ondragstart="return false" onselectstart="return false"

Sunday, February 27, 2011

ရေဒီယို ကမာရွတ်

ခုချိန်မှာ ဗမာပြည်မှာ စာမေးပွဲကြီး ဖြေဆိုတဲ့ကာလပေါ့။ ကျနော်တို့ တိုင်းပြည်ကြီးက အသုံးမကျတဲ့ အုပ်စိုးသူ တွေကြောင့် တိုင်းပြည်ကြီး စုပ်ပြတ်သတ်နေပေမယ့် အခုလိုအချိန်မှာ အမိမြေကို သတိရမိတယ် ဆိုဒါ အမှန်ပါ။

“ငါ့သား ဆယ်တန်းအောင် အောင်ဖြေစမ်း… လို ချင်ဒါ အကုန် အမေ ၀ယ်ပေးမယ်… ပန်းခြံတွေ ထဲမှာ အတွဲတွေကို လိုက်ချောင်းဒါနဲ့  အချိန်တွေ သိပ်မဖြုန်းနဲ့ ”… :D.. ဆိုတဲ့ အမေ့စကားသံလေးတွေ ကြားယောင်နေဆဲပါ။

ဒီလိုအချိန်မှာ အထက်တန်းကျောင်းသားဘ၀မှ ရဲဘော် တွေကို အမှတ်ရခြင်းများစွာဖြင့် ညီငယ် ညီမငယ် လေးတွေ အတွက် စိုင်းထီးဆိုင်ရဲ့ ရေဒီယိုကမာရွတ် သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။



၂၀၁၀-၂၀၁၁ ပညာသင်နှစ် ကျောင်းသား ကျောင်းသူတို့ ရဲ့ အတန်းတင်စာမေးပွဲ


မြန်မာနိုင်ငံ အနှံရှိ အခြေခံပညာ မူလတန်းကျောင်းများ အားလုံး နှစ်ကုန် အတန်းတင်စာမေးပွဲ ဖြေဆိုပြီး ဖြစ်သလို အခြေခံပညာ အလယ်တန်းဆင့်နဲ့ န၀မတန်း အတန်းတင် စာမေးပွဲများလည်း ဖြေဆိုပြီးတော့မည်

ဖြစ်သည်။ တစ်ရက် တစ်ဘာသာ ဖြေဆိုရသော ကျောင်းများရှိသလို တစ်ရက် နှစ်ဘာသာ ဖြေဆိုရသော ကျောင်းများလည်း ရှိသည်။

ရန်ကုန်တိုင်း သာကေတမြို့နယ် အခြေခံမူလတန်းကျောင်းမှ တတိယတန်း ကျောင်သားလေး မောင်ဝင်းခန့်ဦး ရဲ့ မိခင် မပွင့်သီတာဦး က ရက်ပိုင်းအတွင်း ဖြေဆိုပြီးသွားတဲ့ အတန်းတင် စာမေးပွဲနဲ့ ပတ်သက်ပြီး “ကျမရဲ့သား ပြီးခဲ့တဲ့ ရက်ကပဲ သုံးတန်းစာမေးပွဲ ဖြေပြီးတာလေ၊ စာမေးပွဲက အောင်ပါတယ်။ အကုန်ကို အောင်မှာ၊ ဘာလို့လဲဆိုတော့ စာမေးပွဲ ဖြေတဲ့ ရက်မှာပဲ သားတို့ ကျောင်းက ဆရာဆရာမတွေက လေးတန်း အတွက် ဖတ်စာအုပ်တွေ ရောင်းနေပြီ လေ၊ တစ်စုံ ၂၅၀၀ ကျပ်နဲ့ သားအတွက် ဖတ်စာအုပ် တစ်စုံ ဝယ်ခဲ့ရပြီးပြီ” ဟု ဆိုသည်။

ဆက်ပြီး သူမက “သူငယ်တန်းကနေ ၈တန်းထိက အကုန်အောင်တယ်လို့ ပြောတယ်၊ အတန်းပိုင် ဆရာကို အိမ်ခေါ်ပြီး စာသင်ခိုင်းနိုင်ရင် စာမေးပွဲအတွက်က အဆင်ပြေပါတယ်။ ကိုယ်ကလည်း မိဘအချင်းချင်း ပြိုင်ချင်တယ်ဆိုရင်တော့ ကုန်ကျစရိတ် အကုန်ခံနိုင်ရမယ်လေ။ ကျောင်းအုပ်ကြီးရယ်၊ အတန်းပိုင်ရယ်ကို လက်ဆောင်ကောင်းကောင်းပေးနိုင်ရင် သားက အမှတ်ကောင်းကောင်းရပြီး ဆုတွေ ဘာတွေ တက်ယူလို့ရမယ်လေ” ဟု မောက္ခကို အားပါးတရ ပြောပြခဲ့သည်။

နဝမတန်း အတန်းတင်စာမေးပွဲကို ဖြေဆိုခဲ့တဲ့ တာမွေ အထက်တန်းကျောင်းမှ ကျောင်းသူ ဝေနှင်းဖြူ ရဲ့ မိခင်ကတော့ သူမ သမီး ကျောင်းစာ စိတ်မ၀င်စားတာကို ပွင့်ပွင့်လင်းလင်း အခုလိုပြောပြသည်။

“သမီးက ကျောင်းစာထက် မော်ဒယ်ရှိုး လျှောက်တာကိုပဲ အရမ်း စိတ်ဝင်စားနေတယ်။ ကျောင်းစာကို ဒီလောက် စိတ်မဝင် စားဘူး ဖြစ်နေတယ်။ ကျမတို့က ဘွဲ့ရမှ ကိုယ်ဝါသနာပါတဲ့ အလုပ် လုပ်ဖို့ပြောပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေ နဲ့ ကျောင်းက ပျောက်သွားပြီး ရှော့ပင်းစင်တာက ဈေးရောင်းပွဲတော်တွေမှာ မော်ဒယ်ရှိုးတွေ သွားကြည့်တယ်”

“ဒါကြောင့် အစမ်းစာမေးပွဲမှာ ၃ ဘာသာ ကျတယ်လေ။ အတန်းပိုင် ဆရာမက မိဘ ခေါ်တွေ့တော့တာပေါ့။ ကျမ အမျိုးသားကလဲ နိုင်ငံခြားမှာဆိုတော့ ကျမပဲ လိုက်တွေ့ရတာ။ ဆရာမက သမီး ဒီပုံစံနဲ့ဆို အတန်းတင်စာမေးပွဲ အောင်ဖို့ မလွယ်ဘူး လို့ပြောတယ်။ သေချာပေါက်ကျမယ် ပြောတယ်လေ။ ကျမလဲ အရမ်းစိုးရိမ်ပြီး ညနေ အတန်းပိုင်ဆရာမ အိမ်ကို လိုက်သွားလိုက်တယ်။ အတန်းတင် စာမေးပွဲက တစ်လလောက်ပဲ လိုတော့တာမို့ သမီးကို အိမ်မှာ ဝိုင်းသင်ဖို့ ဆရာမကို ပြောပါတယ်။ ဆရာမက ပထမငြင်းတယ်။ အရမ်းညံ့တဲ့ ကလေးကို သင်ပေးလို့ မဖြစ်ဘူး။ နောက် ဆရာမရယ် ကန့်တော့ပါမယ် ဘယ်လို ကန်တော့ရမယ်ဆိုတာသာ ပြောပါလို့ နှစ်ခါလောက် ထပ်ပြောတော့မှ တစ်ဘာသာ ကို ကျပ် ၄၀၀၀၀ နဲ့ ဘာသာစုံကို ဝိုင်းသင်ဖို့လက်ခံ လိုက်တယ်။ တစ်လထဲ သင်ပေးတာပါ”

“အခု စာမေးပွဲစတော့ ဆရာမ အိမ်ကို လာမသင်တော့ဘူး။ ဘယ်အပုဒ် ကျက်ရမယ်ဆိုပြီး တစ်ဘာသာ နှစ်ပုဒ် ကျက်ဖို့ ဖုန်းနဲ့ပဲ လှမ်းပြောတော့တာ။ ဒီသင်တဲ့ တစ်လမှာ ဘာအသစ်မှ မသင်ပါဘူး။ အစမ်းတုန်းက မေးခွန်းဟောင်းကိုပဲ ပြန်သင်ပေးတာ။ အဲဒီမေးခွန်းဟောင်းထဲက အမှတ်၂၀ ဘိုး ပြန်မေးမယ် ပြောတယ်။ အဲဒီ အမှတ်၂၀ရယ်၊ စာမေးပွဲဖြေတဲ့ရက် ဖုန်းနဲ့ကျက်ခိုင်းတဲ့ ၂ပုဒ်ရရင် ဆရာမက သမီးကို အောင်အောင် ဆွဲတင်နိုင်ပြီ” လို့ ပြောပြပါတယ်။

မြောက်ဥက္ကလာ အထက်တန်းကျောင်းမှတက်နေတဲ့ သတ္တမတန်းကျောင်းသား မောင်ကျော်ဝင်းထွန်းကို သူဖြေဆိုနေတဲ့ အတန်းတင်စာမေးပွဲအကြောင်းကို မေးမြန်းကြည့်တော့ “သားက ကျောင်းမှန်အောင် တက်တယ်၊ ကျောင်းက သင်တဲ့ စာကို တစ်နေ့စာ တစ်နေ့ အပြီးလုပ်တယ်။ သားတို့ မိသားစုက ဆင်းရဲတယ်။ သားအမေက မြောက်ဥက္ကလာ မီးခွက်ဈေးမှာ ဟင်းသီးဟင်းရွက်ရောင်းပါတယ်။ တစ်ခါတလေ အမေကုန်တွေ မကုန်ရင် သားကျောင်းက ပြန်ရင် ၀င်ရောင်းပေးပါတယ်။ အမေ တစ်နေကုန် ရောင်းနေရတော့ အမေ နားရအောင်လို့ပါ။ သားအတွက်က စာက အခက်ခဲမရှိပါဘူး။ သားရဲ့ သူငယ်ချင်းတွေကလဲ သားကိုခင်ကြတယ်။ သူတို့က ကျောင်းက ဆရာမတွေဆီမှာ ဝိုင်းကျူရှင် တက်ကြတော့ သူတို့ကို သင်တဲ့စာကို သားကိုလဲ ပြတယ်။ သားက စာမေးပွဲအတွက် မစိုးရိမ်ပါဘူး” လို့ ပြောပြခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သော စာရင်းများအရ မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်း အရေအတွက်မှာ ၄၀၆၇၉ ကျောင်းရှိပြီး၊ ကျောင်းသားဦးရေ စုစုပေါင်း ၈.၀၇ သန်း ရဲ့ ပညာရေးကို ဆရာ ဆရာမဦးရေ ၂၆၆၀၀၀ ဦး ကြီးကြပ်မှုဖြင့် လမ်းညွန် သင်ကြားလျက် ရှိသည်ဟု ဖော်ပြထားသည်။ လက်ရှိ မြန်မာပြည် ပညာရေးစနစ် အခြေအနေ တစ်စိတ်တစ်ပိုငးကို တင်ပြလိုက်ရခြင်းဖြစ်သည်။

အောင်မြင်
မူရင်းသတင်း - http://www.maukkha.org/index.php?option=com_content&view=article&id=1397:2011-02-26-17-08-21&catid=85:news&Itemid=265

No comments:

Post a Comment