ondragstart="return false" onselectstart="return false"

Tuesday, September 7, 2010

ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါး (ရဲမှူးကြီး-ငြိမ်း) နှင့် တွေ့ဆုံခြင်း

ပိတောက်မြေမှပြန်လည်ရယူသည်။ http://padaukmyay.blogspot.com/2010/09/blog-post_06.html

ထက်ခေါင်လင်း

(ကရင်တိုင်းရင်းသား အခြေခံပါတီ တစ်ခုဖြစ်တဲ့ ကရင်ပြည်သူ့ ပါတီရဲ့ မူဝါဒများ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂ ရက် နေ့ထုတ် Messenger ဂျာနယ်မှာ ဖော်ပြထားတဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ )

၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသား ပါတီ တစ်ခုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို ပထမဆုံး ပြောပြပေးပါလား။

ဘာကြောင့် ရွေးကောက်ပွဲ ဝင်ရသလဲ ဆိုတာ ကရင် တစ်မျိုးသားလုံး အတွက် ရရှိတဲ့ အခွင့်အလမ်း (Space)နဲ့ နေရာ (Platform)ကို ယူပြီး ကိုယ်စားပြု ပြောဆိုနိုင်ရန်နဲ့ ကရင် အမျိုးသားများ အပါအဝင် ဖြစ်တဲ့ ပြည်သူ တစ်ရပ်လုံး အတွက် အကျိုးပြုနိုင်ရန် အတွက်ပါ။

ကရင်ပြည်နယ် တစ်နယ်တည်း အနေနဲ့ ဝင်ပြိုင်မှာလား၊ မြန်မာနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်မှာလား။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်မှာပါ။

ဒါဆိုရင် မြန်မာနိုင်ငံ အနှံ့ပြန့်ကျဲနေတဲ့ ကရင် အမျိုးသားတွေ အတွက် ဘယ်လို ရည်စူးထားပါသလဲ။

တို့က ဦးစားပေး အဆင့်လေးတွေ လုပ်ထားတာ ရှိတယ်။ တစ်ကတော့ လူနည်းစု အခွင့်အရေး ပေးထားတဲ့ တိုင်းနဲ့ ပြည်နယ် တွေပေါ့။ လူနည်းစု အခွင့်အရေးတွေ ရမယ့် တိုင်းနဲ့ ပြည်နယ် ငါးခုရှိတယ်။ အဲဒါ ဘာလဲ ဆိုတော့ ဧရာဝတီတိုင်းက ကရင် အများစုရှိတယ်။ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း အဲဒါတွေက ၀ ဒဿမ ၁ ရာခိုင်နှုန်းပေါ့။ ကရင်လူမျိုး ၅၅၀၀၀ အထက်မှာ ရှိတဲ့ အတွက်တို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရမယ်။ ငါးနေရာ ရမှာပေါ့။ ဒါ ပထမဆုံး ဦးစားပေးပဲ။ ဒုတိယ ကတော့ တိုင်းတွေ၊ မြို့နယ်တွေမှာ ရှိတဲ့ ကရင် အမျိုးသားထု အများစု အားပေး ထောက်ခံမယ် ဆိုရင် တို့အဲဒီမှာလည်း ဝင်ရောက် ယှဉ်ပြိုင်မယ်။ တတိယက ကရင်ပြည်နယ်။ တို့ သင့်တော်တယ်လို့ ယူဆတဲ့ နေရာလေး တွေပေါ့။ မဟာဗျူဟာ အရ အရေးကြီးတယ်ပေါ့။ ဥပမာ သံတောင်ဆိုရင် တို့ ပဲခူးတိုင်းနဲ့လည်း နီးတယ်။ တစ်ဆက်တည်း ဖြစ်နေတယ်။ အဲဒီလို အရေးကြီးတဲ့ နေရာတွေ တို့ဝင်မယ်။ အလားတူပဲ သင့်တော်တဲ့ တစ်နေရာ၊ နှစ်နေရာပေါ့။ ကရင်ပြည်နယ် ထဲမှာပေါ့။ အားလုံးတော့ မြန်မာပြည် တစ်ပြည်လုံး အနှံ့အပြား ဝင်ဖို့ အခြေအနေ မရှိဘူး။ ဒါပေမဲ့ လျှောက်လွှာ တင်တဲ့ အခါမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာ သဘော ဖြစ်နေတယ်။

ကရင်အမျိုးသားတွေ အတွက် အဓိက ဘာတွေလုပ်ဖို့ လိုမယ်လို့ ဦး သုံးသပ်မိပါသလဲ ခင်ဗျ။

ကရင် အမျိုးသား အနေနဲ့ ပြောရရင် အခိုင်အမာ ပါတီတစ်ခု မရှိဘူးလေ။ မရှိတဲ့ အတွက် ကိုယ့်ရဲ့ အမျိုးသား အရေးကို တင်ပြဖို့ တော်တော် အခက်အခဲ ရှိတယ်။ ဒါကြောင့် တို့ပါတီကို တည်ထောင်တယ်။ အမျိုးသား အခွင့်အရေး အတွက်။ အမျိုးသား အခွင့်အရေး ဆိုတာ အများကြီးကွ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာ။ ဥပမာ ပညာရေး ဆိုရင်လည်း ကရင်စာပေ သင်နိုင်ဖို့ ကိစ္စတွေ ရှိမယ်။ နောက်တစ်ခါ တောတောင်၊ နယ်စပ်တွေမှာ ဖြစ်ပျက်နေတဲ့ မပြေလည်မှုလေးတွေ တစ်ခါတစ်ခါ တင်ပြပေးမယ့် လူတောင် မရှိဘူး။ ဒါတွေက တို့ကိုယ်စားပြုပြီး ပြောပေးနိုင်ဖို့ ဖြစ်တယ်။ ကျန်တဲ့ဟာတွေ ကတော့ ကျန်တဲ့ ပြည်သူတွေနဲ့ အတူတူပါပဲ။ စီးပွားရေး၊ လူမှုရေး၊ တခြား ရေးရာတွေ သိပ်မကွာပါဘူး။ ကရင်အမျိုးသား ဆိုတာ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ပြည်သူလူထုနဲ့ အတူတူပဲ။ ပြည်သူလူထု ခံစားရတဲ့ အတိုင်း တို့ကရင် အမျိုးသားထုလည်း ခံစားရတာပဲ။

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ပြန်ကြည့်ရင် ကရင် အမျိုးသားတွေဟာ မပါမဖြစ် ပါဝင်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်း မှာမှ ဖြစ်ပျက်လာတဲ့ ကရင် အမျိုးသားတွေနဲ့ ရှိနေခဲ့တဲ့ နိုင်ငံတော် အစိုးရတွေနဲ့ ပဋိပက္ခတွေကို အခု ၂၀၁၀မှာ ပြေလည်စေဖို့ အတွက် ဘယ်လို စွမ်းဆောင်မယ်လို့ ရည်ရွယ် ထားပါသလဲ။

အဲဒီကိစ္စတော့ တော်တော် အရေးကြီးတယ်။ အခု တို့ပါတီတွေ တည်ထောင်ပြီး ဝင်လာတယ်။ ဝင်လာတဲ့ ပုဂ္ဂိုလ်တွေက အများသော အားဖြင့် ဝန်ထမ်းဘဝက လာတဲ့ အကြီးအကဲတွေပဲ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အခက်အခဲနဲ့ နိုင်ငံတော်ရဲ့ ပြဿနာတွေ၊ လူမျိုးစု ပြဿနာတွေကို ကိုယ်အမြဲတမ်း ကြားနေရတယ်၊ မြင်နေရ၊ သိနေရတယ်။ တို့ ယုံကြည်တာ ကတော့ ဒီပြည်တွင်းမှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိမှသာလျှင်၊ စည်းလုံး ညီညွတ်မှု ရှိမှသာလျှင် ဒီနိုင်ငံတော်ကြီးက တိုးတက်မယ်၊ ငြိမ်းချမ်း သာယာမှုနဲ့ စည်းလုံး ညီညွတ်မှု ရရှိအောင် မဖြစ်မနေ လုပ်ရမယ် ဆိုတာ တို့ရဲ့ ပထမဆုံး ရည်ရွယ်ချက်ပဲ။ ဒါ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲ။ ငြိမ်းချမ်းမှ သာလျှင် ပြည်သူ လူထုက ပျော်မယ်၊ ပိုက်မယ်၊ တိုးတက်မယ်၊ ဖွံ့ဖြိုးမယ်။ အဲဒါတွေ မရှိဘူး ဆိုရင် စီးပွားရေးရော၊ တခြားတွေပါ တိုးတက်စရာ အကြောင်းမရှိဘူး။ တစ်ဦးနဲ့တစ်ဦး တကျက်ကျက် ဖြစ်ပြီး ရှေ့ကိုသွားလို့ မရဘူး ဖြစ်နေမှာပဲ။ အဲဒါကြောင့် ဒါကို အဓိက ဦးတည်လာတာ။ ခေတ်အဆက်ဆက်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ၊ မလိုလား အပ်တဲ့ ကိစ္စတွေ ပြီးခဲ့တာတွေတော့ တို့ မပြောချင်တော့ဘူး။ အခု ရှေ့ဆက်သွားမယ့် ခရီးမှာတော့ တို့ အဲဒါပဲ အဓိက စဉ်းစားတယ်။ တိုင်းပြည် တစ်ပြည်မှာ ငြိမ်းချမ်းမှသာလျှင် ပျော်စရာ ကောင်းမယ်။ လူဆိုတာကလည်း ရေကြည်ရာ မြက်နုရာ ရှိတဲ့ နေရာမှာသာ ပျော်ကြတယ်။ ပျော်စရာ မကောင်းရင် ဘယ်သူမှ မနေချင်ကြဘူး။ ပျော်ဖို့ကောင်းတဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် တို့ ဝိုင်းဝန်း တည်ဆောက် ရမယ်။

ကရင်ပြည်နယ်ကနေ အရင်တုန်း ကတည်းက လက်နက်ကိုင် တော်လှန်ခဲ့ကြတဲ့ သူတွေက အခု လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ပြီး နိုင်ငံတော်ရဲ့ အရန် တပ်မတော် အနေနဲ့ နယ်ခြားစောင့်တပ်တွေ အဖြစ် ရှိလာခဲ့ပြီ။ အဲဒီ နယ်ခြားစောင့် တပ်တွေ အပေါ်မှာရော ဦးတို့ ဘယ်လို သဘောထားလဲ ခင်ဗျ။

အဲဒါကတော့ နည်းနည်းလေး ကျယ်ဝန်းတယ်။ ဆိုလိုတာက ဒီကိစ္စက နိုင်ငံတော်ရဲ့ အစီအမံပေါ့။ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အောက်မှာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုပဲ ရှိရမယ် ဆိုတာပါပြီးသား ဖြစ်တယ်။ အဲဒီအပေါ် မူတည်ပြီး နိုင်ငံတော်က အကောင်အထည် ဖော်နေခြင်း ဖြစ်တယ်။ အဲဒီအခါမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေမှာ တချို့ အဆင်ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိတယ်။ ဒါတော့ လောကမှာ နေရာပေါ် မူတည်ပြီးတော့ အဆင်ပြေမှု၊ မပြေမှုတွေ၊ အခြေအနေ ပေးတာတွေ၊ မပေးတာတွေ ရှိလိမ့်မယ်။ အဲဒီတော့ သူတို့ ပြဿနာနဲ့ သူတို့ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ တို့ကတော့ အဲဒီ ပြဿနာကို ကိုင်တွယ်စရာ အကြောင်းမရှိဘူး။ တို့ ပြည်တွင်းမှာ ရှိနေတဲ့ အတွက်နော်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် ထွေထွေ ထူးထူး မပြုလိုပါဘူး။

အခု ကရင်ပြည်နယ်မှာ လမ်းပန်း ဆက်သွယ်ရေး တွေက အစပေါ့။ တော်တော် လေးတော့ တိုးတက်လာပြီပေါ့။ ဒါပေမယ့် တချို့ ဒေသတွေမှာ ကျန်းမာရေးက အစ။ အခက်အခဲလေးတွေ အခု အချိန်ထိ ရှိနေသေးတယ်။ အဲဒီဟာကို ဘယ်လို ပြန်ပြုပြင်ဖို့ လိုမယ်လို့ သုံးသပ်မိပါသလဲ။

အခုက ပြောပြီးသားပဲ၊ ငြိမ်းချမ်း သာယာမှု မရှိတာနဲ့ ပဋိပက္ခ ရှိတာနဲ့ ဘယ်သူ ဒုက္ခခံရလည်း ဆိုတော့ အဲဒီမှာရှိတဲ့ ပြည်သူ လူထုပဲ။ မြေစာပင် ဖြစ်နေတယ်။ အဲဒီ မြေစာပင်တွေဟာ ကောင်းကောင်း မွန်မွန် မစားရ၊ မသောက်ရ၊ ပြေးရလွှားရနဲ့ ကိုယ့်စီးပွားရေးရော၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပါ ဘာမှ ကောင်းကောင်း မွန်မွန် လုပ်လို့မရဘူး။ အဲဒီတော့ ငြိမ်းချမ်းရေး မရမချင်း ဒီပြဿနာက ရှိနေမှာပဲ။ ပထမဆုံး ငြိမ်းချမ်းရေး ရအောင် ကုစားရမယ်။ နည်းလမ်း အမျိုးမျိုးနဲ့။

ငြိမ်းချမ်းရေး ရအောင် လုပ်တဲ့ အခါမှာ အခု လက်ရှိ အစိုးရနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဦးတို့က ကြားဝင်ပြီး နောက်ဖြစ်ပေါ်လာမယ့် နိုင်ငံတော် အစိုးရနဲ့ ပြေလည်မှု၊ ငြိမ်းချမ်းမှု ရအောင် ဆောင်ရွက်ဖို့ စီစဉ်ထားပါသလား ခင်ဗျ။

အေး၊ အဲဒါကြောင့်ပေါ့။ တို့က အဓိက ရှင်းရှင်းပြောရရင် နိုင်ငံတော် အစိုးရနဲ့ ပြည်သူ လူထုကြားမှာ တို့က ပေါင်းကူး တံတားပဲ။ ပြည်သူလူထု ဆိုတာ ခုန ပြောသလို၊ တခြား အဖွဲ့အစည်းတွေလည်း ပါလာရင် ပါလာမယ့် သဘောရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ရင်ဖြစ်မယ်။ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်ရင် ဖြစ်မယ်၊ လူထုထဲမှာ ပါနေမှာပေါ့။ တို့က အစိုးရ၊ ပြည်သူကြားမှာ ပေါင်းကူးတံတား သဖွယ် အကောင်းဆုံး ဖြစ်အောင် တို့လုပ်ဖို့ အစီအစဉ် ရှိတယ်။ ဒီ ပေါင်းကူး တံတားက ဘယ်လောက် ခိုင်မာမလဲ၊ တည့်မတ်မလဲ ဆိုတာကတော့ နောက်လာမယ့် ပွဲမှာ ကြည့်ရမှာပေါ့။ ဒါပေမယ့် တို့မှာ ရည်ရွယ်ချက် ရှိတယ်။ စေ့စပ်ပေးမယ်၊ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရအောင် ကြိုးစားမယ်။ ဒီမိုကရေစီ အခွင့်အရေး စသဖြင့် အခွင့်အရေး ဟူသမျှတွေ အားလုံး တန်းတူညီမျှ ဖြစ်လာအောင် တဖြည်းဖြည်း ချဉ်းကပ် သွားရမယ့် သဘောရှိတယ်။

အခု လွှတ်တော် ကိုယ်စားလှယ်လောင်း တွေလည်း ဦးတို့ ရှာရတော့မယ်ပေါ့။ အဲဒီ ကိုယ်စားလှယ်လောင်း တွေကို ဘယ်လို စံနှုန်းနဲ့ ရွေးချယ် ဆုံးဖြတ်မလဲ။

အဲဒါကလည်း ရှိတယ်ကွ။ တစ်ကတော့ မျိုးချစ်စိတ် ရှိရမယ်လေ။ နောက်တစ်ခါ နိုင်ငံအပေါ် သစ္စာစောင့်သိ ရိုသေရမယ်။ ပညာ အရည်အချင်း အထိုက် အလျောက် ရှိရမယ်။ နောက်တစ်ခါ ဘဝ အတွေ့အကြုံ၊ လုပ်ငန်း အတွေ့အကြုံ အထိုက်လျောက် ရှိရမယ်။ ဘဏ္ဍာရေး အရလည်း သိပ်အခက်အခဲ ရှိတဲ့ ပုဂ္ဂိုလ် မဖြစ်သင့်ဘူးပေါ့။ မျိုးချစ်စိတ် ရှိတာ ကတော့ အဓိက အကျဆုံးပေါ့။

ကရင်လူမျိုးပဲလား၊ တခြား လူမျိုးတွေရောလား။

မျိုးချစ်စိတ် ဆိုတာ ပြည်ထောင်စု ဆိုတဲ့စကား တို့ နိုင်ငံတော် အကြီးအကဲက ပြောဖူးတယ်။ ဒီ ပြည်ထောင်စုကြီးကို မပြိုကွဲအောင် ထိန်းသိမ်းဖို့ စိတ်ဓာတ် ဆိုတာ ပြည်ထောင်စု မျိုးချစ်စိတ်ပေါ့။ တို့က မျိုးချစ်စိတ် ဆိုတာ ကရင် အမျိုးသား တစ်ခုတည်းကို လွှဲပြီး ပြောတာ မဟုတ်ဘူး။ ဒီတိုင်းပြည်ကြီး ဖွံ့ဖြိုး တိုးတက် ခိုင်မာဖို့ အတွက်က ပြည်ထောင်စုကြီးက ခိုင်မာရမယ်။ အားလုံးက တစ်ဦးနဲ့ တစ်ဦး ပျော်ပျော် ရွှင်ရွှင်၊ ညီညီ ညွတ်ညွတ်နဲ့ တန်းတူ ဆက်ဆံ ကြရမယ်၊ ရင်းရင်းနှီးနှီး ခင်မင် ယုံကြည်စွာနဲ့ ဆက်ဆံကြရမယ်။ အဲဒါမှ သာလျှင် တို့က မျိုးချစ်စိတ်လို့ ဆိုတာ။ မျက်ကန်း မျိုးချစ်စိတ်လို ကိုယ့်လူမျိုးမှ ဆိုတဲ့ စိတ်မျိုး မဟုတ်ပါ။

ဒါဆိုရင် လွှတ်တော် ကိုယ်စားလှယ်က ကရင်အမျိုးသားမှ မဟုတ်ဘူးပေါ့။

ဟုတ်တယ်၊ ကျန်တဲ့ တိုင်းရင်းသား နွယ်ဖွားတွေ အကုန်ပေါ့။ တို့ပါတီ နာမည်ကိုယ်နှိုက်က ကရင်ပြည်သူ့ ပါတီလို့ မှည့်ထားတယ်။ ပြည်သူဆိုတဲ့ စကားမှာ တို့ ကရင်လူမျိုးကို ပြောတာ မဟုတ်ဘူး။ ကရင်ပါတီက တို့ ကရင်အမျိုးသား အခွင့်အရေး (Platform Space)တို့ ရရှိဖို့ ကြိုးစားနေတော့ ကရင်စကား မတတ်လို့လည်း အဆင်မပြေဘူးလေ။ အဓိက လူထုဆိုတဲ့ ကိစ္စက လူထုတစ်ခုလုံးကို ပြောခြင်းဖြစ်တယ်။ People ပေါ့။ အောက်ခြေ လူတန်းစား၊ အလုပ်သမား လူတန်းစား၊ သာမန်တွေ၊ ထင်ရှားတာတွေ အားလုံးကို အခြေခံထားတဲ့ People ပါ။ ကရင်အပေါင်း လူထုပါတီ ဆိုတဲ့ သဘော။ တို့ အရွေးချယ် ခံမယ့် အထဲမှာဆိုရင် ဗမာကရင် ကပြားရှိတယ်။ တရုတ်ကရင် ကပြားတွေ ရှိတယ်။ ပါလာပါပြီ။ တို့ရဲ့ ပါတီကို သဘောကျပြီး ကိုယ်စားပြုချင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။

အခု လွှတ်တော်ထဲ ရောက်ဖို့ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့အခါ ကရင်အမျိုးသားတွေရဲ့ ထောက်ခံမှု အပြင်၊ တခြား တိုင်းရင်းသား တွေရဲ့ ထောက်ခံမှုကိုပါ ရရှိအောင် လုပ်မယ်လို့ စိတ်ကူးထား ပါသလား။

စိတ်ကူးတာပါ။ စိတ်ကူးလို့ နာမည်မှည့် ကတည်းက သတိထား မှည့်တယ်လေ။ ကရင်လူမျိုးများ၏ ပါတီလို့ မသုံးဘဲ ကရင်ပြည်သူ၊ ကရင်လူထုပါတီလို့ သုံးထားတာ။ အားလုံးကို ဖော်ပြထားခြင်း ဖြစ်တယ်။ ကျန်တဲ့ လူမျိုးတွေလည်း ပါဝင်လာဖို့ ပါဝင်လာဖို့ တို့စည်းရုံးတယ်။ တို့ရဲ့ ရည်ရွယ်ချက်က ပြည်သူ အုပ်ချုပ်တဲ့ အစိုးရကို ရရှိဖို့ ကူးပြောင်းဖို့တို့ ပါဝင်တယ်။ ပြည်သူဆိုတာက အများနဲ့ပဲ ဆိုင်တယ်။ အဲဒါက ပြည်သူလူထု ကြိုက်နှစ်သက်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ ပြည်သူ လူထုကလည်း အပြောင်းအလဲ လိုချင်နေတယ်။ ဒီ အပြောင်းအလဲကို တို့က ပါဝင်နေတယ်။

အခု နယ်စပ်ဒေသမှာ ကရင်လူမျိုး ဒုက္ခသည်တွေ ရှိနေတယ်။ အဲဒီ အတွက်ရော ဘယ်လို လုပ်မယ်လို့ ရည်စူးထားပါသလဲ။

ပြောရရင် အချုပ်က ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးကနေ တစ်ဆင့်အားလုံး ဒီပြဿနာတွေက သူ့ဘာသာသူ ကုစား သွားမယ်လို့ မျှော်လင့် ထားတယ်လေ။ ငြိမ်းချမ်းမှု ရရင် ဖွံ့ဖြိုးမှု ဖြစ်လာမယ်၊ စီးပွားရေး တိုးတက်လာမယ်။ အဲဒီက ရရှိတဲ့ ငွေတွေနဲ့ ပတ်သက်ပြီး ဒီကျန်းမာရေး၊ လူမှုရေး အခု ဒုက္ခရောက်နေတဲ့ အခြေအနေတွေ အမျိုးမျိုး ရှိမှာပေါ့။

တစ်ဖက်နိုင်ငံရဲ့ ဒုက္ခသည် စခန်းတွေမှာ ရောက်နေတဲ့ ကရင်လူမျိုး ဒုက္ခသည်တွေ အတွက်ရော၊ ပြန်ခေါ်မယ်ပေါ့။

ပြန်ခေါ်စရာ မလိုပါဘူး။ လောကကြီးမှာ ရေကြည်ရာ မြက်နုရာ ရှိကြတာပဲ။ ရေကြည်မယ်၊ မြက်နုမယ် ဆိုရင် သူ့ဘာသာသူ ပြန်လာမှာပဲ။ ရေမကြည်၊ မြက်မနုတဲ့ နေရာမှာ သူတို့ နေမှာ မဟုတ်ဘူး။ ဒီမှာ မအေးချမ်းလို့၊ တိုက်ကြ ခိုက်ကြ၊ ပဋိပက္ခ ဖြစ်ကြလို့ သူတို့ မပျော်လို့ သွားကြတာပဲ။ အချိန်တန်ရင် ဒီမှာ သာယာမယ် ဆိုရင် သူတို့ ပြန်လာမှာပဲ။ ဘာလို့လဲ ဆိုတော့ ဒီမြေနေရာ တို့မွေးတဲ့မြေ၊ တို့ချက်ကြွေတဲ့ မြေ။ တို့ခေါင်းချမယ့် မြေတွေ ဖြစ်တယ်။ ဘယ်သူမှ တခြားနေရာမှာ ခေါင်းမချချင် ပါဘူး။ ကိုယ့်ဆွေမျိုးမရှိ၊ သွေးမတော် သားမစပ်တဲ့ နေရာမှာ ဘယ်သူမှ ခေါင်းမချချင်ပါဘူး။ ပြန်ခေါ်စရာ မလိုပါဘူး။

၁၉၆၂ ကစပြီး တပ်မတော်က နိုင်ငံကို အုပ်ချုပ်လာခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဖြစ်ပျက်ခဲ့တာတွေကို အခု ဒီ ၂၀၁၀ မှာ ဘယ်လို သင်ခန်းစာမျိုးတွေ ယူခဲ့ပါသလဲခင်ဗျ။

သင်ခန်းစာတွေတော့ အများကြီးပေါ့ကွာ။ ဒါပေမယ့် အဲဒါတွေ တို့က နောက်ကြောင်း ပြန်မလှန် ချင်တော့ပါဘူး။ ရှေ့သွားမယ့် ခရီးပဲ တို့စဉ်းစား ကြရအောင်။ ဒီသင်ခန်းစာ ယူစရာတွေက လောကကြီးမှာ သမိုင်းတွေ သင်ကြားတယ် ဆိုတာ ဒီအကြောင်း တွေပဲပေါ့။ ဒီနိုင်ငံရဲ့ သမိုင်းတွေ မကဘူး။ တခြားနိုင်ငံတွေရဲ့ သမိုင်းတွေလည်း အများကြီး ရှိတယ်။ ဒါ သင်ခန်းစာယူဖို့ အတွက် သမိုင်းကို သင်ယူနေတာ မဟုတ်လား။

ပါတီရဲ့ ဘဏ္ဍာငွေကြေး အခြေအနေရော ဘယ်လို စုဆောင်းမယ်လို့ ရည်စူးထားပါသလဲ။

ဒါကတော့ ဘယ်အဖွဲ့အစည်းဘက်ကမှ ရယူခံစားဖို့ အစီအစဉ်မရှိဘူး။ တို့ကို ထောက်ခံမယ့် ပြည်သူလူထု၊ တို့ပါတီဝင်တွေရဲ့ ရန်ပုံငွေ၊ အားပေးမှုကိုပဲ အခြေခံမယ်။ အဲဒါသာလျှင် တို့လွတ်လပ်စွာ တွေးနိုင်၊ ခေါ်နိုင်၊ လုပ်နိုင်၊ ဆုံးဖြတ် နိုင်မယ်။ အဲဒီ လွတ်လပ်ဖို့ အတွက် တို့က ဘယ်သူ့ဆီကမှ လက်ဖြန့်ခံဖို့ အစီအစဉ်မရှိဘူး။

မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့ ကူညီမှုတွေရော ရယူဖို့ ရည်စူးထားသလားခင်ဗျ။

အဲဒီစီးပွားရေး လုပ်ငန်းရှင်တွေက တို့လွတ်လပ်စွာ ပေါ့နော်။ နှောင်ကြိုးမဲ့တယ် ဆိုရင်တော့ တို့ယူမယ်။ နှောင်ကြိုးမမဲ့ဘူး ဆိုရင်တော့ တို့မယူနိုင်ဘူး။ တို့မူဝါဒက ထိခိုက်မယ့် ငွေကြေး ရယူမှုမျိုး ကိုတော့ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ မူဝါဒကို လုံးဝ အထိအခိုက် မခံနိုင်ဘူး။

စီးပွားရေးဆိုင်ရာ မူဝါဒတွေရော ပါတီက ဘယ်လိုချမှတ် ထားပါသလဲ။

စီးပွားရေးဆိုင်ရာ မူဝါဒအနေနဲ့ ဈေးကွက် စီးပွားရေး ပီပီပြင်ပြင် အချုပ်အချယ် မရှိ၊ လွတ်လွတ် လပ်လပ် ဆောင်ရွက်ခွင့် ရရင် တိုင်းပြည် ပိုမိုတိုးတက် ချောင်လည် လာမယ်လို့ မျှော်လင့်တယ်၊ ထင်မြင် ယူဆတယ်။ အဲဒီလောက်ပဲ ပြောချင်တယ်။ တို့က ၀န်ထမ်း ဘ၀ကလာတဲ့ အတွက် သိနေ၊ မြင်နေ၊ ကြားနေ၊ ဖြတ်သန်း ခဲ့ရတာတွေပေါ် မူတည်ပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီး အကောင်းဆုံး အုပ်ချုပ်မှု စနစ်တစ်ခုပဲ သွားချင်တယ်။ ဒါပေမယ့် စိတ်ရင်း စေတနာမှန် ရင်တော့ အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်။ အသေးစိတ် ကတော့ ကျွမ်းကျင်မှုနဲ့ ပတ်သက်ပြီး သိပ်မပြောလိုဘူး။

၁၉၉၀ ရွေးကောက်ပွဲမှာလည်း ကရင်အမျိုးသား ပါတီတွေ ရှိခဲ့တယ်။ အဲဒီရွေးကောက်ပွဲမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေရော ဦးတို့ရဲ့ အခုပါတီမှာ ပါဝင်လာတာ ရှိလား ခင်ဗျ။

ကိုယ်စားလှယ် ဆိုတာ ဒီလိုရှိတယ်။ ကရင် အမျိုးသား ပါတီအနေနဲ့ တို့သိတာကတော့ ကရင်ပြည်နယ်မှာ တစ်ယောက်ပဲ ရတယ်။ ဦးထွန်းဖေဆိုတာ ရတယ်။ ကျန်တဲ့ဟာတွေက NLD ကိုယ်စားပြုတာတွေပဲ ဖြစ်တယ်။ တို့ကတော့ NLD နဲ့ ပတ်သက်ရင်တော့ သဘောထားချင်း မတူ၊ အမြင်မတူတဲ့ အတွက် အခု NLD လည်း မရှိတော့ဘူးလေ။ အဲဒီပုဂ္ဂိုလ်တွေက သူတို့ စိတ်ဝင်စားလို့ ၀င်လာရင်တော့ ကြိုဆိုပါတယ်၊ လက်ခံပါတယ်။ သူတို့ကိုတော့ ကျားကုတ် ကျားခဲ စည်းရုံးဖို့တော့ အစီအစဉ် မရှိပါဘူး။ ဘာလို့ဆိုတော့ သူတို့အမြင်က တို့နဲ့ တူချင်မှ တူမယ်လေ။

အခုနောက်ပိုင်း ဦးတို့ မီဒီယာတွေနဲ့ ထိစပ်လာတဲ့ အခါမှာ မီဒီယာတွေ အပေါ်မှာရော ဘယ်လို သဘောထားပါသလဲ။

မီဒီယာနဲ့ ပတ်သက်လာရင်တော့ ၀မ်းသာတယ်ကွာ။ ကျေးဇူးလည်း တင်တယ်။ တော်တော်လေး ကြိုးစားပြီး နိုင်ငံရေးနဲ့ ပတ်သက်ပြီး လာလာမေးကြတယ်။ ဘာအကျိုးမှ မမျှော်ဘဲ ပြည်သူလူထုတွေ နိုင်ငံရေး အသိစိတ် တိုးပွားလာပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတယ်လို့ တို့မြင်တယ်။ အဲဒီအသိကို ဘယ်သူက သွင်းပေးတယ် ဆိုတာ တို့စဉ်းစားလို့ တော်တော် ခက်တယ်။ ဒါပေမဲ့ ပြည်သူလူထုက ငတ်နေတဲ့ နိုင်ငံရေး သတင်းတွေကြောင့် ထည့်ပေးတာ လားတော့ မသိဘူး။ ဒါပေမဲ့ သိပ်သဘောကျတယ်။ ပါတီတွေရဲ့ အခြေအနေကို အသိပေးတယ်။ အဲဒီအပေါ် မူတည်ပြီး ပြည်သူက မှန်ကန်တဲ့ ဆုံးဖြတ်မှု တွေ ဆုံးဖြတ် နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ နို့မို့ဆိုရင် ဒီသတင်းတွေ မရရင် ပြည်သူက ဘာလုပ်ရမှန်း မသိဘူး။ နောက်ပြီး ပြည်သူလူထုက နိုင်ငံရေးနဲ့ ကင်းကွာတာ တော်တော် ကြာနေပြီ။ အရေးအသား၊ အသုံးအနှုန်းတွေ ကတော့ ဂရုစိုက်ရ မှာပေါ့ကွာ။ တစ်ခါတလေ အမြင်တစ်မျိုး မပြောင်းအောင်၊ တိုင်းပြည်အရေး ချိန်ဆရတာ မျိုးတော့ ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလောက်ဆိုရင် မဆိုးဘူးလို့ ယူဆတယ်။

ပွင့်လင်း လွတ်လပ်တဲ့ မီဒီယာတစ်ရပ် ပေါ်ပေါက်လာဖို့ အတွက် ရည်စူးထားတာ ရှိပါသလား။

ပွင့်လင်း လွတ်လပ်တယ် ဆိုတာ အဲဒါပြောတာပေါ့။ ဒီမိုကရေစီရဲ့ အတိုင်းအတာ၊ ပွင့်လင်း လွတ်လပ်တဲ့ အတိုင်းအတာ ပေါ်ပေါက်ဖို့ဆိုတာ တော်တော် ခက်တာ။ တော်တော် အဆင့်မြင့်တယ်။ ဒါ ပညာတစ်ခုလို့ ယူဆတယ်။ ဘောင်ကို ဘယ်လောက်ထိ သတ်မှတ်ရမလဲ၊ ဘယ်လောက် ရှိသင့်သလဲ ဆိုတာတော့ ဦး မဆွေးနွေးနိုင်ပါဘူး။ သိပ်ခက်တယ်။ ဒါပေမဲ့ ခုနက ပြောသလို သတင်း လွတ်လပ်စွာ သွားနေရင်၊ သိနေရင်တော့ လူတွေက သံသယ ကင်းရှင်းမယ်၊ အဖြစ်မှန် သိတဲ့ အတွက် ဆုံးဖြတ်ချက်လည်း မှန်ကန်လိမ့်မယ်။ ဒါပေမယ့် တချို့သတင်းတွေ မှန်ကန်သလား ဆိုတာတော့ သံသယရှိတယ်။ ရေးတဲ့အခါမှာ စောင်းရေးသလား၊ ပိုပြီးရေးသလား၊ ပင်းပြီးတော့ ရေးသလား ဆိုတာ ချိန်ဖို့ တော်တော် ခက်တယ်။

နောက်ဆုံး အနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို လက်တွေ့ ဖြတ်သန်း ရတော့မယ့် ကရင်အမျိုးသား တွေရော၊ တခြား တိုင်းရင်းသား နွယ်ဖွားတွေပါ ဦးအနေနဲ့ ဘာများ အကြံပြုချင် ပါသေးသလဲ။

အဲဒါတော့ တော်တော် အရေးကြီးတယ်။ သိပ်အကြံပြုချင်တယ်။ ဘာလို့လဲ ဆိုတော့ အခုက တို့ကရင် အမျိုးသား တွေမက၊ ပြည်သူလူထုက နိုင်ငံရေးနဲ့ တော်တော် ကင်းကွာနေတဲ့ အတွက် စိုးရိမ်စိတ်တွေလည်း များနေတယ်။ နိုင်ငံရေးနဲ့ သိပ်မပတ်သက် ချင်ဘူး။ အဲဒါတော့ မဖြစ်သင့် ဘူးလို့ ထင်တယ်။ ဘာလို့လဲ ဆိုတော့ ဒီနိုင်ငံရေး ဆိုတာ လူမှုရေးပဲ။ ဒီဟာနဲ့ ကင်းကွာလို့ မရဘူးကွာ။ ကင်းကွာလို့ မရတဲ့ အတူတူ ဒါလေး သိထားဖို့ လိုတယ်။ အဲဒီတော့ ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရ၊ လူက ဘယ်လို လူမျိုးလဲ၊ ဘယ်လိုပုံစံ ရှိလဲ၊ ဘယ်လို တွေးခေါ်လဲ၊ အဲဒါတော့ သိဖို့ ကောင်းတယ်လေ။ ပါတီကိုလည်း သိဖို့ ကောင်းတယ်။ လူချင်းလည်း သိဖို့ ကောင်းတယ်။ သိမှသာလျှင် သူ ရွေးချယ်လို့ ရမယ်လေ။ တွေ့ကရာလူ ခေါင်းပေါ် လာတက်ပြီး ဆရာကြီး လုပ်ရင် ခံနိုင်မလား။ တွေ့ကရာလူ လာမအုပ်ချုပ်ဖို့ အတွက် ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်။ မဆုံးဖြတ်ဘဲ ကြားနေလိုက်ရင် တွေ့ကရာလူ တက်လာ လိမ့်မယ်။ မကြိုက်တဲ့ လူတွေ တက်လာလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ လူကို မဲတစ်ပြားနဲ့ ဆုံးဖြတ်ပြီး၊ ကိုယ့်အထက်ကို ခေါင်းဆောင် တင်ရမယ်။ အုပ်ချုပ်မှု တင်ရမယ်။ အဲဒါ အရေးကြီးတယ်။ ဒါကြောင့် အဲဒီ မဲတစ်ပြားကို တန်ဖိုးရှိရှိ အသုံးချဖို့ လိုတယ်။ အသုံးချစေချင်တယ်။ အသုံးချပါ။ နောက်တစ်ခါ မဲကို ကိုယ်တိုင် ပေးစေချင်တယ်။ ကိုယ်တိုင် မပေးရင် ပြဿနာ အများကြီးရှိဖို့ အလားအလာ ဖြစ်မှာ စိုးတယ်။ ကြိုတင်မဲကို တတ်နိုင်သမျှ ရှောင်ပါ။ ကြိုတင်မဲမှာ အန္တရာယ် များစွာ ရှိတယ်။ ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ သဘောတွေ ရှိတယ်။ ကိုယ်တိုင် ခေါင်းဆောင်၊ ကိုယ်တိုင် ပါတီကို ရွေးပါ။ ကျန်တဲ့ လူတွေ မရွေးစေနဲ့။ ဖြစ်ချင်တဲ့ အတိုင်း ဖြစ်သွားပါစေ သဘောမထားပါနဲ့။ ကံစီမံမှာဆိုတာ မထားပါနဲ့။ ကိုယ့်ဘ၀ကို ကိုယ်ဆုံးဖြတ်ပေးပါလို့ အကြံပြုချင်တယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment