ondragstart="return false" onselectstart="return false"

Thursday, September 17, 2009

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

ကိုယ်ကိုယ်တိုင် တိုင်းပြည်အုပ်ချူပ်ဒါ အသုံးမကျဒါ ကို ၀န်မခံပဲ အနာဂတ်မှာ ပြည်တွင်းဗမာကလေး ငယ်များ ကို တိုင်းရင်းသားတွေကိုမုန်းတီးအောင် မဟာဗမာဝါဒီ စိတ်ရိုက်သွင်း နေသည် ဆိုဒါ ဆောင်းပါးရှင်ကမီးမောင်းထိုးပြထားပါသည်။


သားဆွေ
စက်တင်ဘာ ၁၇၊၂၀၀၉။

ဒီဆောင်းပါးက နအဖ အပေါ် အကောင်းမြင်နဲ့ကြည့်ခြင်းမဟုတ်သလို အဆိုးမြင်နဲ့လည်း ချဉ်းကပ်ခြင်းမဟုတ်ပါ။
ဝေဖန်တာလည်းမဟုတ်ပါ။
စစ်ပွဲတွေ …
အာဃာတတွေ …
လူမျိုးရေးမုန်းတီးမှုတွေ …..
အန္တရာယ်အငွေ့အသက်တွေ….. ….
မကောင်းတဲ့ အနံ့ အသက်တွေ ရနေတဲ့အတွက် သတိပေးတဲ့အနေနဲ့ ဒီစာကိုရေးပါတယ်။
ဒါကြောင့် ခေါင်းစဉ်ကိုလည်း “နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်” လို့ တပ်ပါတယ်။
(သားဆွေ)
________________________________________
ယနေ့ခေတ် Exile ဘ၀နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြည်ပမှာ နေခဲ့ရတုန်းက ခေတ်ကာလမတူဘူးဆိုတဲ့အကြောင်း“နိုင်ငံသားတ ယောက်ရဲ့အမြင်” မှာ ကျနော်တင်ပြခဲ့ဖူးပါသည်။ ဒီနေ့ခေတ်က Exile ရောက်နေတဲ့ လူဦးရေသိပ်များသလိုရောက် နေကြတဲ့နိုင်ငံ တွေကစုံသည်။ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာနိုင်ငံကနေ အရှေ့ အနောက်ဥရောပတခွင်၊ ကနေဒါ နဲ့ တောင်-မြောက် အမေရိကားတိုက်ပေါ်မှာပါ မြန်မာတွေရောက်နေတဲ့ခေတ်ဖြစ် သည်။

ကိုယ်ရောက်ရှိနေတဲ့ ဒေသမှာ ရှိတဲ့လူအစုအဝေးနဲ့ တူရာတူရာစုဖွဲ့ မိကြသည်။ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ပွဲ လမ်းသဘင်တွေ အထိမ်းအမှတ်ပွဲတွေ လုပ်ဖြစ်ကြသည်။ အသိုင်းအ၀ိုင်းကြီးရင်
ကြီးသလောက် လုပ်နိုင် ကိုင်နိုင်ကြသည်။ လူဦး ရေများလာတာနဲ့အမျှ ကလေးသူငယ် အရေအတွက်လည်း ပိုလာတော့ ကလေတွေအတွက် ပညာရေးဆိုတာ ခေါင်းထဲထည့်စဉ်း စားလာကြရသည်။
ထိုင်းမြန်မာနယ်စပ်က မဲဆောက်မှာဆို မြန်မာစာသင်ကျောင်းတွေ များလာပြီ။ မူလတန်းအဆင့်ကနေ အထက်တန်းအဆင့်ထိ သင်ကြားပေးနေကြသည်။ ကျနော်နေခဲ့ဖူးသည့် မနီလွိုင် ဒုက္ခသည်စခန်းမှာလည်း
အရုဏ်ဦးကျောင်း ကလေး ရှိခဲ့ဖူးသည်။ ဆရာကျောင်းတို့ ကျောင်းဆရာ ကိုပြုံးတို့ကို အမှတ်ရနေမိသေးသည်။ ကျနော်ဒုက္ခသည်အဖြစ် (လတ်တလော)နေထိုင်နေသည့် ဖင်လန်နိုင်ငံတွင်လည်း မြန်မာစာသင်ကျောင်းရှိသည်။ အနီးနားက ဒိန်းမတ်နိုင်ငံမှာလည်း မြန်မာစာသင်ကျောင်းရှိသည်။ ကိုအောင်ခင်မြင့်တို့ ကိုချိုငြိမ်းတို့ လုပ်ကိုင်နေကြသည်။ အမေရိကားဘက်တွင် လည်းရှိမည်။ နော်ဝေတွေလည်းရှိမည်။

ကျောင်းတွေဘာဖြစ်လို့ထူထောင်ထားသလဲ ဆိုတဲ့မေးခွန်းကို ကျနော်တို့ တကူးတကဖုံးတွေဆက်ပြီး
မေးနေစရာလိုမည်မထင်။…. ကလေးတွေ မြန်မာစာတတ်မြောက်ဖို့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းကိုလေ့လာ တီးခေါက်မိစေဖို့၊ မြန်မာကလေးငယ်အချင်း ချင်းရင်းနှီးချစ်ခင်စေဖို့ …. ဒီအဖြေကိုပဲ စကားလုံးမျိုးစုံသုံးပြီး ဖြေကြလိမ့်မည်။ ကျောင်း တွေမှာ မြန်မာတိုင်းရင်းသားမျိုးစုံရှိသည်။ မွန်ရှိသည်၊ ကရင်ရှိသည်၊ ကယားရှိသည်၊ ရခိုင်ရှိသည်၊ ထားဝယ်ရှိသည်။ နာဂနှင့် ပဒေါင်လည်ပင်းရှည်ကြီးတွေလည်း ရှိချင်ရှိ မည်။ မြန်မာနိုင်ငံဆိုတာ တိုင်းရင်းသားလူမျိုးတွေ စုစည်းနေထိုင် ကြတဲ့နိုင်ငံဖြစ်သည်။ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ဟန်၊ကိုယ် ပိုင်ဓလေ့ထုံးစံနှင့် ကိုယ်ပိုင်ဘာသာစကားရှိကြသည်။
ဖင်လန်နိုင်ငံမှာ တရားဝင်ဘာသာစကား ၂ မျိုး အသုံးပြုသည်။ ဖင်လန်ဘာသာစကားနှင့် ဆွီဒင်ဘာသာစကား။ ကုန်းတွင်းပိုင်း ဒေသမှာနေထိုင်သူတွေက ဖင်လန်စကားအသုံးပြုကြပြီး ဖင်လန်နိုင်ငံတောင်ပိုင်း ကျွန်းစုဒေသေတွေနှင့် ကမ်းရိုးတန်းဒေသတွေ က ဆွီဒင်ဘာသာစကား အသုံးများကြသည်။ တနိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာရေးစနစ် သင်ရိုးလမ်းညွှန်တွင် ဆွီဒင် ဘာသာစကားကို မသင်မနေရ ပြဌာန်းပေးထားသည်။ ပြည်ပနိုင်ငံတွင် ရောက်ရှိနေထိုင်နေသည့် ဖင်လန်လူမျိုး စာသင်သား ၅ ယောက်ပြည့်ပါက စာသင်ကျောင်းအဖြစ် သတ်မှတ်နိုင်ပြီး ဖင်လန်နိုင်ငံအစိုးရထံမှ အကူအညီကိုတောင်း ခံရယူနိုင်ကြောင်း ဥပဒေ အရ ပြဌာန်းပေးထားသည်။ အစိုးရထံမှ သင်ရိုးညွှန်းတမ်းစာအုပ်များ တောင်းခံရယူနိုင်သည်။
ကျနော် ပညာရေးသုတေသီမဟုတ်သလို ပညာရေးဝန်ထမ်းတယောက်လည်းမဟုတ်ပါ။ ငယ်စဉ်ကလေးဘ၀ကနေစပြီး သူလို ကိုယ်လို ကျောင်းတခုမှာ မူလတန်းကစလို့ အထက်တန်းအောင်တဲ့အထိ ပညာသင်ခဲ့ဖူးသူ တယောက်သာဖြစ်ပါသည်။ မျိုးရိုးထဲ တွင်တော့ ပညာရေးနှင့်ပတ်သက်သူများရှိသည်။ မျိုးရိုးထဲက ဘိုးအေကြီးဖြစ်သူ ကျနော့်အဖိုးလေးဆိုလျှင် မဆလခေတ်ပညာရေး ဌာနမှာ ၀န်ကြီးတော့မဟုတ်။ ပြည်နယ်ပညာရေးမှူး တိုင်း ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ဦးလေးအငယ် တယောက်က ဘီးအီးဒီအောင်ပြီး ကျောင်းဆရာလုပ်နေခဲ့သည်။ ဒါတွေက အခုမှပြောဖြစ်တာဖြစ်သည်။ ငယ်စဉ်က ကျနော်ဘယ် သူ့မှမပြောခဲ့။ အခုတော့ နည်းနည်းငယ်မူပြန်ချင်လာသည်။ စာဖတ်သူများခွင့်ပြုမယ်ထင်လို့ ငယ်စဉ်ကအဖြစ်အပျက်တခု တင်ပြ ချင်ပါသည်။
ကျနော်နေခဲ့သည့်ကျောင်းမှာ ကျနော့်ကို ကျနော့်အဖိုးလေးနဲ့ ဆက်စပ်ပြီးသိရှိသူ အလွန်အင်မတန်ရှားသည်။ ဆရာမ ဒေါ်…. တယောက်သာ အရင်ဆုံးသိခဲ့သည်။ ဆရာမက နယ်မှာတုံးက သူ့တပည့်အရင်း။ တာဝန်နဲ့ရန်ကုန်က ကျနော်နေတဲ့ကျောင်းကို ပြောင်းလာလို့ အဖိုးလေးဆီ အိမ်လည်လာရင်း ကျနော့်ကိုတွေ့ပြီး သိသွားခဲ့တာဖြစ်သည်။ အဲဒီတုန်းက ကျနော့်အဖိုးလေးက မြို့ နယ်ပညာရေးမှူး။ တရက်မှာတော့ ကျနော်နေတဲ့ကျောင်းကို အဖိုးလေးစစ်ဆေးရေး ရောက်လာသည်။ ကျနော့်ကိုကျောင်းအုပ် ဆရာမကြီး ဒေါ်……. ရုံးခန်း အခေါ်လွှတ်ခိုင်းပြီး လက်ပိုက်ခိုင်း စာဆိုခိုင်းတော့မှ ဆရာဆရာမ အနည်းငယ်သိသွားကြသည်။ အဲဒီ တုန်းက အဖိုးလေးလုပ်ရပ်ကို ကျနော်နားမလည်ခဲ့။ ကျောသား ရင်သားမခွဲခြားကြဖို့ ဆရာ ဆရာမတွေကိုလက်တွေ့ ဆုံးမသင် ကြားပြသ သွားတာဖြစ်သည်။ နောက်တော့ အဖိုးလေး ရာထူးတက်ပြီး နယ်ပြောင်းသွားရသည်။ ပြည်နယ်ပညာရေးမှူးဖြစ်လာ သည်။ နောက် တိုင်းပညာရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပြန်သည်။ ၈၈ လူထုအုံကြွမှုကြီး ဖြစ်ပြီးနောက်ပိုင်း ဗိုလ် ချုပ်ခင်ညွှန့်  ပညာရေးကော်မတီ ဥက္ကဌလုပ်သည်။ န၀တ စစ်ကောင်စီက အဖိုးလေးတို့ ပညာရေးဝန်ထမ်းတွေကို ခေါ်ယူတွေ့ဆုံ သည်။ ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ပြောပြီး ဆူပူအော်ငေါက် ကြိမ်းမောင်းသည်။ ဟိန်းဟောက်ခြိမ်းခြောက် သည်။ အဲဒီမှာတင်အဖိုးလေး စိတ်အပျက်ကြီးပျက်သွားကာ ပင်စင်တင်လိုက်ပြီး မြန်မာနိုင်ငံပညာရေး လောကကို ကျောခိုင်းထွက် ခွာသွားလေတော့သတည်းပေါ့။ ပညာရေးအကြောင်း နားလည်တတ်ကျွမ်းသူတွေကို ပညာရေးအကြောင်း တလုံးမှမသိနားမလည် တဲ့ စစ်ဗိုလ်ချုပ်တွေက အမိန့်တွေပေး အာဏာတွေသုံးပြီး မဟုတ်တာတွေ လုပ်ခိုင်းနေတာ အဖိုးလေး မလုပ်နိုင်တော့တာဖြစ် မည်ထင်ပါသည်။
နိုင်ငံတနိုင်ငံ၏ ပညာရေးစနစ်ဆိုတာ အဲဒီနိုင်ငံကကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ပေါ်မှာမူတည်ပါသည်။ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ် ပေါ်မူတည်ပြီး ပညာရေးစနစ်လည်းကွာခြားသည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ ကိုလိုနီစနစ်ကိုအလုပ်အကျွေး ပြုဖို့ရည်ရွယ်သည့် ကိုလိုနီ ကျွန်ပညာရေးစနစ် ကျင့်သုံးခဲ့ဖူးသည်။ အမေရိကန်ပြည်ထောင်စုနဲ့ ဖင်လန်နိုင်ငံတွေမှာ ဒီမို ကရေစီပညာရေးကိုကျင့်သုံး ပြီး ပညာရေးဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့အသုံးပြုသည်။ ဒီမိုကရေစီပညာရေးစနစ်ဖြစ်တဲ့အတွက် အစိုးရကပညာရေး စနစ်တခုလုံးကို ဥပဒေနဲ့ အာမခံချက်ပေးထားပြီး ပညာရေးဒီမိုကရေစီရှိသည့်အတွက် သင်ရိုးညွှန်းတမ်းတွေကိုလည်း လွပ်လပ်စွာ ပြဌာန်းသင်ကြားစေသည်။ ခေတ်နဲ့လျော်ညီသည့် ခေတ်မှီ အကြောင်းအရာတွေ လေ့လာတွေ့ရှိချက်အသစ်တွေ၊ တီထွင်ဆန်းသစ် မှုအကြောင်းတွေကို သူ့အရွယ်နဲ့သူ သူ့အတန်းနဲ့သူ လိုက်ဖက်ညီအောင်ရေးသားပြီး သင်ရိုးညွှန်းတမ်းအဖြစ် ပြဌာန်းသင်ကြားကြ သည်။
ယနေ့မြန်မာနိုင်ငံမှာရော…။ မြန်မာနိုင်ငံမှာက နအဖစစ်ကောင်စီ ညွှန်းကြားချက်အတိုင်း ပညာရေးစနစ်က လိုက်ပါကျင့်သုံးနေရ သည်။ ဗိုလ်ချုပ်ကြီးများ စိတ်ကူးတည့်ရာ ဓါတ်ကျရာအကြောင်းအရာကို
သင်ရိုးညွှန်းတမ်းလုပ်ပြီး သင်ကြားပေးနေရသည်။ မဆလ ခေတ်ပညာရေးစနစ်ကို မြေစမ်းခရမ်းပျိုးပညာရေးစနစ်အဖြစ် ဝေဖန်ခဲ့ကြသည်။

အခုတမျိုးပြောင်းလိုက် တော်ကြာပြန်ပေါင်းလိုက် တအောင့်နေ ပြန်ခွဲလိုက်နှင့် စမ်းတ၀ါးဝါးဖြစ်နေတဲ့ ပညာရေးစနစ်မို့ ပြောခဲ့ကြ တာဖြစ်မည်။ အယောင်ဆောင် ဆိုရှယ်လစ်မို့လို့ ဆိုရှယ်လစ်မူတွေနှင့် ပညာရေးကို ထိမ်းညှိထားရသည်။ ဒါတောင်မှ သင်ရိုးညွှန်း တမ်းစာအုပ်များတွင် ဗိုလ်နေ၀င်း ဒေါသတွေပါနေသေးသည်။ ပါလီမန်ခေတ် မကောင်းကြောင်း တွေ၊ PRP လို့ခေါ်တဲ့ ပြည်သူ့ အရေးတော်ပုံပါတီကောင်းကြောင်းတွေ၊ လမ်းစဉ်လူငယ် ရှေ့ဆောင်လူငယ် အကြောင်းတွေသင်ရ လေ့လာရ လုပ်ဆောင်ရ ဖြစ်ခဲ့ ဖူးသည်။ သို့သော် ယနေ့အခြေအနေလောက် မဆိုးသေး။ တဘက်ကတိုင်း ရင်းသားဒေသတွေမှာ အပြုတ်တိုက်ရေး လုပ်နေပေ မယ့် ကျောင်းသုံးသင်ရိုးညွှန်းတမ်း စာအုပ်တွေမှာတော့ ပြည် ထောင်စုအကြောင်းတွေ တိုင်းရင်းသား စည်းလုံးညီညွတ်မှုတွေကို (ဟန်ပြလောက်တော့) သင်ပြ လုပ်ပြ ရှိခဲ့ဖူးသည်။ မဆလ ခေတ်ကပညာရေးစနစ်က ယနေ့ နအဖ ဗိုလ်ချုပ်တွေ ထင်ရာလုပ်နေ တဲ့ ပညာရေးစနစ်ထက်တော့ အနည်းငယ်သာဦးမည်ထင်ပါသည်။
နအဖ စစ်ကောင်စီမှာ ဆိုရှယ်လစ်မူလည်းမရှိ၊ ဒီမိုကရေစီမူလည်းမရှိ။ ဘာဆိုဘာမှမရှိ။ အာဏာတည်မြဲရေး ဖက်ဆစ် မူသာရှိ သည်။ နိုင်ငံရေးစနစ်က ဖက်ဆစ်ဆန်သည့် မူဖြစ်သည့်အခါကျတော့ ပညာရေးစနစ်မှာလည်း ဖက်ဆစ်ဆန်လာသည်။ နအဖ စစ် ကောင်စီ အာဏာတက်သိမ်းတုန်းက တို့တာဝန်အရေးသုံးပါးကြေညာသ
ည်။

နောက်တော့ နိုင်ငံရေးဦးတည်ချက် ၄ ရပ်တွေ၊ စီးပွားရေးဦးတည်ချက်တွေ
လူမှုရေးဦးတည်ချက်တွေလုပ်လာသည်။ တရုတ်ပြည် တပ်နီတော် အကြပ်တပ်မှုး တပ်သားတွေက မော်စီတုန်း၏ ၃/၈ လုပ်ဟန်ကို ဦးထိပ်ပန်ဆင်ရသည်။ အလွတ်ကျက်ရသည်။ မြန်မာ ပြည်က စစ်သားတိုင်း (ရာထူးတက်ချင်ရင်ပြောတာပါ။) အဆိုပါ နိုင်ငံရေးဦးတည်ချက်တွေ ဘာညာတွေကိုအော်ရသည်။ ကျက်ရ သည်။ သူတို့အော်နေတဲ့ ဒို့တာဝန်အရေး ၃ ပါးရော၊ ပြည်သူ့သဘောထားတွေရော၊ နိုင်ငံရေးတွေ စီးပွားရေးတွေလူမှုရေးဦးတည် ချက်တွေမှာရော ပါဝင်နေတဲ့အချက်တွေကို ညီမျှခြင်းချကြည့်လိုက်။ တူနေတာတွေ့ရမယ်။ အမျိုးသားစည်းလုံးညီညွတ်မှုမပြိုကွဲဖို့။ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ကြဖို့။ စိတ်ဓါတ်နဲ့အကျင့်စာရိတ္တမြင့်မားဖို့။ ဒါမျိုးတွေ။

လက်တွေ့မှာတော့ --- ကချင် ကယား ကရင် ချင်း မွန် မြန်မာ ရခိုင် ရှမ်းတိုင်းရင်းသား ညီအကိုမောင်နှမအချင်းချင်း စိတ်ဝမ်းကွဲ အောင်၊ အမုန်းတွေ အာဃာတတွေကြီထွားလာအောင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို မပျက် ပျက်အောင် သင်ရိုးညွှန်းတမ်း စာအုပ်မှာကို တိတိကျကျရေးထားပြီး သင်ကြားခိုင်းနေတာတွေ့ရသည်။
အောက်ပါ စာညွှန်းကိုကြည့်ပါ။ ယနေ့မြန်မာနိုင်ငံပညာရေးဌာနက ပြဌာန်းထားသည့် စတုတ္ထတန်း လူမှုရေးဘာသာ မြန်မာ့သမိုင်း အတွဲ(၂) ဖတ်စာအုပ်မှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။





ဒီစာကို သင်ကြားရတဲ့ ဗမာကလေးတယောက်အဖို့ အတော့်ကို သနားစရာကောင်းသည်။ သူရဲ့ငယ်ရွယ်နုနယ်တဲ့ ဦးနှောက်မှာ “တိုင်းရင်းသား ညီအကိုတွေအပေါ် ရန်သူလို့ထင်လာနိုင်သည်။ တိုင်းရင်းသားတွေသည် သက်သက်မဲ့ ဗလာချီလက်နက်တွေရပြီး အားအားယားယား စစ်လာတိုက်နေသည်။ မြန်မာနိုင်ငံမှာ ဗမာတွေသာနေသည်။ မွန်၊ ကရင်၊ ရှမ်းတွေဆိုသည်မှာ မြန်မာနိုင်ငံကို ဆန့်ကျင်နှောက်ယှက်နေသူတွေဖြစ်သည်။ ထိုသူတွေကြောင့်မြန်မာနိုင်ငံမတိုးတက်တာဖြစ်သည်။” ဤသို့တွေးလာနိုင်သည်။
အဆိုပါသင်ရိုးညွှန်းတမ်းရဲ့ သင်ကြားချက်အရ ဗမာကလေးရဲ့ အတွေးထဲမှာ “မဟာဗမာလူမျိုးကြီးစိတ်” ၀င်ရောက်သွားစေနိုင် သည်။ ဗမာမှဗမာ။ ဗမာသာလျှင်မြတ်သည်။ ဗမာသာလျှင်အုပ်ချုပ်ရမည်။ သားသားကြီးရင် စစ်သားကြီးလုပ်မည်။ မွန်တွေကို သတ်မည်။ ရှမ်းတွေကိုတိုက်ထုတ်မည်။ နိုင်ငံတော်ကိုကာကွယ်မည်။ ဒါမျိုးတွေဖြစ်လာစေမည်။
မြန်မာနိုင်ငံက ဖင်လန်နိုင်ငံလို ရုံးသုံးဘာသာစကား နှစ်မျိုးမပြဌာန်း။ မြန်မာစာ မြန်မာစကား တခုတည်းကိုသာ ရုံးသုံးဘာသာ အဖြစ် ပြဌာန်းထားသည့်နိုင်ငံဖြစ်သည်။ အဆိုပါ ဖတ်စာအုပ်ကို ပြည်နယ်နဲ့တိုင်းအကုန်လုံးကိုဖြန့်ရသည်။ အုပ်ရေ ၂ သိန်းရိုက် ထုတ်ထားသည်။ အစိုးရကျောင်းတိုင်းမှာ ၄ တန်း ကျောင်းသားတိုင်းသင်နေရသည်။ ပြည်နယ်နဲ့ တိုင်းအသီးသီးက ကျောင်းတွေ မှာ တိုင်းရင်းသားကလေးငယ်တွေ ပညာသင် ကြားနေကြသည်။ အဆိုပါ တိုင်းရင်းသား ကချင် ကရင် မွန် ရှမ်း ကယား ကလေး ငယ်တွေရဲ့ နုနယ်တဲ့ ဦးနှောက်နဲ့အတွေးထဲမှာရော ဘယ်လို တွေဖြစ်လာနိုင်မလဲ။ ကျနော်တို့ စဉ်းစားကြည့်ရအောင်ပါ။ အဆိုပါ သင်ရိုးညွှန်းတမ်းရဲ့ သင်ကြားချက်အရ
“ဗမာတွေမကောင်းဘူး။ ငါတို့ လူမျိုးစုတွေကို သောင်းကျန်းသူတွေလို့သတ်မှတ်နေတယ်။ ငါတို့တွေနဲ့ ဗမာတွေနဲ့ဟာ ရန်သူတွေ။ တနေ့ကျရင် သူတို့ငါတို့ကို တိုက်ထုတ်လိမ့်မယ်။ လူနည်းစုဖြစ်တဲ့ ငါတို့ကို လူများစုဖြစ်တဲ့ ဗမာတွေက အနိုင်ကျင့်နေတာ။ ဗမာ ဆိုမုန်းတယ်။”
တိုင်းရင်းသားလူမျိုးစုံကလေးတွေရဲ့စိတ်ထဲမှာ ဗမာမုန်းတီးရေးစိတ်တွေ၊ လူမျိုးရေးအာဃာတတွေ ကိန်းအောင်း ပေါက်ဖွားလာ စေနိုင်သည်။ မဟာဗမာလူမျိုးကြီးဝါဒကို ဆန့်ကျင်ရင်း လူမျိုးစုအမျိုးသားရေးအလံ ထူကြလိမ့်မည်။ အကျိုးဆက်ကို ကျနော်တို့ မြင်နေရသည်။ မဆုံးနိုင်တဲ့… … .

စစ်ပွဲတွေ …
အာဃာတတွေ …
လူမျိုးရေးမုန်းတီးမှုတွေ …..
အန္တရာယ်အငွေ့အသက်တွေ….. ….
ဒါတွေကို ကျောင်းစာသင်ခန်းတွေမှာ မျိုးစေ့ချပေးနေသည်။ ကျောင်းစာသင်ခန်းတွေမှာ သန္ဓေတည်ခိုင်းနေသည်။ အနာဂတ် နိုင်ငံတော်ကို မီးဟုန်းဟုန်း တောက်လောင်စေဖို့ မီးမွှေးပေးနေသည်။ အနာဂတ်နိုင်ငံသားတွေရဲ့ ဘ၀က ရင်လေးဖွယ်ရာဖြစ်သည်။
ဒါတွေကို ဘယ်သူလုပ်နေတာလဲ။ အဖြေကရှင်းနေသည်။ မုန်လာဥပါလို့ ပြောလို့မရ။ စစ်အစိုးရလုပ်နေတာဖြစ်သည်။ နအဖ စစ်ကောင်စီ ရည် ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်သည်။ အင်မတန်ဆိုးညစ်သည့် နအဖ စစ်အုပ်စု၏ အကြံဖြစ်သည်။
“နအဖ သင်ရိုးညွှန်းတမ်းအန္တရာယ်” ကို သတိပြုကြဖို့လိုပါသည်။

koawoa သတင်းမှကူးယူသည်

No comments:

Post a Comment