ondragstart="return false" onselectstart="return false"

Tuesday, October 20, 2015

SSPP/SSA နှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ ၂ ထောင်ကျော်အထိ ရှိလာ

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်း မိုင်းရှူးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း ( SSPP/SSA) နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ စစ်ဘေးရှောင်ဒုက္ခသည် ၂ ထောင်ကျော် အထိ ရှိလာကြောင်း သိရသည်။

မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ၁၅၀၀ ဦး၊ ဟိုင်းပါ ဘုန်းကြီးကျောင်းတွင် ၁၂၀၀ ဦး ၊ မိုင်းနောင်ကျေးရွာတွင် ၁၀၀ ကျော်နှင့် တခြားကျေးရွာများ၌လည်း ဒုက္ခသည်များ ထပ်မံတိုးလာကြောင်း၊ ထို့အတွက် လက်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ရှမ်းလူငယ် များကွန်ရက် ပင်လုံမြို့မှ စိုင်းဆုက ဧရာဝတီကို ပြောသည်။

“ရှမ်းလူငယ်ကွန်ရက်တွေကတော့ ရှမ်းတောင်ရော၊မြောက်မှာပါ အလှူခံနေပါတယ်။ လက်ရှိမှာ စားဝတ်နေရေး အတွက် အရမ်းခက်ခဲပါတယ်။ ဒုက္ခသည် စခန်းလည်း သီးသန့်မရှိတော့ နေဖို့အတွက်က အဆင်မပြေဘူး။ ကျန်းမာရေး စောင့် ရှောက်မှု အတွက်လည်း အရမ်းအားနည်းတယ်” ဟု စိုင်းဆုက ဆက်ပြောသည်။

စစ်ရှောင်ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်လာစဉ် မည်သည့်ပစ္စည်းမှ သယ်မလာနိုင်သည့်အတွက် ၎င်းတို့ဝတ်ဆင်ရန် အဝတ်အစားများ လိုအပ်နေပြီး၊ ဒုက္ခသည်များအတွက် သီးသန့်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးသဖြင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်သာ ထားရသည်ဟု မိုင်းနောင်ကျေးရွာရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီပေးနေသည့် ဦးလှဆွေသိန်းကလည်း ဧရာဝတီကို ပြောသည်။

“ဒီနေ့ မနက်အထိ မိုင်းနောင်မှာ သေနတ်သံတွေ ကြားနေရတယ်။ ကျနော်တို့ မိုင်းနောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၁၃၇ ဦး ရှိပါတယ်။ စိုးရိမ်တာကတော့ တိုက်ပွဲတွေ ရက်ရှည်ဖြစ်ပြီး ပြည်သူတွေ ဒီထက်ဒုက္ခရောက်မှာ ကြောက်တယ်” ဟု ဦးလှဆွေသိန်းက ဆိုသည်။

မြန်မာအစိုးရနှင့် SSPP/SSA တို့အကြား တိုက်ပွဲများသည် အောက်တိုဘာ ၆ ရက်မှ စတင်ကာ ယနေ့အထိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများသည် ပြင်းထန်မှု မရှိသော်လည်း ကြိုးကြားဖြစ်ပွားနေကြောင်း SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီကို ပြောသည်။

“ မနေ့ကစာရင်းအရ ကျနော်တို့ ဟိုင်းပါဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၉၃၉ ဦး ရှိလာပြီ။ ဒုက္ခသည်တွေ ထပ်တိုးလာ တဲ့အတွက် ဘုန်းကြီးကျောင်းမှာနေဖို့ အဆင်မပြေဘူး။ တဲထိုးပေးထားတယ်။ သူတို့တွေ ဖြစ်သလိုပဲ အိပ်နေရတယ်” ဟု ဟိုင်းပါဘုန်းကြီးကျောင်းရှိ ဒုက္ခသည်များကို ကူညီပေးနေသည့် စိုင်းကျန်အောင်က ဆိုသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် စစ်ပြေးဒုက္ခသည်များအနက် ကိုယ်ဝန်ဆောင်မိခင် ရှမ်းတိုင်းရင်းသူ အမျိုးသမီး ၄ ဦးမှာ လမ်းခရီး၌ ကလေးမီးဖွားခဲ့သည်။

ယနေ့ထုတ်အစိုးရသတင်းစာတွင် SSPP/SSA အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ရက်နေ့က ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ရရှိသည့် ၀မ်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် ဆိုသော သတ်မှတ်ချက်ကို ဖောက်ဖျက်ကာ တခြားသောနေရာများတွင် အခြေပြုလာသည့်အတွက် တိုက်ပွဲများဖြစ်ရခြင်းဖြစ်ကြောင်း၊ပြီးခဲ့သည့် အောက်တိုဘာ ၆ရက်နေ့မှစ၍ ယနေ့အထိ ထိတွေ့တိုက်ပွဲ ၃၇ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်မှ ဆက်လက်၍ နယ်မြေရှင်းလင်းနေကြောင်း ရေးသားထားသည်။

SSPP/SSA အဖွဲ့သည် ၁၉၈၉ ခုနစ် စစ်အစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ၂၀၁၀ ခုနစ်တွင် နယ်ခြားစောင်နှင့် ဋ္ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သည့်အတွက် ၂၀၁၁ ခုနစ် မတ်လပိုင်း မှ စတင်ပြီး တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေပြီး၊တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်မ ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုလည်း ဖြစ်သည်။
http://burma.irrawaddy.org/news/2015/10/20/97420.html

No comments:

Post a Comment