Thursday, July 12, 2012

ဆင်ခြင်စရာ မြန်မာ့နိုင်ငံရေးပါ

ဒေါက်တာလွဏ်းဆွေဘလော့မှ
Ven Ravika


၁။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ နိုင်ငံရေးကျွမ်းကျင်မှုဟာ တခြားစီပါ။ ဦးနုက ဘာသာရေးနဲ့ လူတွေကို စုတယ်။ နေဝင်းက အရက်၊ မိန်းမ၊ အာဏာနဲ့ လူစုတယ်။ မဟုတ်တဲ့ခေတ်မှာ လူမိုက်က အရာရောက်တာမို့ ဦးနုက ပြုတ်ရတယ်။ နိုင်ငံရေးမှာ အလျှော့ပေးရုံနဲ့ အောင်မြင်နိုင်တယ်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ စစ်တပ်ထားစရာ လိုမှာမဟုတ်။

၂။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာ ပြည်သူတို့ရဲ့ထောက်ခံမှုကို ရထားတယ်။ ပြည်ပမှာဆို ထောက်ခံမှု ပိုရတယ်။ အတိုက်အခံတွေက သူတယောက်ထဲကို အားကိုးနေသလို ဖြစ်နေတယ်။ ဒု-သမ္မတများ ဖြစ်မလား၊ အောက်လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်မလား ဒီမိုသမားတွေ ခန့်မှန်းရတာလည်း အမောပါပဲ။ ဒါပေမယ့် ဒု-သမ္မတနေရာကို တပ်မတော်သားကိုယ်စားလှယ်များက အဆိုပြုရမှာဆိုတော့ မျှော်လင့်ချက် သိပ်ထားလို့ မရတော့။ ပြည်သူတို့ရဲ့မဲနဲ့ တက်လာတဲ့ ပုဂ္ဂိုလ်တွေလည်းမဟုတ်တော့ သူတို့တင်သွင်းတဲ့ ဒု-သမ္မတလည်း ပြည်သူ့သမ္မတ မဟုတ်။ စစ်တပ်အတွက် ဒု-သမ္မတသာ ဖြစ်တယ်။ အခု ဦးမြင့်ဆွေကို ရွေးတယ်လို့ သတင်းထွက်နေပြီ။

၃။ သိန်းစိန်အစိုးရဟာ အပြင်ပန်းအားဖြင့် ပျော့ပျောင်းတယ် ထင်ရပေမယ့် နအဖထက် မာတဲ့ အစိုးရပါ။ အတိုက်အခံများကို လမ်းဖွင့်ပေးတာထက် သူတို့ လမ်းပွင့်ဖို့က အဓိကပါ။ အခုနေအခါမှာ မြစ်ဆုံဆည်ကို ပြန်ဆောက်နေပြီ။ အမေရိကန်တို့နဲ့ စီးပွားရေးစာချုပ် ချုပ်ခဲ့ပြီ။ တရုတ်နဲ့ အမေရိကန် မတူပုံကို စာရေးသူတို့ သိပါတယ်။ ဒါပေမယ့် စီးပွားရေးသမားဟာ စီးပွားရေးသမားပါပဲ။

ဒီ ၃ ချက်ကို စဉ်းစားကြည့်ပါ။ အဖြေထုတ်ကြည့်ပါ။ အပြန်အလှန်သုံးသပ်ရရင် ...

၁။ ဦးမြင့်ဆွေကို ဒု-သမ္မတအဖြစ်နဲ့ ရွေးတယ်ဆိုတာ သန်းရွှေခေတ် မကုန်သေးဘူးဆိုတာ ပြတယ်။ ဦးမြင့်ဆွေ ဒု-သမ္မတဖြစ်ခြင်းမှာ ကောင်းတဲ့အလားအလာမဟုတ်ဘဲ သန်းရွှေ မသေမချင်း သိန်းစိန်အစိုးရက ဘာမှ မလှုပ်ရဲသေးဘူးဆိုတဲ့သဘောကို ပြနေတယ်။

၂။ လွှတ်တော်ထဲဝင်တာ အတိုက်အခံလုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတွေက အတိုက်အခံလုပ်မှာကို ဆင်ဝှေ့ရန်ရှောင်ခြင်းသာဖြစ်တယ်။

၃။ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး တိုင်းရင်းသားမဟုတ်ဘူးလို့ အစိုးရက ကြေညာတယ်။ မသိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေတယ်။ သူတို့နှစ်ဘက်စလုံးက ပြည်သူတို့ရဲ့ ငြိုငြင်ခြင်း၊ ကမ္ဘာက မျက်စောင်းထိုးခြင်းကို ရှောင်ရှားနေကြတယ်။

၎။ ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၅ ရွေးကောက်ပွဲအတွက် အမာခံများကို တိတ်တဆိတ် တည်ဆောက်နေပြီး လက်ရှိလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က မပြောပလောက်တဲ့ စွမ်းဆောင်မှုသာ ရှိနိုင်မှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲကိုသာ ပစ်မှတ်ထားနေပုံရတယ်။

၅။ ပြည်ပနိုင်ငံများမှာ အင်အားရှိပြီး ဆုံးဖြတ်နိုင်စွမ်း၊ လုပ်နိုင်စွမ်း၊ ဆုံးဖြတ်ရဲ၊ လုပ်ရဲတဲ့ အစိုးရနဲ့ပဲ ပူးပေါင်းလိုကြတယ်။ ပြည်သူတို့ရဲ့သဘောဆန္ဒကို အမြဲတမ်းယူနေရင် ပြည်ပအစိုးရများကလည်း သိပ်မကြိုက်ကြ။ သိန်းစိန်အစိုးရမှာ ဒီအင်္ဂါရပ်များနဲ့ ပြည့်စုံတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဖြစ်လို့ ပြတ်သားမှု အားနည်းတယ်၊ မက်လုံးမရှိ၊ အခွင့်ထူးမပေး။ ဒါတွေဟာ အမှန်တရားဖြစ်ပေမယ့် သံတမန်ရေးမှာ အဖုအထစ်များ ဖြစ်တတ်တယ်။

အပြန်အလှန်သုံးသပ်ရင် ဒီအချက်တွေကို တွေ့ရတယ်။ ဒါပေမယ့် အဖွဲ့တိုင်းက လူအ လူနတွေ မဟုတ်ပါဘူး။ သူ့တွက်ရေးနဲ့သူ ရှိကြပါလိမ့်မယ်။ ကိုယ်စားဝင်ပြီး တွက်ကြည့်ရရင် ...

၁။ တိုင်းရင်းသားတွေက အစိုးရကို အယုံအကြည် အမှန်တကယ် မရှိ။ အခြေအနေအရ အပစ်ရပ်ထားရတဲ့ ပုံပါ။ အချို့က ဘာမှမလုပ်ဘဲ ပင်လုံကဲ့သို့ ညီလာခံကို စောင့်နေပါ့မယ်။ အချို့ကတော့ အင်အားမွေးနေပါလိမ့်မယ်။ အခြေအနေမကောင်းရင် ဝုန်းဒိုင်းပြန်ကြဲမယ်။ အခြေအနေကောင်းရင် အမတ်လုပ်ချင်လုပ်မယ်။ ဒါပေမယ့် သေချာတာတခု ရှိတယ်။ သူတို့ဟာ တန်းတူရေးကို တန်းတူရေးမရှိတဲ့ လွှတ်တော်မှာ မရနိုင်ဘူးဆိုတာပဲ။ ဒါကို သူတို့ သိကြတယ်။ သိကြပေမယ့်လည်း အဲဒီဆုံမှတ်ရောက်ရင် သူတို့အချင်းချင်း ထပ်ကွဲကြပါဦးမယ်။ သူတို့မှာ နိုင်ငံရေးဥသျှောင်တခု၊ ပြည်ထောင်စုတပ်မတော်တခု ထူထောင်ဖို့ ဖြစ်နိုင်ခြေမရှိပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူတို့က အခရာကျပေမယ့် အစိုးရကို ပြုတ်ကျအောင် တော်လှန်ရေးလုပ်နိုင်သူများ မဟုတ်လို့ သူတို့ နည်းနည်းလှုပ်ရင် အစိုးရက နည်းနည်းပစ်ကျွေးတဲ့စနစ်ကို ဆက်ပြီး ကျင့်သုံးသွားမှာ သေချာပါတယ်။ (ပစ်ကျွေးတယ်ဆိုတော့ သေနတ်ရော ပါတီ၊ ပုဂ္ဂိုလ်ရေးအခွင့်အရေးပါ ပါဝင်တယ်၊ အမျိုးသားရေးအတွက် မပါ)

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကျိန်သေနိုင်မယ်လို့ တွက်ထားပုံရတယ်။ အပြတ်အသတ် မနိုင်ခဲ့ရင်လည်း အခြားအတိုက်အခံများနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီချုပ်အနေနဲ့ ၂၀၁၅ မှာ အစိုးရဖွဲ့နိုင်မယ်လို့ ယူဆကြမှာဖြစ်တယ်။ လောလောဆယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်နဲ့ ကြိုဆိုတဲ့သဘောကို ပြသပြီး ယင်းရင်းနှီးမြှုပ်နှံမှုဟာ ဒီမိုကရေစီအပြောင်းအလဲကို အထောက်အကူပြုတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မကြာခဏ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါဟာ သိန်းစိန်အစိုးရကို အပြည့်အဝ မယုံသလို လာရောက်တဲ့ နိုင်ငံသားခြားများကိုလည်း သတိနဲ့ လက်ခံတဲ့သဘော၊ ဒီချုပ်ကို အထောက်အကူပြုစေလိုတဲ့ သဘောကို တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ လူထုကို တိုက်ရိုက်အကျိုးပြုမှပဲ ဒီချုပ်မူဝါဒကို အထောက်အကူပြုရာရောက်မှာမို့ ဒါတွေဟာ ဒီချုပ်အတွက် အင်မတန် အရေးကြီးပါတယ်။

၃။ ပြည်ခိုင်ဖြိုးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်ပုံပါပဲ။ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ တကယ်လို့ သူတို့ရှုံးခဲ့ရင် တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ အတိုက်အခံပါတီအချို့နဲ့ ညွန့်ပေါင်းဖွဲ့ဖို့ သူတို့မှာလည်း အကြံရှိပုံရပါတယ်။ ညွန့်ပေါင်းဖွဲ့ဖို့လည်း အမတ်ဦးရေ မလုံလောက်ရင်တော့ အင်အားကောင်းတဲ့ အတိုက်အခံပါတီအဖြစ်နဲ့ ရပ်တည်နိုင်ဖို့ သူတို့ ကြိုးစားကြပါလိမ့်မယ်။ စစ်တပ်အမတ်များက ရွေးကောက်ပွဲဝင်စရာ မလိုဘဲ ဒု-သမ္မတတဦး အဆိုတင်သွင်းခွင့်ရထားလို့ အစိုးရအဖွဲ့ကိုရော လွှတ်တော်ကိုပါ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှုများမှာ ပြည်သူများကို အကျိုးပြုတယ်ထားဦး၊ စာချုပ်ချုပ်ရင် သူတို့ခရိုနီများနဲ့ပဲ ချုပ်ဆိုထားရလို့ ဒီချုပ် လက်လှမ်းမမီတဲ့ကိစ္စတွေ ဖြစ်တယ်။ ရပ်ကွက်ကျေးရွာမှာကအစ ထကြွသောင်းကျန်းဖို့ လူကြမ်းတွေကို ငှားဖို့ သူတို့ခရိုနီတွေမှာ ငွေအရင်းအမြစ် အလုံအလောက်ရှိတယ်။ ဒီချုပ်ရဲ့ပထမသက်တမ်းကို ကောင်းကောင်း ဖျက်ဆီးပစ်နိုင်မှာပါ။

ဒီတော့ သိန်းစိန်အနေနဲ့ ဒီချုပ်ကို ဖြုတ်နိုင်ဖို့ ...

၁။ တရုတ်တွေ ကျေနပ်ဖို့ သူဟာ ဂေါဗာချော့ဗ် မဟုတ်ကြောင်း ပြဖို့ စီမံကိန်းအချို့ကို ပြန်ဖွင့်ပေးရပါ့မယ်။ ဒီမိုကရေစီလမ်းကြောင်းကိုလည်း စည်းကမ်းပြည့်ဝစေမှာပါလို့ ကတိပေးပါလိမ့်မယ်။ သူတို့အစိုးရဟာ အပြင်ပန်းအနေနဲ့ ခပ်ပျော့ပျော့ဖြစ်ပေမယ့် 7th July လိုမျိုး ကျုပ်တို့ ခွင့်မပြုရင် ဘာမှ လုပ်လို့မရသေးဘူးလို့ တရုတ်ကို အသိပေးခဲ့ပါပြီ။ အမှန်တကယ်လည်း သူတို့ ခွင့်မပြုရင် ဘာမှ လုပ်လို့မရသေးပါဘူး။

၂။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် အပါအဝင် အနောက်နိုင်ငံအစိုးရများဆီက ငွေချူလို့ရအောင်၊ အမှတ်ရအောင်၊ ထောက်ခံမှုရအောင် ရိုဟင်ဂျာများကို ဧည့်နိုင်ငံသားများအဖြစ် လက်ခံဖို့ သေချာသလောက်ပါပဲ။ ရိုဟင်ဂျာအရေးကို အသုံးချပြီး ကမ္ဘာ့အလယ်မှာ အတိုက်အခံများ၊ တိုင်းရင်းသားများ မျက်နှာပျက်အောင် လုပ်ပါလိမ့်မယ်။

၃။ တိုင်းရင်းသားများက တရုတ်ပြည်နယ်တွေအဆင့်လောက် သဘောတူခဲ့ရင် တိုင်းရင်းသားများကို သူတို့အခွင့်အရေး ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဟာ ပေးဆပ်မှုမရှိဘဲ သူတို့ပေးမှာမဟုတ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တိုင်းရင်းသားများကို အသုံးချပြီး ဒီချုပ်ကို အကျပ်ကိုင်ခဲ့ဖူးပြီ။ လက်ရှိအချိန်မှာ ဒီချုပ်ကို အသုံးချပြီး သူတို့က တိုင်းရင်းသားများနဲ့ ပြည်ပနိုင်ငံများကို မြူဆွယ်နိုင်ခဲ့ပြီ။ နောက်နှစ်အနည်းငယ်မှာ တိုင်းရင်းသားများကိုပဲ ပြန်အသုံးချပြီး လွှတ်တော်ရောက် ဒီချုပ်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်ဦးမှာပါ။

လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကျုံးထဲ သွင်းခဲ့ပြီမို့ သန်းရွှေအတွက်ရော သိန်းစိန်အတွက်ပါ စိတ်အေးရပါပြီ။ တိုင်းပြည်အတွက် အသုံးချခံရရင်လည်း ဝန်မလေးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ရွှေမန်း၊ ဌေးဦး၊ သိန်းစိန်တို့ကို အမြင်ကပ်တယ်ရယ်လို့တော့ မဟုတ်ပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နားမှာ ရစ်သီရစ်သီနဲ့ ငါးခူပြုံး ပြုံးနေပုံတွေကို မြင်ရင် မနည်း တရားနှလုံးသွင်းရပါတယ်။ လွတ်တော်ရောက် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေပြင်ရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၃ ရပ်ကို ပညာသားပါပါနဲ့ လိမ္မာပါးနပ်စွာ အကောင်အထည်ဖော်နိုင်ခဲ့တယ်ဆိုရင် ဖြေစရာရှိနိုင်သေးတယ်။ ဒါတွေက ဒီမိုကရေစီအုတ်မြစ်ဖြစ်လို့ အရေးကြီးတယ်။ အဲဒီလိုမဟုတ်ဘဲ ရွှေမန်းသြဝါဒကို နားထောင်ပြီး မပြောပလောက်တဲ့ နှာစီးချောင်းဆိုးဥပဒေများနဲ့သာ အလုပ်ရှုပ်ခဲ့သည်ရှိသော် ရင်ကျိုးရပါပြီ။

Ven Ravika
(ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
http://drlunswe.blogspot.com.au/

No comments:

Post a Comment