ondragstart="return false" onselectstart="return false"

Sunday, August 30, 2009

လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို

Kaowao
သြဂုတ် ၃၀၊၂၀၀၉။

စံခလပူရီ(သြဂုတ်-၃ဝ)။ ။ စစ်အစိုးရသည် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတွေအကြား အထင်လွှဲမှားမှုများ ဖြစ်ပေါ်လာစေရန် ဖန်တီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်နောင်တွင် စစ်အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်လာသည့် အခါ ဆင်ခြေများပေးနိုင်ရန် အကွက်ထွင်ထောင်ခြောက်ဆင်သည့် နည်းလမ်းဖြစ်သည်သည်ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုခဲ့သည်။

“လူထုတွေက ဒီလိုမြင်သွားယင်နောက်ပိုင်းမှာ သူတို့အနေနဲ့ ကျွန်တော်တို့ပေါ်မှာ တစုံတရာပေါ့ဗျာ အရေးယူလာ မယ်ဆိုယင် ဒါကသူတို့ရဲ့အလွန်မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်အောင် ဖန်တီးထားတဲ့ သဘောလို့ ကျွန်တော် တို့ ထင်မြင်ပါတယ်။”ဟု နိုင်ဟံသာက ဆိုသည်။

အပစ်ရပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ အပါအဝင် KNU မှ စောသမိန်ထွန်း၊ DAB အထွေထွေအတွင်းရေးမှူး Dr ကျော်ညွန့်နှင့် ABSDF ကျောင်းသားခေါင်းဆောင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပန်းတိုင်လှုပ်ရှားမှုအဖွဲ့အမည်နှင့် မြန်မာပြည်အတွင်းနေရာအနှံ့အပြား၌ လူထုအုံကြွမှုဖြစ်စေရန် လူ ၆၀ ဦးနှင့်ဖေါက်ခွဲရေးပစ္စည်းများ စေလွှတ်ထားကြောင်း ကျေးရွာရယကများ အကြား တွင် သြဂုတ်လဆန်းပိုင်းက စစ်အစိုးရမှ ရယကများထံ ပေးပို့ခဲ့သော လှို့ဝှက်ညွှန်ကြားချက်များဖြန့်ဝေခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါစစ်အစိုးရတို့ လှို့ဝှက်ဖြန့်ဝေသောစာများကို မွန်ပြည်သစ်ဗဟိုဌာနချုပ်မှ တဆင့်လက်ခံရှိပြီး သက်ဆိုင်ရာ ခရက၊မယကရုံးများကိုလည်း ၄င်းစာပါအကြောင်းအရာအရ မြန်မာနိုင်ငံဒီမိုကရေစီ ပန်းတိုင်လှုပ်ရှားမှု အဖွဲ့ အစည်းအဝေးကို မည်သည့်ရက်၊ မည်သည့်နေရာပြုလုပ်ခဲ့သနည်းဟု မေးမြန်းသောအခါ တိတိကျကျ အဖြေမပေး နိုင်ပဲ ဝေ့လည်ကြောင်ပတ်နည်းဖြင့်သာ အဖြေပေးခဲ့သည်ဟု နိုင်ဟံသာမှ ဆက်လက်ပြောဆိုခဲ့သည်။

“အဲဒီစာဖြန့်တဲ့သတင်းကို ကျွန်တော်တို့ရတော့ သေချာအောင်ဆိုပြီးတော့မှ ကျွန်တော်တို့က နယ်တွေမှာ အဲဒီစာတ စောင်ရရှာပြီးတော့မှ ကျွန်တော်တို့ဗဟိုကိုပို့ပေးပါလို့ ကျွန်တော်မှာလိုက်တယ်။ နောက်လေးငါရက်အတွင်းမှာ အဲဒီ စာရောက်လာတယ်။ အဲဒီစာထဲမှာတွေ့ရတာက မော် လမြိုင်ခရကရုံးကနေပြီးတော့မှ မြို့နယ်မယကရုံးဆီပို့တယ်။ မြို့နယ် မယကရုံးကနေပြီးတော့မှ ကျေးရွာတွေကြားထဲမှာ တွေ့ရတယ်။ အဲဒီစာကိုကျွန်တော်တို့တွေ့ရတော့ ကျွန်တော်တို့လူတွေကနေတဆင့်ပေါ့ဗျာ သက်ဆိုင်ရာ အာဏာပိုင်တွေကို မေးထားခိုင်းတယ်။ သူတို့ဆီကနေ ဘာပြန်ကြားသလဲဆိုတော့ သူတို့မှာလဲ ခိုင်မာတဲ့အထောက်အထားဆိုတာ ဘာမှမရှိဘူးခင်ဗျ။ သဘောကတော့ ဒါကလံကြုတ်လုပ်ကြံထားတဲ့ဟာ တခုလို့ ကျွန်တော်တို့မြင်တယ်။

နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းလဲရေးတွင် သဘောထားတင်းမာသည်ဟု ယူဆရသော အပစ်ရပ်ခေါင်းဆောင် အချို့ အား ပုဂ္ဂိုလ်ရေးအရ အမှုဆင်ဖမ်းဆီးရန် စစ်အစိုးရမှဖန်တီးနေပြီး ခေါင်းဆောင်အချင်းချင်း ညီညွတ်မှုအားနည်း နေသည့် အဖွဲ့အစည်းအချို့အား စစ်အစိုးရမှ ပါတီများအစိတ်စိတ်အမွှာမွှာ ကွဲသွားစေသည့် လုပ်ဆောင်ချက်များ ပြုလုပ်လာသည်ကို ကိုးကန့်အဖွဲ့တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက စတင်တွေ့ရှိလာရသည်။

လတ်တလောဖြစ်ပေါ်နေသော စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကိုလက်မခံသည့် မြန်မာပြည် အရှေ့မြောက်ပိုင်းဒေသရှိဦးဖုန်ကြားရှင် နေအိမ်ကို မူးယစ်ဆေးဝါးနှင့် လက်နက်ဝင်ရှာသည့် အကြောင်းပြချက်ဖြင့် စစ်အစိုးရမှ ပြဿနာဖန်တီးခဲ့ပြီး ကိုးကန့်အဖွဲ့အစည်းအား နှစ်ခြမ်းကွဲစေကာ ဒေသတွင်းတိုက်ပွဲများ ဖြစ်ပေါ်လျှက် ရှိသည်။ဖုန်ကြားရှင်အဖွဲ့သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲမှုကို ပထမဆုံးပြုလုပ်ခဲ့သော အဖွဲအစည်း ဖြစ်ပြီးအနှစ် ၂၀ ကျော်ကြာ လောက်ကိုင်ဒေသတစ်ဝိုက်တွင် ငြိမ်းချမ်းခဲ့သည်။

အလားတူကိုးကန့်အဖွဲ့တွင်း ဖြစ်ပေါ်နေသောဖြစ်ရပ်ကဲ့သို့ပင် အခြားအပစ်ရပ်အဖွဲ့များအတွင်း ဆက်လက်ပြုလုပ် နိုင်ရန် စစ်အစိုးရကဖန်တီးလျှက်ရှိသည်။ အပစ်ရပ် မွန်ပြည်သစ်ပါတီအပေါ် ကိုးကန့်အဖွဲ့ကဲ့သို့ စစ်အစိုးရက ပြုလုပ် ဖန်တီးလာမည်ကို တော်လှန်ရေးသတိ ရှိစေလိုကြောင်း ယမန်နေ့ကကျရောက်သော ၃၈ နှစ်မြောက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့တွင် MNLA တပ်ရင်းမှူးတစ်ဦးက ပြောဆိုခဲ့သည်။

No comments:

Post a Comment