Tuesday, December 1, 2009

̏ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ˝

30 November 2009 19:26 ကေလတ်

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် သမ္မတစနစ်ကို အခြေပြုသည်ဟု လူအများက ယူဆကြသည်။ သို့သော် ဤအခြေခံဥပဒေ၌ အသုံးပြုထားသော သမ္မတစနစ်သည် ပုံစံအသစ် ဖြစ်ပြီး ကမ္ဘာတလွှား၌ အသုံးပြုနေကြသော အခြားသော သမ္မတစနစ်များနှင့် ကွဲပြားခြားနားသည်။

အခြေခံဥပဒေအရ သမ္မတ တဦးနှင့် ဒုတိယသမ္မတ နှစ်ဦးတို့ကို အစုအဖွဲ့ (၃)ဖွဲ့ ပါဝင်သာ သမ္မတ ရွေးချယ်တင်မြောက်ရေးအဖွဲ့က ရွေးချယ်တင်မြောက်ရမည်။ အခြားသမ္မတ စနစ်များတွင်ကဲ့သို့ သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခြင်း မဟုတ်ပါ။

ယေဘုယျအားဖြင့် ကမ္ဘာပေါ်တွင် အစိုးရအုပ်ချုပ်ပုံစနစ် (၃)မျိုး ရှိသည်။ ပါလီမန်စနစ်၊ သမ္မတစနစ်နှင့် တ၀က်တပျက်သမ္မတစနစ် သို့မဟုတ် ပေါင်းစပ်စနစ် ဟူ၍ ဖြစ်သည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာများ ခွဲဝေ ပိုင်းခြားပုံတို့သည် နိုင်ငံအလိုက် ကွဲပြားခြားနားမှုများ ရှိကြသည်။

ပါလီမန်စနစ်တွင် အုပ်ချုပ်ရေးအဖွဲ့ကို ပါလီမန်တွင် ရွေးချယ်ဖွဲ့စည်းကြသည်။ နိုင်ငံရးပါတီတခုသည် ပါလီမန်တွင် အများစု အနိုင်ရရှိပါက အစိုးရဖွဲ့ခွင့် ရှိသည်။ မည်သည့်ပါတီကမျှ အများစု အနိုင်မရပါက နိုင်ငံရေးပါတီများအကြား အစိုးရဖွဲ့ရန် အပေးအယူ လုပ်ရသည်။ အစိုးရအနေဖြင့် ပါလီမန်တွင် အများစု၏ယုံကြည်မှုကို ရရှိနေသရွေ့ အုပ်ချုပ်ခွင့်ရနေမည်ဖြစ် သည်။

ဖေါ်ပြပါစနစ်တွင် နိုင်ငံတော်အကြီးအကဲ၌ အုပ်ချုပ်ရေးအာဏာမရှိ၊ မြန်မာပြည်၏ ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်ပြီး ဂုဏ်ထူးဆောင် အကြီးအကဲသက်သက်သာ ဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော ၀န်ကြီးချုပ်၌သာ အုပ်ချုပ်ရေးအာဏာ ရှိသည်။ တချို့ကိစ္စများတွင်သာ သမ္မတသည် အုပ်ချုပ်မှုအာဏာကို အကန့်အသတ်ဖြင့် သုံးစွဲပိုင်ခွင့်ရှိသည်။

ပါလီမန်စနစ်ကို အသုံးပြုသောနိုင်ငံများတွင် အင်္ဂလန်နိုင်ငံ၊ ဥရောပရှိနိုင်ငံများနှင့် အာဖရိကတိုက်ရှိ ဗြိတိသျှကိုလိုနီဖြစ်ဖူးသော နိုင်ငံများ ပါဝင်သည်။ အစ္စရေး၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ နှင့် အာရှရှိ ဗြိတိသျှကိုလိုနီ ဖြစ်ဖူးသော နိုင်ငံများကလည်း ဤစနစ်ကို အသုံးပြုကြသည်။

သမ္မတစနစ်တွင်မူ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများကို ခွဲခြားထားသည်။ သမ္မတများသည် အစိုးရအဖွဲ့၏ အကြီးအကဲများ ဖြစ်ကြပြီး ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ကြသည်။ သမ္မတသည် အစိုးရအဖွဲ့ဝင်များကို သူ့စိတ်ကြိုက် ရွေးချယ်တာဝန်ပေးသည်။ အစိုးရအဖွဲ့ဝင်များသည် ပါလီမန်အမတ်များဖြစ်စရာ မလိုပေ။ သာမန်အားဖြင့် ပါလီမန်တွင် အယုံအကြည်မရှိအဆိုဖြင့် သမ္မတကို ဖြုတ်ချ၍မရပေ။ သမ္မတသည် နိုင်ငံတော်အကြီးအကဲလည်း ဖြစ်သည်။

သမ္မတစနစ်ကို အသုံးပြုသောနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုနှင့် လက်တင် အမေရိကရှိနိုင်ငံများ ပါဝင်ကြသည်။ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ အီရန်၊ တောင်ကိုရီးယားနှင့် သီရီလင်္ကာတို့လည်း ဤသမ္မတစနစ်ကို အသုံးပြုကြသည်။

"တ၀က်တပျက်သမ္မတစနစ်" ဟုခေါ်သော ပေါင်းစပ်စနစ်တမျိုးလည်း ရှိသေးသည်။ "သမ္မတ ပါလီမန်စနစ်" ဟုလည်း ခေါ်ကြသည်။ အကယ်၍ အခြေခံဥပဒေက သမ္မတ၏လုပ်ပိုင်ခွင့်များကို အလေးပေးပါက "သမ္မတ ပါလီမန်စနစ်" ဟုခေါ်ဝေါ်ကြပြီး၊ အကယ်၍ ပါလီမန်ကို အာဏာပိုမိုပေးအပ်ထားပါက "တ၀က်တပျက်ပါလီမန်စနစ်" ဟုခေါ်ဝေါ်ကြသည်။ ဤစနစ်တွင် သမ္မတနှင့် ၀န်ကြီးချုပ်နှစ်ဦးစလုံးက အုပ်ချုပ်ရေးအာဏာကို ခွဲဝေယူထားကြသည်။ များသောအားဖြင့် သမ္မတက ၀န်ကြီးချုပ်များကို ခန့်အပ်လေ့ရှိကြပြီး ၀န်ကြီးချုပ်များသည် သမ္မတများ၏ နိုင်ငံရေးပါတီဝင်များ ဟုတ်ချင်မှ ဟုတ်ကြသည်။

ပြင်သစ်အစိုးရသည် "တ၀က်တပျက်သမ္မတစနစ်" ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် သမ္မတသည် ၀န်ကြီးချုပ်ကိုခန့်အပ်ပြီး အစိုးရအဖွဲ့ဝင်များကိုလည်း သူကရွေးချယ်တာဝန်ပေးအပ်သည်။ သမ္မတသည် နိုင်ငံခြားရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ပြီး တိုင်းပြည်၏ ပြည်တွင်းရေးရာ ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ၀န်ကြီးချုပ်က တာဝန်ယူလေ့ရှိသည်။ ဤစနစ်ကိုကျင့်သုံးသော အခြားနိုင်ငံများမှာ အနောက်အာဖရိကရှိ ပြင်သစ်ကိုလိုနီ ဟောင်းများဖြစ်ကြသည်။ ကုတ်ဒီအိုင်ဗွာ၊ ဂါပွန်၊ မာလီနှင့် ဆီနီဂေါနိုင်ငံများ၊ ပိုလန်နှင့် ဘူဂေး ရီးယားကဲ့သို့သော အရှေ့ဥရောပနိုင်ငံများ ဖြစ်ကြသည်။

သမ္မတစနစ် သို့မဟုတ် တ၀က်တပျက် သမ္မတစနစ် အများစုတွင် သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်သည်။ သို့သော် တချို့နိုင်ငံများတွင် လွှတ်တော်က သမ္မတ နှင့် ၀န်ကြီးချုပ်ကို ရွေးချယ်ကြသည်။

တောင်အာဖရိကတွင် အမျိုးသားလွှတ်တော်က နိုင်ငံတော်၏ အကြီးအကဲလည်းဖြစ်၊ အစိုးရအဖွဲ့၏ အကြီးအကဲလည်းဖြစ်သော သမ္မတကို ရွေးချယ်သည်။ တောင်အာဖရိကနိုင်ငံ၏ ပါလီမန်တွင် "အမျိုးသားလွှတ်တော်” နှင့် "ခရိုင်အမျိုးသားကောင်စီ" များပါဝင်ကြသည်။ "အမျိုးသားလွှတ်တော်" တွင် နေရာ ၄၀၀ ရှိပြီး ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင် မြှောက်ကြသည်။ "ခရိုင်အမျိုးသားကောင်စီ”ကို ခရိုင်တခုချင်းစီမှ ပို့လွှတ်သော ကိုယ်စားလှယ် (၁၀)ဦးစီဖြင့် ဖွဲ့စည်းသည်။

“အမျိုးသားလွှတ်တော်" တွင် အများစုအနိုင်ရသောပါတီ သို့မဟုတ် ညွန့်ပေါင်းပါတီများ၏ ခေါင်းဆောင်သည် သမ္မတဖြစ်လာသည်။ သမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သော အစိုးရအဖွဲ့ဝင်များသည် ပါလီမန်ကို တာဝန်ခံရသည်။

မြန်မာပြည်၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော သမ္မတစနစ်မှာ စစ်မှန်သော သမ္မတစနစ်မဟုတ်ပဲ အမေရိကန်ပြည်ထောင်စု၏ "သမ္မတစနစ်" သို့မဟုတ် ပြင်သစ်နိုင်ငံ၏ "တ၀က်တ ပျက်သမ္မတစနစ်" များ၏ စရိုက်လက္ခဏာများနှင့်လည်း ကိုက်ညီခြင်းမရှိပါ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတကို သမ္မတရွေးချယ်အဖွဲ့ဖြစ်သော အစုအဖွဲ့ သုံးခုက ရွေးချယ်တင်မြှောက်သည်။

ပထမအစုအဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီး ဒုတိယအစုအဖွဲ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။ တတိယအစုအဖွဲ့တွင် ပထမနှင့် ဒုတိယ အစုအဖွဲ့များတွင် မပါဝင်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။

အစုအဖွဲ့တခုချင်းစီက လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ၊ ဒုတိယသမ္မတဦးစီးကို ရွေးချယ် တင်မြှောက်ရမည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်သော ထို သမ္မတ ရွေးချယ်ရေးအဖွဲ့က ဒုတိယသမ္မတ (၃) ဦးအနက်မှ သမ္မတတဦးကို ရွေးချယ် တင်မြှောက်ရမည်။

သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ပြီး အစိုးရအဖွဲ့၏ အကြီးအကဲလည်း ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များကို သမ္မတက ရွေးချယ်ခန့်အပ်သည်။ သမ္မတသည် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်သော်လည်း အုပ်ချုပ်ရေးအာဏာ အပြည့်ရှိသည်။ ဤစနစ်သည် သမ္မတရွေးချယ်ပုံ နည်းစနစ် အသစ် ဖြစ်ပြီး မြန်မာပြည်တခုတည်း၌သာ ရှိလာမည့် စနစ် ဖြစ်သည်။

ဤစနစ်တွင် ပြည်သူ့လွှတ်တော်၌ အများစုအနိုင်ရရှိသော နိုင်ငံရေးပါတီသည် အစိုးရဖွဲ့ခွင့်ရမည် ဟူ၍ မပြောနိုင်ပါ။ ပြည်သူ့လွှတ်တော်တွင် နေရာ (၄၄၀)ရှိသော်လည်း နေရာ (၁၁၀) သည် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သောနေရာများ ဖြစ်သည်။

နိုင်ငံရေးပါတီတခုသည် သမ္မတရွေးချယ်ရေးအဖွဲ့သို့ ဒုတိယသမ္မတ တယောက် ရွေးချယ်ခွင့်ရနိုင်သည်။ဤဒုတိယသမ္မတက လွှတ်တော်နှစ်ရပ်ပေါင်း ဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် သမ္မတအဖြစ် အရွေးချယ်ခံရမှသာလျင် အစိုးရဖွဲ့ခွင့် ရမည်ဖြစ်သည်။

သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရပြီးချိန်တွင် သူတို့သည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ပါက ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ရမည် ဖြစ်သည်။ ၎င်းတို့သည် သက်ဆိုင်ရာနိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများနှင့်လည်း ကင်းကွာရမည်ဖြစ်သည်။ သူတို့ကို "အယုံအကြည်မရှိအဆို" ဖြင့် ဖြုတ်ချ၍မရပေ။ သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို အခြေခံဥပဒေ အရ စွပ်စွဲပြစ်တင်ခြင်းနည်းလမ်းဖြင့်သာ ဖြုတ်ချ သို့မဟုတ် အစားထိုးခန့်ထားနိုင်သည်။

လေ့လာသူအများက မြန်မာပြည်၏ အခြေခံဥပဒေသစ်ကို "မြန်မာ့နည်းမြန်မာ့ဟန်" ဖြင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" ဟူသည့် စစ်အစိုးရ၏ အယူအဆကို အကောင်အထည် ဖော်ခြင်းဟု ယူဆကြသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံးပါလီမန်ကို ဖွဲ့စည်းကြမည်ဖြစ်ပြီး အစိုးရ အသစ်တခု ပေါ်ပေါက်လာမည်ဖြစ်သည်။

ဤတွင် ဤအစိုးရအနေဖြင့် တိုင်းပြည်ကို မည်မျှ ထိရောက်စွာ အုပ်ချုပ်နိုင်မည်နည်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို မည်မျှ ထမ်းရွက်နိုင်မည်နည်း ဟူသော မေးခွန်းများ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။
ဧရာဝတီမှ

No comments:

Post a Comment