NEJ / ၃၀ နိုဝင်ဘာ ၂၀၀၉
ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲခဲ့သည့် ရဟန်းသံဃာများ၊ ကျောင်းသားပြည်သူများကို နအဖစစ်အုပ်စုက လူမဆန်စွာ ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်ပြီးစအချိန်၊ တိမ်းရှောင်နေသူများကို လိုက်လံဖမ်းဆီးနေဆဲအချိန် ၂၀၀၇ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏အမိန့်အရ ဗိုလ်မှူးကြီး သန့်ရှင်းက အချက် (၉) ချက် ပါဝင်သည့် အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက် မထုတ်ပြန်မီ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး (၄) ရက်ကြာ နေထိုင်ကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို တွေ့ဆုံခဲ့သည်။ သံဃာတော်များနှင့် လူထုအား အကြမ်းဖက်နှိမ်နင်းမှုများကို လေ့လာစုံစမ်းခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အစီရင်ခံတင်ပြရန် ပြန်လည်ထွက်ခွာသွားခဲ့သည်။
မစ္စတာ ဂမ်ဘာရီ ပြန်သွားပြီးနောက် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမှတ်စဉ် (၇) ၌ “ထိုသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော်တို့အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုပ်ဆောင်နေသည့် အချက် (၄) ချက် ရှိကြောင်း၊ ၎င်းတို့မှာ ထိပ်တိုက်ရင်ဆိုင်ရေး (confrontation)၊ အလုံးစုံပျက်သုဉ်းရေး (utter devastation)၊ မြန်မာနိုင်ငံအား စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေးတို့ပင်ဖြစ်ကြောင်း၊ အဆိုပါ ဆောင်ရွက်ပိတ်ဆို့မှု
(၄) ချက်ကို သူမအနေဖြင့် စွန့်လွှတ်ကြောင်း ကြေညာရန်နှင့် ထိုသို့ကြေညာပါက မိမိကိုယ်တိုင် သူမနှင့် တိုက်ရိုက်တွေ့ဆုံ စကားပြောမည်ဖြစ်ကြောင်းတို့ကို ပြောဆိုမှာကြားလိုက်ပါသည်” ဟု ပါရှိလေသည်။
ဓမ္မဓိဋ္ဌာန်ကျကျ ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘက်မှ စတင်၍ တွေ့ဆုံဆွေးနွေးရေး စကားကို ထူးထူးဆန်းဆန်း ပြောကြားခဲ့ခြင်းသည် ရွှေဝါရောင်တော်လှန်ရေးကို လူမဆန်စွာ နှိမ်နင်းခဲ့မှုအပေါ် ပြည်တွင်းဖိအားနှင့် နိုင်ငံတကာဖိအားများ တိုးမြင့်လာခြင်းကြောင့်ဖြစ်ပြီး ထိုဖိအားများ လျော့ကျစေရန် အလို့ငှာသာ ထိုကြေညာချက်အား ထုတ်ပြန်နှစ်သိမ့်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ နှစ်သိမ့်ခြင်း၏ နောက်ဆက်တွဲလုပ်ရပ်အနေဖြင့် ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် အယောင်ပြ ခန့်အပ်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ပေသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ဖြတ်တောက်မှုပြစ်ဒဏ် ချမှတ်ကျင့်သုံးခဲ့ခြင်းသည် အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းတောင်းဆိုသည့်အတွက် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ (ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းတောင်းဆိုရုံမျှနှင့်လည်း လုပ်ဆောင်မည် မဟုတ်ဘဲ) နအဖစစ်အုပ်စု၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် အမှားအယွင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများကို အပြစ်မဲ့ ဖမ်းဆီးချုပ်နှောင် နှိပ်စက် အကျဉ်းချထားမှုများ၊ တိုင်းရင်းသားလူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများကြောင့်သာ ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် အမှန်တကယ် တွေ့ဆုံဆွေးနွေးလိုသောဆန္ဒ မရှိသည့်အတွက်ကြောင့်သာ ထိုသို့သော စီပွားရေးပိတ်ဆို့ဖြတ်တောက်ခံရခြင်း၏ အရင်းခံအကြောင်းတရားများကို လျစ်လျူရှု မျက်ကွယ်ပြုကာ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခြင်းမရှိသည့် (ဒေါ်အောင်ဆန်းစုကြည် လိုက်လျောရန် မဖြစ်နိုင်သည့်) အချက် (၄) ချက်ကို ကြေညာချက်တွင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များအဖြစ် မဆီမဆိုင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပေသည်။ တနည်းအားဖြင့် ရွှေဝါရောင်အကျပ်အတည်းမှ တဒင်္ဂ ထွက်ပေါက်ရလို၍သာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် တွေ့ဆုံဆွေးနွေးရေး မျက်နှာဖုံးစွပ်ပြီး ပြည်တွင်းပြည်ပကို ဟန်ဆောင်လှည့်ဖြားခဲ့ခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူမအနေဖြင့် လုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ထိုစဉ်က ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် သဘောထားထုတ်ပြန် ပြောဆိုခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က ထိုကိစ္စနှင့်ပတ်သက်၍ အချိန်ယူစဉ်စားပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သူမအပေါ် အပြစ်ပုံချမှုများကို (သဘောထားကြီးစွာဖြင့်) မသိကျိုးကျွန်ပြုကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၅) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတစောင် ရေးသားပေးပို့ခဲ့လေသည်။
အဆိုပါစာတွင် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှုအတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
နအဖစစ်အုပ်စုဘက်မှလည်း ထိုစာရေးသားပေးပို့မှုကို တုံ့ပြန်သည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် နှစ်ကြိမ်ဆွေးနွေးစေခဲ့ပါသည်။ ထို့နောက် ဥရောပသံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပြုခဲ့သလို အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်း ဥရောပသံတမန်များနှင့် တွေ့ဆုံခွင့်ပြုခဲ့ပါသည်။ နအဖစစ်အုပ်စုအနေဖြင့် အနှစ် (၂၀) ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ တင်ပြတောင်းဆိုသည့် ပေးစာများအပေါ် ပထမဦးဆုံးအကြိမ် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။
သို့သော် ပြောင်းလဲလာသည့် အမေရိကန်အစိုးရ၏ မူဝါဒသစ်တွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု
(direct engagement) လုပ်ဆောင်သွားမည်ဟု ဆိုလေသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့၏ မြန်မာနိုင်ငံခရီးစဉ် အပြီးတွင်လည်း နအဖအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကိစ္စနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်မှုရှိလာအောင် ထင်သာမြင်သာ မလုပ်ဆောင်သရွေ့ sanction ကို လျှော့ပေါ့ပေးမည်မဟုတ်ဟု ပြောဆိုသဖြင့် နအဖစစ်အုပ်စုအဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ ဖြစ်ခဲ့ရလေသည်။
ကာ့တ်ကမ်ဘဲလ်ခရီးစဉ် ပြီးသည့်နောက် နအဖစစ်အုပ်စုအနေဖြင့်လည်း သူတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ မရပ်တန့်ဘဲ၊ နိုင်ငံရေးအကျဉ်းသားများ မလွှတ်ဘဲ၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ ထင်သာမြင်သာ မလုပ်ဆောင်ဘဲ (ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်၊ အနောက်တိုင်းသံတမန်များ တွေ့ဆုံဆွေးနွေးရုံဖြင့်) စီးပွားရေးပိတ်ဆို့မှုများ အလွယ်တကူ ရုပ်သိမ်းသွားမည် မဟုတ်သည်ကို အမှန်တကယ် သိရှိသဘောပေါက်သွားပုံပေါ်သည်။ ထို့အတွက်ကြောင့် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ထပ်မံပေးပို့ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပေးစာကို ပထမပေးစာ ပေးပို့စဉ်ကကဲ့သို့ အလျင်အမြန် တုံ့ပြန်ခြင်းမပြုတော့ဘဲ ယခုအချိန်အထိ တုံဏှိဘာဝေ ဆိတ်ဆိတ်နေနေခြင်းဖြစ်နိုင်ပေသည်။
ဒုတိယပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမအနေဖြင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမည့် လုပ်ငန်းများအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံတင်ပြခွင့်ပြုပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်” ဟု တောင်းဆိုထားသည်ကို တွေ့ရသည်။
ပေးစာပါ တောင်းဆိုချက်အတိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် စီးပွားရေးပိတ်ဆို့အရေးယူမှုခံရခြင်း၏ အရင်းခံအကြောင်းတရားများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်ပွင့်လင်းလင်း မဆွေးနွေးရဲ၍ပေလော သို့တည်းမဟုတ် ကျူးလွန်ထားသော ပြစ်မှုများအတွက် ကိုယ့်လိပ်ပြာ ကိုယ်မလုံ၍ ယခုကဲ့သို့ ရေငုံနှုတ်ပိတ်နေခြင်းပေလောဟုလည်း စဉ်းစားစရာ ဖြစ်နေပေသည်။ နောက်တချက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရည်ကိုယ်သွေး (Personality) အရ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် မ၀ံ့မရဲ ဖြစ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုသို့သော အခြေအနေအရပ်ရပ်ကို အကဲခတ် သုံးသပ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို အမေရိကန်၊ အနောက်တိုင်းသံတမန်များနှင့် အသာတကြည် တွေ့ဆုံဆွေးနွေးခွင့်ပြုခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါ စစ်အုပ်စုဝင်တို့၏ လုပ်ရပ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် အမှန်တကယ် ဆန္ဒရှိ၍မဟုတ်ဘဲ သူတို့စစ်အုပ်စု တစုံတရာ အကျပ်အတည်း ဆိုက်နေသည့် Sanction ကိစ္စ လွယ်လွယ်ကူကူ ပျက်ပြယ်လိမ့်နိုးနှင့် ခွင့်ပြုခဲ့ခြင်းသာဖြစ်ကြောင်း၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပေးစာက ရွှေဝါရောင်တော်လှန်ရေးအပြီး အယောင်ပြထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တွေ့ဆုံဆွေးနွေးရေး မျက်နှာဖုံးစွပ်ကို ခွာချပေးခဲ့ခြင်းဖြစ်ကြောင်း ခေတ်ပြိုင်က သုံးသပ်မိပေ၏။
ခေတ်ပြိုင်သတင်းမှ
No comments:
Post a Comment