ondragstart="return false" onselectstart="return false"

Thursday, November 5, 2015

ကရင်မျိုးနွယ်စု ၇မျိုးရှိဟု ပြည်နယ်အဆင့် မျိုးနွယ်စုဖော်ထုတ်ရေး အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်

နိုဝင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်တိုင်းရင်းသားလူမျိုးတွင် မျိုးနွယ်စု ၇စုရှိသည်ဟု ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်းတိုက်၌ နိုဝင်ဘာလ ၃ရက် နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော ကရင်မျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး ကရင်ပြည်နယ်အဆင့် အစည်းအဝေးတွင် ဆုံးဖြတ်အ တည်ပြုလိုက်ကြောင်း ကရင့်ရေးရာကော်မတီ၊ မျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး စီမံကိန်းတာဝန်ခံ နန်းမြင့်တင်က ကေအိုင်စီ သို့ ယမန်နေ့က ပြောသည်။

“ကျမတို့ ကွင်းဆင်းပြီး စည်းဝေးတွေလိုက်လုပ်တဲ့အချိန်မှာ ကရင်မျိုးနွယ်စုတွေက အစုလိုက်ကွဲတာကို သူတို့ ပြန်ပေါင်းတာ ရှိ တယ်။ ဥပမာ ပကူး၊ မိုနေဘွား ဆိုရင် သူတို့က မိုဘွားအောက်မှာရှိတာပေါ့။ အဲလို သူတို့ ပြန်ပေါင်းတယ်။ နောက်ပြီး မျိုးနွယ်စု တစ်စုထဲကို နေရာဒေသကွဲပြီး မျိုးနွယ်စု ပိုများသွားတယ်။ အခုဆိုရင် ပြန်ပေါင်းလိုက်တော့ ၇မျိုးပြန်တွေ့တယ်”ဟု နန်းမြင့်တင် က ပြောသည်။

ကရင့်ရေးရာကော်မတီက ဦးဆောင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ မျိုးနွယ်စုကိုယ်စားလှယ် ၁၅၀ခန့် တက်ရောက်ခဲ့ ကြသည့် ပြည်နယ်အဆင့် အစည်းအဝေးတွင် ပလေချီးမျိုးနွယ်စုကို မိုဘွားအောက်တွင် ပြန်ပါဝင်သလို မိုနေဘွားနှင့် တလေ ဘွားမျိုးနွယ်စုသည်လည်း ပကူးမျိုးနွယ်အောက်တွင် ပြန်ပါဝင်သဖြင့် စုစုပေါင်း မျိုးနွယ်စု ၇စုမှာ ပိုး(ဖလုံ-ဖလုံး)၊ စကော(စဝေါ်)၊ ဘွဲ၊ မိုဘွား၊ ကရင်ဖြူ၊ ပကူးနှင့် ဂေဘားတို့ကို အတည်ပြုခဲ့ကြသည်။

အဆိုပါ မျိုးနွယ်စု ၇စုကို ကရင်ပြည်နယ်အဆင့် အစည်းအဝေးတွင်သာ အတည်ပြုပြီးခြင်းဖြစ်ရာ တစ်နိုင်ငံလုံးအဆင့် မျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး အစည်းအဝေးပြုလုပ်သည့်အချိန်တွင် ပိုးကရင်အစုဝင်ဖြစ်သည့် ဖလုံနှင့် ဖလုံးနှစ်ခု သီးသန့် ပြန်ခွဲရန် ဆုံးဖြတ်ခဲ့ပါက မျိုးနွယ်စု ၈စုအထိ ရှိနိုင်သည်ဟု နန်းမြင့်တင်က ဖြည့်စွက် ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် အစိုးရက ကရင်မျိုးနွယ်စု ၁၁စုရှိသည်ဟု သတ်မှတ်ကောက်ယူခဲ့သဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ဖူးသလို လက်ရှိ ကရင့်ရေးရာကော်မတီမျိုးနွယ်စု အမည်မှန်ဖော်ထုတ်ရေး အစည်းအဝေးများတွင် မျိုး နွယ်စု ၇စုသာရှိသည်ဟု ကနဦး အတည်ပြုထားသည်။

မိုဘွားမျိုးနွယ်စု ကိုယ်စားလှယ်တစ်ဦးဖြစ်သူ စောပေါကျူးဒီက “အစိုးရက မျိုးနွယ်စုများသွားတာက နေရာဒေသကွဲသွားလို့ အဲလိုများသွားတယ်။ ကျနော်တို့ ပလေခီးဆိုရင် အမှန်တော့ မိုဘွားပဲ။ ပလေခီးက ချောင်းဖြစ်တယ်။ ပလေခီးချောင်းဖက်မှာ နေလို့ ယခင်အစိုးရက ပလေခီးဆိုပြီး သတ်မှတ်လိုက်တာ။ ဒေသကွဲပြီး လူမျိုးစုပေးကွဲတာ မဖြစ်သင့်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင့်ရေးရာကော်မတီအနေဖြင့် မျိုးနွယ်စုအမည်မှန် ဖော်ထုတ်ရေးဆွေးနွေးပွဲများကို ကရင်လူမျိုးများ နေထိုင်သည့် နေရာအနှံ့ သွားရောက်ကာ မြို့နယ်အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အစည်းအဝေးများ ပြုလုပ်လျက်ရှိရာ တစ်နိုင်ငံလုံးအဆင့် အစည်းအဝေးကို ၂၀၁၆ခုနှစ်အတွင်း ပြုလုပ်သွားရန်ရှိကြောင်း ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။

No comments:

Post a Comment