ondragstart="return false" onselectstart="return false"

Wednesday, December 7, 2011

ငြိမ်း​ချမ်း​ရေး​ လိုချင်ရင်​တော့​ အစိုး​ရဘက်က စိတ်ရင်း​ ​စေတနာရင်း​ရှိတယ်ဆိုတာ ပြရမယ်

by မောင်တူး

တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေနဲ့​ တိုက်ပွဲ​တွေ ဖြစ်​နေ​သေး​ပေမယ့်​ အပစ်အခတ် ရပ်စဲ​ရေး​တွေလည်း​ ရှိ​နေပါတယ်။ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလကုန်ပိုင်း​က မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ကိုယ်တိုင် ထိုင်း​-မြန်မာ နယ်စပ်ကိုလာပြီး​တော့​ တိုင်း​ရင်း​သား​အဖွဲ့​တွေ ​ကေအန်ယူ၊​ အက်စ်အက်စ်​အေ၊​ ​ကေအန်ပီပီ စတဲ့​ အဖွဲ့​ ၄၊​ ၅ ဖွဲ့​နဲ့​ ​တွေ့​ပါတယ်။

အပစ်အခတ်ရပ်စဲ​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာ လိုက်ပါ ကူညီ​ဆောင်ရွက်​ပေး​ခဲ့​သူ ဦး​ဟန်​ညောင်​ရွှေကို ​မေး​မြန်း​ထား​ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်​နေ့​က ထိုင်း​မြန်မာ နယ်စပ်မှာ ​တွေ့​ကြတဲ့​အဖွဲ့​တွေ​ပေါ့​၊​ အက်စ်အက်စ်​အေ၊​ ​ကေအိုင်​အေ လည်း​ပါမယ်။ ဒီလိုမျိုး​ ​တွေ့​ဆုံပွဲကို ဝင်​ရောက်ပြီး​ ကြား​ဝင်​ပြော​ပေး​ဖို့​က အစိုး​ရဘက်က ​ခေါ်တာလား​၊​ ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​ သွား​တာလား​။

“ပထမဆုံး​က​တော့​ ကျ​နော်နဲ့​ ဦး​အောင်မင်း​(မီး​ရထား​ဝန်ကြီး​) နဲ့​တွေ့​ကြရာမှာ သူက ကျ​နော့်​ကို အကြံဉာဏ်​တောင်း​တယ်။ တိုင်း​ရင်း​သား​ အပစ်အခတ် ရပ်စဲဖို့​ကိစ္စကို ဘယ်လိုလုပ်သင့်​တယ်ဆိုတာ သူက​မေး​တာ​ပေါ့​။ ကျ​နော်က​တော့​ ဒီပြဿနာ​တွေက ဖြစ်လာတာကြာပြီ၊​ ယုံကြည်မှုတည်​ဆောက်ရမယ်၊​ တဖြည်း​ဖြည်း​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေ လုပ်ရမယ်။ အဲလိုမျိုး​ ဖြစ်လာမှဖြစ်မယ်လို့​ ကျ​နော်က အကြံ​ပေး​လိုက်တယ်။ ​နောက်ပိုင်း​ သူနဲ့​ရန်ကုန်မှာ ပြန်​တွေ့​တော့​ သူက အက်စ်အက်စ်​အေ (​တောင်ပိုင်း​) ဗိုလ်မှူး​ရွက်ဆစ်တို့​အဖွဲ့​နဲ့​ ညှိ​ပေး​လို့​ရမလား​လို့​ ​မေး​တယ်။ ကျ​နော်က ဘယ်လို​ဖြေလည်း​ဆို​တော့​ ညှိ​ပေး​လို့​ ရတယ်။ ဒါ​ပေမယ့်​ ကျ​နော်လုပ်လာတဲ့​ တကာလလုံး​မှာ နိုင်ငံ​ရေး​ပါလာတဲ့​ ​နေရာမှာ ရှမ်း​အတွက်ပဲလုပ်​နေတာ မဟုတ်ဘူး​။ တိုင်း​ပြည်အတွက် လုပ်​နေတယ်။ ပြီး​တော့​မှ တိုင်း​ရင်း​သား​အကုန်လုံး​အတွက် ကူထား​တာရှိတယ်။ ဆို​တော့​ ဝန်ကြီး​က​နေ ရှမ်း​အဖွဲ့​နဲ့​တွေ့​မယ်ဆိုရင် တခြား​အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​သင့်​တယ်လို့​ အကြံ​ပေး​လိုက်တယ်။ အစတုန်း​က​တော့​ သူလက်ခံတယ်။ ​နောက်ပိုင်း​မှာ သူက အဲဒါဆိုရင် လုပ်​ပေး​ပါဆိုပြီး​တော့​ ​ပြောလာတယ်။”

ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​ ရှမ်း​အက်စ်အက်စ်​အေ တဖွဲ့​တည်း​နဲ့​ ​စေ့​စပ်ညှိနှိုင်း​ပေး​တာထက် ကျန်တဲ့​ အဖွဲ့​တွေကိုလည်း​ ဝင်ညှိနှိုင်း​ပေး​ချင်တယ်ဆိုပြီး​ ဖြစ်တာ​ပေါ့​။ အခု​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြပြီ။ သတင်း​လည်း​ သုံး​ပတ်​လောက်ရှိပြီဆို​တော့​ ဒီတိုက်ပွဲ​တွေ ရပ်စဲမှုမှာ၊​ ငြိမ်း​ချမ်း​ရေး​ရလဒ်​တွေမှာ ဘယ်လိုရခဲ့​လဲ။

“ဒီဇင်ဘာ ၂ ရက်​နေ့​က ​တောင်ကြီး​မြို့​မှာ အက်စ်အက်စ်​အေ (​တောင်ပိုင်း​) အဖွဲ့​က​တော့​ အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​လိုက်ပါပြီ။ ​နောက်တဖွဲ့​က​တော့​ ချင်း​ (စီအန်အက်ဖ်) အဖွဲ့​က​တော့​ ဇန်နဝါရီထဲမှာ သူတို့​က ချင်း​ပြည်ကို သွား​ပြီး​တော့​မှ လက်မှတ်သွား​ထိုး​ပါမယ်။ ​ကေအန်ယူနဲ့​ ​ကေအန်ပီပီ ကရင်နီအဖွဲ့​က​တော့​ သူတို့​ရဲ့​ ဗဟိုကို ပြန်တင်ပြပြီး​တော့​မှ ဆုံး​ဖြတ်ချက်ယူမယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲလုပ်ဖို့​ အပစ်အခတ် ရပ်စဲဖို့​က​တော့​ မူအရလက်ခံတယ်​ပေါ့​။”

ကေအန်ယူတို့​ ​ကေအန်ပီပီတို့​ အက်စ်အက်စ်​အေတို့​ ​ကေအိုင်အိုတို့​ ပါဝင်တဲ့​ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) အဖွဲ့​က​နေ တစ်ရက်၊​ နှစ်ရက်အတွင်း​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာကို ပြန်သုံး​သပ်တဲ့​ အစည်း​အ​ဝေး​လုပ်တယ်။ ​တွေ့​ဆုံမှုကို ဦး​အောင်မင်း​လည်း​ လာတယ်။ ဦး​ဟန်​ညောင်​ရွှေ ကြား​ဝင်​ဆောင်ရွက်​ပေး​တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​က မမှန်ကန်တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုလို့​ သုံး​သပ်ထား​တာရှိတယ်။ အဲဒီအ​ပေါ်မှာ​ကော ဘာ​ပြောချင်လဲ။

“ဒါက​တော့​ သူတို့​ဘယ်လိုသုံး​သပ်လည်း​ ကျ​နော်တို့​မသိဘူး​။ အချက်အလက်​တွေ သူတို့​ပြည့်​ပြည့်​စုံစုံ ရှိသလား​ဆိုတာ ကျ​နော်တို့​မသိဘူး​။ ဒါ​ပေမယ့်​ ကျ​နော့်​အ​နေနဲ့​ မြင်တာက သူတို့​သုံး​သပ်​နေတာက မှား​နေလား​လို့​ မြင်တယ်။ ဘာ​ကြောင့်​လဲဆိုရင် ယူအန်အက်ဖ်စီ မူအရက အပစ်အခတ်ရပ်စဲ​ရေး​အဆင့်​က တဖွဲ့​ချင်း​တွေ့​လို့​ရတယ်။ အခု တဖွဲ့​ချင်း​ ​တွေ့​နေတာက အပစ်အခတ် ရပ်စဲလုပ်ဖို့​ပဲ ​တွေ့​နေကြတယ်။ ​နောက်တဆင့်​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ ဖြစ်လာရင် အကုန်ပါရမယ်​လေ။ ဝန်ကြီး​ဦး​အောင်မင်း​လည်း​ ​ပြောတယ်။ သူတို့​တင်ပြတဲ့​ အချက်အလက်​တွေကလည်း​ အဲဒီအတိုင်း​ပြောတယ်။ ဆို​တော့​ ဒီဟာက ယူအန်အက်ဖ်စီက ချထား​တဲ့​မူနဲ့​လည်း​ မလွဲဘူး​လို့​မြင်တယ်။ ပြီး​တော့​မှ ဒီအပစ်အခတ် ရပ်စဲလုပ်သွား​တဲ့​အဖွဲ့​ အက်စ်အက်စ်​အေ ​တောင်ပိုင်း​ကလည်း​ ​ပြောတာက​တော့​ အပစ်အခတ် ရပ်စဲတာနဲ့​မလုံ​လောက်ဘူး​။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ ဖြစ်ရမယ်။ တပြည်လုံး​ဆွေး​နွေး​ပွဲ ဖြစ်ရမယ်။ သူတို့​က​ပြောတယ်။ ဆို​တော့​ အမှန်ကလည်း​ ယူအန်အက်ဖ်စီ မူနဲ့​ ကိုက်တယ်လို့​ ကျ​နော်မြင်တယ်​လေ။”

ယူအန်အက်ဖ်စီ ဒီလို​ဆွေး​နွေး​တဲ့​အ​ပေါ်မှာ​တော့​ ဦး​ဟန်သ​ဘောထား​ကို ကျ​နော်တို့​ သိရပြီ။ ဘာပဲ​ပြော​ပြော နိုဝင်ဘာလ ၁၉ ရက်​နေ့​ထဲက ​ဆွေး​နွေး​လာခဲ့​ကြပြီး​တော့​ အချို့​လည်း​ လက်မှတ်ထိုး​တာ​တွေ ရှိတယ်။ ဒီ​ကေဘီ​အေတို့​နဲ့​ သီး​သန့်​လက်မှတ်ထိုး​တာ​တော့​ ဦး​အောင်​သောင်း​တို့​နဲ့​။ ဆို​တော့​ အစိုး​ရဘက်က ဦး​အောင်​သောင်း​တို့​ လွှတ်တာလည်း​ ရှိတယ်။ ဦး​မောင်​မောင်သိန်း​တို့​ လွှတ်တာလည်း​ ရှိတယ်။ ဒီဘက်မှာလည်း​ ဦး​ထွန်း​ရီနဲ့​လည်း​ ​တွေ့​တယ်။ သူတို့​က တိုင်း​ရင်း​သား​အား​လုံး​ကို တဖွဲ့​တည်း​နဲ့​ မလုပ်ဘဲနဲ့​ ဟိုလူနဲ့​ ဒီဘက်မှာလုပ်။ ဒီလူနဲ့​ဒီဘက်မှာလုပ်။ သူတို့​မှာ​ကော တိတိကျကျ မရှိဘဲနဲ့​ ကြုံသလို လုပ်​နေတာမျိုး​ အစိုး​ရဘက်က​ကော ဖြစ်နိုင်လား​။

“အဲဒီဟာလည်း​ တချို့​နေရာမှာ ဖြစ်​တော့​ဖြစ်တယ်။ အခု​တွေ့​တဲ့​ အဖွဲ့​တွေလည်း​ သူတို့​ အစိုး​ရကို ​တောင်း​ဆိုတယ်။ အဲဒါမျိုး​ မလုပ်ပါနဲ့​၊​ တကယ် မှန်ကန်တဲ့​ နည်း​လမ်း​နဲ့​ပဲ လုပ်ပါ၊​ ဥပမာ ပြည်နယ်က လာမယ်ဆိုရင်လည်း​ ပြည်နယ်က တဖွဲ့​လာ၊​ ပြဿနာမရှိဘူး​။ ပြည်​ထောင်စုအ​နေနဲ့​ လာမယ်ဆိုရင်လည်း​ ပြည်​ထောင်စုအ​နေနဲ့​လာ၊​ ပြဿနာမရှိဘူး​။ ဒါ​ပေမယ့်​ ဒီလူလာလိုက်၊​ ​နောက်တဖွဲ့​လာလိုက် တမျိုး​ပြောလိုက်၊​ အဲလိုမျိုး​တော့​ မလုပ်ပါနဲ့​ဆို​တော့​ ဒီအဖွဲ့​တွေက ​ပြောတာဖြစ်တယ်။”

တချိန်တည်း​မှာပဲ တိုက်ပွဲ​တွေလည်း​ ပြန်ဖြစ်​နေတယ်ဆို​တော့​ ​ကေအန်ယူနဲ့​ဖြစ်​နေတာ။ ကချင်မှာဆိုလည်း​ မ​နေ့​ကဆို တိုက်ပွဲ​တော်​တော် ကြီး​ကြီး​မား​မား​ ဖြစ်​နေတယ်။ ဒီအ​ပေါ်​တွေ​ကော ဘာ​ပြောချင်လဲ။

“ဥပမာ ကရင်မှာ တိုက်ပွဲဖြစ်တယ် ဆိုတာ​တော့​ သဘာဝကျတယ်။ ဘာဖြစ်လို့​လည်း​ဆို​တော့​ အပစ်အခတ် ရပ်စဲမှု မရမချင်း​တော့​ တိုက်ရမှာပဲ။ ရှမ်း​ပြည်မှာလည်း​ အက်စ်အက်စ်​အေ ​တောင်ပိုင်း​ကလည်း​ တိုက်တာပဲ။ ဒီဇင်ဘာ ၂ ရက်​နေ့​မှာ သူတို့​က အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​ကြတယ်။ အဲဒီ​နောက်ပိုင်း​မှာ တိုက်ပွဲ​တွေ ဆက်ဖြစ်ရင်​တော့​ ပြဿနာရှိမယ်။ အဲဒီလက်မှတ်မထိုး​ခင်မှာ တိုက်ပွဲဖြစ်တာ သဘာဝကျတယ်။ ကချင်မှာ​တော့​ သူ့​ပြဿနာက ​တော်​တော်ကြီး​တယ်။ ဒီ​နေရာမှာ ကျ​နော်ထင်တာက​တော့​ တမျိုး​မှား​နေတယ်လို့​ မြင်တယ်။ ဘာ​ကြောင့်​လဲဆိုရင် ကချင်​လောက် အစိုး​ရကို ကူထား​တဲ့​အဖွဲ့​မရှိဘူး​။ အမျိုး​သား​ညီလာခံလည်း​ သူကပါခဲ့​တယ်။ ​ရွေး​ကောက်ပွဲဝင်ဖို့​လည်း​ သူတို့​က ကြိုး​စား​ခဲ့​တယ်။ သူတို့​က အစိုး​ရသစ်တက်လာတာကိုလည်း​ ကြိုဆိုတယ်။ သမ္မတကြီး​ လုပ်​နေတဲ့​ အ​ပြောင်း​အလဲကိုလည်း​ ​ထောက်ခံတယ်။ ဒါ​ပေမယ့်​ ဘာ​ကြောင့်​ တိုက်ပွဲ​တွေ ပြင်း​ထန်လာသလဲ။ ဘာ​ကြောင့်​ ဒီထက်ဆိုး​လာသလဲ။ အဲဒါက​တော့​ ကျ​နော့်​အမြင်ဆိုရင် တမျိုး​တော့​မှား​နေပြီ။ အဲဒါကို ပြင်ဖို့​လိုမယ်။”

မှား​နေတယ်ဆိုတာ ဘယ်အရာမှာမှား​နေလဲ။ ကချင်မှာ​တော့​ တိုက်ပွဲ​တွေများ​နေတယ်။ ကရင်မှာလည်း​ ရှိ​နေ​သေး​တယ်။ တိုင်း​ရင်း​သား​တွေဘက်က ​ပြော​နေကြတာ အစိုး​ရတပ်​တွေက ထိုး​စစ်​တွေလုပ်​နေလို့​ပြောတယ်။ အစိုး​ရဘက်က ထိုး​စစ်မလုပ်ဘဲနဲ့​ ​လျှော့​ပေး​လိုက်ရင်​ကော အပစ်အခတ် ရပ်စဲ​ရေး​က အလိုလို ဖြစ်မသွား​နိုင်ဘူး​လား​။

“အဲဒါပါပဲ။ ကျ​နော်​ပြော​နေတဲ့​ မှား​နေတယ်ဆိုတာ တကယ်​တော့​ သွား​ညှိနှိုင်း​တယ်ဆိုရင် သူက အဆင်​ပြေသင့်​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ကချင်ဘက်ကလည်း​ ကျ​နော်သိတာက သူတို့​မတိုက်ချင်ဘူး​။ ဇူလိုင်လကုန် အထိ​တောင်မှ ကျ​နော်သူတို့​နဲ့​ဆွေး​နွေး​တယ်။ သူတို့​က လက်မှတ်ထိုး​ဖို့​ အဆင်သင့်​ပဲ။ ဒါ​ပေမယ့်​ ဘာ​ကြောင့်​ ဒီထက်ဆိုး​သွား​တာလဲ။ စစ်တပ်ဘက်က ပိုပြီး​တော့​ ဝင်တိုက်လို့​ဖြစ်မယ်။ အ​ခြေအ​နေကြည့်​လိုက်ရင် အခုတိုက်ပွဲ​တွေ ကချင်ပြည်နယ်မှာ ဖြစ်​နေတာက အရင်တုန်း​က အစိုး​ရသတ်မှတ်ထား​တဲ့​ ​ကေအိုင်အို နယ်​မြေထဲမှာဖြစ်​နေတယ်။ ​ပြောချင်တာက​တော့​ အစိုး​ရတပ်​တွေက ကျူး​ကျော်​နေတယ်။ သူတို့​နယ်​မြေထဲ​ရောက်​နေတယ်။ အဲဒါသူတို့​က တိုက်ရမှာပဲ။ သဘာဝကျတယ်။ အစိုး​ရတပ်က ဆုတ်​ပေး​တယ်ဆိုရင် အလိုလို အပစ်အခတ် ရပ်စဲ​ရေး​ ဖြစ်သွား​နိုင်တယ်။”

ဦး​ဟန်​ညောင်​ရွှေအ​နေနဲ့​က​​ အစိုး​ရဝန်ကြီး​ ဦး​အောင်မင်း​က ​ခေါ်ယူတယ်။ ငြိမ်း​ချမ်း​ရေး​ဖြစ်​စေချင်တယ်။ တိုက်ပွဲ​တွေ ဖြစ်​နေတယ်ဆိုတာ မ​ကောင်း​ဘူး​ဆိုပြီး​ ကြား​ဝင်​ဆောင်ရွက်​ပေး​တယ်။ တချို့​ပြော​နေတာက ဦး​ဟန်​ညောင်​ရွှေက အစိုး​ရနဲ့​ ​ပေါင်း​တယ်၊​ အစိုး​ရခိုင်း​တာ လုပ်​နေတယ်ဆိုပြီး​ ​ပြော​နေတာ​တွေ ရှိတယ်။ ဒီ​ပေါ်မှာ​ကော ကိုယ်က ကြား​ဝင်​ဆောင်ရွက်​ပေး​ထား​တဲ့​ ကိစ္စ​တွေမှာ ဘယ်လိုခံစား​ရလဲ။

“ကျ​နော် ဒီမိုက​ရေစီ တိုက်ပွဲထဲဝင်လာတဲ့​ ကာလပတ်လုံး​က ကျ​နော်က တိုင်း​ပြည်​ကောင်း​ဖို့​ လုပ်ခဲ့​တယ်။ ဘာမှ ဒီဘက် ဟိုဘက် မဝင်ဘဲနဲ့​ တတ်နိုင်သမျှ အကုန်လုံး​ကောင်း​အောင် ကြိုး​စား​ခဲ့​တယ်။ ကျ​နော်နဲ့​တွဲပြီး​ လုပ်လာတဲ့​လူတိုင်း​က သိပါတယ်။ ဆို​တော့​ ကျ​နော်က ​ပြောစရာမလိုဘူး​။ ကျ​နော်က ဘာရချင်လို့​၊​ အစိုး​ရနဲ့​ သွား​ပေါင်း​တယ်။ သူတို့​ခိုင်း​လို့​ လုပ်တယ်။ ဒါ​တွေက​တော့​ ကျ​နော့်​ကို မသိတဲ့​လူ​တွေဖြစ်မယ်။ မဟုတ်ဘဲနဲ့​ တမင်တကာ ​ပြောချင်တဲ့​လူ​တွေဖြစ်မယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်နဲ့​သိလာတဲ့​ လူတိုင်း​က​တော့​ ဘယ်သူလာခိုင်း​ခိုင်း​ အမှန်မဟုတ်ရင် ကျ​နော်မလုပ်ပါဘူး​။ အမှန်တရား​ထဲမပါရင် ကျ​နော်မလုပ်ပါဘူး​။ အခုန​ပြောတဲ့​အတိုင်း​ပဲ ဒီ​နေရာမှာက အပစ်အခတ် ရပ်စဲမလုပ်ဘူး​။ ငြိမ်း​ချမ်း​ရေး​ နည်း​လမ်း​မရှာဘူး​ဆိုရင် ကျ​နော်တို့​က ဆက်တိုက်သွား​ဖို့​ပဲ ရှိတယ်။ နှစ်​ပေါင်း​ ငါး​ဆယ်၊​ ​ခြောက်ဆယ် တိုက်သွား​မယ်။ ဒီဟာက အကျိုး​မဖြစ်ဘူး​။ ဆို​တော့​ ကျ​နော့်​အ​နေနဲ့​က အခုအ​နေနဲ့​ အစိုး​ရကလည်း​ ကမ်း​လှမ်း​လာတယ်။ အစိုး​ရကလည်း​ တကယ်လုပ်ပါမယ်လို့​ ​ပြော​တော့​ ကျ​နော်က​တော့​ ဖြစ်​စေချင်တယ်။”

စော​စောက​ပြောသလို အစိုး​ရတပ်​တွေက ထိုး​စစ်​တွေလုပ်​နေတယ်။ သူတို့​ နည်း​နည်း​ဖြစ်ဖြစ် ဆုတ်ပြီး​တော့​မှ ဆက်လက် ထိုး​စစ်မလုပ်ဘဲနဲ့​ စကား​ပြောရင် ပို​ကောင်း​မယ်လို့​။ တကယ်တမ်း​တော့​ အခုရက်ပိုင်း​မှာကို ရှမ်း​ပြည်နယ်ထဲမှာ ရှိတဲ့​ ကချင်စခန်း​တွေကို အစိုး​ရက ထပ်သိမ်း​တာတို့​၊​ ဒါမျိုး​တွေလည်း​ ဖြစ်​နေတာ။ တကယ်လို့​ စကား​ပြောတယ်ဆိုရင်​တော့​ သူတို့​အ​နေနဲ့​ ထိုး​စစ်​တွေ မလုပ်သင့်​ဘူး​ပေါ့​။ ဆို​တော့​ ​နောက်ဆုံး​ ဦး​ဟန်​ညောင်​ရွှေကိုယ်တိုင် ကြား​ဝင်​ဆောင်ရွက်​ပေး​တာရယ်။ ​ရှေ့​အလား​အလာကို ငြိမ်း​ချမ်း​ရေး​ တကယ်ဖြစ်သွား​မယ်လို့​ ထင်သလား​။ အဟန့်​အတား​တွေက ရှိ​နေ​တော့​။ အဲဒါ​နောက်ဆုံး​ အ​နေနဲ့​ရှင်း​ပြပါလား​။

“ကျ​နော်ထင်တာ ဖြစ်နိုင်တယ်။ ဒါ​ပေမယ့်​ အစိုး​ရအ​နေနဲ့​ သူတို့​ယုံကြည်မှု တည်​ဆောက်တဲ့​သ​ဘောနဲ့​ ဒီစစ်တပ်ကို ဆုတ်​ပေး​ဖို့​ လိုမယ်လို့​ ကျ​နော်မြင်တယ်။ ဘာလို့​လဲဆို​တော့​ အခုက မယုံကြဘူး​။ တကယ်လုပ်ချင်တယ်ဆိုတာ။ ဘာ​ကြောင့်​လဲဆိုရင် အရင်က အ​တွေ့​အကြုံအရ ကချင်က အပစ်အခတ်ရပ်စဲလုပ်တယ်။ နှစ်​ပေါင်း​ ၁၇ နှစ်​စောင့်​ခဲ့​တယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ မဖြစ်ဘဲနဲ့​ တိုက်ပွဲ​တွေဖြစ်လာတယ်။ ဆို​တော့​ သူတို့​အ​နေနဲ့​ စိုး​ရိမ်မှုရှိတယ်။ တကယ်ပဲ ငြိမ်း​ချမ်း​ရေး​ လိုချင်ရင်​တော့​ အစိုး​ရဘက်က စိတ်ရင်း​ ​စေတနာရင်း​ရှိတယ်ဆိုတာ ပြရမယ်။ အ​ကောင်း​ဆုံး​က တပ်ရုပ်သိမ်း​တာ အ​ကောင်း​ဆုံး​ပဲလို့​ အဲဒီလိုပဲ ကျ​နော်မြင်ပါတယ်။”
http://burmese.dvb.no/archives/18569

No comments:

Post a Comment