ဧရာဝတီ
မနက် အရုဏ်တက်ချိန်တွင် အမျိုးသမီးကြီး တယောက် အလုပ်သို့ သွားရန် ပြင်ဆင်နေသည်။ ဒီအလုပ်က သူ့ဘဝ တလျှောက်လုံး လုပ်ခဲ့ရသည့် အလုပ် ဖြစ်သော်လည်း သူ မလုပ်ချင်သည့် အလုပ်လည်း ဖြစ်သည်။
ပုဂံဒေသ၌ နိုင်ငံခြားသား ဧည့်သည်များ အများဆုံး လာရောက် လည်ပတ်ကြသည့် နေရာတခု ဖြစ်သည့် ညောင်ဦးမြို့ရှိ ရွှေစည်းခုံ စေတီတွင် ဒေါ်ခင်မေကဲ့သို့ အသက်ကြီးကြီး အမျိုးသမီးများ ဘုရားရင်ပြင် တဝိုက်ထိုင်ပြီး ခရီးသွားများထံက ငွေတောင်းနေကြသည်ကို တွေ့ရမည် ဖြစ်သည်။
အသက် ၆၇ နှစ် အရွယ်ထက် ပို၍ အိုမင်းနေသယောင် ထင်ရသည့် ဒေါ်ခင်မေ၏ မျက်နှာပေါ်မှ အရေးအကြောင်းများ နှင့် အရောင်လွင့်နေသော အဝတ်အစားများက ခက်ခဲကြမ်းတမ်းသော ဘဝကို ကျော်ဖြတ်ခဲ့ရကြောင်း ပြသနေကြ သည်။
“ကျမ ကလေးဘဝ ကတည်းက စပြီး ဒီအလုပ်ကို လုပ်လာတာပါ။ ကျမအဖွားနဲ့ အတူတူ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အချိန်က စလုပ်ခဲ့တယ် ဆိုတာကိုတော့ မမှတ်မိတော့ဘူး” ဟု သူက ပြောသည်။
ဒေါ်ခင်မေက ဘုရားကျွန် ဟုခေါ်ကြသည့် လူတန်းစားထဲမှ တဦး ဖြစ်ပါသည်။ ထိုလူတန်းစားတွင် လူဦးရေ အတော်အသင့် ကျန်နေသေးသော်လည်း ပျောက်ကွယ်စ ပြုနေပြီ ဖြစ်သည်။ ရွှေစည်းခုံ ဘုရားအနားရှိ ရွာတရွာတွင် အိမ်ထောင်စု ၁၀၀ ခန့် အခြေချ နေထိုင်ကြသည်။ တချို့ ရွာသားများက ပုဂံဒေသရှိ ထောင်ပေါင်း များစွားသော ဘုရားများကို ထိန်းသိမ်း စောင့်ရှောက်သူများ အဖြစ် နေထိုင်ရင်း လူအများ၏ ပေးကမ်းစွန့်ကြဲမှုများကို မှီခိုနေထိုင်ကြရ သည်။
ပုဂံ အင်ပါယာ ခေတ်ကောင်းစဉ်က ပုဂံမြို့တွင် ဘုရားပုထိုးပေါင်း ၁၀၀၀၀ ကျော်အထိ တည်ထား ကိုးကွယ်ခဲ့သည်ဟု ဆိုကြပြီး အများစုမှာ ၁၁ ရာစုနှင့် ၁၃ ရာစုနှစ်က တည်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် လွန်ခဲ့သည့် ထောင်စုနှစ် တခုနီးပါး ကတည်းက တည်ရှိခဲ့သည့် ဓလေ့အတိုင်း ဘုရားကျွန်များ အဖြစ် ဆက်လက် နေထိုင်သူ နေသူ ၂၀၀၀ ကျော် ရှိနေသေးသည်။
ဘုရားကျွန် မျိုးဆက်များသည် မိမိတို့၏ ကံတရားဟု ယုံကြည်မှုကြောင့် လည်းကောင်း၊ တာဝန်ဝတ္တရား အဖြစ် သဘော ထားကြ၍ လည်းကောင်း ပုဂံဘုရားများကို ထိန်းသိမ်းသူများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။ ဗုဒ္ဓရုပ်ပွား တော်များ၏ မျက်နှာတော် သန့်စင်ပေးခြင်း၊ ကြမ်းပြင်များ လှည်းကျင်းခြင်း၊ ဘုရားကို ဆွမ်းနှင့် သောက်တော်ရေများ ကပ်လှူ ပူဇော်ခြင်း စသည့်တို့က သူတို့၏ နေ့စဉ် အလုပ်များ ဖြစ်သည်။ ဤကဲ့သို့ နေ့စဉ် အလုပ်များ လုပ်ဆောင်ပေးရသည့် အတွက် ရရှိသည့် ထောက်ပံ့ကြေးက နည်းပါးသောကြောင့် ဘုရားကျွန် အများစုက သူတို့၏ စားဝတ်နေရေး အတွက် အလှူငွေ တောင်းခံကြသည်။
သို့သော်လည်း သူတို့ကို “သူတောင်းစား” ဟု မမြင်စေလိုကြ ပါ။
“ကျမတို့က ဆုတောင်းစားပါ။ သူတောင်းစားတွေ မဟုတ်ပါဘူး” ဟု ဒေါ်ခင်မေက ဂုဏ်ယူစွာ ပြောပါသည်။ သူတို့သည် တောင်းရမ်း စားသောက်သူများ မဟုတ်ဘဲ၊ တခြားသူများ အတွက် ဆုတောင်းပေးသည့် အတွက် ပြန်လည် စွန့်ကျဲသည့် ငွေကြေးကို ရယူခြင်း ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
“ကျမတို့ ဒီအလုပ်ကို လုပ်ကြတယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ ကျမတို့ရဲ့ မိရိုးဖလာ အလုပ်ဖြစ်လို့ ပါ။ ပြီးတော့ ငွေကြေး အခက်အခဲကြောင့်လည်း ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ပုဂံ ဘုရားကျွန်များ၏ ဇာတ်ကြောင်းက ရာစုနှစ်များစွာ အတွင်း အများ သိကြသည့် အမြင်နှင့် သူတို့၏ လူမှုရေး အခြေ အနေတို့ အကြား အတက်အကျ များစွာကို မြင်တွေ့ခဲ့ရသည်။ မကြာသေးခင် နှစ်များတွင် နိုင်ငံခြားဧည့်သည်များ လာရောက်မှု မြင့်တက်လာခြင်း ကြောင့် ဒေသခံများ၏ အမြင် ပြောင်းလဲလာပြီး အခွင့်အရေးများ ရှိလာကာ ပုဂံဒေသမှ ဘုရားကျွန်များ အတွက် တောက်ပသည့် အနာဂတ် ပေါ်လာသည့် အသွင်ရှိသော်လည်း အပြောင်းအလဲ များက ပိုကောင်းလာခြင်း သို့မဟုတ် ပိုဆိုးဝါးသွားခြင်း ဆိုသည့် အစွန်းတခုတွင် အဆုံးသတ်သွားနိုင်သည်။
ပုဂံခေတ်က လူ့ အထက်တန်းစားများ ဖြစ်ကြသော ဘုရင်၊ ဘုရင်၏ ဆွေတော် မျိုးတော်များ၊ ဘုရင့်အမှုထမ်း အရာရှိများက ဘုရားများ တည်ထား ကိုးကွယ်သော အခါ စေတီပုထိုးများကို ထိန်းသိမ်း စောင့်ရှောက်ရန် ဘုရားကျွန် များကိုပါ တပါတည်း လှူတမ်းလေ့ ရှိကြောင်း ပုဂံဘုရားများရှိ ကျောက်စာများအရ သိရသည်။ ထိုစဉ်မှ စ၍ ဘုရားကျွန် လူတန်းစား ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
မြန်မာ သက္ကရာဇ် ၅၈၅ ခုနှစ် (သို့) အေဒီ ၁၂၂၃ ခုနှစ် ရက်စွဲဖြင့် ရေးထိုးခဲ့သော လေးမျက်နှာဘုရား ကျောက်စာတွင် အလှူရှင်များက ဘုရားကို တည်ထားကိုးကွယ်ရာတွင် ဘုရားကျွန်များကိုပါ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များ ဖော်ပြ ထားသည်ကို တွေ့ရသည်။ ဘုရားစေတီများကို သန့်ရှင်းပေးခြင်း၊ သံဃာများအား ဆွမ်း၊ ကွမ်း စသည့်ဝေယာဝစ္စ ပြုလုပ်ပေးခြင်း အစရှိသော မွန်မြတ်သည့် အလုပ်တို့ကို အလှူရှင် ကိုယ်စား ပြုလုပ် ပေးရန် ဘုရားကျွန်များ ထားရှိခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုခေတ်က လူ့အသိုင်းအဝိုင်းတွင် ဘုရားကျွန်များကို အဆင့်အတန်း နိမ့်သောသူများ အဖြစ် မမြင်ခဲ့ကြပါ။ ဘုရား တည်သော အလှူရှင်တချို့က ဘုရားကို ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ရန် မိမိတို့ကိုယ် မိမိတို့ ဘုရားကျွန် အဖြစ် ပြန်လည် လှူဒါန်းခဲ့သော အထောက်အထားများလည်း ရှိပါသည်။
ပုဂံမြို့ အရှေ့ဘက်မှ ချောက်စေတီရှိ မြန်မာ သက္ကရာဇ် ၅၄၁ (အေဒီ ၁၁၇၉) ခုနှစ် ရက်စွဲဖြင့် ရေးထိုးထားသော ကျောက်စာ တချပ်တွင် “သင်ကြီး အဘိနန္ဒသူ၊ အမည် ငကြီးကိုယ်လှူ၏။ မယားကိုလည်း လှူ၏။ သမီးကြီးကိုလည်း လှူ၏။ သမီးငယ်နှင့် မောင်းမကိုလည်း လှူ၏” ဟု ရေးသားထားသည် ကို တွေ့ရပါသည်။
ဘုရားကျွန်များ စတင် ပေါ်ပေါက်လာစတွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဘုရားအား အလုပ်အကျွေးပြုရသည်ကို ရှက်စရာ ဟု မမြင်ဘဲ ဘုရားကျွန်များကို ထိုခေတ် လူမှုပတ်ဝန်းကျင်တွင် တခြားသူများနှင့် အဆင့်အတန်း တူညီသူ များဟု သဘောထား ခဲ့ကြသည် ဟု အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာတိုးလှက ဧရာဝတီသို့ ပြောသည်။
ထိုခေတ်က ဘုရားကျွန်များသည် အလှူငွေတောင်းခံခြင်း မပြုခဲ့ကြဘဲ ဘဝရပ်တည်ရေး အတွက် လယ်ယာ စိုက်ပျိုးခြင်း ကဲ့သို့သော အလုပ်များကို လုပ်ခဲ့ကြသည်။ တချို့ အလှူရှင်များက ဘုရားကျွန်များ စိုက်ပျိုး စားသောက်ရန် အတွက် လယ်မြေများ ပေးခဲ့ခြင်း လည်း ရှိပါသည်။
စစ်ပွဲများ၊ ကျူးကျော်မှုများနှင့် ခေါင်းဆောင်ပိုင်း အားနည်းမှုများ ကြောင့် ပုဂံအင်ပါယာ ပြိုလဲခဲ့ပြီးနောက်ပိုင်းတွင် စစ်သုံ့ပန်းများ၊ ပြစ်ဒဏ် ခံရသူများကို ပုဂံဘုရားကျွန်များ၏ နေရာတွင် ဖြည့်စွက်အသုံးပြုလာခဲ့သည်။ နောက်ဆုံး မြန်မာ မင်းဆက် ဖြစ်သော ၁၈ ရာစု အလယ်မှ ၁၈၈၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် ကုန်းဘောင်ဘုရင်များ လက်ထက် တွင် ဘုရားကျွန် များ၏ ဘဝအဆင့်အတန်း ကျဆင်းလာခဲ့ရပြီး အများစုမှာ တောင်းစား၍ အသက်မွေးကြရသည်ဟု သမိုင်းပညာရှင် ဒေါက်တာ တိုးလှက ဆိုသည်။
အသက် ၇၂ နှစ်အရွယ် ရှိပြီ ဖြစ်သော ဒေါ်မြသောင်းအား သူတို့ မိသားစု စားဝတ်နေရေး အတွက် မည်သည့် အလုပ်များ လုပ်ခဲ့ရသည်ကို မေးသည့် အခါ သူက “ကျမတို့ ငယ်ငယ်တုန်းက ကျမတို့ အတွက် အလုပ် မရှိဘူး။ ဒါကြောင့် သင်္ချိုင်းမှာ အလောင်းတွေကို သင်္ဂြိုဟ်ပေးလို့ ရတဲ့ ပိုက်ဆံနဲ့ စားရပါတယ်” ဟု ပြန်ဖြေသည်။ အလှူငွေ တောင်းခံခြင်း ဖြင့်လည်း အပိုဝင်ငွေ ရရှိသည်ဟု ထပ်ပြောသည်။
၁၉၆၀ ပြည့်နှစ်များ အထိ ဒေါ်မြသောင်းတို့ မိသားစု သရပါတံခါး အတွင်းဘက်တွင် နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ပုဂံ ဒေသက နိုင်ငံခြား ခရီးသွားများ အတွက် အချက်အချာ ကျသော နေရာတခု ဖြစ်လာသော အခါ အစိုးရက သူတို့ကို ရွှေစည်းခုံ ဘုရားအနီးရှိ ရွာသို့ အတင်းပြောင်းရွှေ့စေခဲ့သည်။
လူ့အသိုင်း အဝိုင်းက အမြင်ကျယ်လာပြီး ဘုရားကျွန်များ အပေါ် သဘောထား ပျော့ပျောင်းလာခဲ့သည်မှာ ဆယ်စုနှစ် ၂ ခု မျှသာ ရှိပါသေးသည်။ ကိုလိုနီခေတ် ကာလကတည်းက ရှိခဲ့သော ခွဲခြားဆက်ဆံမှုများကြောင့် ဘုရားကျွန်များမှာ အလုပ်အကိုင် ရရှိနိုင်ခြင်း မရှိဘဲ သာမန် ပြည်သူများနှင့် ဘုရားကျွန်များ အကြား ဆက်ဆံရေးများလည်း ပျက်ယွင်း လာခဲ့သည်။
ထိုသို့ ပြုမူဆက်ဆံခြင်း မျိုးနှင့် ကြုံတွေရသော ဘုရားကျွန် မျိုးဆက်များက ဘုရားကို စွန့်ခွာ၍ ပုဂံ မဟုတ်သည့် မြန်မာနိုင်ငံ၏ တခြားနေရာများသို့ ထွက်သွားကာ ပိုမိုကောင်းမွန်သော ဘဝများကို တည်ဆောက် ကြလိမ့်မည်ဟု ယူဆ သူများလည်း ရှိနိုင်ပါသည်။ သို့သော်လည်း ဘုရားကျွန် ဘ၀ကို စွန့်ခွာသူသည် အနာကြီးရောဂါ ဖြစ်လိမ့်မည် ဆိုသော ကာလရှည်ကြာစွာ စွဲမြဲခဲ့သည့် ယုံကြည်မှုကြောင့် ဘုရားကျွန်များ ဆက်ပြီး ရှိနေခဲ့သည်။
အဆိုပါ ယုံကြည်မှုနှင့် ပတ်သက်၍ သမိုင်း အထောက်အထားများ မတွေ့ရှိရ သလို၊ သိပ္ပံပညာ အရလည်း အတည် မပြုနိုင်ပါ။ ဘုရားကျွန်ရွာ၏ သမိုင်းကြောင်း အရ ထိုသို့ ထင်မြင်ကြခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အုပ်စိုးခဲ့သည့် အစိုးရက ဘုရားကျွန်များကို ရွှေ့ပြောင်း နေထိုင်စေခြင်း မပြုမီ ထိုနေရာတွင် အနာကြီး ရောဂါသည်များ နေထိုင်ခဲ့ကြခြင်း ကြောင့် ဖြစ်ပါသည်။ ယခုအခါမှာတော့ အနာကြီး ရောဂါ ဖြစ်ပွားမှု မတွေ့ရှိရတော့ပါ။
ပုဂံချစ်သူများ အသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ အသက် ၃၀ အရွယ် ကိုမင်းနောင်က ဘုရားကျွန်များသည် တောင်းစားခြင်း မပြုလျှင် အနာကြီးရောဂါ ရလိမ့်မည် ဆိုသည့် ဒဏ္ဍာရီကို ယုံကြည်သော အမျိုးသမီးတယောက် အကြောင်း ဧရာဝတီသို့ ပြောပြ ခဲ့သည်။
“လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက ကျနော်နဲ့ အဒေါ်လို ခင်တဲ့ အမျိုးသမီး တယောက်ရှိတယ်။ သူက အရမ်းချမ်းသာ တယ်။ ရွှေချောင်းတွေလည်း ပိုင်တယ်။ ဒါပေမယ့် တခါတလေ သူ့ကို သိတဲ့သူတွေ မမှတ်မိအောင် ရုပ်ဖျက်ပြီး ပိုက်ဆံ ထွက်တောင်းတယ်” ဟု သူက ဆိုသည်။
သို့သော်လည်း ထိုယုံကြည်မှုက တဖြည်းဖြည်း ပျောက်ကွယ်စ ပြုနေပြီ ဖြစ်သည်။
“အခု ကျမမှာ ဒီလို အယူသီးမှုတွေ မရှိတော့ပါဘူး။ စီးပွားရေး အခက်အခဲ ကြောင့်သာ အခုလိုမျိုး လုပ်နေရတာ။ ချမ်းသာတဲ့ ကျမရဲ့ ဆွေမျိုးတချို့ ကတော့ မလုပ်ကြတော့ပါဘူး” ဟု ဒေါ်မြသောင်းက ပြောသည်။
ဘုရားကျွန်များ၏ ပုံရိပ်ကို ပြန်လည်ထူထောင်ရန် အားထုတ်မှုများလည်း ယခင်ကတည်းက ရှိခဲ့ကြောင်း ၁၉၄၈ ခုနှစ် တွင် ပြောကြားခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ မိန့်ခွန်းတခုအရ သိရသည်။
“ရှေးအခါကစ၍ ရှေးမင်းများ၏ အာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ သင်ချိ စသည်တို့ကို ယနေ့မှ စ၍ ရှေးမင်းတို့၏ အာဏာကို ကျွန်ုပ် ပယ်ဖျက်၍ ထိုသူတို့၏ သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြစေ ဟူ၍ ကျွန်ုပ်အမိန့်ချမှတ်သည်။ ဤပြည်ထောင်စု နိုင်ငံတော် အတွင်း ရှိရှိသမျှသော နိုင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် ပါရှိသည့်အတိုင်း တဦးနှင့်တဦး အခွင့်အရေး တူညီကြစေ” ဟု သူက ကြေညာခဲ့သည်။
၁၉၅၅ ခုနှစ်တွင် လူမှုဖူလုံရေး ၀န်ကြီး ဦးဘစောက ဦးဆောင်၍ ဘုရားကျွန်များ လွတ်မြောက်ရေးနှင့် ချေးငွေများ ထုတ်ပေးခြင်း၊ ထောက်ပံ့ကြေး ပေးခြင်း၊ တခြားသော အသက်မွေး ဝမ်းကျောင်းမှုများ လုပ်ကိုင်နိုင်ရေး အတွက် လေ့ကျင့် သင်တန်း ပေးခြင်းများဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ်သော ညီလာခံ တခု ပြုလုပ်ခဲ့ပါ သည်။
သို့သော်လည်း ဗျူရိုကရေစီ ကြိုးနီစနစ်နှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများ ကြောင့် အစီအစဉ်များက ထိရောက်ခြင်း မရှိခဲ့ပါ။
“ကျမ အဲဒီ ညီလာခံကို တက်ဖို့ အခွင့်အရေး ရခဲ့တယ်” ဟု ရွှေစည်းခုံဘုရား၏ ဘုရားကျွန် ဖြစ်သော ဒေါ်ခင်မေက ပြောသည်။ သူက မူလတန်းကျောင်းမှ နုတ်ထွက်ခဲ့ရသူ တဦး ဖြစ်ပြီး ညီလာခံ၏ ရလဒ်များက သူ့ဘဝခရီး အတွက် အနည်းငယ်သာ အထောက်အကူ ဖြစ်ခဲ့သောကြောင့် ဝမ်းနည်း ကြေကွဲနေသည်။
ယနေ့အချိန်တွင် ပုဂံမှ ဘုရားကျွန်များ အတွက် မျှော်လင့်ချက် အသစ်များ ရှိကောင်း ရှိလာနိုင်ပါသည်။ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး ကောင်းမွန်လာပြီးသည့် နောက်တွင် နိုင်ငံခြား ခရီးသွားများ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာ ကြသောကြောင့် ဟိုတယ်၊ ဆောက်လုပ်ရေးနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် အလုပ်အကိုင် နေရာများ အများအပြား ပေါ်ပေါက်လာသည်။
ထို အပြောင်းအလဲများက အသက် ၇၆ နှစ်အရွယ် ဒေါ်ကြွယ် အတွက် နောက်ကျနေပြီ ဖြစ်သော်လည်း သူ၏ မြေးများ အတွက်တော့ နောက်မကျသေးပါ။
“အခု မြေးအကြီးက ဆောက်လုပ်ရေးမှာ အလုပ် လုပ်နေတယ်။ မြေးမအငယ်လေး ကတော့ ကျောင်းတက်နေပါတယ်” ဟု ဒေါ်ကြွယ်က ဧရာဝတီသို့ ပြောသည်။
“လူငယ်တွေ အလုပ် လုပ်ချင်ကြတယ်။ ဒီလို တောင်းစားနေရတာ တွေနဲ့ ကျမတို့က ကျိန်စာသင့်နေတဲ့ မျိုးဆက် ဆိုတဲ့ ကောလာဟလတွေ ပျောက်သွားစေချင်တယ် ဆိုရင် အလုပ် အခွင့်အလမ်းတွေ များများဖန်တီးပေးဖို့ပဲ လိုအပ်ပါ တယ်” ဟု သူက ဆိုသည်။
ညောင်ဦးမြို့တွင် မွေးဖွားခဲ့ပြီး ညောင်ဦးမြို့မှာပင် နေထိုင်လျှက်ရှိသော အငှားကား လုပ်ငန်းပိုင်ရှင် အသက် ၄၀ အရွယ် ဦးရန်နိုင်ထွန်းက ဘုရားကျွန်များ သီးသန့်နေသော ရွာဟူ၍ မရှိတော့ကြောင်း ဘုရားကျွန်ရွာတွင် တခြား သူများကလည်း အိမ်ခြံမြေများ ဝယ်ယူခြင်း၊ ရွှေ့ပြောင်းနေထိုင်ခြင်းများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်း ပြောသည်။ တိုးတက်မှု တခု၏ သင်္ကေတဟု ဆိုနိုင်သော်လည်း တချိန်က ကြဉ်ထားခြင်း ခံခဲ့ရသည့် ဘုရားကျွန်များ သို့မဟုတ် ဘုရားစေတီများကို ထိန်းသိမ်း စောင့်ရှောက်ရသူများ အပေါ် အပြည့်အဝ နားလည်မှု ပေးနိုင်သည့် အနေအထားသို့ မရောက်ရှိသေး ဟု သူက ဆက်ပြောသည်။
“အခုတော့ ဘုရားကျွန်တွေကို အရင်ကလို ဆိုးဆိုးဝါးဝါး ခွဲခြားဆက်ဆံမှုတွေ မရှိတော့ပါဘူး။ သူတို့ အလုပ်တွေလည်း လုပ်နိုင်နေပါပြီ။ ဒါပေမယ့် ဒေသခံတွေက ဘုရားကျွန် မျိုးဆက်နဲ့ လက်ထပ်ဖို့တော့ စိတ်မကူးကြ သေးဘူး” ဟု ဦးရန်နိုင်ထွန်းက ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် နိုဘယ်ဇော်၏ In Bagan’s ‘Pagoda Slaves,’ a Devout and Discriminatory Legacy Lives On ကို နိုင်မင်းသွင် ဘာသာပြန်သည်။)
No comments:
Post a Comment