ရွေးကောက်ပွဲလွန် အတွေးအခေါ် ရေးထိုးစစ် တခုလေလား
ရဲဘော်ဖိုးသံချောင်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ်
ရွေးကောက်ပွဲကို သူတို့လုပ်ချင်တိုင်း လုပ်လိုက်လို့ရပြီဆိုတော့ နအဖ စစ်အစိုးရ အင်မတန် လက်မထောင်မှာ သေချာပါတယ်။ ဒါပေမဲ့အခုအထိတော့ သတိကြီးကြီးနဲ့ စာရင်း ကြေညာတာလောက်ပဲ တွေ့နေရပါသေးတယ်။ ပြည်တွင်းပြည်ပ တုန့်ပြန်မှုတွေကို နားစွင့်ရင်း တလှမ်းချင်း လှမ်းနေတယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကာလ တဝိုက်မှာ ငြိမ်နေခဲ့တဲ့ သူတို့ရဲ့အဓိကသဘောတရား ဆရာကြီးများကတော့ အခုအခါမှာ အကြီးအကျယ် လက်မထောင်ပြီးခုန်ထွက် လာကြတာတွေ့ရပါတယ်။
သူတို့ရေးတာဟာ နအဖထုတ်တဲ့ စာနယ်ဇင်းတွေထဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုသူတို့ရေးတာ တွေဟာ မြန်မာ့အလင်း အပါအဝင် နအဖရဲ့ တရားဝင် စာနယ်ဇင်းတွေထဲမှာရေးတဲ့ အယူအဆတွေနဲ့ တထပ်တည်းလိုလို ပါပဲ။ သူတို့က ပညာရှင်ဟန် ပိုပေါက်တာပဲ ကွာပါတယ်။ နအဖနေရာကနေကြည့်ရင် သူတို့ရေးတာတွေဟာ မြန်မာ့အလင်းထဲက ဆောင်းပါးတွေထက်အကျိုးပြုတဲ့ ဆောင်းပါးတွေ ဖြစ်နေပါတယ်။
ဒီလိုနဲ့ဒီတလော ဖြစ်စဉ်တွေ၊ ဥပမာ ကြံ့ဖွတ်ကနေ “သူတို့ကို ထောက်ခံတဲ့ လူထုကြီးကို ကျေးဇူးတင်ရှိကြောင်း” ထုတ်ပြန်တာ၊ ရွေးကောက်ပွဲ ရလဒ်ဆိုတာတွေကို စာရင်းချုပ်ပြတဲ့
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်၊ နောက်ပြီး အခုပြောခဲ့တဲ့ ဆောင်းပါးတွေ။ စက်ရုံတခုထဲကနေ အစီအစဉ်တကျ အစီအရီ ထွက်လာသလား အောက်မေ့ရပါတယ်။ နအဖ ချိုသွေးနေပါတယ်။ အဲဒီအတွက် သဘောတရားနယ်ပယ်မှာ ခတ်ကွင်းရှင်းပေးနေကြတာပါ။
သူတို့ရေးတာတွေကို အလွယ်ဆုံး ချုပ်ကြည့်လိုက်ရင် နအဖ လုပ်သမျှကို မဆန့်ကျင်ရေး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ နအဖလုပ်တာ မှန်ကြောင်း ပြောရပါတယ်။ နောက်ပြီး တပ်မတော်ရဲ့ အခန်းဆိုတာကို အထူးပြု မျဉ်းသားပြရပါတယ်။ ဒိနောက်တော့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြတ်ပြတ်သားသား တွယ်ပြရပါတယ်။ အမျိုးသားရင် ကြားစေ့ရေး၊ အမျိုးသားသင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး စတဲ့စကားလုံးတွေကို တခွန်းတပါဒမှ၊ တခါမျှ ယောင်လို့တောင် မဟဖူးတဲ့ နအဖစစ်ဗိုလ်တွေကိုတော့ ခြောက်ပြစ်ကင်းသဲလဲစင်လို ဖော်ပြကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
အမျိုးသား သင့်မြတ်ရေးလို့ ပြောတာကိုတော့ ရိုးသားရဲ့လားလို့မေးခွန်းထုတ်ပါတယ်။
သူတို့ပြောလေ့ရှိတဲ့နောက်တချက်ကတော့ အတိုက်အခံမကလို့ ဘာကြီးဖြစ်နေနေ နအဖ သတ်မှတ်ပေးထားတဲ့ ဘောင်ထဲမှာ နအဖ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ကိုင်လှုပ်ရှားဖို့ ပြောတာပါပဲ။ ရွေးကောက်ပွဲ ပြီးသွားတဲ့အတွက် ပွဲကပြတ်သွားပြီ၊ ပြီးသွားပြီ ၂ဝဝ၈ ဖွဲ့စည်းပုံ ဘောင်ထဲမှာ ၂ဝ၁ဝရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာခံထားရ သူတွေပြောတဲ့အတိုင်း လိုက်နာ၊ အဲဒီကပေါ်လာမယ့် အစိုးရကိုသစ္စာရှိ။ ဘာမှ လျှာမရှည်နဲ့လို့ ဆိုနေတာပါ။ ဒါကို ဒီခေတ်အနောက်တိုင်းက
နိုင်ငံရေး ဂုရုတွေသုံးတဲ့ ဝေါဟာရ အသုံးအနှုန်းတွေနဲ့ ရောသမမွှေပြီး ပြောလာတာပါ။ “ဂိမ်း စည်းမျဉ်းနှင့်အညီ ကစားရမည်”လို့ အမိန့်ပေးပါတယ်။ သူတို့တတွေ အဲဒီလို စည်းကမ်းတွေနဲ့အညီ နအဖကို ခစားနေကြတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေ သတ်မှတ်ထားတဲ့ ဘောင်စည်းကမ်း တွေကို
ဘယ်တုန်းကမှ အသိအမှတ်မပြုပါဘူး။
ဒီနေရာမှာ ဒီသဘောတရား ဆရာတွေချင်း တူညီတဲ့နောက် အရေးကြီး အချက်တချက်ကို ထောက်ပြဖို့ လိုပါတယ်။ အဲဒါကတော့ တက်ကြွလှုပ်ရှားသူ/ ရက်ဒီကယ်လို့ သူတို့က ခေါ်တဲ့ စစ်အာဏာရှင်ကို တက်တက်ကြွကြွ ဆန့်ကျင်သူတွေကို အဓိက ပစ်မှတ်၊ အဓိက တရားခံ၊ အဓိက ချိုးနှိမ်ရမယ့် လူတွေလို့ သတ်မှတ်ပြီး စစ်အာဏာရှင်တွေ(လက်ရှိရော-လာမယ့်ရော) ကို မီးမောင်းထိုးပြ၊ လက်ထောက် ချတာပါပဲ။ တကယ်က သူတို့ရဲ့အကြံဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံတွေကို အကြီးဆုံးပုဒ်မနဲ့ ကြိုးစင် ပို့ချင်ကြတာပါ။ တဦးကဆိုရင် လွတ်လပ်ရေးဒီဘက် ဗမာပြည်ကို ဖျက်ဆီးခဲ့တာဟာ အဲဒီရယ်ဒီကယ် အတွေးအခေါ်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူပြောတဲ့အတိုင်းဆိုရင် သမိုင်းမှာရှိခဲ့တဲ့ ဖိနှိပ်သူနဲ့
ပြန်တွန်းလှန်သူ အထဲမှာ ဖိနှိပ်သူတွေက မှန်ပြီး ပြန်တွန်းလှန်ဖို့ လုပ်သူတိုင်း မှားတာ ဖြစ်နေပါတယ်။ သတိထားရမှာက သူတို့ဟာ အတိတ်တုန်းက ပြီးခဲ့တာကိုတင် ပြောတာမဟုတ်ပါဘူး။ လက်ရှိဖြစ်နေတာ၊ မကြာမီ ဖြစ်လာတော့မှာနဲ့ နောင်ဖြစ်လာမယ့် အခြေအနေတွေ အတွက်ပါ ပြောသွားတာ ဖြစ်ပါတယ်။
ဒီနေရာမှာဆွေးနွေးဖို့ ကောင်းတာဟာ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးဘောင်၊ နိုင်ငံရေးဂွင်ဆိုတာ တခုထဲ ရှိသလားဆိုတဲ့ အချက်ပါ။ အာဏာရ အုပ်စိုးသူတွေ သတ်မှတ်ထားတဲ့ ဘောင်-ဂွင်ဆိုတာတွေ အပြင်
တခြား မရှိတော့ဘူးလား။ မှန်ပါတယ်။ အာဏာရနေသူတွေ၊ အထူးသဖြင့် ဖိနှိပ်သူတဲ့ အုပ်စိုးသူတွေ၊ အာဏာရှင်တွေဟာ (စစ်ပွဲမှာ သတ်ကွင်း ပြင်ထားသလို) သူတို့နဲ့ မတူသူတွေကို သူတို့ သတ်မှတ်ထားတဲ့ ဘောင်ထဲမှာ၊ သူတို့မျက်စိအောက်မှာပဲ လှုပ်ရှား လုပ်ကိုင်စေချင်ကြတာ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတို့ကို ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာ ဖြစ်သလို အထက်မှာ ပြောခဲ့တဲ့ ဗမာ့ဂုရုများကလဲ ဒါကြောင့် အတော်စောစော ကထဲကပဲ နောင်ကျရင် ဒီဂွင်ထဲမှာပဲ လုပ်ကိုင်ကြ၊ စည်းမကျော်ကြနဲ့လို့ မယ်ဘော်ကကဲ ပြောခဲ့၊ ရေးခဲ့ကြတာပါ။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးလုပ်စရာဂွင်ဟာ အုပ်စိုးသူတွေက သတ်မှတ်ထားတဲ့ ဂွင်တခုထဲသာ ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အလားတူပဲ နိုင်ငံရေး လုပ်တယ်ဆိုတာဟာလဲ လူတချို့ပြောတဲ့အတိုင်းလုပ်တာကမှ
နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံ့အရေး၊ ပြည်သူ့အရေးကိုလုပ်ဖို့အတွက် ရေရှည်မျှော်မှန်းချက်နဲ့ လုပ်ငန်းမှန်သမျှဟာနိုင်ငံရေးဖြစ် ပါတယ်။ အထူးသဖြင့် အာဏာရှင်တွေရဲ့ လက်အောက်မှာ လှုပ်ရှားရသူတွေအဖို့ ဂွင်တွေ၊ နည်းနာတွေဟာ အမျိုးမျိုးအဖုံဖုံ ဖြစ်မှာပါပဲ။ ဒါကို ဗမာပြည် ပြည်သူတွေနဲ့
နိုင်ငံရေး လုပ်သူတွေဟာ ရာစုနှစ်တဝက် အာဏာရှင် လက်အောက်ဘဝ အတွေ့အကြုံအရ
ခါးသီးစွာ နားလည် တတ်မြောက်ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး အဖွဲ့အစည်း တခုအနေနဲ့ လူထုကိုအောင်
အောင်မြင်မြင် ရှေ့ဆောင်ဖို့ဆိုရင် ရပ်တည်ချက် ကြံ့ခိုင် ပြတ်သားဖို့ သာမက ကိုယ့်အတွက် အကျိုးရှိမယ့် ဂွင်တွေ၊ နည်း နာတွေ ဖော်တတ်ဖို့လဲ လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဖော်ထုတ် ဖြတ်သန်းလာတဲ့ ဗမာပြည် ပြည်သူတွေမှာ ဒါတွေနဲ့ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိတယ်၊
လုပ်တတ် ကိုင်တတ်တယ်ဆိုတာ နအဖဗိုလ်ချုပ်တွေ သိပါတယ်။ ဒါကြောင့်မို့ သူတို့ကြောက်တဲ့ အဲဒီလုပ်နည်းမျိုးတွေ မလုပ်အောင် အမျိုးမျိုး လှည့်ပတ် ပြောနေကြတာ ဖြစ်ပါတယ်။
နောက်တချက် မဖြစ်မနေ ပြောရမယ့်အချက်က တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်နည်းတွေနဲ့ လုပ်လို့ မရတော့ဘူး၊ အဲဒီခေတ် မဟုတ်တော့ဘူးဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ တည့်တည့်ပြောရင် နအဖကို အံမတုကြနဲ့ ဆိုတာပါ။ ဗမာပြည် မှာရော၊ ကမ္ဘာမှာပါ တက်ကြွ လှုပ်ရှားတာတွေ မလုပ်ပဲနဲ့ အောင်မြင်ခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး အရေးတော်ပုံရယ်လို့ ဘယ်တုန်းက ဘယ်မှာများ ရှိခဲ့ဖူးပါသလဲ။ ဗမာပြည်ကိုလွတ်လပ်ရေးပေးတာဟာ ဗြိတိသျှအစိုးရအနေနဲ့ ဗမာပြည်ကို အုပ်ချုပ်ရတာ ကြာပြီဖြစ်လို့ စိတ်ငြီးငွေ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာလွှဲပေးတာ မဟုတ်ပါဘူး။ မတတ်သာ၊
မလွှဲသာလို့ ပေးတာပါ။ သူတို့ အဲဒီလို မတတ်သာ၊ မလွှဲသာ ဖြစ်လာအောင် ဘယ်သူတွေက လုပ်တာလဲ။ ဗမာပြည် ပြည်သူတွေက လုပ်တာပါ။ ဗမာပြည် ပြည်သူတွေက ဘယ်လိုလုပ်တာလဲ။ ဗြိတိသျှ အင်ပါယာကြီးက သတ်မှတ်တဲ့ ဂိမ်းစည်းကမ်းများ အတိုင်း လုပ်တာလား။ တက်ကြွလှုပ်ရှားသူ/ ရက်ဒီကယ်တွေရဲ့ နည်းတွေကို သူတို့အသုံး မပြုခဲ့ကြဘူးလား။ ဒီနေ့ စစ်အာဏာရှင်တွေ ဖိနှိပ်ပုံ၊ ဒီမိုကရေစီကို ချုပ်ချယ်ပုံတွေဟာ
ဗြိတိသျှ အစိုးရထက် သက်သာတယ်၊ တော်သေးတယ် လို့ ပြောနိုင်ပါသလား။
မှန်ပါတယ်။ အဲဒီလိုတက်တက်ကြွကြွနဲ့ ဆန့်ကျင် လှုပ်ရှားတာ တွေ့တိုင်း အောင်မြင်မှု ရချင်မှရမှာပါ။ စကားအဖြစ် ပြောရင် အောင်တာထက် ရှုံးနိမ့်တာက ပိုများတယ်လို့တောင် ပြောရင် ရပါတယ်။ အမှန်က နောက်ဆုံးပိတ် အောင်ပွဲတခါရဖို့ အတွက် ကျဆုံးမှုတွေ အရင်းအနှီးပေးရတာဟာ ဓမ္မတာပါ။ မအောင်မြင်သေးတာနဲ့ အကုန်မှားတယ် ဆိုတာကတော့ ပျဉ်ဖိုးနားလည်သွားသူတွေရဲ့ စဉ်းစားနည်းနဲ့ ပြောကြားနည်းသာ ဖြစ်ပါလိမ့်မယ်။ သူတို့ပြောသလိုဆိုရင် ဆရာစံဟာ ရူးမိုက်လှသူ တဦးသာ ဖြစ်နေပါတယ်။
နအဖရွေးကောက်ပွဲရဲ့ ပြောင်ကျလှတဲ့ ညစ်ပတ်မှုကြောင့် တပြည်လုံး မကျေမနပ် ဖြစ်နေချိန်၊ ရွေးကောက်ပွဲဝင်မိ သူတွေတောင်မှ ခြေလှမ်းပြောင်းနေချိန်မှာ အခုလို စကားတွေ ပြောလာတာဟာ နအဖကို ကာကွယ်တာ၊ အလုပ်အကျွးပြုတာ ကလွဲလို့ ဘာဖြစ်အုံးမှာလဲ။
အာဏာရှင်တွေကို အောက်ကျို့မိရင် တသက်လုံး အောက်ကျို့နေရတတ်တယ် ဆိုတာ မမေ့သင့်ပါဘူး။ အဲဒီလို သာဓကတွေ ဗမာပြည်မှာ မနည်းဘူးဆိုတာ ဗမာပြည်သားတွေ ကောင်းကောင်း သိပါတယ်။
http://mizzimaburmese.com/edop/songpa/6569-2010-12-10-12-33-56.html
No comments:
Post a Comment