ondragstart="return false" onselectstart="return false"

Tuesday, July 26, 2011

ယာယီအပစ်ရပ်ရေး ကမ်းလှမ်းချက်ကို တနိုင်ငံလုံး အပစ်ရပ်စဲရန် ကေအိုင်အို အကြောင်းပြန်

by ​အေး​နိုင်

ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား အပစ်ရပ်ရေး ကြားဝင် ဆောင်ရွက်တဲ့ ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်က ယာယီအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းစာကို ၂၂ ရက်နေ့က ကေအိုင်အိုထံ စာပို့လာတဲ့အပေါ် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို သွားဖို့ ကေအိုင်အိုက ထပ်မံ အကြောင်းပြန်လိုက်ပါတယ်။

ဒီပြန်စာမှာ ဇူလိုင် ၈ ရက်နေ့က ကေအိုင်အိုက ပေးပို့တဲ့စာပါ အချက် သုံးချက်ဖြစ်တဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ဖြစ်ပေါ်လာရေး၊ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းရေး၊ အစိုးရနဲ့ ကေအိုင်အိုအကြား အပစ်အခတ် ရပ်စဲရေးလုပ်ရာမှာ တရုတ်အစိုးရကနေ သက်သေအဖြစ် ပါဝင်နိုင်ရေး အချက်တွေကို ထပ်မံ တင်ပြလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးသန်းအောင် စာပါအချက်ကို ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ခုလို ပြောပါတယ်။

“ကျနော်တို့ တောင်းဆိုချက်မှာတော့ ခန့်မှန်းကြည့်တာတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေကို အရင်ရပ်မယ်ဆိုတဲ့ သဘောပါတယ်။ အဲဒီရပ်ပြီးမှ ကချင်ပြည်နယ်ရဲ့ အတွေ့အကြုံကို အခြေခံပြီးတော့ အခြား ဒေသတွေကိုလည်း နမူနာယူပြီးတော့ ဒေသတည်ငြိမ်ရေးကို ဆက်လက် ဖော်ဆောင်သွားနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ သူတို့ အဲဒီလို ရည်ရွယ်ချက် ရှိခြင်းအားဖြင့် ဒါဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်ချင်တဲ့ဆန္ဒ အပြည့်အ၀တော့ မရှိဘူးလို့ ယူဆတယ်။ အမှန်တကယ်တော့ တတိုင်းပြည်လုံးအနေနဲ့ အပစ်အခတ် ရပ်ဆိုင်းခြင်း လုပ်ဖို့က ပထမဆုံး အရေးကြီးတဲ့ ခြေလှမ်းပဲ။ ဒီတိုင်းရင်းသားကိစ္စနဲ့ ပတ်သက်လို့ပေါ့။ နောက်ပြီးတော့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ အခါမှာလည်း တဖွဲ့ချင်းစီနဲ့ နိုင်ငံရေးဆွေးနွေးခြင်း မဟုတ်ဘဲနဲ့ ကျနော်တို့ လိုချင်တာကတော့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း တခုကနေ ကိုယ်စားပြုပြီးတော့ အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ရောက်စေချင်တာပါ။ ဒါကျနော်တို့ ကေအိုင်အိုရဲ့ လိုလားချက်တွေပါပဲ။”

ကေအိုင်အို အဖွဲ့အနေနဲ့ တိုင်းပြည် တည်ငြိမ်ရေးအတွက် တနိုင်ငံလုံး အပစ်ရပ်ရေးကို လိုလားတာလို့လည်း ဦးလနန်းက ပြောပါတယ်။

“နိုင်ငံအတွင်းမှာ တိုက်ပွဲတွေ ရှိနေသမျှ ကာလပတ်လုံး ဘယ်လိုမှ သူတို့ပြောတဲ့ တည်ငြိမ်အေးချမ်းရေးက မဖြစ်နိုင်ပါဘူး။ တည်ငြိမ်ရေး ရရုံနဲ့ ငြိမ်းချမ်းရေးဆိုတာ ပေါ်မလာဘူး။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရဖို့အတွက် တည်ငြိမ်ရေးက ပထမအဆင့် လုပ်ရမှာပေါ့။ အဲဒီတည်ငြိမ်ရေးရဖို့က နယ်စပ်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အားလုံးက အပစ်အခတ် ရပ်စဲရေးတော့ လုပ်ကြရမယ်။ အဲဒီရပ်ဆိုင်းရေး လုပ်ပြီးမှ တွေ့ဆုံ ဆွေးနွေးရေးကို ရနိုင်မှာပါ။”

ကေအိုင်အိုဘက်က တင်ပြချက်ကို အစိုးရဘက်က လိုက်လျောမယ်ဆိုရင် ကချင်ပြည်နယ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံပွဲ ဖြစ်လာလိမ့်မယ်လို့ ဦးလနန်းက ပြောပါတယ်။

အစိုးရက ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေထဲမှာ တိုက်ပွဲတွေ ဖြစ်နေရာမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေ အများအပြား ရင်းနှီးမြှုပ်နှံထားတဲ့ ကချင်နယ်မြေထဲက ကေအိုင်အို တဖွဲ့တည်းကို ယာယီအပစ်ရပ်ဖို့ အကြိမ်ကြိမ် ဆက်သွယ် ပြောဆိုနေတာ ဖြစ်ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား ဇွန်လဆန်းပိုင်းမှာ အပစ်ရပ်ရေးသဘောတူတာ ပျက်ပြီး ခုထက်ထိ နေ့စဉ်တိုက်ပွဲတွေဖြစ်နေတာပါ။ စစ်ပြေးဒုက္ခသည်တွေ၊ ရွာပုန်း ရွာရှောင်တွေ စုစုပေါင်း နှစ်သောင်းလောက် ရှိနေတာဖြစ်ပြီး နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေ ၀င်ရောက်ကူညီခြင်း မရှိသေးပါဘူး။
http://burmese.dvb.no/archives/13211

1 comment:

Anonymous said...

စစ်တိုက်နေတုန်းမှာ တဖက်သားကို အပစ်ရပ်စဲမယ်လို့ စကားကမ်းလှမ်းလိုက် ရင် လက်ခံချင်တဲ့သူတွေရယ်၊ လက်မခံတဲ့သူတွေရယ်၊ လက်ခံချင်သလိုလိုလက်မခံ ချင်သလိုလိုသူတွေရယ် ဆိုပြီး အနဲဆုံး သုံးဖွဲ့လောက် ကွဲထွက်သွားနိုင်တယ်... လက်တွေ့မကွဲရင်တောင် အနဲဆုံး စိတ်တွေထဲမှာ တအုံနွေးနွေး မသိမသာ ကွဲလာမယ်... သိပ်ပိုင်တဲ့ တိုက်ကွက် ပါဘဲ...

အလို... အဆွေတော်ကိုရင် သန်းအောင်... ၂၂ ရက်နေ့တွင် အဆွေတော်ပေးပို့လိုက်သောစာမှာ မာတောင့်နေသဖြင့် အိမ်သာထဲသုံးရာတွင် အဆင်မပြေပါ... ယင်းစာအစား တစ်ရှူးတစ်လိပ် နှစ်လိပ် ပေးပို့ပါက ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားအပ်ပါတယ်...

Post a Comment