ondragstart="return false" onselectstart="return false"

Monday, July 28, 2014

အန်စီစီတီ အစည်းအဝေး ၂ ရက်အတွင်း တပ်ပိုင်းဆိုင်ရာနှင့် အပစ်ရပ်ခိုင်မာစေမည့်ဆွေးနွေးမှု ပြီးစီး

By ထွန်းထွန်းသိန်း

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဒုတိယရက်အဖြစ် ကျင်းပခဲ့ပြီး အခန်း ၄ အထိ ဆွေးနွေးနိုင်ခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က ပထမနေ့ အစည်းအဝေးမှာတော့ နိဒါန်းနဲ့ အခန်း ၁ အခြေခံမူဝါဒ ဝေါဟာရအသုံးပြုမူ အပိုင်းကို အပြီးသတ်ဆွေးနွေးခဲ့ပြီး ဒီကနေ့မှာတော့ အခန်း ၂၊ ၃၊ ၄ မှာ ပါဝင်တဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကြီးမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

အန်စီစီတီ အကြံပေး ဒေါက်တာဆလိုင်းလျာမူန်းဆာခေါင်းကတော့ ဒီဆွေးနွေးပွဲမှာ တပ်ပိုင်း ဆိုင်ရာအခန်းဖြစ်တဲ့ အခန်း ၃ အပါအ၀င် အပတ်အခတ်ရပ်ရေးခိုင်မာစေတဲ့ အခန်း ၄ ပါ ပြီးစီး ခဲ့တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“အခန်း ၄ အထိ ပြီးသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဇူလိုင်လ ၂၅ ရက်နေ့က အခြေခံမူတွေ ပြီးပါးသွားတယ်။ ဒါက အင်မတန် အရေးကြီးတဲ့ အခန်းဖြစ်တယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှာ ရည်ရွယ်ချက်တွေလည်း ပြီးသွားတယ်။ တပ်ဘက်ဆိုင်ရာ ကိစ္စ အခန်း ၃ လည်း ပြီးသွားတယ်။ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စအားလုံးက အခန်း ၃ မှာ ပါတယ်လေ။ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေမယ့် အခန်း ၄ ကိုလည်း ပြီးသွားတယ်။ အခန်း ၃ ရော အခန်း ၄ ရော ပြီးသွားတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ အားလုံးပြီးသွားသလောက် ဖြစ်တယ်။”

အန်စီစီတီ အဖွဲ့ဝင် ခွန်ဥက္ကာကတော့ အခန်း၃၊ အခန်း ၄ မှာပါတဲ့ စစ်ဖက်ဆိုင်ရာအပိုင်းတွေနဲ့ တပ်ပိုင်းဆိုင်ရာအချက်တွေကို တာဝန်ရှိသူတွေက ကြီးကြီးကျယ်ကျယ် အငြင်းမပွားခဲ့ပဲ ဆွေးနွေး နိုင်ခဲ့တယ်လို့ အခုလိုပြောပါတယ်။

“ဒီနေ့ အခန်း ၃ နဲ့ အခန်း ၄ ကတော့ စစ်ဘက်ဆိုင်ရာအပိုင်းဖြစ်သွားတော့ စစ်ဘက်ဆိုင်ရာ တာဝန်ကျတဲ့ အဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ ရှင်းလင်းတာပေါ့။ အများအားဖြင့်တော့ တပ်ပိုင်းဆိုင်ရာ ပုဒ်မတွေ၊ တပ်ပိုင်းဆိုင်ရာ သဘောတူညီချက်တွေကတော့ ကြီးကြီးကျယ်ကျယ် အငြင်းပွားတာတော့ မရှိဘူး။ ဒီစာချုပ်ပါတဲ့တိုင်းလည်း လိုက်နာမယ် ဒီထက်ပိုပြီး ထူးခြားမှု ရှိရင် ၂ ဖွဲ့ချင်းလည်း လုပ်နိုင်တယ်။ ဒီကနေ့တော့ အခန်း ၄ အထိ ပြီးတယ်လို့ ပြောနိုင်တာပေါ့။”

အခုကျင်းပနေတဲ့တဲ့ အစည်းအဝေးကို အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို မနက်ဖြန်တစ်ရက်နားပြီး လာမယ့် ဇူလိုင် ၂၈ ရက်နေ့မှာ ကျန်နေတဲ့ အခန်း ၃ ခန်းကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

မနှစ်နှစ်ကုန်ပိုင်းက လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံကြီး ကနေ တနိုင်ငံလုံး အပစ်ရပ်ရေးဘုံသဘောထား ချမှတ်ခဲ့ပြီး အန်စီစီတီ အဖွဲ့ကို ဖွဲ့စည်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာလည်း ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပါတယ်။
http://burmese.dvb.no/archives/61094

1 comment:

Unknown said...

ငါတို့​တွေတိုင်းရင်းသားလက်​နက်​ကိုင်​မဟုတ်​ဘူး တိုင်းရင်းသား​တော်​လှန်​​ရေးသမား​တွေကွ
မတရားတာ​တွေကို​တော်​လှန်​​နေတာကွ စကားကိုကြည့်​​ပြောပါ။ အမှန်​တရား၊ တရားမျှတမှုကိုလိုလား​နေတဲ့ ​တော်​လှန်​​ရေးသမား​တွေကွ။ ​နောက်​ဆို ဆင်​ဆင်​ချင်​ချင်​​ပြောပါ။

Post a Comment