Friday, January 10, 2014

ငြိမ်းချမ်းရေး စစ်တမ်း

ငြိမ်းချမ်းရေး စစ်တမ်း
အဖွင့်လွှာ

၂၀၁၄ ခုနှစ်သည် တိုင်းပြည်အတွက် မင်္ဂလာရှိသော ငြိမ်းချမ်းရေးနှစ် ဖြစ်စေချင်သည်။ တိုင်းရင်းသား ပေါင်းစုံ အခြေခံလူထုကြီးတရပ်လုံးအတွက် ငြိမ်းချမ်းသာယာ မင်္ဂလာအပေါင်းနှင့် ခညောင်းသည့် သမယ ဆိုက်ရောက် လာရန်မျှော်မှန်းချင်သည်။ မင်္ဂလာစကားနှင့် ဤအဖွင့်လွှာကို ရေးချင်သည်။
သို့ရာတွင် ငြိမ်းချမ်းရေးကို ဖေါ်ဆောင်မည်ဟု ကြေညာထားသည့် အရပ်သားအသွင်ယူ စစ်အစိုးရ ဖြစ်သော ဦးသိန်းစိန်အစိုးရ၏ သက်တမ်းသုံးနှစ်နီးပါးအတွင်း ဆွေးနွေးပွဲပေါင်းများစွာကို ဖတ်ဖတ်မောကျင်းပခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်ကုန်တွင် ပေါ်ထွက်လာခဲ့သည့် အစိုးရအဆိုပြုစာချုပ်သည် စိတ်ပျက်ဘွယ် အတိဖြစ်သည်။ အသွင်သဏ္ဍာန် အရ တိုးတက်မှုဆောင်သည့် လက္ခဏာနှစ်ရပ်မှလွဲ၍ အနှစ်သာရအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်း ဆောင်များ၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ရှိခဲ့သည်။ ဤစာချုပ်ကိုသာ လက်မှတ်ထိုးကြရမည်ဆိုလျှင် ၂၀၁၄ ခုနှစ်သည် မင်္ဂလာမရှိရုံသာမက ကျက်သရေယုတ်သည့်နှစ်ဟုပင် ပြောရပါမည်။

နှစ်ဦးမှာပင် အစိုးရကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းမှုဖေါ်ဆောင်ရေးကော်မတီကို လက်တွေ့ဦးဆောင် နေသည့် ဦးအောင်မင်းသည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်အား ဘယ်တော့လက်မှတ်ထိုးနိုင်ကြမည် ဟူသည် ကိုသာ မီဒီယာမှ ထပ်ခါတလဲလဲ ပြောနေသံများ ကြားနေရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင် များအား တွေ့သည့်အခါတိုင်း လက်မှတ်ထိုးရေးသည်သာ ပထမ၊ ဒုတိယ၊ တတိယအနေနှင့် ဆက်လက် ဖိအားပေးလျက် ရှိသည်။ အပစ်ရပ်လက်မှတ်ထိုးလိုက်လျှင်ပင် ငြိမ်းချမ်းရေးရသွားတော့မည်လိုလို တနိုင်ငံလုံးအား ထင်ယောင်မှားစေ သည်။

တိုင်းပြည်တွင် အဘယ်ကြောင့် ငြိမ်းချမ်းရေးပျက်ခဲ့ရခြင်းဖြစ်သည်၊ မည်သည့် အကျိုးဆက်များကြောင့် တပြည်လုံးဆင်းရဲတွင်းနေရုံသာမက နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် မည်သို့ ထိခိုက်လျက်ရှိသည်၊ ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး လူ့အခွင့်အရေးတို့ မည်သို့ဆက်စပ်သည်၊ မျက်မှောက်ကာလတွင် ငြိမ်းချမ်းရေးကို လွှမ်းမိုး ချယ်လှယ်နေသော အကြောင်းတရားများမှာ မည်သည့်အရာများဖြစ်သည်၊ ယင်းတို့ကို ရုပ်သိမ်းသည့် အခြေခံတွင် တိုင်း ရင်းသားများရသင့်ရထိုက်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးများအား ငြိမ်းချမ်းရေးစာချုပ်တွင် မည်သို့ထည့်သွင်းချုပ်ဆို အာမခံချက်ပေးသွားမည်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖေါ်ဆောင်နေစဉ်အတွင်း ရှမ်းပြည်တွင် ဖြစ်နေ သကဲ့သို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခြင်း မရှိစေရန် နိုင်ငံတကာပါဝင်စေသည့် ကြီးကြပ်ကွပ်ကဲမည့် ယန္တယားအား မည်သို့တည်ဆောက်သွားမည်၊ မည်သည့်ကိစ္စများတွင် လူထုက အကြံပေးစေလိုသည် စသည့် စကားများအား မီဒီယာ အသီးသီးတွင် စဉ်ဆက်မပြတ်ပြောကြားနေသော ဦးအောင်မင်းထံမှ တလုံးမျှ မကြားရ။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးကြ ရေးသာ တတွတ်တွတ်ပြောကြား ဖိအားပေးလျက်ရှိသည်။
“မဆွေးနွေးဘဲ နေတာထက်စာရင် ဆွေးနွေးကြတာ ကောင်းတယ်၊ ဒါဟာ Process လုပ်ငန်းစဉ်ဖြစ် တယ်။” ဟူသောအသံများကိုလည်း ကျယ်ကျယ်လောင်လောင်ကြားနေရသည်။ စာရေးသူအနေဖြင့်မူ ယင်းအား တ၀က် သာ လက်ခံပြီး ကျန်တ၀က်ကို ပယ်ချပါသည်။ ဥပဒေစိုးမိုးရေး[1] အခြေခံတွင် နိုင်ငံရေး မူဘောင် [2] လမ်းကြောင်းမှန်ပေါ်၌ ဆွေးနွေးကြမှသာ အကျိုးရှိပါမည်။ မှားယွင်းသည့် နိုင်ငံရေးမူဘောင် အကန့်အသတ်အတွင်း ၀င်ရောက်ဆွေးနွေးလျှင်မူ နှစ်ပေါင်းတရာကြာအောင်ပင် ဆွေးနွေးစေဦး တိုးတက်နိုင်ဘွယ်မရှိပါ။ အချိန်ကုန်လူပမ်းသာ အဖတ်တင်ပါမည်။ စနစ်ဆိုး ကို သက်ဆိုးရှည်ရေးသာ အထောက် အကူ ပြုပါမည်။
လက်တွေ့သာဓက ပြပါမည်။ ၁၉၆၂ ခုနှစ်မတ်လ (၂) ရက် စစ်အာဏာသိမ်းအပြီး ဇူလိုင်လ (၄) ရက်နေ့ မှာ တည်ထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် အတွင်းမှာဝင်၍တနည်း၊ အပြင်ကနေတဖုံ ဆွေးနွေး ခွင့်ရခဲ့ကြသည်။ စကားပြောအင်မတန်ကောင်းသဖြင့် ၀ိဓူရဘွဲ့ပင်ရထားသော သခင်ချစ်မောင်အပါအ၀င် နိုင်ငံရေးသမား များစွာသည် စစ်အာဏာရှင်များနှင့် ဆွေးနွေးခွင့်ရခဲ့ကြသည်။ သို့ရာတွင် စစ်အာဏာရှင်များက ၄င်းတို့ချမှတ်ထားသည့် ဥပဒေနှင့် နိုင်ငံရေးမူဘောင်[3] ကို အသေကိုင်ထားခဲ့ကြသဖြင့် တိုးတက်မှု စိုးစဉ်းမျှ မရှိခဲ့သည်။ ၀ိဓူရ သခင်ချစ်မောင်မှာ ခွေးကုတက်သခင်ချစ်မောင် အနေဖြင့် နံမည်ပျက်ခဲ့ရခြင်းသာ အဖတ်တင်သည်။ ထိုစဉ်က စစ်အစိုးရက ဗမာပြည်ကွန်မြူ နစ်ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကျင်းပခဲ့သည့် ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လည်း ပျက်ခဲ့ရသည်။

ဒုတိယ သာဓကကို ဆက်ပြပါမည်။ ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည့် အမျိုးသားညီလာခံ အတွင်း ၀င်ရောက် ဆွေးနွေးခွင့်ရခဲ့သည့် နိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ပါတီအဖွဲ့အစည်းများ မနည်းလှ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အတော်များများလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ၄င်းတို့အားလုံးသည် စစ်အာဏာရှင်များက ချမှတ်ခဲ့သည့် ဥပဒေနှင့် နိုင်ငံရေးမူဘောင်ဖြစ်သော အခြေခံမူ (၁၀၄) ချက်ကို မကျော်နိုင်ခဲ့။ ယင်းကို ရိပ်စားမိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှုတ်ထွက်ခဲ့ရသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံများကို တင်သွင်းခဲ့သည့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၁၃) ဖွဲ့သည် ဘာတခုမျှ ဖြစ်မလာသဖြင့် စိတ်ပျက်လက်ပျက်နှင့် နိဂုံးချုပ်ခဲ့ရသည်။ အမျိုးသားညီလာခံတွင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသော အဆိုပါအဖွဲ့ အစည်းများအားလုံးသည် စနစ်ဆိုးကို သက်ဆိုးရှည်ရန် အသုံးချခံခဲ့ရသည့် သမိုင်းသာ အဖတ်တင်သည်။

ဟောယခု တတိယ သာဓက ကာလကို လက်တွေ့ဖြတ်သန်းနေပြန်ပါပြီ။ ၂၀၁၃ ခုနှစ်ကုန်တွင် ဦးသိန်းစိန်၊ ဦးအောင်မင်း အစိုးရက တင်သွင်းလိုက်သည့် တနိုင်ငံလုံးအပစ်ရပ်စာချုပ်သည် အခြေခံမူ (၁၀၄) ချက်ကို အသက်သွင်း ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းသို့ ပြန်လည်ဆွဲသွင်းထားသည်မှာ အတိအကျဖြစ်သည်။ ယူအင်န်အက်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ပါဟု အတိအလင်းကြေညာထားခဲ့ပြီးဖြစ်သည်။ ယူအင်န်အက်စီနှင့် လက် တွဲထားသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသည် လမ်းဆုံလမ်းခွသို့ ရောက်နေပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အပြင်တွင် ပြတ်သားရဲဝံ့စွာ ဆက်လက်ရပ်တည်ပြီး ၂၀၁၃ နိုဝင်္ဘာလ ၂ ရက်နေ့ လိုင်ဇာတိုင်းရင်းသားညီလာခံက ချမှတ်လိုက်သည့် နိုင်ငံရေးမူဘောင်များကို အရင်ရအောင်ဆွေးနွေးပြီးမှ ငြိမ်းချမ်းရေး စာချုပ်အနေဖြင့် လက်မှတ်ထိုး ကြမည်လား။ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း ဒူးထောက်ပြန်ဝင်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို အလွယ် တကူ လက်မှတ်ထိုးကာ မည်သည့်အာမခံချက်မျှမရှိသော နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များတွင် ဇာတ်မျောခံတော့မည် လား။ မကြာခင်မှာပင် သမိုင်းက အဆုံးအဖြတ်ပေးပါတော့မည်။
သုံးနှစ်နီးပါးကြာ ဆွေးနွေးပွဲများအား အချိန်ကုန်၊ လူပင်ပန်း၊ ငွေကြေးသောက်သောက်လဲကုန်အောင် ကျင်းပခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်များအတွက် မည်သည့်နိုင်ငံရေးအခွင့် အရေးတစုံတရာမျှ အာမခံ ချက်မရှိဘဲ ၂၀၀၈ ဖွဲ့ စည်းပုံဘောင်အတွင်းပြန်သွင်းထားသည့် အစိုးရအဆိုပြု စာချုပ်ထွက်ပေါ်လာခြင်းအတွက် ပထမ တာဝန်ရှိသူမှာ ဦးသိန်းစိန်၊ ဦးအောင်မင်း အစိုးရနှင့် မြန်မာ့တပ်မတော်တို့ ဖြစ်သည်။ ဒုတိယ တာဝန်ရှိသူမှာ မြန်မာ ငြိမ်းချမ်းရေးစင်တာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ နှစ်ဦးပေါင်းကာ ၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအတွက် ဥရောပသမဂ္ဂမှ အမေရိကန် ဒေါ်လာ ၃၈ ဒသမ ၅ သန်း ရရှိထားကြောင်း သိရ၍ ဖြစ်သည်။[4]
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များမှာ ၄င်းတို့အတွက် ပြစားစရာ အရုပ်များအဖြစ် အသုံးချနေသလားဟု စဉ်းစားဘွယ် ဖြစ်လာသည်။ ဟိုအစည်းအဝေး၊ သည်အစည်းအဝေးများအား ဟိုနေရာသည်နေရာ၊ ဟိုနိုင်ငံ သည်နိုင်ငံများတွင် ဖေါ်ဆောင်နေသည်ဟု အလုပ်ပြနိုင်သည့် ဆွေးနွေးပွဲလုပ်ငန်းစဉ်[5] များကိုသာ အဓိကထား လျက်ရှိသည်။ ရလာဒ်ကို ကြည့်သောအခါ အနှစ်သာရမှာ ဗလာဖြစ်နေသည်။
သုံးနှစ်နီးပါးကြာကာလအတွင်း အနှစ်သာရအရ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အဓိက အစည်းအဝေးမှာ လိုင် ဇာတိုင်းရင်းသားညီလာခံတခုသာ ရှိသည်။ ယင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အတင်း အကျပ်တောင်းဆို၍သာ ကျင်းပခွင့်ရခြင်းဖြစ်သည်။ မိမိတို့ငွေဖြင့် မိမိတို့ စိုက်ထုတ် အကုန်အကျခံကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အစိုးရနှင့် မြန်မာငြိမ်းချမ်းရေးစင်တာအနေဖြင့် နိုင်ငံတကာမှ ရရှိထားသောငွေဖြင့်ကျင်းပခဲ့ခြင်းမဟုတ်။ သို့ရာတွင်ယင်းညီလာခံ၏ ဆုံးဖြတ်ချက်များကို ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အလွယ်တကူဖြင့် ပယ်ချခဲ့သည်။ လိုင်ဇာ ညီလာခံက ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး သဘောတူညီထားချက်ကိုပင် တိုင်းရင်းသားတွေက မတောင်းဆို ပါဘဲနှင့် သတင်းမီဒီယာများကပင် ကြားမှနေ၍ ၀င်လှော်ပေးနေသယောင် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်များတွင် မြန်မာငြိမ်းချမ်းရေးစင်တာ၏ တာဝန်ရှိမှုသည် အဘယ်နည်း။ နံမည်ကောင်းလာ လျှင် မြန်မာငြိမ်းချမ်းရေးစင်တာကြောင့်ဟု ခံယူပြီး တာဝန်ယူရမည်များကိုမူ မိမိတို့နှင့် မဆိုင်၊ မိမိတို့တွင် လုပ်ပိုင်ခွင့် မရှိ၊ မိမိတို့မှာ ပွဲစားအဆင့်သာရှိသည်ဟု ငြင်းဆိုမည်လော။
ဦးသိန်းစိန်၊ ဦးအောင်မင်းအစိုးရနှင့် စစ်ခေါင်းဆောင်များသည် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းခေါင်း ဆောင်များနှင့် ဆွေးနွေးရာတွင် နိုင်ငံရေးအရ ဆွေးနွေးနိုင်ခွင့်ရှိပါလျက် မဆွေးနွေး၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်း ခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာများကို ညှိနှိုင်းသဘောတူညီချက် ပေးနိုင်ပါလျက်မပေး၊ ငြိမ်းချမ်ရေးကို ထိပါးနေသည် ပြဿနာများအား တထိုင်တည်း ညှိနှိုင်းဖြေရှင်းနိုင်ပါလျက် မဖြေရှင်း၊ ဟိုအကြောင်းပြ၊ သည်အကြောင်းပြ၊ ဟိုလွှဲချ သည်လွှဲချ၊ ဟိုအဆင့် သည်အဆင့် စသည်များကို အကြောင်းပြကာ အချိန်ဆွဲလာခဲ့သည်။

၎င်းတို့ခင်းနေသည့် ဇာတ်မှာတနိုင်ငံလုံး အပစ်အခတ်ရပ်ရေးကို ဇွတ်ဖိအားပေးလက် မှတ်ထိုးခိုင်း ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲဟူသည်များတွင် စစ်အာဏာရှင်စနစ်နှင့် နှစ်ကိုယ်ရွှေလည် တွဲသွားလိုသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အင်အားစုများကို ထည့်သွင်းကာ ဇာတ်မျှောထားလိုက်လိုပုံရသည်။ ပင်လုံညီလာခံလိုလို ဘာလိုလို အမည်ပြောင်းကာ ဒုတိယ အကြိမ် အမျိုးသားညီလာခံမျိုးကို ကျင်းပပေးလိုပုံရသည်။ နိုင်ငံတကာမှ ထောက်ပံ့ငွေများကို ဆက်လက်ရှာဖွေကာ ကွမ်း၊ ဆေး၊ လက်ဖက်၊ ခရီး သွားလာရေး နေထိုင်စားသောက်ရေး စရိတ်စက အစစတာဝန်ယူပြီး နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် အမည်တပ်လျက် ကျင်းပပေးလိုနေသည်မှာ အာသာငန်းငန်း ဖြစ်နေပုံရသည်။ အမျိုးသား ညီလာခံကို ၁၅ နှစ် နီးပါး ကြာကျင်းပခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များကို နောက်ထပ် နှစ်သုံးဆယ်ကြာ ကျင်းပ သွားကာ အာဏာသက်ဆိုးရှည်ရန် ဆွဲဆန့်တော့မည့် ပုံရှိသည်။ ယခုပင် သုံးနှစ်နီးပါးရှိသွားပါပြီ။
ယခုအချိန်အထိမူ မြန်မာငြိမ်းချမ်းရေးစင်တာသည် အရပ်သားအသွင်ယူ စစ်အစိုးရ၏ မဟာဗျူဟာကို အကောင် အထည်ဖေါ်ရန် ယန္တယားတခုအနေဖြင့် ရပ်တည်လုပ်ဆောင်နေခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အောက်သို့ ခေါင်းလျှိုး ၀င်ရောက်ရန် တိုက်ရိုက်ပံ့ပိုးပေးနေခြင်းမှ လွဲ၍ အခြားမတွေ့ရ။
ယင်းတို့ကို အမှန်အတိုင်းထောက်ပြနေခြင်းမှာ စိတ်ပျက်ဘွယ် ပြောဆိုနေခြင်းမဟုတ်။ စိတ်ပျက်ရန်လည်း အကြောင်းမရှိ။ လမ်းကြောင်းမှားကို မီးမောင်းထိုးပြကာ လမ်းကြောင်းမှန်မြင်သမျှကို တင်ပြနေခြင်းသာ ဖြစ်သည်။ တရုတ် နှင့် အိန္ဒိယ အိမ်နီးချင်းနိုင်ငံကြီးများ၊ အာဆီယံ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်၊ အခြားနိုင်ငံတကာ နိုင်ငံများ၏အနီး ကပ်လေ့လာစောင့်ကြည့်နေမှုအောက်တွင် စစ်အစိုးရသစ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား မိုက်မိုက်ကန်းကန်း ဖျက် ပစ်ရဲလိမ့်မည်ဟု မယူဆ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များသည် ဥပဒေနှင့် နိုင်ငံရေးမူဘောင် လမ်းကြောင်းမှန်ပေါ်သို့ အစိုးရနှင့် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များကို ဆွဲခေါ်သွားစေချင်သည်။ နိုင်ငံရေးမူဘောင် လမ်းကြောင်းမှန်ပေါ်တွင် ဆွေးနွေးပွဲများ အားကောင်းကောင်း ဆက်လက်ကျင်းပ သွားစေချင်သည်။
စာရေးသူအနေဖြင့်မူ ပြည်တွင်းစစ်ဒဏ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားခဲ့ရ၊ ခံစားနေရဆဲ ဖြစ်သော တိုင်းရင်းသားပေါင်းစုံ အခြေခံလူထုကြီးကို အားကိုးသည်။ အစိုးရ၏ မူဝါဒအမှား လုပ်ဆောင်မှုအမှားကို ပြတ်ပြတ်သားသားထောက်ပြရဲသည့် လူထုအသင်းအဖွဲ့များ၊ ဥပဒေရေးရာ အဖွဲ့အစည်းများကို အားကိုးသည်။ အမှန်တရား ကို ဖေါ်ထုတ်တင်ပြရဲသည့် သတင်းဌာနများကို အားကိုးသည်။ အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများမှာ အရေးကြီးသော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ပြောင်းလဲနိုင်စွမ်းရှိသည့် တကယ့်အင်အားမှာ ၄င်းတို့ထံတွင် ရှိသည်ဟု ယုံကြည်သည်။ ၄င်းတို့ ကိုယ်တိုင် နိုးကြားတက်ကြွစွာနှင့် သဘောထားအမြင်ထုတ်ဖေါ်မှုများ၊ ဆွေးနွေးပွဲပြင်ပ လူထုလှုပ်ရှားမှုများ အားကောင်းကောင်း ပေါ်လာမှသာ စစ်မှန်သည့် ငြိမ်းချမ်းရေးရနိုင်မည်ဟု ခံယူသည်။ ဤသည်ကို တစုံတရာ အထောက်အကူ ဖြစ်စေရန် “ငြိမ်းချမ်းရေးစစ်တမ်း” အား အင်တာနက်၊ ဖေ့စ်ဘုတ်များမှ နေ၍ သာမက စာအုပ်အဖြစ်ပါ ပုံနှိပ်ထုတ်ဝေဖြန့်ချီလိုက်ခြင်း ဖြစ်သည်။
ဤစာအုပ်သည် မူလဖြန့်ချီခဲ့ပြီးဖြစ်သည့် ဆောင်းပါးနှစ်ခုကိုပါ ပေါင်းလျက် ငြိမ်းချမ်းရေး စစ်တမ်းသုံးခုကို တခုတည်းအနေဖြင့် ပေါင်းစည်းထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။

ဦးအောင်ထူး (ရှေ့နေ) M.A. (Human Rights) R.L.
Teaching Human Rights Law, Columbia University, New York, USA.
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ဇန်န၀ါရီလ (၉) ရက် ၂၀၁၄ ခုနှစ်

No comments:

Post a Comment