးရ။
- မိန်းမပျက်ပါးစပ်လို ကတိတွေကို ဖောဖောသီသီပေးပြီး လွယ်လွယ်ကူကူ ချိုးဖောက်နေတဲ့ အစိုးရ။
- ကိုယ်နှုတ်နှလုံး စောင့်စည်းမှုမရှိတဲ့ အစိုးရ။
အားလုံးခြုံကြည့်လိုက်ရင် ဒီအစိုးရဟာ ပြည်သူတို့ရဲ့စိတ် ဇဝေဇဝါဖြစ်အောင် တမင် အကွက်ဆင်နေခြင်းမျှသာ ဖြစ်တယ်။ အနားယူသွားလေသူ ဆရာကြီး လက်ရာအတိုင်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းမျှသာ ဖြစ်တယ်။ ရေနောက်အောင် မွှေနှောက်နေရုံမျှသာ ဖြစ်တယ်။ တကယ် အလုပ်လုပ်တဲ့ အစိုးရမဟုတ်။ မျက်နှာအပြကောင်းအောင် တိုင်းပြည်ကို ရောင်းစားနေတဲ့ အစိုးရမျှသာ ဖြစ်တယ်။
စော်ကားလွန်းလှတယ်
ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပြဿနာမှာ ရခိုင်လူမျိုးများကို တိုင်ပင်ခြင်းမပြုဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို မျက်နှာချိုသွေးပြီး ပြုမူခြင်းမှာ ပြည့်တန်ဆာကျင့် ကျင့်ခြင်းဖြစ်တယ်။ မဲလိမ်ပြီး တက်လာတဲ့ အမတ်တွေ၊ မဲမရှိဘဲ တက်လာတဲ့ အမတ်တွေ၊ မဲနိုင်လို့ တက်လာတဲ့ အမတ်တွေ စုဝေးနေထိုင်ရာ ပြည်ထောင်စုလွှတ်တော် ရှိရက်သားနဲ့ မတိုင်ပင်ဘဲ အရေးကြီးတဲ့ လူဝင်မှုကိစ္စကို လက်လွတ်စံပယ် လုပ်နေခြင်းမှာ လွှတ်တော်က အခွန်လွှတ်ဈေးလောက်တောင် တန်ဖိုးမရှိ ဖြစ်နေပြီ။
မြစ်ဆုံဆည်ကို နားထားတဲ့ သမ္မတကို လူတွေ ဝိုင်းချီးကျူးကြတယ်။ အခု မြစ်ဆုံဆည်ကို ပြန်ဆောက်ပြီ။ ပြည်သူတွေကို နားလှည့်ပါးရိုက်ခြင်းဖြစ်တယ်။ မီဒီယာရှေ့မှာ ပြောတာတမျိုး၊ ကွယ်ရာမှာ ဖြစ်နေတာက တမျိုး လူလိမ်လူညာ ပလီပလာအဆင့်ကနေ တက်လာခြင်း မရှိသေးပါ။ လူပုံအလယ်မှာ ပုဆိုးကျွတ်ရတာထက် ရှက်ဖို့ကောင်းပါတယ်။
ရေနံဓာတ်ငွေ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝင်ငွေထွက်ငွေကို စာရင်းမပြကြပါ။ အစိုးရကလည်း ယင်းဝင်ငွေများကို နိုင်ငံတော်ဝင်ငွေစာရင်းမှာ မပြပါ။ ပြခဲ့ရင်လည်း စာရင်းအတုသာ ဖြစ်တယ်။ စာရင်းဝှက်ခြင်း၊ စာရင်းအမှားပြုခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်းတို့ကြောင့် ထိုနိုင်ငံခြားသားများနဲ့ သမ္မတအစိုးရအဖွဲ့ဝင်တို့ကို သေဒဏ်ပေးသင့်တယ်။ (အမှန်တကယ် ပေးရမယ်လို့ မပြောပါ) ဒဏ်ငွေ ဘီလီယံပေါင်းများစွာ ရိုက်သင့်တယ်။ အခု သူတို့ကို ဆန္ဒပြသူများကိုသာ အပြစ်ပေးခံနေရတယ်။ ဒါတွေဟာ သူခိုးလူကို ဟစ်ခြင်းသာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေပါတယ်လို့ အသံကောင်းဟစ်ခဲ့တယ်။ ကြံ့ဖွတ်အမတ်တွေ ပြည်ပလေ့လာခရီး ထွက်ရုံနဲ့ သတင်းထဲ ထည့်ရေးတတ်တယ်။ အခု လူထုခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်ကို စိုးစိမျှ ဖော်ပြခြင်းမရှိ။ သမ္မတသိန်းစိန်မှာ စိတ်နှလုံးမွန်မြတ်ခြင်းမရှိ၊ ကျယ်ပြောခြင်းမရှိ။ ဣဿာပွားမှုသာ ရှိတယ်။ မြန်မာနိုင်ငံဆိုတာ ဘာလဲ ဒီတချက်ထဲနဲ့ သိတယ်။ မရင့်ကျက်သေးတယ့် သိန်းစိန်တို့ဟာ စစ်အစိုးရကျင့် စစ်အစိုးရကြံ ကြံနေတုန်းဆိုတာ မမေ့ကြဖို့ လိုတယ်။
တိုင်းရင်းသားတွေကတော့ အလိမ်ခံသင့်တယ်။ လက်ရှိနည်းအတိုင်း ဒီအစိုးရ လိမ်လာတာ အခါပေါင်း မနည်းတော့ဘူး။ ယုံလို့ကောင်းတုန်းဆိုတော့ လိမ်သူအပြစ်မဟုတ်တော့။ တပ် (မတော်) က ကချင်မှာ ကိုယ့်သွေးချင်းတွေကို သတ်ဖြတ်နေတယ်၊ နှိပ်စက်နေတယ်၊ ဒုက္ခသည်စခန်းဝင်ပြီး ဒုက္ခသည်တွေကို ဖမ်းဆီးနေတယ်၊ ဒါတွေကို ကန်းလို့ မမြင်ရတာလား၊ ပင်းလို့ မကြားရတာလား၊ အ လို့ ပြောမထွက်တာလား စဉ်းစားစရာပါပဲ။ ပင်လုံထက်ကျယ်ပြန့်သော ညီလာခံကို မျှော်လင့်နေပုံရတယ်။ ပင်လုံထက်ကျယ်ပြန့်သော ဆိုသည်မှာ ပင်လုံထက်ရှုပ်ထွေးသောဟု အဓိပ္ပာယ်ဖွင့်ဆိုချင်တယ်။ ၂၀၀၈ ဥပဒေကို ကျော်ပြီး သူတို့ ဘာမှ မပေးဘူးဆိုတာ သိထားကြစမ်းပါ။ နွားသိုးကြိုးပြတ်စစ်တပ်နဲ့ ဇက်ကြိုးမပါတဲ့ UNFC တို့ အကြိတ်အနယ် တွေ့ရမယ့်ပွဲပါပဲ။
ထူးမခြားနားပါပဲ
လက်ရှိအပြောင်းအလဲမှာ သာယာနေတဲ့ ပုဂ္ဂိုလ်တွေက ဒီစာကို အကြိုက်တွေ့ကြမှာ မဟုတ်ဘူး။ အရင်က အပစ်ရပ်တွေ ပြောသလိုမျိုး တပ်က နည်းနည်းငြိမ်သွားတယ်။ လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတယ်။ စာပေယဉ်ကျေးမှု အသက်ရှုခွင့်ရတယ်။ ဒါပေမယ့် စစ်တပ်က သူတို့ဒေသကို တိုးဝင်လာတာ၊ စစ်စခန်းတွေ တိုးချဲ့လာတာ၊ မဟာဗျူဟာမြောက်နေရာတွေကို ယူကုန်တာကို သူတို့က ပြောဖို့သတ္တိ သိပ်မရှိကြဘူး။
အခုလည်း လွှတ်တော်နိုင်ငံရေး ခေတ်စားလာတယ်။ ဒီလွှတ်တော်ကို အရင်းပြုလို့ သိန်းစိန်အစိုးရက ဆွမ်းလောင်းမလိုနဲ့ ဘုန်းကြီးသပိတ်ထဲက ဆွမ်းကို ခပ်ယူသွားတဲ့သဘော ဖြစ်နေတယ်။ အပြင်ပန်းကြည့်ရရင် ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းလှုပ်လို့ ရလာတဲ့သဘော ဖြစ်တယ်။ ဒါပေမယ့် သိန်းစိန်အစိုးရက ကွင်းတဝက် ဖိကစားထားတာကို ထောင့်စုံလေ့လာကြည့်ရင် သိသာပါတယ်။ အရင်းစစ်အစိုးရလိုပဲ သိန်းစိန်အစိုးရက ကဏ္ဍပေါင်းစုံမှာ နေရာတိုးယူနေတယ်။
- သူ့အစိုးရအဖွဲ့ဝင်များ
- သူ့ခရိုနီများ
- သူ့ဆွေမျိုးပေါက်ဖော် (တရုတ်နဲ့ ကုလား အပါအဝင်) များ
- အနောက်တိုင်းနိုင်ငံ (အမေရိကန် အပါအဝင်) များ
- ၈၈ မျိုးဆက်များ
... စသည်ဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ အင်အားတောင့်တင်းအောင် ကြိတ်ကြံနေတာကို တွေ့ရတယ်။ အတော်အသင့်လည်း အောင်မြင်မှုရှိပြီ ဖြစ်တယ်။ သူတို့အာဏာထောက်တိုင် ခိုင်ခန့်သထက် ခိုင်ခန့်အောင် ဒေါင့်စုံကြိုးပမ်းနေတယ်။ ဒီတော့ အရင်းက စစ်အစိုးရနဲ့ လက်ရှိ သိန်းစိန်အစိုးရ လုပ်နည်းကိုင်နည်းက ထူးသလိုနဲ့ အတူတူပါပဲ။
ထူးမလား စောင့်ကြည့်ဦးမယ်
၁။ ဒီဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို တက်ပါ့မယ်။ သူ့ပြည်ပခရီးထက် ပိုစိတ်ဝင်စားတယ်။ ဥပဒေကို ဘယ်လောက်ပြင်နိုင်မလဲ၊ ပြင်ထားတဲ့ ဥပဒေ ဘယ်လောက် အသက်ဝင်မလဲ၊ ရိုဟင်ဂျာလို ကြီးကျယ်တဲ့ ပြဿနာတွေတောင် လွှတ်တော်အရေးပေါ်ခေါ်ယူပြီး လူဝင်မှုဥပဒေကို သုံးသပ်ခွင့်မပြုဘဲ ထင်ရာစိုင်းလုပ်သွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ရောက်ပြီးရင် ဘာများထူးလာမလဲ စောင့်ကြည့်လေ့လာသင့်တယ်။
၂။ နိုင်ငံသားတွေကို ကျေးကျွန်လို ဆက်ဆံနေဆဲ မြန်မာအစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ဝတ္တရားကို ဘယ်လောက် လေးစားဖြည့်ဆည်းပေးနိုင်မလဲ။ လယ်မြေတွေကို သိမ်းပြီး ခရိုနီတွေနဲ့ ဝေမျှဝေစား လုပ်နေဦးမလား။ ပြည်သူက ရွေးချယ်တဲ့ အစိုးရ၊ ပြည်သူအတွက် အစိုးရ၊ ပြည်သူတို့ရဲ့အစိုးရ ဖြစ်လာမလား။ ဒါလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အစိုးရက ဒီမိုကရေစီအစိုးရ မဖြစ်သရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားနေတယ်လို့ ဘယ်သူပြောလဲ။ ပြောရင်လည်း ယုံမှာမဟုတ်။
၃။ တိုင်းရင်းသားတွေရဲ့ကိစ္စကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ တိုင်းရင်းသားတွေဟာ သူတို့အချင်းချင်း ယုံကြတာထက် စစ်အစိုးရကိုပဲ ယုံကြတာများတယ်။ စကားအရ သူတို့ ညီညွတ်ကြပါတယ်။ ဘဝတူတွေဖြစ်လို့ သူတို့ စုစည်းသလို ဖြစ်ကြပေမယ့် တကယ့်အရေးမှာ စစ်အစိုးရကိုပဲ အားကိုးကြတာ များပါတယ်။ ဒီသမိုင်းကို သူတို့ငြင်းလို့ မရပါဘူး။ အချင်းချင်း သစ္စာဖောက်ပြီး စစ်အစိုးရနဲ့ ပေါင်းဖို့ ဘယ်တုန်းကမှ ဝန်မလေးတဲ့အဖွဲ့များ ဖြစ်ကြတယ်။ ဒီတခါမှာလည်း သူတို့က ဦးအောင်မင်းကို ယုံပြီး ပုံအပ်လိုက်ပြန်ပြီ။ ၂၀၁၅ မတိုင်မီ ၂၀၁၄ လောက်မှာ ပင်လုံထက်ကျယ်ပြန့်သော ညီလာခံမှာ သူတို့ ဘာများရနိုင်မလဲ ရင်ခုန်စွာနဲ့ စောင့်မျှော်နေမိတယ်။
အဆိုးမြင်ဝါဒီလို့ သတ်မှတ်ချင် သတ်မှတ်ကြ။ စာရေးသူက ဒီလိုပဲ မြင်ပါတယ်။ အကောင်းဆုံးကို မျှော်လင့်ပေမယ့် အနာဂတ်ကိုတော့ မယုံဝံ့ပါ။
Ven Ravika
http://drlunswe.blogspot.com.au/
No comments:
Post a Comment