ondragstart="return false" onselectstart="return false"

Wednesday, July 1, 2009

နအဖ အစိုးရဟာ အဝေးရောက် နိုင်ငံတကာ ကရင်များ နှင့် သူတို့ ၏မိခင် ကေအန်ယူ အစည်းအရုံးကြီး သွေးစည်းညီညွတ်နေ သည်ကို ကြည့်ပြီး တုန်လှုပ်ခြောက်ခြားနေ သည်

နအဖ အစိုးရဟာ အဝေးရောက် နိုင်ငံတကာ ကရင်များ နှင့် သူတို့ ၏မိခင် ကေအန်ယူ အစည်းအရုံးကြီး သွေးစည်းညီညွတ်နေ သည်ကို ကြည့်ပြီး တုန်လှုပ်ခြောက်ခြားနေ သည်ဆိုဒါ အောက်ပါ ဆောင်းပါး ကိုကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။ အဝေးရောက်ကရင် အမျိုးသားအပေါင်းတို့ ရောက်ရာအရပ်မှာ အမျိုးသားရေးတာဝန်ကိုထမ်းဆောင်ကြပါ။ မိခင်အစည်းအရုံး ကေအန်ယူကို ၀ိုင်းရံကြပါ၊ ထောက်ပံကြပါ။ အောက်ပါ ဆောင်းပါးသည် နအဖ ၏ ၀ါဒဖြန့် ချီရေး ဘလော့တစ်ခုမှ ကူးယူဖေါ်ပြသည်။

အဆိပ်ဆူးတွေနှစ်မြုပ်ထားတဲ့ ကိတ်မုန့် တွေ
မောင်မင်းချင်း
june 30, 2009
ယခုတလော KNLA သောင်းကျန်းသူ အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ် တစ်လျောက် မှာ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါ နိုင်ငံများမှ မျိုးဆက်သစ် ကရင်လူငယ် ဆိုသူတွေကို KNU တပ်မဟာ(၇)နဲ့ ပူးပေါင်းဖို့ စီစဉ် လုပ်ဆောင်လျက် ရှိတယ်လို့ ကြားသိရ ပါတယ်။ ဒီလူတွေဟာ ယင်းတို့ နေထိုင်ခဲ့တဲ့ နိုင်ငံများရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ပြန်ကြား ဆက်သွယ်ရေး၊ စည်းရုံးရေး သင်တန်းများကို တက်ရောက်ပြီး သူများ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ မျိုးချစ် ကရင် အစည်းအရုံးလို့ ခေါ်တဲ့ PKA မှ KNU သို့ စုဆောင်း ပို့ပေးခဲ့တဲ့ လူအင်အားဟာ ၁၀၀ ဦး ခန့်ရှိပြီ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ အမေရိကန် နိုင်ငံမှာ နိုင်ငံသား ခံယူခဲ့သူ တွေက များပါတယ်။ လက်ရှိ အနေအထားဟာ DKBA နဲ့ KNU တို့ရဲ့ ခံယူချက် သဘောထား ကွဲလွဲမှုကြောင့် ဖြစ်ပေါ်ရတဲ့ ပြည်တွင်းက ပြဿနာ တစ်ရပ် သက်သက်သာ ဖြစ်ပါတယ်။ ဒါကို ရေရှည် အမြင်နဲ့ မြင်တတ် ကြည့်တတ်တဲ့ အမေရိကန်နဲ့ အပေါင်းအပါ နိုင်ငံတွေဟာ မြန်မာနိုင်ငံ ကနေ နည်းလမ်း မျိုးစုံနဲ့ ဥပဒေကို ချိုးဖောက် ထွက်ပြေးလာသူ တွေကို နိုင်ငံသား အဖြစ် လက်ခံပြီး ပြည်တွင်း ပြဿနာ ရပ်တွေမှာ အသုံးချ နိုင်ရေး အရှက်တရား ကင်းမဲ့စွာ ပြောင်ပြောင် တင်းတင်း လုပ်ကိုင်ခဲ့တာ လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။
အမေရိကန်တွေရဲ့ သူတစ်ပါး နိုင်ငံရေး ၀င်ရောက်စွက်ဖက်ပုံကို သမိုင်းကြောင်း ပြန်လည် ကောက်စစ်ကြည့် မယ်ဆိုရင် ကျူးဘားနိုင်ငံ မှာလည်း ပြည်တွင်းက ပြည်ပြေး တွေကို မွေးမြူပြီး မြှောက်ပင့် ပေးမှုတွေကို သမိုင်းမှာ ဖျောက်ဖျက်လို့ မရအောင် အထောက်အထား ထင်ရှားစွာ ကျန်ရစ် စေခဲ့ပါတယ်။ ဒီလို ကျူးဘားမှာ ပြည်ပြေး ကျူးဘား များကို အသုံးချခဲ့ တာနဲ့ ပတ်သက်လို့ ထိုခေတ်က အမေရိကန် သမ္မတ အိုင်စင်ဟောင်ဝါ ပါဝင်ပတ် သက်ခဲ့ပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်လည်း ဆိုရင် အိုင်စင်ဟောင်းဝါ ရဲ့ ကိုယ်ရေး မှတ်တမ်း များမှာ ဒီလို ဖော်ပြထား ပါတယ်။ “ ၁၉၆၀ ပြည့်နှစ် မတ်လ ၁၇ ရက်နေ့တွင် အထူးသဖြင့် ဂွာတီမာလာရှိ ကျူးဘား ပြည်ပြေးများ ဇာတိ နိုင်ငံသို့ ပြန်သွားနိုင်မည့် အနာဂတ် မျှော်မှန်းချက်ဖြင့် ကျူးဘား ပြည်ပြေး များကို စတင် သင်တန်း ပေးရန် ကျွန်ုပ်က CIA ကို အမိန့် ပေးခဲ့သည် ” ဟု ဖော်ပြထားတာ တွေ့ရပါတယ်။ အမေရိကန် သမ္မတ အိုင်စင်ဟောင်ဝါ သည် ကျူးဘား သမ္မတာ ကစ်စထရိုကို သတ်ဖြတ်ရေး အစီအစဉ်များ တင်ပြသော အမျိုးသား ကောင်စီ အစည်းအဝေးများ ကိုလည်း တက်ရောက် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ ပါသေးတယ်။ ဒါကြောင့် အမေရိကန်ဟာ အခုလို မြန်မာနိုင်ငံ အပေါ် လုပ်ကြံနေတဲ့ နည်းလမ်း တွေနဲ့ ၁၉၆၀ ခုနှစ် ၀န်းကျင်လောက် ကတည်းက အသားကျ နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို နည်းလမ်း တွေဟာ အမေရိကန်တို့ အတွက် ပမွှား ထမင်းစား ရေသောက် အဆင့် လောက်သာ ရှိလို့ မခက်ခဲတာ ထင်ရှားစွာ တွေ့မြင် နေရတာ ဖြစ်ပါတယ်။ နောက် ဒီလို လုပ်ရပ်တွေဟာ အမေရိကန် တို့ရဲ့ ထုံးစံ အတိုင်း ပြိုင်ဘက်ကင်း Super Power နိုင်ငံဖြစ်တယ် လုပ်ချင်ရာလုပ် အားလုံး တင့်တယ်တယ် ဆိုတဲ့ အမြင်နဲ့ လုပ်နေတာ လို့လည်း ယူဆလို့ ရပါတယ်။
၁၉၅၃ ခုနှစ် ၀န်းကျင် မှာလည်း အမေရိကန် ဟာ အီရန်နိုင်ငံမှာ ရှားဘုရင်ကို တင်မြှောက်နိုင်တဲ့ အထိ CIA ရဲ့ အခန်းကဏ္ဍက ရှေ့တန်းကို ရောက်လာ ခဲ့တယ်။ CIA က ရှားဘုရင်ကို ထောက်ခံသူ များအား အကြီးအကျယ် လာဘ်ထိုးပြီး လမ်းပေါ်မှာ ဆန္ဒပြပွဲတွေ ဖြစ်အောင် ဖန်တီး လုပ်ဆောင် ခဲ့တယ်။ ၁၉၇၆ ခုနှစ်မှာ ကမ္ဘာ့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး ကော်မတီက CIA လေ့ကျင့် ပေးထားတဲ့ ရှားဘုရင် လုံခြုံရေး တပ်တွေ SAVAK ဟာ ကမ္ဘာမှာ အဆိုးရွား အရက်စက်ဆုံး တပ်တွေ ဖြစ်တယ်လို့ ကြေညာ ခဲ့ပါတယ်။ CIA သင်ပေးထားတဲ့ သူတို့ အသုံး ပြုတဲ့ ညှင်းပမ်း နှိပ်စက်နည်း တွေဟာ တော်တော်ကိုမှာ မယုံကြည်နိုင် လောက်အောင် ရက်စက် လွန်းတယ် လို့ ကမ္ဘာမှာ သမိုင်းတွင်ကျန် ခဲ့တာပါပဲ။ ဒါကြောင့် အမေရိကန်ဟာ နိုင်ငံတစ်နိုင်ငံ ကို သွေးထွက်သံယို ဖြစ်မှုတွေ အပြစ်မဲ့ ပြည်သူတွေ အသက် ဆုံးရှုံးအောင်၊ အိုးမဲ့အိမ်မဲ့ဖြစ်အောင်၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေ ဖြစ်အောင် အခြေအနေ တွေကို အချိန်ယူ ဖန်တီး တတ်သူတွေ ဆိုတာ ငြင်းလို့ မရတဲ့ သမိုင်း မှတ်တိုင်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်လည်း အမေရိကန် CIA တို့သည် ယခုအခါမှ ၀င်ရောက်စွက်ဖက်ခဲ့သည် မဟုတ်၊ ဦးနု လက်ထက်ကပင် ၀င်ရောက်ခဲ့ ကြကြောင်း သမိုင်းကြောင်း အထောက်အထား များစွာ ရှိပါတယ်။ ဒီသမိုင်း ကြောင်းတွေ ထဲက အချို့ကို ဖော်ပြရပါမူ ၁၉၅၀ ၀န်းကျင်တွင် CIA တို့သည် အရှေ့ဖျား OPC ၀န်ထမ်း ၆၀၀ ကျော် ခန့်ထား ဆောင်ရွက် ခဲ့ပါတယ်။ ဒီ ၀န်ထမ်းတွေဟာ ပျောက်ကြား လေ့ကျင့်မှု၊ ပစ္စည်းထောက်ပံ့မှု၊ အခြား နိုင်ငံများ အပေါ် ကျော်ဖြတ် ပျံသန်းမှု၊ တရုတ် ပြည်မကြီးကို ၀ါဒဖြန့်ရန် ရေဒီယိုမှ ထုတ်လွှင့်မှု၊ မိုးပျံဘောလုံး များမှ စာရွက်များ ကြဲချမှုနှင့် အခြား လုပ်ငန်းများ ပြုလုပ်ရန် အတွက် အထောက်အကူ ပြုရန် ဖြစ်ပါတယ်။ ယင်းလုပ်ငန်း များကို CIA က WESTERN ENTERPRISE အမည်ခံ ထားသော ကူးသန်း ရောင်းဝယ်ရေး ကုမ္ပဏီက ပြုလုပ်ပါတယ်။ ဒီ ကုမ္ပဏီနှင့် ထိုင်းနိုင်ငံက အရှေ့တောင် အာရှ ထောက်ပံ့ရေး ကုမ္ပဏီ တို့ဟာ အမည်ခံ ညီနောင် ကုမ္ပဏီများ ဖြစ်ပါတယ်။ ဒီကုမ္ပဏီ တွေဟာ မြန်မာနိုင်ငံကို ကျူးကျော်၍ ယူနန်ပြည်နယ်သို့ ၀င်ရောက် ရန် စီမံကိန်းကို ထောက်ခံ အားပေး ရာတွင် ပူးပေါင်း ဆောင်ရွက် ခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အပေါ် CIA တို့ဟာ ဘိန်း ထုတ်လုပ်ရေးကို အားပေးအားမြှောက် လုပ်ဆောင် ခဲ့ပါတယ်။ ယူနန် တပ်မတော်က ထွက်ပြေး လာတဲ့ စစ်သည် ၁၂၀၀၀ကိုလည်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ စခန်းချရေး အားပေး ကူညီခဲ့ပါတယ်။ ဒီလို ယူနန် စစ်တပ်တွေ စခန်းချပြီး ဘိန်း ထုတ်လုပ်ခဲ့လို့ မြန်မာနိုင်ငံ အနေနဲ့ အများကြီး နစ်နာ ခဲ့ရတာပါ။ ဒီ မူးယစ်ဆေးဝါး ပြဿနာကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တော်တော်ကို ဖြေရှင်း နေခဲ့ရတာ ဖြစ်ပါတယ်။ အဓိက တရားခံ ကတော့ အမေရိကန်ပဲ ဖြစ်တယ် ဆိုတာ တစ်ကမ္ဘာလုံး ကသိပါတယ်။
အီရတ်နိုင်ငံ ဆိုရင်လည်း တစ်စစီ ကြေမွ ပျက်စီးခဲ့ပြီး လူတွေရဲ့ အသက်ပေါင်း များစွာလည်း ယနေ့တိုင် ပေးဆပ် နေရဆဲပါ။ ဒါ့အပြင် အီရတ်နိုင်ငံရဲ့ ခေါင်းဆောင် ဆဒမ်ဟူစိန်ကို ကြိုးပေး ကွပ်မျက်တဲ့ အထိလည်း ခေါင်းဆောင်မှ အစ ပြည်သူတွေပါ မကျန် ဒုက္ခသုက္ခ ရောက်အောင် လုပ်ဆောင်ခဲ့တာ လူသားချင်း စာနာ ထောက်ထားတဲ့ လုပ်ဆောင်ချက် တွေလား ဆိုတာ ဆူးတွေ နှစ်မြုပ် ကျွေးတဲ့ ကိတ်မုန့်ကို စားနေရ သလိုပါပဲ။
ဒီ အထောက်အထား တွေကို ကြည့်မယ် ဆိုရင် အခု မြန်မာနိုင်ငံ အပေါ် အမေရိကန်နဲ့ အပေါင်းအပါ နိုင်ငံတွေရဲ့ လုပ်ဆောင် နေတဲ့ လုပ်ဆောင်ချက် တွေဟာ ယင်းတို့ အတွက် လုပ်နေကြ လုပ်ငန်းတွေ ဖြစ်လို့ မြန်မာနိုင်ငံကို ဘယ်လိုနည်းနဲ့ ၀င်မွှေနှောက် ရမယ် ဆိုတဲ့ နည်းလမ်း တွေကို လက်တွေ့ကျကျအကောင်အထည် ဖော်နေခြင်း ဖြစ်ပါတယ်။ KNU နယ်မြေ အတွင်းကို အမေရိကန်တို့ လေ့ကျင့်ထားတဲ့ သူခိုး ဓားရိုးကမ်း တေလေဂျပိုး တစ်စုကို စမ်းသပ် အသုံးချပြီး မြန်မာနိုင်ငံ ပြိုကွဲရေး နည်းလမ်းသစ် ကို ဖော်ထုတ် လိုက်တာ ပဲလို့ ထင်မြင် ယူဆမိ ပါတယ်။ ဒါကြောင့် လူမျိုးစု၊ လူ့အခွင့် အရေး၊ ဒုက္ခသည် စတဲ့ ခေါင်းစဉ် အောက်ကနေ အဆိပ်ဆူးတွေ နှစ်မြှုပ် ထားတဲ့ ကိတ်မုန့်တွေ ကျွေးသလိုမျိုး အမေရိကန်ရဲ့ ယုတ်မာ ပက်စက်တဲ့ အကြံဆိုး လုပ်ရပ် တွေကို မြန်မာ ပြည်သူ ပြည်သားတွေ ထွင်းဖောက် မြင်နိုင်ကြ ပါစေကြောင်း နိုင်ငံချစ်စိတ် အရင်းခံပြီး တင်ပြ လိုက်ရပါတယ်။

1 comment:

saw aung zin said...

မင်းချမ်းရေ ဒါဟာနည်းသေးပါတယ်.နောက်ထပ်ဒီအများနင်တွေ့ရအုံးမယ်.နောက်ထပ်ကရင်မျိုးဆက်သစ်တွေအများကြီးဘဲ.တွေ့ကြရအုံးမှာပေါ့..ကိုယ့်ကိုကိုယ်အထင်ကြီးပြီးမြောက်ကိုးရီးယားကိုသခင်တင်တဲ့နအဖရေ...

Post a Comment