ondragstart="return false" onselectstart="return false"

Monday, June 29, 2009

ဖယ်ဒရယ်ပြည်ထောင်စုနှင့်တိုင်းရင်းသားလူမျိုးများ

ဖက်ဒရယ်ပြည်ထောင်စုနှင့် တိုင်းရင်းသားလူမျိုးများ
၂၉ ဇွန် ၂၀၀၉. ဗနဓရ

ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ်များ စုပေါင်းထားသည့် နိုင်ငံတော်တခု ဖြစ်သည်။ ဖက်ဒရယ်သည် စနစ်တခုသာ ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် စစ်အစိုးရအား ဖယ်ရှားရန် လိုအပ်သောကြောင့် တိုင်းရင်းသားလူမျိုးစုံ တိုက်ပွဲဝင်နေကြသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်၍ တိုင်းရင်းသားညီညွတ်မှု တည်ဆောက်ရန် လိုအပ်ပါသည်။ ယင်းသို့ မတည်ဆောက်နိုင်လျှင် ပြည်တွင်းစစ် ဆက်လက်ဖြစ်နေဦးမည်။ လွတ်လပ်ရေးရရန် ကြိုးပမ်းမှုကာလတွင် ပင်လုံစာချုပ်ချုပ်၍ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှုကို ဗိုလ်ချုပ်အောင်ဆန်းက တည်ဆောက်နိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဗိုလ်ချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်ကို နိုင်ငံတော်၏ အာဏာအဆက်ဆက် ရယူလာခဲ့သော ခေါင်းဆောင်များက မလေးစားခဲ့သဖြင့် ပြည်တွင်းစစ်ကြီးထွားလာရသည်။
ပြည်တွင်းစစ်ရပ်စဲရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ၁၉၄၉ ခုနှစ်တွင် တကြိမ်၊ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့် အစိုးရ က တကြိမ်၊ ၁၉၆၃ ခုနှစ်တွင် ဦးနေ၀င်းအစိုးရက တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ဒီမိုကရေစီရေး၊ လူမှုလွတ်လပ်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးကို တင်ပြတောင်းဆို ခဲ့သည်။ အုပ်စိုးသူအစိုးရ အဆက်ဆက်တို့က တော်လှန်ရေး အဖွဲ့အားလုံး လက်နက်ချရေး၊ အညံ့ခံ အရှုံးပေးရေးကိုသာ အကျပ်ကိုင် တောင်းဆိုခဲ့သည့်အတွက် တွေ့ဆုံဆွေးနွေးရေး အကြိမ်ကြိမ် ပျက်ခဲ့ရပြီးဖြစ်သည်။
၁၉၈၈ ခုနှစ်နောက်တွင် အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစုက န၀တ စစ်အစိုးရနှင့် ပြည်တွင်းငြိမ်းချမ်းရေးပြုလုပ်ရန် မကြာခဏ တင်ပြတောင်းဆိုခဲ့သည်။ စစ်အစိုးရအနေဖြင့် မဒမခ၏ တင်ပြ တောင်းဆိုချက်ကို လက်မခံဘဲ လက်နက်ကိုင်တိုင်းရင်းသား တဖွဲ့ချင်းခွဲပြီး တွေ့ဆုံဆွေးနွေးရေးကိုသာ လက်ခံခဲ့ သည်။ သို့ဖြစ်၍ လက်နက်ကိုင် လူမျိုးစုအဖွဲ့အစည်းများက စစ်အစိုးရနှင့် တဖွဲ့ချင်း သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။
၁၉၉၃ ခုနှစ်တွင် ကေအိုင်အိုအဖွဲ့က မဒမခမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပထမဦးဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သည်။ ယနေ့တွင် အဖွဲ့ပေါင်း (၁၇) ဖွဲ့တိတိ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့သည်။ ယင်းအဖွဲ့များအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးပြီး အပစ်အခတ်ရပ်စဲရေးကို လုပ်ခဲ့ရပါသည်။
အပစ်အခတ်ရပ်စဲရေးအဖွဲ့များသည် စစ်အစိုးရသတ်မှတ်သော နယ်မြေဧရိယာ၌သာ နေရပြီး ကျွေးတာစား၊ ပေးတာယူ၊ ခိုင်းတာလုပ်နေရပြီး နိုင်ငံရေး၊ စည်းရုံးရေး၊ တပ်သားတိုးချဲ့ရေး မလုပ်ရ၊ နိုင်ငံရေးပါတီနှင့် မဆက်သွယ်ရဟု စစ်အစိုးရက အမိန့်ထုတ်ထားပါသည်။ စစ်အစိုးရ၏အမိန့်ကို ယနေ့အထိ လွန်ဆန်ရဲသော အဖွဲ့ဟူ၍ မတွေ့ရသေးပါ။ စစ်အစိုးရ၏ နိုင်ငံရေးပေါ်လစီနှင့် ပတ်သက်၍ ဆန့်ကျင်မိသော ရှမ်းလက်နက်ကိုင် SSA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို ထောင် (၁၀၁) နှစ်နှင့် မင်းနေ၀င်း ခေါ် နိုင်ယက္ခ (ဗဟိုကော်မတီဝင်) မွန်ပြည်သစ်အဖွဲ့ကို ထောင်တသက်တကျွန်း ချမှတ်ခဲ့သည်ကို မည်သူတဦးတယောက်မှ ၀င်ရောက်ကူညီ တားဆီးနိုင်ခြင်း မရှိသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရသည်။
အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံရေးအရ အရှုံးပေး အညံ့ခံတာဖြစ်ပြီး စစ်ရေးအရ လက်နက်ချခြင်းသာ ဖြစ်သည်ဟု ဗိုလ်ချုပ်မြက ဆိုပါသည်။ ၁၉၉၅ ခုနှစ်တွင် ကရင်နီတိုးတက်ရေးပါတီ (KNPP) က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပါသည်။ န၀တ၊ နအဖသည် နိုင်ငံရေးကို ဖြေရှင်းမည်မဟုတ်၊ တော်လှန်ရေးသမားများကို စီးပွားရေးနှင့် မြှူဆွယ်ပြီး တဖြည်းဖြည်းနှင့် အင်အားယုတ်လျော့လာစေရန် နည်းဗျူဟာ အမျိုးမျိုးနှင့် ဆောင်ရွက်နေခြင်း မျှသာဖြစ်သည်။ ထို့ကြောင့် KNPP က အပစ်အခတ် ရပ်စဲရေးလုပ်ပြီး မကြာခင်မှာပဲ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရုပ်သိမ်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဥက္ကဋ္ဌ ဦးခွန်တိဆောင်၊ ဗိုလ်မှူးခွန်သူရိန် ဦးစီးသော PNLO (ပအို့လွတ်မြောက်ရေး) အဖွဲ့ကလည်း စစ်အစိုးရ၏ သဘောထားအမှန်ကို သိရှိ၍ တော်လှန်ရေးနယ်မြေသို့ ထွက်လာပါသည်။
မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပေါ်တွင် အများကြီး မူတည်နေပါသည်။ အဓိကကျသော အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ၊ ကချင် KIO နှင့် KNPP တို့ဖြစ်ကြသည်။ နအဖ၏ သဘောထားအမှန်ကို သိရှိသော KNPP အဖွဲ့သည် ပြည်သူ့ဘက်သို့ ပြန်လည်ကူးပြောင်းခဲ့ သော်လည်း မွန်ပြည်သစ်နှင့် KIO တို့ကမူ ကျန်ရှိနေသေးသည်။ အပစ်အခတ် ရပ်စဲရေးအဖွဲ့များကို စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လက်နက်ဖြုတ်သိမ်းရေးကို ကြိုးပမ်းခဲ့ပါသည်။ သို့သော် အပစ်အခတ်ရပ်စဲရေးအဖွဲ့ အများစုတို့က ဆန့်ကျင်သဖြင့် စစ်အစိုးရ၏ လက်နက်ဖြုတ်သိမ်းရေးအစီအစဉ် မအောင်မြင်ဘဲ ရှိနေသည်။
ကချင်အဖွဲ့ဖြစ်ဖြစ်၊ မွန်အဖွဲ့ဖြစ်ဖြစ် တဖွဲ့ဖွဲ့က အပစ်အခတ်ရပ်စဲရေး ပျက်သွားပါက နအဖ၏ နိုင်ငံရေး နာရီလက်တံ ပြောင်းပြန်လည်သွားနိုင်သည်ကို နအဖ ကောင်းကောင်းသိပါသည်။ စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားသည် အင်္ဂတေမပါဘဲ စီထားသော အုတ်နံရံနှင့် တူနေသည်။ အုတ်တချပ် လွတ်သည်နှင့် နံရံအားလုံး ပြိုဆင်းသွားသကဲ့သို့ စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားလည်း ပြိုဆင်းသွားနိုင်သည်။
ထို့ကြောင့် အပစ်အခတ်ရပ်စဲရေး မပျက်ရန် ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် နောက်ထပ် နည်းဗျူဟာ အသစ်ဖြင့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များအား လက်နက်အပ်ရန်မလိုသော နယ်ခြားစောင့်တပ်အဖြစ် စည်းရုံး လာပြန်သည်။ နယ်ခြားစောင့်တပ်သည် စစ်တပ်၏ ခံစားခွင့်အတိုင်း လစာပေးမည်ဟု တာဝန်ယူကြောင်း စစ်အစိုးရက ဆိုလာပြန်သည်။ သစ္စာမရှိ ကတိမတည်သည့် စစ်အစိုးရကို ယုံကြည်သူမရှိ ဖြစ်နေသည်။
၈-၆-၂၀၀၉ ညပိုင်းတွင် RFA မှ ဦးခွန်ဆိုင်းနှင့် အမေးအဖြေလုပ်ရာတွင် ၀တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့က ၎င်းတို့၏ နယ်မြေတွင် စစ်အစိုးရတပ် ၀င်ပြီးနေရာမယူလျှင် နယ်ခြားစောင့်တပ်ကိစ္စ စစ်အစိုးရ ကမ်းလှမ်းချက်ကို လက်ခံကောင်း လက်ခံနိုင်ပါမည်။ သို့သော် စစ်အစိုးရထံမှ မည်သည့်အကူအညီ အထောက်အပံ့ကိုမျှ ယူမည်မဟုတ်ဟု ဆိုနေသည်။ ကချင်အဖွဲ့၊ မွန်ပြည်သစ်အဖွဲ့တို့ကလည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် နိုင်ငံရေးအရ လက်ခံနိုင်ရန် ခက်ခဲပါသည်။ လက်ခံလျှင်လည်း ကချင်လူထုနှင့် မွန်လူထု၏ သဘောထားရယူရန် လိုနေဦးမည်။
မွန်ပြည်သစ်ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည်မဟုတ်ဟု ကြေညာထားပြီးဖြစ်သည်။ သို့သော် စစ်အစိုးရဖယ်ရှားရေး တဆင့်တာဝန် ကျန်ရှိနေသေးသည်။ အမျိုးသားညီလာခံတွင် ကချင် (KIO) မှ အချက်ပေါင်း (၁၉) ချက်ပါဝင်သော တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်၍ တင်ပြထား သည်ကို နအဖမှ ပယ်ချထားသဖြင့် ရွေးကောက်ပွဲဝင်ပါက KIO သည် ကချင်လူထုနှင့် ထိပ်တိုက်တိုးရန်သာရှိမည်။ စစ်အစိုးရရေးဆွဲသော ညောင်နှစ်ပင် အခြေခံဥပဒေတွင် ပြည်နယ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ မပါရှိသောကြောင့် ရေရှည်တွင် ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေသော အခြေခံဥပဒေအဖြစ်သို့ ဦးတည်နေသည်ကိုသာ တွေ့ရသည်။ တိုင်းရင်းသားလူမျိုးများတို့၏ လိုအပ်သော အခြေခံဥပဒေသည် စစ်မှန်သော ပြည်ထောင်စုကို အာမခံသော အခြေခံဥပဒေသာဖြစ်သည်။
ဖက်ဒရယ်ပြည်ထောင်စုအတွက် တော်လှန်ရေးနယ်မြေတွင် ၂၀၀၄ ခုနှစ်၌ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် ကော်မတီတရပ် ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီမှ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးဖြစ်၍ ပထမမူကြမ်းကို နော်ခီးလာစခန်းတွင် ၂၀၀၆ ခုနှစ်၊ ဧပြီလ (၆ ရက်နေ့မှ ၈ ရက်နေ့အထိ) ဆန်းစစ်အတည်ပြုရာတွင် ပြည်သူ့ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့၊ လူငယ်များအဖွဲ့၊ တိုင်းရင်းသား ခေါင်းဆောင်များ စသည့်အဖွဲ့ပေါင်း (၅၉) ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၁၀၁) ဦး တက်ရောက်ပါသည်။ နောက်ဆုံး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အဖွဲ့ပေါင်းစုံမှ ဆန်းစစ် အတည်ပြုခဲ့ပြီး တိုင်းရင်းသားလူမျိုးအသီးသီး ဖတ်ရှုနိုင်ရန် တိုင်းရင်းသားဘာသာအလိုက် ဘာသာပြန် ထုတ်ဝေခဲ့ပြီးလည်းဖြစ်သည်။ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ MP များ ကွန်ဖရင့်၌ ဖက်ဒရယ်ဝန်ကြီး ဦးခွန်မားရ်ကိုဘန်း၏ အစီရင်ခံစာတွင် ဖက်ဒရယ်ရေးရာကော်မတီက ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း သင်တန်းဆရာ၊ ဆရာမပေါင်း (၂၅) ဦးနှင့် ဖက်ဒရယ်ရေးရာ သင်ကြားပို့ချသည့် အထက်တန်းကျောင်း နှင့် အထက်တန်းလွန်ကျောင်းများကို KNPP နယ်မြေတွင် (၅) ကျောင်း၊ MNSP နယ်မြေတွင် (၅) ကျောင်း၊ KNU နယ်မြေတွင် (၁၅) ကျောင်း၊ စုစုပေါင်း (၂၅) ကျောင်း ဖွင့်လှစ်ပြီး၍ သင်တန်းသားပေါင်း (၃,၀၀၀) မျှ မွေးထုတ်နိုင်ခဲ့ သည့်အပြင် မဲဆောက်မြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံမှ အလုပ်သမားများကိုလည်း စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး (FCDCC) ရေးဆွဲထားသော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း၊ ဒုတိယမူကြမ်း စသည်တို့ကို တွေ့ဆုံဆွေးနွေး ခဲ့ပြီးဟု အစီရင်ခံစာတွင် ဖတ်ရသဖြင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် အုတ်မြစ်အခိုင်အမာရှိနေပြီဟု ဆိုရပေလိမ့်မည်။ ယနေ့တွင် နအဖက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားသည်မှာ လွှတ်လည်း အခက်၊ မလွှတ်လည်း အခက်။ ရှေ့တိုးလည်း တံပိုး၊ နောက်ဆုတ်လည်း လှည်းထုပ် အနေအထား ဖြစ်နေသည်။ နအဖ၏ နိုင်ငံရေး အခက်အခဲဆုံး အကွေ့သို့ ရောက်နေပြီ။ ဤအခြေအနေကို အခွင့်ကောင်းယူပြီး တိုင်းရင်းသားညီအစ်ကိုများ အနေဖြင့် မည်သည့်အဖွဲ့ မည်သူ့ကိုမှ အားမကိုးဘဲ၊ ကိုယ့်အားကိုယ်ကိုးကာ မိမိတို့၏ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် တက်စုံရွက်ကုန်ဖွင့် တိုက်ပွဲဝင်ရန် လိုအပ်သည်ဟု တင်ပြလိုက်ရပါသည်။

No comments:

Post a Comment