The Rise and Fall of the Communist Party of Burma
(Bertil Lintner ရေး၍ ကျော်ဝင်းဘာသာပြန်သည်။)
ဘာသာပြန်သူ၏ စကားဦး
ဗမာပြည် ကွန်မြူနစ်ပါတီမှာ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုအတွင်းမှ ပေါ်ထွက်လာသော အစဉ်အလာကြီးသည့် နိုင်ငံရေးပါတီကြီး တစ်ရပ်ဖြစ်ပါသည်။ (ဤအချက်နှင့် ပတ်သက်လျှင် အငြင်းပွားစရာ ရှိလိမ့်မည် မထင်ပါ။) မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း အစိုးရ အဆက်ဆက်ကို တစ်လျှောက်လုံး တော်လှန်ပုန်ကန်ခဲ့သည့် အဓိက
လက်နက်ကိုင် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါသည်။ (ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် တော်လှန်ရေးကို လက်ခံ၊ လက်မခံ အသာထား။ ဤကိစ္စနှင့် ပတ်သက်လျှင်လည်း မည်သူမှ အငြင်းပွားလိမ့်မည် မထင်ပါ။) သို့နှင့်တိုင် ယခုအခါတွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီမှာ သမိုင်းထဲသို့ တိုးဝင်ပျောက် ကွယ်သွားတော့မည့် ဖြစ်စဉ်ထဲတွင် ရောက်ရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပါသည်။ (ဤကောက်ချက်နှင့် ပတ်သက်လျှင်လည်း စွဲလမ်းသူ အချို့မှလွဲ၍ အငြင်းပွားမည့်သူ မရှိတော့ဟု ယူဆရပါသည်။)
မည်သို့ပင်ရှိစေ သမိုင်းကို စိတ်ဝင်စားသူများ၊ မြန်မာ့နိုင်ငံရေးနှင့် မကင်းနိုင်သူများ အတွက် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဖြစ်စဉ် ဖြစ်ရပ်များက မေးသင့်မေးထိုက်သော၊ လေ့လာ ဆန်းစစ်အပ်သော အမေးပုစ္ဆာ တစ်ရပ်ကိုကား ချန်ထားခဲ့သည်ဟု သဘောရပါသည်။ "ဤမျှ အစဉ်အလာကြီးသော နိုင်ငံရေးပါတီကြီး တစ်ရပ်အနေနှင့် သမိုင်းနှင့်အတူ လိုက်ပါမသွားနိုင်တော့ဘဲ အဘယ့်ကြောင့် သမိုင်းဖြစ်စဉ်ထဲတွင် ပွန်းပြတ်-ပြတ်သွားရ ပါသနည်း" ဆိုသော ပုစ္ဆာဖြစ်သည်။ ယခု ဘာသာပြန် ဖော်ပြမည့်စာစုမှာ အဆိုပါ အမေးပုစ္ဆာအတွက် ပြည့်စုံလုံလောက်သော အဖြေ ဟုတ်ကောင်းမှ ဟုတ်နိုင်သည့် တိုင် စဉ်းစားဆဝါးစရာ များကား အထိုက်အသင့်ပါသည်ဟု ထင်ပါသည်။
မူရင်းစာရေးဆရာ “ဘာတင်းလစ်တနာ” မှာ သမိုင်းပညာရှင် တစ်ယောက်တော့ကား မဟုတ်ပါ။ သို့အတွက် သူ့စာအုပ် (The Rise and Fall of the Communist Party of Burma) မှာ သမိုင်းကျမ်းကြီးတစ်စောင်လို ရေပက်မဝင် ခိုင်မာတိကျချင်မှ တိကျပါလိမ့်မည်။ လစ်တနာမှာ နိုင်ငံရေး သမားတစ်ယောက်လည်း မဟုတ်ပါ။ သို့အတွက် သူ့စာအုပ်မှာ မြန်မာ့
နိုင်ငံရေးလေ့လာချက် စစ်တမ်းတစ်စောင်လို ဘက်စုံထောင့်စုံ၊ ကျယ်ပြန့် နက်ရှိုင်းမှု ရှိကောင်းမှ ရှိပါလိမ့်မည်။ အမှန်စင်စစ် သူသည် ဂျာနယ်လစ် တစ်ဦးမျှသာ ဖြစ်ပါသည်။ သို့တစေ ... စာကြည့်စားပွဲပေါ်မှာသာ ငုတ်တုတ်ထိုင် စာရေးနေသူ၊ ဂျာနယ်လစ်မျိုးကား မဟုတ်။ ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင်၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းတော်တော်များများ
နှင့် ဆက်စပ်နေသော နယ်မြေများသို့ ကိုယ်တိုင်သွားရောက် လေ့လာ၊ တွေ့ဆုံမေးမြန်းပြီးမှ ဤစာအုပ်ကို ပြုစုခဲ့ခြင်းဖြစ်သည်။
သို့အတွက် သူ့စာအုပ်ကို ဘာသာပြန်ဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ ဤသို့ ဘာသာပြန်ရာ တွင်လည်း ၁၉၉၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော ပထမအကြိမ် ပုံနှိပ်ခြင်းစာမူကို မယူ။ နောင် အနှစ် ၂၀ ကျော်ကြာ ၂၀၁၂ ခုနှစ်ရောက်မှ သူကိုယ်တိုင် တည်းဖြတ်ပြင်ဆင် ဖြည့်စွက်ထားသော စာမူကိုသာ ဘာသာပြန်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရေးအတွက် အရေးကြီးသည်ဟု ယူဆရသော ယခုစာအုပ်ကို ဘာသာ ပြန်ဖြစ်သည့် အတွက် မူရင်း စာရေးဆရာ ဘာတင်းလစ်တနာ ကို သော်လည်းကောင်း၊ ၁၉၉၀ ပထမအကြိမ် ထုတ်ဝေသည့် စာအုပ်နှင့် ၂၀၁၂ ဖြည့်စွက်ချက်များကို ရှာဖွေစုဆောင်းပေး သော မိတ်ဆွေကြီး ကိုလွင်ဦး (လှည်းတန်း) ကိုလည်းကောင်း ကျေးဇူးစကား ဆိုအပ်ပါသည်။
နိဒါန်း
အာရှဒေသ၏ အရှည်ကြာဆုံး ကွန်မြူနစ်ပုန်ကန် ထကြွမှုများထဲမှ တစ်ခုဖြစ်သော မြန်မာကွန်မြူနစ် များ၏ တော်လှန်ရေးမှာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ညမှာပင် နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါသည်။ ဤသို့ ဆုံးခန်းတိုင် သွားရသည်မှာ အောင်မြင်သော အစိုးရထိုးစစ်တစ်ခုကြောင့် မဟုတ်သလို သဘောထားကြီးသော လွတ်ငြိမ်းချမ်းသာခွင့် ပေါ်လစီတစ်ရပ်၏ အကျိုးဆက်လည်း မဟုတ်ပါ။ ကိုယ်တိုင်က အစိုးရကို တော်လှန်ပုန်ကန်နေသော “ဗမာပြည် ကွန်မြူနစ်ပါတီ” (CPB) ၏ အောက်ခြေတပ်သားထု ကြားမှ ပေါ်ထွက်လာသည့် တပ်တွင်း ပုန်ကန်ခြားနားမှုကြောင့် ဖြစ်ပါသည်။
CPB ဌာနချုပ်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီး ဝတောင်တန်းများ ပေါ်ရှိ မြို့ငယ်လေးတစ်မြို့ ဖြစ်သော “ပန်ဆန်း” တွင် အခြေစိုက်ထားသည်။ တပ်တွင်းသူပုန် တပ်ဖွဲ့များက ထိုညမှာပင် အဆိုပါ CPB ဌာနချုပ်ကို တစ်ဟုန်ထိုး ဝင်စီးခဲ့ကြသည်။ ကောင်းစွာ ဖြည့်တင်းထားသော ဗဟိုလက်နက်တိုက်နှင့် အခြားအဆောက် အအုံများကို သိမ်းပိုက်လိုက်ကြသည်။ ပါတီဆန့်ကျင်ရေး ခံစားမှုများဖြင့် ဒေါသဆူဝေနေကြသော ပုန်ကန်ခြားနားကြသူ များက မတ်စ်၊ အိန်ဂျယ်၊ လီနင်၊ စတာနင်၊ မော်စီတုန်း အမှူးပြုသော ကွန်မြူနစ်အိုက်ကွန်များ၏ ပုံတူ ဓာတ်ပုံကားချပ်များကို ရိုက်ချိုးပစ်လိုက်ကြသလို ကွန်မြူနစ် စာပေကျမ်းဂန် များကိုလည်း ဖျက်ဆီး ပစ်လိုက်ကြသည်။ ဤတွင် အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော စွဲမြဲသည့် မော်ဝါဒီ CPB ခေါင်းဆောင်ကြီးများမှာ နယ်ခြားမြစ် ကလေး “နာမ်ခ” ကို ဖြတ်ကာ တရုတ်ပြည်ထဲသို့ ဒရောသောပါး ထွက်ပြေး ရလေတော့သည်။ ဤသို့ဖြင့် သမိုင်းတွင် ပထမဦးဆုံးအကြိမ် အဖြစ် ကွန်မြူနစ် တော်လှန်ပုန်ကန်မှု တစ်ရပ်မှာ ၄င်း၏ အတွင်းပိုင်းပြိုကွဲမှုကြောင့် ရှုံးနိမ့် ပြိုကွဲသွားရပါလေ တော့သည်။
အမှန်စင်စစ် ဧပြီလ ၁၆ ရက်နှင့် ၁၇ ရက်က ပန်ဆန်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုခဲ့ပါ ဝရုန်းသုန်းကား ဖြစ်ရပ်ကြီးမှာ ရှောင်တခင် ပေါ်ထွက်လာသည်တော့ မဟုတ်ပါချေ။ နှစ်ပေါင်းမြောက်မြားစွာ တမြည့်မြည့် လောင်မြိုက်နေသော သက်ကြီးရွယ်အို ခေါင်းဆောင်မှုအပေါ် မကျေနပ်ရာမှ အကြောင်းခံ ဖြစ်တည် လာသည်ဟု ဆိုရမည်သာ ဖြစ်ပါသည်။ အဆိုပါကွန်မြူနစ်ခေါင်းဆောင် အဘိုးကြီးများမှာ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကာလ ကတည်းက အပြောင်းအလဲမရှိ တောက်လျှောက် ဆုပ်ကိုင်လာခဲ့ကြသော၊ ယခု အခါခေတ်နှင့် ပို၍ ပို၍ အံချော်နေပြီလည်း ဖြစ်သော နိုင်ငံရေးလမ်းကြောင်းကို စွန့်လွှတ်ဖို့ ခေါင်းမာမာ ငြင်းဆန် နေကြသည်။ ဒါကို အောက်ခြေရဲဘော်တွေက မကျေနပ်။ သည်လိုနှင့် ပါတီတွင်း ဘဝမှာ ကြိမ်မီးအုံးသလို ဖြစ်နေခဲ့သည်။
ပို၍ပင်အရေးကြီးသည်ဟု ဆိုနိုင်လောက်သည့် အကြောင်းရင်းခံ တစ်ရပ်မှာ ပါတီတွင်းရှိ လူမျိုးစုဆိုင်ရာ တင်းမာမှုများဖြစ်ပါသည်။ ပြောရလျှင် တပ်တွင်းပုန်ကန်မှုမှာ အဆိုပါလူမျိုးစု ဆိုင်ရာ တင်းမာမှု၏ ထင်ဟပ်ချက်ပင်ဖြစ်နိုင်သည်။ CPB လက်နက်ကိုင် တပ်ဖွဲ့များ၏ အများတကာ့ အများစုကြီးမှာ ဝေးလံခေါင်းဖျား ကြမ်းတမ်းခက်ထန်လှသော တရုတ်ဗမာ နယ်စပ်တောင်ပေါ် ဒေသများတွင် နေထိုင်ကြသည့် လူနည်းစု လူမျိုးစုများမှ လာကြသော တပ်သားတွေဖြစ်သည်။ သူတို့တစ်တွေ ကွန်မြူနစ်ပါတီ အလံအောက် ရောက်လာကြသည်မှာလည်း အိုင်ဒီအိုလိုဂျီထက် လူမျိုးစုဆိုင်ရာ မကျေနပ်မှုများနှင့် ယေဘုယျ အစိုးရဆန့်ကျင်ရေး စိတ်အခံကြောင့်သာ များသည်။ ခန့်မှန်းခြေအရ ကွန်မြူနစ်တပ်မတော် အောက်ခြေတပ်သားစု ၏ ၈၀ ရာခိုင်နှုန်းအောက်မှာ တရုတ်-ဗမာ နယ်စပ်တောင်ပေါ်သား လူမျိုးစု တစ်ခုဖြစ်သော ဝမျိုးနွယ်စုမှ ဝအမျိုးသားတွေဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ ၏ အစောပိုင်း နှင့် ၁၉၇၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလများ အတွင်း တရုတ်ပြည်၏ အကူအညီဖြင့် CPB တပ်ဖွဲ့များ၊ ထိုဒေသကို မထိန်းချုပ်နိုင်မီ ကဆိုလျှင် အဆိုပါ ဝလူမျိုးများမှာ တစ်ဖက်ရန်သူကို ခေါင်းဖြတ်သည့် အလေ့ပင်ရှိသည်ဟု ဆိုသည်။ CPB တပ်မတော်၏ တပ်မှူး အားလုံးနီးပါး ဆိုလျှင်လည်း အမျိုးမျိုးသော လူမျိုးစုအုပ်စုများမှ လာသူတွေသာ ဖြစ်သည်။ တပ်မှူးအချို့မှာ ဝအမျိုးသားတွေဖြစ်ပြီး အများစုမှာ ကိုးကန့်တရုတ်၊ ကချင်၊ ရှမ်းနှင့် အခြားလူမျိုးစုများ ဖြစ်သည်။ ဗမာဆို၍ မတ်(ခ)လီနင်ဝါဒီ၊ ပါတီခေါင်းဆောင် များနှင့် တပ်ဖွဲ့အသီးသီးတွင် တွဲဖက်တာဝန် ယူထားသော နိုင်ငံရေးမှူးတွေသာ ရှိသည်။
တပ်တွင်းပုန်ကန်မှု၏ နောက်ကွယ်တွင်ရှိသော နောက်ထပ်အရေး ကြီးသည့် အကြောင်းတစ်ခုမှာ CPB အခြေခံဒေသတွင် အလုပ်ဖြစ်နေသော အမြတ်အစွန်း အကြီးအကျယ်ရနေသည့် မူးယစ်ဆေးဝါး (ဘိန်း) အရောင်း အဝယ်ဖြစ်ပါသည်။ ၁၉၈၅ ခုနှစ်က ကျင်းပခဲ့သော CPB ၏တတိယ နှင့် နောက်ဆုံးကွန်ဂရက်တွင် ဘိန်းအရောင်းအဝယ်၊ ဘိန်းမှ ဆင့်ပွားလာသော ဘိန်းဖြူ ထုတ်လုပ်မှုနှင့် အခြားတရားမဝင် လုပ်ငန်းများကို ထိထိ ရောက်ရောက် အရေးယူကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ခက်နေသည်မှာ အဆိုပါ တရားမဝင် လုပ်ငန်းများတွင် ဒေသခံ တပ်မှူးများကိုယ်တိုင် ပါဝင် ပတ်သက်နေခြင်း ဖြစ်ပါသည်။
ပြောကြစတမ်းဆိုလျှင် ဘိန်းမှာ ဆယ်စုနှစ်အချို့ကြာ ကပင် CPB ဒေသ၏ ငွေဖြစ်လွယ်ဆုံး သီးနှံဖြစ်နေခဲ့သည်။ ပါတီကိုယ်တိုင်ကပင် ဘိန်းစိုက်သူ များနှင့် ဘိန်းရောင်းဝယ် ဖောက်ကားသူများကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံပြီး ခွင့်ပြုထားခဲ့သည်။ သို့တိုင်အောင် ဒေသတွင်း အင်အားပုံစံ ပြောင်းလဲလာသည်နှင့် ဘိန်းအရောင်းအဝယ် အရေးပါမှု မှာလည်း ပိုမိုမြင့်မားလာ ခဲ့ရသည်။ အထူးသဖြင့် ၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးသည့်နောက်ပိုင်း တရုတ်ပြည်က နိုင်ငံခြားရေး ပေါ်လစီသစ် ချမှတ်လိုက်သည့် အချိန်တွင်ဖြစ်ပါသည်။
၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များ အတွင်း CPB မှာ ဒေသတွင်း အခြားသော ကွန်မြူနစ် ပါတီများ လိုပင် တရုတ်ပြည်မှ အလွန် များပြားသော အထောက်အပံ့များ ရရှိခဲ့သည်။ သို့နှင့်တိုင် ပေကျင်းအနေနှင့် ၄င်း၏ စီးပွားရေးကို ခေတ်မီစေရန် နှင့် နိုင်ငံခြားကုန်သွယ်ရေး ကို မြှင့်တင်ရန် ကြိုးပမ်းလာသောအခါ အဆိုပါ ပါတီများကို ပေးသည့် အကူအညီများကို သိသိသာသာ လျှော့ချလိုက်ပါသည်။ ဤသို့ တရုတ်အကူအညီများ ဖြတ်တောက်လိုက်ခြင်းမှာ “ထိုင်းကွန်မြူနစ်ပါတီ CPT ကို ချက်ချင်းဆိုသလို ပြိုကျသွားစေခဲ့သလို “မလေးရှားကွန်မြူနစ်ပါတီ” CPM ၏နောက်ဆုံး နေ့များသို့လည်း ဦးတည်စေခဲ့သည်။ သို့တစေ မြန်မာနိုင်ငံတွင်ကား ကွန်မြူနစ် တော်လှန်ပုန်ကန်မှုမှာ ဆက်လက်ဖြစ်ပေါ် နေခဲ့သည်။ သို့တိုင်အောင် CPB အတွက်မူ ၄င်း၏ တပ်ဖွဲ့များကို လက်နက် တပ်ဆင်ရန်နှင့် ၄င်းထိန်းချုပ်ထားသော ဒေသအတွင်းရှိ စာသင်ကျောင်းများနှင့် ဆေးရုံ များကို ဆက်ထိန်းထားနိုင်ရန် အခက်အခဲများစွာ ဖြစ်လာစေခဲ့သည်။ ဤအခက်အခဲများကို ဖြေရှင်းနိုင်ရန် အတွက် ဘိန်းအရောင်းအဝယ် ပေါ်တွင် သာမက လွတ်မြောက်သည့် ဒေသအတွင်းရှိ လူထုအပေါ် တွင်ပါ အလွန် ကြီးမားသော အခွန်ကောက်များ တိုးမြှင့် ကောက်ခံလာခဲ့သည်။ ဤသို့အခွန် တိုးမြှင့် ကောက်ခံသည်ကို လူထုကမကျေနပ်။ သည်လိုနှင့် အရှေ့မြောက်ပိုင်း နယ်စပ်ဒေသ လူထုနှင့် ပါတီခေါင်းဆောင်မှု ကြား ပို၍ပို၍ ကင်းကွာလာစေရန် အကြောင်းဖန် လာပါတော့သည်။
ဤအချိန်မှာပင် ဒေသခံ ကွန်မြူနစ်တပ်မှူးများ အနေနှင့် ဒေသတွင်း ဘိန်းအရောင်းအဝယ်မှ အမြတ်များစွာ ရသည်ကို သဘောပေါက်သူတွေ ရှိလာကြရာ ပန်ဆန်း၏ ခေါင်းဆောင်မှုကို ဥပေက္ခာ ပြုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာကြသည်။ ပန်ဆန်းဘက်မှလည်း ပါတီအထောက်တော်များ စေလွှတ်ကာ အဆိုပါတပ်မှူးများ အပေါ် စုံစမ်း ထောက်လှမ်းမှုများ လုပ်လာသည်။ သူတို့တစ်တွေ၏ မမှန်မကန် အပြုအမှုများကိုလည်း ဗဟိုသို့သတင်းပို့ တိုင်တန်းသည်များ ရှိလာသည်။ နောက်ဆုံး CPB ခေါင်းဆောင်များ ကိုယ်တိုင်က "အခွန်ကောက်ခံခြင်းမှ လွဲ၍ ဘိန်းအရောင်းအဝယ် လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ မည်သည့်ပါတီဝင် ကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူမည်" ဟု တိတိကျကျ ကြေညာလိုက်တော့သည်။ "မည်သူမဆို ဘိန်းဖြူ နှစ်ကီလိုဂရမ်နှင့်အထက် လက်ဝယ် တွေ့ရှိလျှင် သေဒဏ်ကျခံစေရမည်" ဟု တရားဝင် ထုတ်ပြန်ကြေညာသည် အထိ ဖြစ်လာသည်။ အမှန်စင်စစ် CPB အခြေခံ ဒေသအတွင်း ဘိန်းဖြူ ထုတ်လုပ်နေသည်မှာ ဒေသခံ ကွန်မြူနစ်တပ်မှူးများ ကိုယ်တိုင်ပင် ဖြစ်ပါသည်။
ဆိုခဲ့ပါအတိုင်း မူးယစ်ဆေး (ဘိန်းနှင့် ဘိန်းဖြူ) အရောင်းအဝယ် လုပ်ငန်းများတွင် CPB ကေဒါများ ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်မှာ အိုင်ဒီအိုလိုဂျီ အရင်းခံပါတီခေါင်းဆောင်မှုအတွက် မျက်နှာပျက်စရာ ကသိကအောက် တစ်ခုလို ဖြစ်နေရသည်။ ဘိန်းဆန့်ကျင်ရေး တိုက်ပွဲဆင်နွှဲရန် တရုတ်ပြည်ဘက်မှ ဖိအားပေးနေသည် ဆိုသော အပြောအဆိုများမှာလည်း ဖြစ်နိုင်ခြေ ရှိလောက်သည်။ CPB အခြေခံဒေသမှ လျှံကျလာသော မူးယစ် ဆေးဝါးများမှာ တရုတ်ပြည်တွင် ပြဿနာ တစ်ရပ်လို ဖြစ်နေရသည်။ အရေအတွက်အရ ပို၍ ပို၍များလာသော ဘိန်းဖြူများ မှာလည်း မြန်မာပြည် နယ်စပ်ရှိ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှတစ်ဆင့် ဟောင်ကောင်သို့ မှောင်ခို ထွက်နေသည်။ ဤသို့ဖြင့် ဘိန်းဖြူဘိန်းမည်း ပြဿနာမှာ CPB ခေါင်းဆောင်မှု အတွက်သာမက တရုတ်ပြည်အတွက်ပါ ခေါင်းခဲစရာ ဖြစ်လာတော့သည်။
ဤကိစ္စနှင့် ပတ်သက်ပြီး ဟောင်ကောင်မှ အပတ်စဉ် ထုတ်ဝေလျက် ရှိသော ၁၉၈၇ ခုနှစ် ဇွန် ၄ ရက်ထုတ် “အရှေ့ဖျားစီးပွားရေး ရီဗျူး” တွင် ကျွန်တော် ယခုလို ရေးခဲ့ပါသည်။
" .... မူးယစ်ဆန့်ကျင်ရေး ပေါ်လစီကိုသာ တိတိကျကျ အရေးယူဆောင်ရွက်မည် ဆိုလျှင် CPB ၏ အိုင်ဒီအိုလိုဂျီ အရင်းခံထိပ်ပိုင်း ခေါင်းဆောင်စုနှင့် မူးယစ်ဆေး ကုန်သွယ်မှုမှ အမြတ်အစွန်း များစွာ ရနေသော ဒေသခံ ကေဒါအများစုကြားတွင် ပြင်းထန်သော ပဋိပက္ခများ ဖန်တီးပေးလိုက်သလို ဖြစ်နိုင်ပေသည်။ ဤအချက်ကြောင့်ပင် မူးယစ်ဆန့်ကျင်ရေး တိုက်ပွဲ၏ လက်တွေ့ ဖြစ်နိုင်ခြေအပေါ် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။ ဒေသတွင်း စောင့်ကြည့်လေ့လာ နေကြသူများ ကိုယ်တိုင်ကလည်း "ပါတီမကွဲစေရေး အတွက် အဆုံးတစ်နေ့တွင် မူးယစ်ဆန့်ကျင်ရေး တိုက်ပွဲကို လက်လျှော့ သွားပါလိမ့်မည်" ဟူ၍သာ ယူဆယုံကြည်ထား ကြ သည် ....”စသဖြင့်။ သို့နှင့်တိုင် ပါတီက မူးယစ်ဆန့်ကျင်ရေး တိုက်ပွဲကို မစွန့်ပါ။ သည်လိုနှင့် မလွှဲမရှောင်သာ ပြဿနာများနှင့် ကြုံရပါလေတော့သည်။
https://www.facebook.com/photo.php?fbid=575115069175423&set=a.164790403541227.32157.158797964140471&type=1&relevant_count=1
No comments:
Post a Comment