ondragstart="return false" onselectstart="return false"

Saturday, January 8, 2011

မွန် ကလေးဗဟိုပြု ပညာရေးမဟုတ်ဟု သုံးသပ်ဝေဖန်

ခေတ်အဆက်ဆက် ဗမာအစိုးရက တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးထားတာ ရာစုနှစ်ဝက်ကျော်ပါပြီ။ ယခုဆောင်းပါးမှာပါတဲ့ ဆရာနိုင်မင်းစိုးရဲ့ခံစားချက်နဲ့ အတူ တခြားတိုင်းရင်းသားတွေအားလုံး ထပ်တူ ထပ်မျှကျပါသည်။ ဗမာအစိုးရတွေ သတင်းစာ နှင့် တီဗွီတွေ မှာ နေ့  တိုင်းအော်အော်နေတဲ့ တို့ တာဝန်အရေးသုံးပါးထဲမှ "တိုင်းရင်းသားစည်းလုံးညီညွတ်ရေး....ဒို့ အရေး.." ဆိုတဲ့စာကြောင်းနေရာမှာ ခွေးအူသံကို ထည့်ပြီး ထုတ်လွင့်ရေးသားရင် ပိုပြီးနားထောင်လို့ ကောင်းပါမည်။
xxxxxxxxxxxxxxxxxxxxxxxx

"မွန်စာပေ၊ မွန်စကား၊ မွန်ရိုးရာ၊ မွန်ပထ၀ီ၊ မွန်ယဉ်ကျေး မှု၊ မွန်ဓလေ့၊ မွန်သမိုင်း၊ မွန်နိုင်ငံရေး၊ မွန်အမွေအနှစ် တွေကို ၁၀ တန်းအောင်တဲ့ မွန်ကလေးတစ်ဦးဟာ စာဘယ် နှစ်ကြောင်းလောက် လေ့လာခွင့်ရခဲ့ပါသလဲ”

၂၀၁၀ ခုနှစ်ရဲ့ မိုးနှောင်းကာလမှာ ဆရာနိုင်စိုးမင်းဟာ ရန်ကုန်အခြေစိုက် ပညာရေး NGO တစ်ခုဖြစ်တဲ့ ငြိမ်း foundation ရဲ့ ကလေးဗဟိုပြု သင်ကြားနည်း CCA သင်တန်းကို တက်ရောက်ခဲ့ပါတယ်။

သင်တန်းပြီးလို့ နယ်မြေကကျောင်းကို ပြန်ရောက်တဲ့အခါမှာတော့ သူတို့ လေ့လာ ဆည်းပူးထားတဲ့ ကလေးဗဟိုပြု သင်ကြားရေးမှာ အကြီးအကျယ် အားနည်း ချို့ယွင်းချက်အချို့ကို သိမြင်လာပါတော့တယ်။ ပညာရေးဆိုင်ရာ ပြောင်းလဲ လုပ်ဆောင်လိုစိတ်ကိုလည်း ရိုက်ချိုးလိုက်သလို ဖြစ်ရကြောင်းကို ပြောပြခဲ့ပါတယ်။

"အဖွဲ့အစည်း အတော်များများက ဖွင့်လှစ်တဲ့ သင်တန်းတွေ အတော်များများကို ကျနော် တက်ရောက်ခဲ့ ဖူးပါတယ်။ မတူညီတဲ့ အမျိုးအစားအလိုက် ပညာရေးသင်တန်းတွေက တစ်ခုခုတော့ လေ့လာဖြစ်ခဲ့တာချည်းပါ။ ကောင်းကြပါတယ်။ ဒါပေမဲ့ ဒီနောက်ဆုံးတက်ခဲ့တဲ့ ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားနည်း သင်တန်းကိုတော့ နည်းနည်း ဝေဖန်စရာ ရှိနေပါတယ်။ ကျောင်းကို ပြန်ရောက်တဲ့အခါကျတော့ လက်တွေ့မှာက မွန်ကလေးကို ဗဟိုမပြုထားတဲ့ ဖတ်စာအုပ်တွေနဲ့လေ”

အဓိကအားဖြင့်တော့ ဘယ်ကလေးကို ဗဟိုပြုတဲ့ ချဉ်းကပ်သင်ကြားနည်းလဲဆိုတာကို မေးချင်ကြောင်း မွန်ကျောင်းဆရာက မောက္ခကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

“ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားနည်းဆိုတော့ နားထောင်လို့တော့ ကောင်းပါရဲ့ဗျာ။ ဒါပေမဲ့ ဘယ်ကလေးကို ဗဟိုပြုရမှာလဲ။ ဘာကို ဗဟိုပြု သင်ကြားရမှာလဲ။ သေချာတာ တစ်ခုကတော့ လက်ရှိဖတ်စာအုပ်တွေနဲ့ သင်ရိုးညွှန်းတမ်းက ကျနော်တို့ရဲ့ တိုင်းရင်းသား မွန်ကလေးတွေကို ဗဟိုမပြုထားဘူးဆိုတာပါ။ မိခင် တိုင်းရင်းသား မွန်ဘာသာစကား သင်ကြားခွင့်ကို ပိတ်ပင်ထားဆဲလေ။ မွန်စာပေ၊ မွန်စကား၊ မွန်ရိုးရာ၊ မွန်ပထ၀ီ၊ မွန်ယဉ်ကျေးမှု၊ မွန်ဓလေ့၊ မွန်သမိုင်း၊ မွန်နိုင်ငံရေး၊ မွန်အမွေအနှစ် တွေကို ၁၀ တန်းအောင်ထားတဲ့ မွန်ကလေးတစ်ဦးဟာ ဘယ်နှစ်ကြောင်း လေ့လာခဲ့ရပါသလဲ။”

စစ်မှန်တဲ့ ကလေးဗဟိုပြု သင်ကြားနည်းဖြစ်လာဖို့ကတော့ အများကြီး ကြိုးစားရဦးမှာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တစ်ဦးက မောက္ခကို အခုလို ရှင်းပြခဲ့ပါတယ်။

“ဒီ CCA လုပ်ဆောင်မှုကို ကြိုဆိုအပ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ နားလည်ထားတာကတော့ စစ်မှန်တဲ့ CCA မဖြစ်သေးဘူး။ ပိုကျယ်ပြန့်တဲ့ CCE ကလေးဗဟိုပြု ပညာရေးစနစ်ဖြစ်ဖို့ ကြိုးစားကြရဦးမယ်။ သင်နည်းနဲ့တင် မလုံလောက်သေးဘူး။ သင်ရိုး၊ အကြောင်းအရာနဲ့ စစ်ဆေးမှုကရော ကလေးကို ဗဟိုပြုထားရဲ့လား။ ကလေးဗဟိုပြုသင်ရိုး၊ ကလေးဗဟိုပြု အကြောင်းအရာနဲ့ စဉ်ဆက်မပြတ် ပုံမှန် စစ်ဆေးမှုတွေ မလုပ်နိုင်သေးသရွေ့။ အချုပ်ကတော့ သင်ရိုးတစ်စုံလုံးကို မပြောင်းလဲနိုင်သေးသရွေ့ ကလေးဗဟိုပြုလို့ ကြွေးကြော်လို့မရသေးဘူး။ ခြစားလို့ ပြိုပျက်တော့မယ့် ယိုင်လုလု အိမ်အိုဟောင်းကြီးကို သင်္ဘောဆေး အသစ်သုတ်တာလောက်နဲ့တော့ မဖြစ်သေးဘူးလေ။”

လွန်ခဲ့တဲ့ ၄ နှစ်ခန့်က စတင်ခဲ့တဲ့ CCA သင်တန်းတွေမှာ စာသင်ကြားနည်း အထွေထွေကိုသာ သင်ကြားခြင်းဖြစ်ပြီး သင်ရိုးညွှန်းတမ်းကို ပြောင်းလဲပြင်ဆင်မှုတွေတော့ မလုပ်နိုင်သေးကြောင်း၊ လုပ်ခွင့်မရှိသေးကြောင်း လည်း သတင်းရရှိပါသည်။ ယူနီဆက်နဲ့ ဂျိုင်ကာ - ဂျပန်တို့ရဲ့ ပညာရေး အစီအစဉ်သစ်တွေမှာလည်း ကလေးများအတွက် စာအုပ်၊ ဆရာလက်စွဲတွေကို ထုတ်ဝေထားရှိပေမယ့် ဆယ်စုနှစ် ၄ ခု နီးပါး အိုဟောင်းနေတဲ့ သင်ရိုးညွှန်းတမ်း အပေါ်မှာသာ အခြေပြုထားကြတာဖြစ်ပါတယ်။

တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၆ နေရာ အနိုင်ရရှိထားတဲ့ အဲဒီ မွန်ပါတီရဲ့ ခေါင်းဆောင်ကပဲ လာမည့် ပြည်နယ် လွှတ်တော်မှာတော့ ဒီအခြေခံ ကလေးအခွင့်အရေး တစ်ခုဖြစ်တဲ့ မိခင်ဘာသာစကားသင်ကြားရေးနဲ့ မွန်ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း အသစ် တစ်စုံရရှိဖို့ အတွက် လှုံ့ဆော်တိုက်တွန်းသွားမယ်လို့ မျှော်လင့်ထားရှိကြောင်း မောက္ခပညာရေး မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေဆဲကာလအတွင်း တိုင်းရင်းသားကလေးများ၏ ပညာရေးနစ်နာချက်များကို ပိုမို၍ ပြောဆို ဆွေးနွေးမှုများရှိနေကြကြောင်း သတင်းရရှိပါသည်။
http://www.maukkha.org/index.php?option=com_content&view=article&id=1245:2011-01-07-02-25-17&catid=119:2010-10-11-07-36-06&Itemid=373

No comments:

Post a Comment