အက်ဆေး - ဒေါက်တာအောင်မင်း
လောကမှာ အောင်နိုင်ခြင်းနှင့်ရှုံးနိမ့်ခြင်းသည် ဒွန်တွဲနေပါတယ်။
သို့သော် အားကစားပြိုင်ပွဲများတွင် သရေကျ၍ မည်သူမျှမရှုံး၊ မည်သူမျှမနိုင်တာလည်း ရှိတတ် ပါတယ်။ အနိုင်၊ အရှုံး၊ သရေဆိုတဲ့ ရလဒ်ရဖို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ယှဉ်ပြီး ပြိုင်ကြပါတယ်။ ပြိုင်ဖို့ ယှဉ်ကြပါတယ်။ ယှဉ်ဖို့ အနှိုင်းခံနှင့် နှိုင်းစရာရှိကို ရှိရမှာ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူများ လုပ်ဖော် ကိုင်ဖက်များကြားမှာ Competition, Co-operation, Participation ဆိုတဲ့ ဒီစကားသုံးခွန်းကို မကြခဏ ပြောမိပါတယ်။
ဘယ်တော့ဖြစ်ဖြစ် အနည်းဆုံး ကိုယ်နဲ့ကိုယ်၊ ဒါမှမဟုတ် အခြားသူများ၊ နေ့စဉ်နှင့်အမျှ အချိန်တိုင်း Compete လုပ်နေရ ယှဉ်နေရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လုပ်ငန်းအဖွဲကအစည်း၊ လူ့အဖွဲ့အစည်းထဲမှာ ပူးပေါင်း ပါဝင်ဆောင်ရွက် နေရမှာလည်း ဖြစ်ပါတယ်။
ယှဉ်ပြိုင်တဲ့စိတ်နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ဆိုတော့ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။
ဒါကြောင့် ဒီသုံးခုကို တွဲပြီးလုပ်နိုင်တဲ့သူ ရှားနေတာပါ။ သို့သော် လုပ်နိုင်အောင် လုပ်ကြည့်ကြဖို့ ကြိုးစားကြည့်ကြဖို့် အကြိမ်ကြိမ်တိုက်တွန်းမိပါတယ်။
စတီဗင်ကိုဗေးကသူ့ရဲ့ Win-Win သီအိုရီကို နှစ်ဦးနှစ်ဖက်အကောင်းဆုံး အခြေအနေရွေးတတ်ဖို့ လက်လှဲတဲ့ သီအိုရီကို ဥပမာပေးပြောလေ့ရှိပါတယ်။
အခုလည်း ဒီဥပမာလေးကို ပြန်ပြောချင်ပါတယ်။
စတီဗင်က သူ့ထက်ဗလ ၂ ဆကြီးတဲ့ ပရိသတ်ထဲက လူတစ်ဦးကို ဖိတ်လေ့ရှိပါတယ်။
အဲဒီလူကို သူဘယ်လောက်အားသန်ကြောင်း၊ အခြားသူများကို သူဘယ်လိုအနိုင်ယူခဲ့ကြောင်း ပရိသတ်ရှေ့မှာ ပြောလေ့ရှိပါတယ်။
ဒီအခါမှာ သူရဲ့ပြိုင်ဘက်ဟာ သူ့ကိုမခံချင်စိတ်နဲ့ စူးစိုက်ကြည့်လေ့ရှိပါတယ်။
အဲ့ဒီနောက် မျက်နှာချင်းဆိုင်ထိုင်ခုံမှာ နှစ်ဦးစလုံး နေရာယူပါတယ်။ ပြီးတော့ ပရိသတ်ကြီးအပါအဝင် သူရဲ့ ပြိုင်ပွဲစည်းကမ်းကို ပြောပါတယ်။
'လက်လှဲချိန်ကို တစ်မိနစ်သတ်မှတ်ပါမယ်'။ 'ဒီတစ်မိနစ်အတွင်းမှာ ကျွန်တော် တစ်ခါနိုင်ရင် ပရိသတ် ကြီးက ကျွန်တော့်ကို တစ်ဒေါ်လာပေးပါ၊ အကယ်၍ ဟောဒီပြိုင်ဘက်က နိုင်ရင် ပရိသတ်ကြီးက ပြိုင်ဘက်အား တစ်ဒေါ်လာပေးပါ။ ကျွန်တော်တို့ နှစ်ဦးစလုံး အနိုင်အရှုံးမပေါ်ရင် ကျွန်တော်တို့နှစ်ဦး က ပရိသတ်ကြီးကို နှစ်ဒေါ်လာ ပြန်ပေးပါ့မယ်'
သဘောတူလားလို့ အားလုံးကို မေးပါတယ်။ သဘောတူတဲ့အခါမှာ ပြိုင်ပွဲစပါတယ်။
ပြိုင်ဘက်က အသာလေး လှချလိုက်ပါတယ်။
ပရိသတ်ကြီးက "ဟေး" လို့ ဝိုင်းအော်ကြပါတယ်။
ဒိုင်က 'ရပြီ စမယ် တစ်--နှစ်--သုံး လှဲ' လို့ ထပ်ပြောလိုက်ပါတယ်။
စတီဗင်က လက်ကို လျှော့ပေးလိုက်ပြန်ပါတယ်။
သူ့ပြိုင်ဘက်ကသူ့ကို နားမလည်သလို ကြည့်နေတယ်။ ပရိသတ်ကြီးက "ဟေး" လို့ ဝိုင်းအော်နေကြ ပါတယ်။
နောက်တစ်ပွဲ ပြန်စတယ်။
စတီဗင်က သူ့ပြိုင်ဘက်ကို 'မင်းငါ့ကိုရော ပေးမနိုင်တော့ဘူးလား' လို့ တိုးတိုးလေးမေးလိုက်တယ်။
ပြိုင်ဘက်ကသဘောမပေါက်ဘူး။ စတီဗင်ကို ငေးကြည့်တယ်။
နောက်သဘောပေါက်သွားတယ်။ သူ့လက်ကို လျှော့ပေးလိုက်တယ်။ စတီဗင်က လှဲချလိုက်တယ်။ ဒီလိုနဲ့ တစ်မိနစ်ပြီးသွားတယ်။
စတီဗင်က မတ်တပ်ရပ်ပြီး ပရိသတ်ကြီးကို မေးလိုက်တာက "ကျွန်တော်တို့နှစ်ယောက် ဘယ်လောက် စီ ရသွားတာလဲတဲ့"
ဒါက နှစ်ဦးနှစ်ဖက်ညှိလို့ရတဲ့ နှစ်ဦးစလုံးအတွက် Win-Win ရလဒ်အတွက် တင်စားချက်မဟုတ်တဲ့ ဥပမာကောင်းလေးပါ။
အခုလွန်စွာညှိရခက်တဲ့ ပိုရှုပ်ထွေးတဲ့ ဥပမာတစ်ခု ပေးချင်ပါတယ်။
ပညာရေးတက္ကသိုလ် PGDMA (Postgraduate Diploma in Multi-media Arts) ဘွဲ့လွန်မာလ်တီ မီဒီယာ ဒီပလိုမာ အတတ်ပညာသင်တန်းသားများ၊ Power Point Presentation လုပ်ရာမှာ အဋ္ဌမတန်း မြန်မာစာပါ မဟော်သဓာ "သားတရားစီရင်ခန်း" ကိုတင်ပြပါတယ်။
ဒီအကြောင်းအရာက လူတိုင်းရင်းနှီးပြီးသား ဖြစ်ပေမဲ့ ကျွန်တော်ပေးချင်တဲ့ ရှုပ်တယ်ဆိုတဲ့ ဥပမာလေး ပါပဲ-
သားတရားစီရင်ခန်းမှာ မိခင်ရွေးဖို့ မဟော်သဓာသုခမိန်က မြေ၌ စည်းတားစေကာ "သင်တို့ နှစ်ယောက်လုကြကုန်၊ လုနိုင်သော သူသာပိုင်ရှင်ဖြစ်စေ" ဆိုပြီး ကလေးငယ်အား လူမိန်းမကိုခြေ၊ ဘီလူးမကို လက်တို့ကို ကိုင်စွဲစေ၍ လုဆွဲစေပါတယ်တဲ့-
အားလုံး သိကြတဲ့အတိုင်းပါပဲ၊ မိခင်စိတ်ရှိသူက သားငယ်ရဲ့ နာကျင်ငိုကြွေးမှုကို မခံစားနိုင်ပါဘူး
သားငယ်ကိုလည်း နာကျင်စေလိုစိတ်မရှိပါဘူး။
ဒီတော့ ရှင်းပါတယ်၊ လုဆွဲရာမှ သားငယ်ကိုလွှတ်ပေးလိုက်ပါတယ်။
သားငယ်ကို လက်ဝယ်ရအောင်၊ မရအရ လုဆွဲနိုင်သူက ဘီလူးမဖြစ်ပါတယ်။
မဟော်သဓာက ဘယ်သူ့ကို အနိုင်ပေးခဲ့ပါသလဲ----။
ပြိုင်ပွဲရဲ့ မူလစည်းကမ်းအရ လုဆွဲနိုင်သူဘီလူးမကို အနိုင်ပေးရမှာဖြစ်ပေမဲ့၊ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က မိခင်ရင်းကို ရွေးဖို့ဖြစ်တော့ အရှုံးပေးခဲ့တဲ့ မိခင်စိတ်ရှိသူကို သားငယ်ကို ပြန်ပေးစေလို့ အနိုင်ပေးခဲ့ ပါတယ်။
ဒါကြောင့် ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ဆိုရင် ညှိယူလို့ရမှာ ဖြစ်ပါတယ်။ သူလျှော့သင့်တာ၊ ကိုယ်လျှော့ သင့်တာ၊ လျှော့တတ် တင်းတတ်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခါတစ်ရံ ညှိလို့မရတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။ အဲဒီအခါမှာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက် လုပ်သင့်တာနဲ့ လုပ်ဖြစ်တာ ကွာဟနေရင် အောင်နိုင်တယ်၊ အလုပ်ဖြစ်တယ်လို့ ထင်ရပေမဲ့ ရှုံးနေတတ်ပါတယ်။
မသိမသာ၊ မထင်ရှားတဲ့ မသိလွယ် မမြင်လွယ်တဲ့ ဖြစ်စဉ်ရဲ့နောက်ကွယ်က တောင်းဆိုနေတဲ့ လိုလားချက်တွေကြောင့် လွဲချော်နေတတ်တဲ့ လုပ်ရပ်တွေအတွက် မသိသာတဲ့ ရှုံးနိမ့်မှုတွေကို မသိလိုက်ဘဲ ရှုံးနိမ့်နေတတ်ပါတယ်။
သိသာတဲ့ ရှုံးနိမ့်မှုအတွက် သင်ခန်းစာယူ ပြင်ဆင်နိုင်ပေမဲ့ ကိုယ်ကိုယ်တိုင်မသိလိုက်ဘဲ မသိမသာ ရှုံးနိမ့်ခဲ့ရင်တော့ ပြင်ဆင်ချိန်မရနိုင်တော့တဲ့သဘာဝကို အထူးအလေးဂရုပြု ဆောင်ရွက်နိုင်ကြပါစေ။
ပညာတန်ဆောင် မဂ္ဂဇင်း
http://www.maukkha.org/index.php/book-store/essay-maukkha/2493-2012-11-03-09-11-57
No comments:
Post a Comment